ရွက်မွန်စာမျက်နှာ

Wednesday, September 16, 2009

တုံးရင်တုံးတယ်လို့မှတ်

၁။
စိုးမော်တယောက် သူငယ်ချင်းများနှင့် နေ့ခင်းပိုင်း စုရပ်ဆုံရပ် ဖြစ်သည့် လက်ဖက်ရည်ဆိုင်ကို အသွားလမ်းတွင် မတွေ့ တာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သော ငယ်သူငယ်ချင်း တဦးနှင့် ပက်ပင်းတိုးမိသည်။ "ဟာ ဖိုးနောင်ကြီး ဘယ်တုံးက ပြန်ရောက်သလဲဟ"။ "ဟာ ဟေ့ကောင် စိုးမော်၊ တရုတ်ပုတ် အောင်မလေး ဝလှချည်လား သူငယ်ချင်းရဲ့"။ သူငယ်ချင်း နှစ်ဦး ဝမ်းသာအားရ ပွေ့ဖက်မိကြသည်။ သူတို့နှစ်ဦးကား ဘဲချေးတန်းကစလို့ ဘွဲ့ရသည်အထိ အတူတူ လည်ပင်းဖက် နေခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်သည်။

"ဝတာတော့ မပြောနဲ့ ငါ့အလုပ်က ဖင်ထိုင်ပြီးလုပ်ရတာ။ အသက်ကလဲ လေးဆယ့်ငါးထဲမှာ ဆိုတော့ စားသမျှ တွေ လွယ်လွယ် ပြန်ခြေနိုင်တဲ့ အရွယ်လည်း မဟုတ်တော့ဘူးကွ" စိုးမော်က တဟီးဟီးရယ်၍ ဖြေရှင်းချက် ထုတ်လိုက်ရင်း "မင်းသင်္ဘော နားလို့ အလည်ပြန်လာတာလား"ဟု ဖိုးနောင်ကြီးကို တဆက်ထဲ မေးလိုက်သည်။ "အပြီးပြန်လာတာ သူငယ်ချင်း။ နောက်ထပ် သင်္ဘောလိုက်ဖို့ အစီအစဉ် မရှိတော့ဘူး"။ ဤသည်က ဖိုးနောင်ကြီး၏ အဖြေ။

ဖိုးနောင်ကြီးက ဆက်၍ပြောသည်။ "သင်္ဘောလိုက်တာပဲ ဆယ့်ရှစ်နှစ်ဆိုတော့ တော်လောက်ပြီလို့ ဆုံးဖြတ် လိုက်တယ်။ ငါ့မိဘတွေလည်း အိုကုန်ပြီဆိုတော့ အနီးကပ်ပြုစု စောင့်ရှောက်ဖို့ လိုတာပေါ့ကွာ"။ စိုးမော်က လက်ဖက်ရည်ဆိုင်ကို ချီတက်ပြီး ဟိုကြမှ ဆက်ပြောတာပေါ့ဟု ဆိုရင်း ဖိုးနောင်ကြီးကို ဆွဲခေါ်သွားတော့သည်။

လက်ဖက်ရည်ဆိုင်ထဲဝင်၍ ထိုင်ထိုင်ချင်း ဖိုးနောင်ကြီးက "ငါ အိမ်ထောင်ကျပြီ သူငယ်ချင်းရ။ နောက်လကြရင် ငါ့အမျိုးသမီး ဒီကို လိုက်လာလိမ့်မယ်"ဟုဆို၏။ "ဟာ ဒီလိုဆို ဝိုင်းကြီးဝိုင်းကောင်း တပွဲတော့ပေးမှ ဖြစ်မယ် ဟေ့ကောင်။ မင့်အမျိုးသမီးက ဘယ်မြို့သူလဲ။ မင်းလည်း လေးဆယ့်ငါးနား ရောက်နေပြီဆိုတော့ မင်းထက်တော့ ငယ်မှာပေါ့။ ငယ်ငယ်ချောချောလေးပေါ့လေ ဟုတ်လား။ သင်္ဘောသားတွေ ခေတ်မကောင်းတော့ဘူး ပြောနေ တာ ဒီအတိုင်းဆို မှားတာပေါ့" ဟု စိုးမော်က မနားတမ်း ပြောရင်း စပ်စုလိုက်သည်။

