ရွက်မွန်စာမျက်နှာ

Tuesday, September 8, 2009

အားလုံးဝိုင်း အားလုံးအောင်ပွဲခံ

ကျ
နော်တို့ မိသားစုတွင် ဖခင်ဖြစ်သူ အပါအဝင် အားကောင်းမောင်းသန် သားယောက်ကျားလေး သုံးဦးရှိသည်။ ကျနော်တို့ မိသားစုရဲ့ အိမ်ကလည်း မြို့အစွန်မှာ ရှိနေသည်။ ညရေးညတာ လုံခြုံရေးကိစ္စနဲ့ သူခိုးသူဝှက်ရန် တွေ မှ ကာကွယ်ရန် အတွက် မိသားစုအတွင်းက ယောက်ျားသားများက တာဝန်ယူရလေ့ ရှိသည်မှာ မြန်မာပြည်တွင် ထုံးစံတခုလည်း ဖြစ်သည်။

ထို့အတွက် ဖခင်ဖြစ်သူ အပါအဝင် ကျနော်တို့ သားယောက်ျားလေး သုံးဦးစလုံးဟာ ကျနော်တို့ရဲ့ အိပ်ယာ နံဘေးမှာ ငှက်ကြီးတောင် ဓားတချောင်းစီ ထောင်ထား ဆောင်ထားလေ့ရှိသည်။ တချို့သော အရပ်များမှာတော့ ဓားရှည်များအပြင် လှံတို့ ခက်ရင်းခွတို့ပါ ဆောင်ထားလေ့ရှိသည်။ ထိုသို့သော လက်နက်များ မရှိရင်တောင် အနည်းဆုံးတော့ ဝါရင်းတုတ်တို့ နှစ်တလက်မ သစ်သားချောင်းတို့ကို အရေးအကြောင်း ဖြစ်လာပါက မိမိကိုယ်ကို ကာကွယ်ရန် ဆောင်ထားတတ်ကြ သည်။

ထို့အတွက် အထက်ကပြောသလို ကျနော်တို့ မိသားစု တခုမှာပင် အနည်းဆုံးတော့ လက်နက်အဖြစ် ဓားရှည် လေးချောင်း တော့ မရှိမဖြစ် ရှိရပါသည်။ ယောက်ကျားသား ရှိသော အိမ်တိုင်းလိုလို၌ ထိုကဲ့သို့ လက်နက် ဆောင်ထားခြင်းမှာ မြန်မာ နိုင်ငံတွင် မထူးဆန်းသော ကိစ္စလည်း ဖြစ်သည်။ ကျေးလက်ဒေသများကို ကြည့်မည် ဆိုပါက တုတ်ဓါးလက်နက် ကိုင် ဆောင်ခြင်းကို ပို၍ ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

ဘာဖြစ်လို့ တုတ်ဓားလက်နက်များကို အိမ်တွင်ဆောင်ထား ရပါသလဲ။ ဆန်းစစ်ကြည့်ရန်လိုသည်။ ညအချိန် မတော် မိမိအိမ်ကို ခိုးရန်တိုက်ရန် အကြံနှင့် လူကပ်လာပါက နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားဖို့ မလွယ်ကူ သောကြောင့် ဖြစ်သည်။ မြို့နယ်တခုတွင် ရဲစခန်းက တခုတည်းသာ ရှိသည်။ ရဲအင်အားကလည်း နှစ်ဆယ် အစိတ်လောက်သာ ရှိတတ်သည်။ အရေးအကြောင်း ပေါ်၍ ရဲစခန်းသို့ တယ်လီဖုန်း ဆက်မည် ဆိုပါကလည်း ထိုအချိန်က ကျနော်တို့ ရပ်ကွက်ထဲတွင် မည်သူမျှ တယ်လီဖုန်း ပိုင်သူမရှိ။ မိုဘိုင်းဖုန်းတို့ လက်ကိုင်ဖုန်းတို့ ဆိုတာကတော့ ဝေးရော။

နိုင်ငံခြား တိုင်းပြည်များ၌ ဥပမာ အမေရိကန်နိုင်ငံတွင် ကိုးတစ်တစ် (နိုင်းဝမ်းဝမ်း) နံပါတ်ကို နှိပ်၍ ချက်ခြင်း ဖုန်းဆက် အကြောင်းကြားပါက သုံးလေးမိနစ်အတွင်း ရဲကားများ တဝေါဝေါနှင့် ရောက်လာသည်။ အိမ်တိုင်းတွင် တယ်လီဖုန်းများ ရှိသလို နေ့နေ့ညည ကင်းလှည့်နေသော ရဲကားများကလည်း နေရာအနှံ့ ရှိနေ၍ ဖြစ်သည်။