ဖိုးနောင်ကြီးက တဟဲဟဲနှင့် စပ်ဖြီးဖြီးလုပ်နေရင်း စိုးမော်မေးခွန်းများကို တဆက်တည်း ဖြေလိုက်သည်။ "ရန်ကုန်က မဟုတ်ဘူးကွ။ ဂျာကာတာက။ သူက အင်ဒိုနီးရှား လူမျိုး။ ငါတို့သင်္ဘောလိုင်းက ဂျာကာတာမှာ ခဏခဏ ဝင်နားတော့ အဲဒီမှာ တွေ့ကြတာ။ ငါ့ထက် ဆယ့်လေးနှစ် ငယ်တယ်။ အင်ဒိုသူဆိုတော့ ညိုချော လေးပေါ့ကွာ"။ "ကွန်ဂရက်ကျူလေး ရှင်းကွာ၊ ဘာပဲပြောပြော အသက်ကြီးမှ ကံပေါ်တယ်လို့ပဲ ပြောရမှာပေါ့။ ဒါနဲ့ မင်းအမျိုးသမီးက အင်ဒိုနီးရှားသူဆိုတော့ သူကမွတ်စလင်လား"။ စိုးမော်၏ မွတ်စလင်လားဟု မေးလိုက်သော မေးခွန်းကို အေးဟုတ်တယ်ဟု ပြန်ဖြေသော ဖိုးနောင်ကြီး၏ အသံတွင် တခုခုကို စိုးရိမ်ကြောင့်ကြ ဟန်ဖြင့် နဲနဲတော့ အားပျော့ နေသလိုပင်။ ဒါကို ချက်ခြင်း သတိထား မိလိုက်သော စိုးမော်က "ထားပါကွာ မွတ်စလင်ဖြစ်ဖြစ် ခရစ်ယန် ဖြစ်ဖြစ် နှစ်ဦးသဘောတူလို့ ကြိုက်လို့ယူကြတာပဲ၊ ဒို့နိုင်ငံမှာ ဒီလိုခွဲခြားတာတွေ မရှိပါဘူး။ ရှိလည်း ဂရုစိုက်စရာ မလိုပါဘူး" ဟု သူငယ်ချင်း ဖြစ်သူကို အားပေးလိုက်သည်။

သည့်နောက် မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များကို မမောတန်း စားမြုံ့ပြန် ကြသည်။ အခြားသော အရင်းအချာ သူငယ်ချင်းများ ဘယ်မှာရောက်နေသည် ဘာလုပ်နေကြသည် အစရှိသဖြင့် သတင်းဖလှယ် ကြပြန်သည်။ နှစ်နာရီ ကျော်ကျော်လောက် ဆက်တိုက် စကားပြောအပြီး ရှေ့တပတ်လောက်တွင် ပြန်ဆုံရန် ချိန်းလိုက်ပြီး လူချင်းခွဲလိုက်သည်။

၂။ ချိန်းထားတုံးက ရှေ့တပတ်ဟု ဆိုသော်လည်း စိုးမော်ကိုယ်တိုင် သူ့ဆိုင်အတွက် အလုပ်တွေကများ၊ ဖိုးနောင်ကြီး ကိုယ်တိုင်လည်း သူ့အမျိုးသမီး ရောက်လာသည့်အတွက် နေရေးထိုင်ရေးနှင့် မင်္ဂလာပွဲအတွက် အလုပ်တွေရှုပ် နေသော ကြောင့် နှစ်ပတ်ကျော် သုံးပတ်လောက်ရှိမှ စားသောက်ဆိုင် တဆိုင်တွင် ပြန်ဆုံဖြစ်ကြသည်။

"စိုးမော် ဒါ့ငါ့အမျိုးသမီး ဒါဒါလို့ခေါ်တယ်။ ဒါဒါ သူကကိုယ့်ရဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း စိုးမော်တဲ့" ဟု ဖိုးနောင်ကြီးက မိတ်ဆက်ပေးသည်။ ဖိုးနောင်ကြီးကတော့ ဘယ်တုံးက လေ့လာထားတယ်မသိ အင်ဒိုနီးရှား စကားကို အတော်လေး ပြောတတ်နေသည်။ တချက်တချက် သူ့အမျိုးသမီးကို အင်ဒိုနီးရှားလို ဘာသာ ပြန်ပေး နေသေးသည်။ စိုးမော်တို့ လင်မယားကတော့ ကျောင်းသားဘဝတုံးကလည်း အင်္ဂလိပ်စာမကောင်း စီးပွါးရေး နယ်ထဲမှာလည်း အင်္ဂလိပ်လို ပြောဖို့အကြောင်းကမရှိ။ အင်ဒိုနီးရှားလို ပြောဖို့ကတော့ ဝေးရော။ သူ့စကား ကိုယ်မတတ် ကိုယ့်စကား သူမတတ်။ မိုင်နိမ်းအစ်စ် စိုးမော် ဆိုတာကိုပဲ အင်္ဂလိပ်လို မှန်အောင် ပြောတတ်တော့သည်။ သို့သော်လည်း အင်္ဂလိပ်စကား အကျိုး အပဲ့များဖြင့် ထမင်းဝိုင်းက စိုပြေနွေးထွေး နေသည်။

"ရော့ သူငယ်ချင်း ဒီမှာမင်္ဂလာဆောင် ဖိတ်စာ၊ ကျောင်းတုံးက သူငယ်ချင်းတွေ တော်တော်များများလည်း ဖိတ်ထားပြီး ပြီကွ။ ဝက်ဒင် ပလပ်စ် စကူးဖရင့်စ် ရီယူနီယံ ဆိုလည်း မမှားဘူးပေါ့ကွာ" ဟု ဆိုလာသော ဖိုးနောင်ကြီး၏ အသံမှာ ရွှင်လန်း တက်ကြွမှုတို့ဖြင့် ပြည့်လျှမ်းနေသည်။

၃။ ဖိုးနောင်ကြီး၏ မင်္ဂလာဆောင်မှာ စည်ကားလှသည်။ ရပ်နီးရပ်ဝေး ဆွေမျိုးများ မိတ်သင်္ဂဟများ၊ မတွေ့ရတာ နှစ်ပေါင်း များစွာ ရှိနေသည့် ကျောင်းနေဖက်များဖြင့် ပျော်စရာ ကောင်းလှသည်။ မင်္ဂလာဆောင်အပြီး ဖိုးနောင်ကြီးတို့ စုံတွဲ ပုဂံ၊ မန္တလေး၊ အင်းလေး တောင်ကြီးတို့ဆီ ဟန်းနီးမွန်း ထွက်သွားကြသည်။ ဒီလိုဆိုတော့ လည်း လောကကြီးဟာ နေချင့်စဖွယ်။

၎။ သည့်နောက် တလခန့်အကြာတွင် ဖိုးနောင်ကြီး တယောက် စိုးမော်ဆီသို့ ပေါက်ချလာသည်။ မျက်နှာကလည်း သိပ်မလန်းလှ။ လာဘီယာဆိုင် ခဏသွားရအောင်ဟု ဆို၍ နှစ်ယောက်သား နီးရာဘီယာဆိုင်တွင် ဝင်ထိုင် လိုက်ကြသည်။ အိမ်ထောင်ရေးများ အဆင်ပြေမှ ပြေရဲ့လားဟု စိုးမော်က မှန်းဆသည်။ နိုင်ငံခြားသား နိုင်ငံခြားသူနှင့် အိမ်ထောင်ပြု ရတာ သဘာဝခြင်း မတူသောကြောင့် နောက်ဆုံးတွင် ထိုသို့သော အိမ်ထောင်များ မမြဲလှဟု လူပြောသူပြောဖြင့် ကြားဖူးထား၍ ဖြစ်သည်။ "ဘာဖြစ်လဲ သူငယ်ချင်း မင်းမိန်းမနဲ့ အဆင်ပြေရဲ့လား" ဟု စိုးမော်က မေးလိုက်သည်။

"မိန်းမနဲ့က ဘာမှမဖြစ်ဘူးဟေ့။ ဒါပေမဲ့ အဆင်မပြေတာတွေ ရှိနေတယ်ကွ။ မင်းမှာ အဆက်အသွယ် ကောင်း တွေများ ရှိရင် ငါ့ကို ကူညီပါဦးကွာ"။ ကိုင်းပြော ငါဘာလုပ်ပေးရမလဲဟု စိုးမော်က ပြန်မေးလိုက်သည်။ ထိုရော အခါတွင် ဖိုးနောင်ကြီးက ဇတ်ကြောင်း အစအဆုံး လှန်၍ ဤကဲ့သို့ ရှင်းပြလေသည်။