ကြုံရပုံ တခုကို ပြန်၍ ပြောပြလိုပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့်ကဖြစ်သည်။ ကျနော်တို့အိမ်နှင့် ကိုက်ငါးရာ မျှသာ ဝေးသောနေရာတွင် တခါ၌ ဓားပြတိုက်မှု တခုဖြစ်ပွားသည်။ ရပ်ကွက်ထဲမှ အသိစိတ်ရှိသူ တဦးက တမိုင်ခန့် ခရီးတွင် ရှိသော မြို့နယ်ရဲစခန်းသို့ စက်ဘီးဖြင့် သွား၍ သတင်းပို့ပေးခဲ့သည်။ တမိုင်ခန့်ခရီးကို စက်ဘီးအပြင်းနင်းပါက ၇ မိနစ် ၈ မိနစ်လောက်သာ နင်းရပါသည်။ ဓားပြတိုက်သည်က ညသန်းခေါင်အချိန် လောက်တွင်ဖြစ်သည်။ သို့သော် နောက်ထပ် သုံးလေးနာရီ အထိ ရဲများက ပေါ်မလာသေး။ ဓားပြများတွင် လက်နက်ကောင်းကောင်းဆို၍ ခြောက်လုံးပူး တလက်နှင့် လုပ်သေနတ် နှစ်လက်ခန့်သာပါသည်။ သို့သော် ဓားရှည်များ ကိုင်ထားသော ဓားပြဦးရေနှင့် ပေါင်းလိုက်ပါက စုစုပေါင်း ၂၀- ၂၅ ခန့် ရှိသည်။ ထို့အတွက် အိမ်ရှင်မိသားစုမှာ ပြန်လည်ခုခံဖို့ အခွင့်မသာနိုင်ရှာပါ။ အတိုချုပ်၍ ပြောရပါ က ဓားပြများအဖို့ စိမ်ပြေနပြေ ဓားပြတိုက်ဖို့ အခွင့်အလမ်း ရသွားခဲ့သည်။ ရသမျှအကုန်ယူ၍ အမှောင်ထုအတွင်း ပျောက် ကွယ်သွားခဲ့ ကြသည်။

မနက်လင်း၍ တရပ်ကွက်လုံးက ဓားပြတိုက်ခံရသည့် အိမ်ရှင်ထံသို့ သတင်းမေး ရောက်လာကြသည်။ ဓားပြများ အရေ အတွက်သည် နှယ်ဆယ်အစိတ်ခန့်ရှိသည်ဟု ဆိုသော်လည်း ဓားပြများတွင် သေနတ်အတို သုံးလက်ခန့် သာ ပါသည်ကို ကြားရသောအခါ ယောက်ျားသားများက တောက်တခေါက်ခေါက်နှင့် မချင့်မရဲ ဖြစ်ကြသည်။ တရပ်ကွက်လုံးရှိ အား ကောင်း မောင်းသန် များကို စုလိုက်ပါက တရာအထက်မှာ ရှိသည်။ ဒီလိုမှန်း အစကသိပါ က လူစုကာ ဝိုင်း၍ ပြန်လည် ခုခံပါက ရပ်ကွက်သား လူတရာကျော်အင်အားကြောင့် ဓားပြလူနှယ်ဆယ်အစိတ် ခွေးပြေးဝက်ပြေး ပြေးရမည်ကို တွက်မိသောကြောင့် ဖြစ်လေသည်။

တဖက်တွင်လည်း အကယ်၍ ရဲများသာ အချိန်တိုတိုအတွင်း ရောက်လာခဲ့မည် ဆိုပါက ဓားပြများအနေဖြင့် ကစင့်ကလျား ပြေးရမည် ဖြစ်သောကြောင့် အိမ်ရှင်မိသားစု အနေဖြင့် များများစားစား ဆုံးရှုံးရမည်မဟုတ်။

အမှန်တကယ်တွင်လည်း အိမ်၌တုတ်ဓား လက်နက်များ ဆောင်ထားခြင်းသည် သာမန်အသေးစား သူခိုးသူဝှက် ရန်ကို ကာကွယ်ဖို့ အတွက်သာဖြစ်သည်။ သေနတ်များ ကိုင်ထားသော ပရော်ဖက်ရှင်နယ် ဓားပြအုပ်စုလိုက်ကို ပြန်လည်ခုခံဖို့က တကယ်တန်းတွင် မလွယ်လှပါ။ ရပ်ကွက်တခုလုံးရှိ လူအများက လူအားဖြင့် တရာဖြစ်စေ နှစ်ရာဖြစ်စေ စု၍ ရရာ လက်နက်ဖြင့် ခုခံမည်ဆိုပါက ဖြစ်နိုင်သည်။ သို့သော် အိမ်ရှင်မိသားစု သုံးလေးဦးမျှ နှင့်တော့ လူပေါင်းနှစ်ဆယ်ကျော် ပါသည့် ဓားပြများကို သူတို့ချည်းသာ ခုခံဖို့က မဖြစ်နိုင်ပေ။