"အဓိက ပြဿနာက ငါ့မိန်းမ ဗီဇာကိစ္စ ဖြစ်နေတယ်ကွ။ သူဒီကို ဝင်လာတော့ ဗီဇာသုံးလနဲ့ ဝင်လာတာ။ ငါတို့က ဂျာကာတာမှာလည်း တရားဝင်လက်ထပ် ထားပြီးသားလေ။ မင်းကိုလည်း ပြောဘူးတယ်မို့လား။ အဲဒီ တရားဝင် လက်ထပ်စာချုပ်တွေနဲ့ ဂျာကာတာမှာရှိတဲ့ မြန်မာသံရုံးမှာ ဇနီးမယားဗီဇာ wife visa လျှောက်တယ် ကွာ။ သံရုံးက ပြောတယ်။ အဲသလို ဗီဇာမျိုးသူတို့ ထုတ်မပေးနိုင်ဘူးတဲ့။ တိုးရစ်ဗီဇာပဲ ပေးနိုင်မယ်တဲ့။ ရန်ကုန်ရောက်မှ လူဝင်မှု ကြီးကြပ်ရေးမှာ ဆက်ပြီးဆောင်ရွက်ပါလို့ ပြောတယ်။ ဒါနဲ့ ငါ့အမျိုးသမီးလည်း တိုးရစ် ဗီဇာလျှောက်ပြီး ဒီကို လိုက်လာရတာပေါ့။ အခုက သူ့ဗီဇာက နောက်နှစ်ပတ်သုံးပတ်ဆိုရင် သက်တန်းကုန်ပြီ။ အဲတာနဲ့ ငါတို့လင်မယား လူဝင်မှုကြီးကြပ်ရေးကို သွားရတာပေါ့။" ဆက်တိုက်ပြောပြီး မောသွားဟန်ဖြင့် ဖိုးနောင်ကြီးက ဘီယာခွက်ကိုမကာ တကြိုက် ကြိုက်ချလိုက်သည်။

"အဲတော့ အင်မီဂရေးရှင်း (လဝက)က ဘာပြောလဲ" ဟု စိုးမော် စကားထောက်လိုက်သည်။ ဖိုးနောင်ကြီးက ချက်ခြင်း ပြန်မဖြေသေးဘဲ လေးညှင်းနံ့မွှေးကြိုင်နေသော အင်ဒိုနီးရှား စီးကရက်တလိပ်ကို မီးညှိပြီး ဖူးကနဲ မှုတ်ထုတ်လိုက်ပြီးမှ ဆက်ရှင်းပြသည်။ "နိုင်ငံခြားသူနဲ့ ဒီနိုင်ငံအတွင်းမှာ လက်ထပ်တဲ့အတွက် ရီဂျစ်စတေးရှင်း လုပ်တာတွေ မှတ်ပုံတင်တာတွေ ဘာတွေကတော့ အဆင်ပြေတယ်။ ပြေဆို သူတို့တောင်းသလောက် ပေးလိုက်တာကိုး။ ဒါပေမဲ့ နှစ်ပေါက်နေလို့ရတဲ့ ဇနီးမယားဗီဇာ ပေးဖို့ဆွေးနွေးတော့ အဲသလို လုပ်ပေးဖို့တော့ ထုံးစံ မရှိဘူးလို့ ငြင်းတယ်ကွ။ ဒါနဲ့ ငါကပြန်မေးတယ်။ ကျနော်တို့က နှစ်နိုင်ငံစလုံးရဲ့ တရားဥပဒေအတိုင်း မင်္ဂလာဆောင် ထားတာပဲ။ မြန်မာတဦးရဲ့ တရားဝင်ဇနီးကို ရက်ရှည်ဗီဇာ ပေးရမှာပေါ့လို့ ငါကလည်း ခံငြင်းတာပေါ့ကွာ။ အဲတော့ သူတို့ဖက်က ဘာပြောလဲ ဆိုတော့ ဘန်ကောက်ကို သွားပြီး ဟိုမှာရှိတဲ့ မြန်မာသံရုံးမှာ သုံးလတိုးရစ်ဗီဇာ လျှောက်ပြီး ပြန်လာလို့ ရတယ်ဆိုပြီး ပြန်ပြောတယ်။ မင်းစဉ်းစားကြည့်လေ ငါ့မိန်းမက သုံးလတခါ ဘန်ကောက် သွားနေရရင် ရေရှည်မှာ စရိတ်စကနဲ့ သေဖို့ပဲ ရှိတာပေါ့။ "

"ဒီလိုဆိုရင် မင်းဟာက မလွယ်ကြောပါလား ဖိုးနောင်ကြီးရာ"။ "အေး မလွယ်တာ နောက်တခု ထပ်ပေါ်လာ ပြန်တယ် သူငယ်ချင်း။ မောပြီးရင်း မောဆိုတာမျိုးပေါ့ကွာ။ ဘန်ကောက်သွားတော့လဲ ငါ့မိန်းမ အင်ဒိုနီးရှား ပတ်စ်ပို့က ပထမနှစ်ခေါက် သုံးခေါက်တော့ အဆင်ပြေမယ်။ အာစီယံနိုင်ငံချင်း သဘောတူညီချက် ရှိထားလို့။ သို့သော်လည်း အကြိမ်ရေများလာရင် ထိုင်းအင်မီဂရေးရှင်းက ဂျာကာတာမှာ ပြန်ပြီးလျှောက်ပါလို့ ဖြစ်လာနိုင် သေးတယ်။ အဲတာဆိုရင် မင်းစဉ်းစားကြည့် တနှစ်တနှစ် လေယာဉ်ဖိုး သက်သက်ပဲ ဘယ်လောက် ကျမလဲ ဆိုတာ။"