ယနေ့ကာလတွင် ရန်ကုန် မန္တလေး အစရှိသည့် မြို့ကြီများတွင် တယ်လီဖုန်းများ လက်ကိုင်ဖုန်းများ စတင်၍ တွင်တွင် ကျယ်ကျယ် အသုံးပြုလာပြီ ဖြစ်သည်။ သို့သော် အရေးအကြောင်းပေါ်၍ ရဲစခန်းကို ဖုန်းဆက် တိုင်ကြား ပါက ချက်ခြင်း လာရောက် အရေးယူ ဆောင်ရွက်ပေးသည်ဟုလည်း တခါမှ မကြားဘူးသေးပေ။

ဤအခြေအနေ ဤဓလေ့ဖြင့် ဆက်စပ်၍ ကနေ့ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေသည် များကိုပြန်၍ သုံးသပ်နိုင် သည်။ ကိုးကန့်နယ်မြေတွင် ဖြစ်သွားသည့် တိုက်ခိုက်မှုများကို ကြည့်၍ သိသာနိုင်သည်။ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ (အပစ်ရပ်အဖွဲ့များနှင့် တိုက်နေဆဲအဖွဲ့များ) အားလုံး လက်နက် ကိုင်ထားရခြင်းမှာ သူတို့ကိုယ် သူတို့ ကာကွယ်ရန် ဖြစ် သည်။ မည်သူတဦးတယောက်ကမှ တိုင်းရင်းသားများကို အကာအကွယ် ပေးမည်ဟု အာမမခံနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ကိုးကန့်အဖွဲ့လို သေးငယ်သည့် အဖွဲ့အနေဖြင့် စစ်အစိုးရ၏ စော်ကားမော်ကား လုပ်ခြင်းကို ခံရသည်။ အဖွဲ့က သေးတာကိုး။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များတွင် ဝအဖွဲ့မှ လွဲ၍ ကျန်သည့်အဖွဲ့များကို စစ်အစိုးရက သူတို့ ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက ချေမှုန်းမည် ဆိုသည့် နမူနာပင်ဖြစ်သည်။ အခြေအနေပေးပါက နောင်တွင်လည်း ဝအဖွဲ့ကို စစ်အစိုးရမှ ချေမှုန်းလိမ့်မည်။

အင်အားကြီးသည့် စစ်အစိုးရကို လက်နက်ကိုင် အဖွဲ့ငယ်တခုစီ အနေဖြင့် ပြန်လည်ခုခံဖို့ရာက မဖြစ်နိုင်ပါ။ သို့သော် ရှိရှိသမျှသော လက်နက်ကိုင် အဖွဲ့အစည်းများ တညီတညာတည်း ပေါင်းစု၍ တွန်းလှန်ပါက ဖြစ်နိုင်ခြေ ရှိသည်။ စစ်ကိုလိုလား၍ ဒီစကားမျိုး ပြောခြင်းမဟုတ်ပါ။ ထိုအခါတွင် မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုများလည်း ပို၍ အသက်ဝင် အားကောင်းလာမည်။ စစ်ဆိုသည်မှာ ကြမ်းတမ်းသည်။ သွေးထွက်သံယိုများသည်။ လူ့အသက်များ ကို ကြေပြုန်းစေ သည်။ သို့သော် ယနေ့ရင်ဆိုင်နေရသော အခြေအနေသည် လက်နက်ကိုင်ထားသူ လက်နက် အားကိုးသူကို လက်နက် ဖြင့် စကားပြောမှသာ ဖြစ်တော့မည်။ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မကြာမှီ အနာဂါတ်တွင် လမ်းဆုံ လမ်းခွသို့ ရောက်တော့မည်။ မြုတ်နှံထားသော အကျိုးစီးပွားများကြောင့် ဘာမှ မလုပ်လိုတော့ဘဲ ထိုင်နေမည်ဆိုပါကလည်း မတတ် နိုင်ပါ။ ဓားပြတိုက်ခံရသော ရပ်ကွက်ထဲမှ ရပ်ကွက်သား များလို နောင်ကြမှ မချင့်မရဲ ဖြစ်သည့် ခံစားချက်မျိုး မခံစားစေလို တာကတော့ အမှန်ပင်ဖြစ်သည်။ အားလုံး အတွက် အားလုံးဝိုင်းဝန်းမှသာ အားလုံးအောင်ပွဲခံ နိုင်မည်ဖြစ်သည်။

အိမ်တိုင်းတွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဟိုတုံးကလို တုတ်ဓားလက်နက်များ ဆောင်ထားသည့် ဓလေ့ ရှိနေသေး သည်ဟု ကျနော်ထင်ပါသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၈ ရက် သြဂုတ်လ ၂ဝဝ၉ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.