၅။ ဖိုးနောင်က အင်မီဂရေးရှင်းရုံးတွင် ကြုံရပုံကို ပြန်ပြောပြသည်။ လဝက အရာရှိက ဤသို့မေးသည် "တာဝန် အရ မေးတာပါ။ ခင်ဗျားတို့ ဘယ်မှာတွေ့ပြီး ယူကြတာလဲ"။ ထိုအခါ ဖိုးနောင်က "ကျနော့် သင်္ဘောက ဂျာကာတာမှာ ကုန်တင်ကုန်ချ နားလေ့ရှိပါတယ်။ အဲဒီမှာ ကျနော့်တို့ တွေ့ကြတာပါ ဟိုမှာလည်း တရားဝင် မင်္ဂလာဆောင်ထား ပြီးသားပါ။" လဝက အရာရှိက ဖိုးနောင်ကြီးကို ထပ်၍ မေးသည် "ခင်ဗျားက ဘာဖြစ်လို့ မြန်မာချင်း မယူဘဲ နိုင်ငံခြားသူကို လက်ထပ်ရတာလဲ"။ ဖိုးနောင်ကြီး နဲနဲတော့ကျွဲမြီးတိုလာသည်။ "ဒါကတော့ ဗျာ ကိုယ်နဲ့ဖူးစားဆုံတဲ့ သူကို ကိုယ်ယူတာဘဲ ဘယ်သူက ကြိုသိမလဲဗျာ" ဟု ပြန်ဖြေလိုက်သည်။ လဝက အရာရှိက ဆက်၍ "ခင်ဗျား မိန်းမက မွတ်စလင် ဘာသာဝင်လား"ဟုမေးပြန်သည်။ ဟုတ်တယ် မွတ်စလင် ဖြစ်တော့ ဘာဖြစ်လိုတုံးဟု ဖိုးနောင်ကြီးက ဆောင့်ကြီး အောင့်ကြီးဖြင့် ပြန်ဖြေသည်။ အခြေအနေက အနည်းငယ် တင်းမာသယောင် ဖြစ်လာသည်။ "မြန်မာပြည်မှာ အရှည် နေမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဖြစ်ရင် ပိုကောင်း တာပေါ့"ဟု လဝက အရာရှိက အထွန့်တက်ပြန်သည်။

ထိုအခါ ဖိုးနောင်ကြီးက ထိုအရာရှိစကားကို နင်းကာ " ဗုဒ္ဓဘာသာ ပြောင်းမှ ဇနီးမယားဗီဇာ ပေးမယ်လို့ ခင်ဗျားက ဆိုလိုတာလား၊ ဥပဒေက အဲလို ဆိုထားလို့လား" ဟုပိတ်၍ မေးလိုက်ရာ ထိုအရာရှိက "ဒီမှာ ကိုယ့်ညီ၊ ကိုယ်တို့ နိုင်ငံသားတွေ နိုင်ငံခြားသားနဲ့ လက်ထပ်လို့ အခွင့်အရေး ဆုံးရှုံးရတာမျိုး မဖြစ်ရအောင် နိုင်ငံတော်အစိုးရက စေတနာနဲ့ လုပ်ထားတာတွေကွ။ ပြီးတော့ ရှေ့နှစ် ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ နိုင်ငံတော် လုံခြုံရေးအတွက် နိုင်ငံခြားသားတွေကို ရက်ရှည်ဗီဇာ မပေးဘူးကွ" ဟု အစိုးရနှင့်ကိုင်၍ ချိမ်းခြောက်ပြန်သည်။ ဖိုးနောင်ကြီးလည်း ဒေါသထွက်လာ၍ မထူးဟုသဘောထားကာ "ဒီမှာဗျ။ ကျနော် နစ်နာမှာစိုးရင် ခင်ဗျားမှာ ညီမအပျိုရှိရင် ကျနော်နဲ့ ပေးစားမလား။ ကျနော့်မိန်းမ နိုင်ငံခြားသူကို အခုကွာ လိုက်မယ်" ဟုပြန်ပက် လေတော့သည်။ သည့်နောက် အနှီ လဝက အရာရှိနှင့် အကြီးအကျယ် စကားများကာ ဖိုးနောင်ကြီးတယောက် အင်မီဂရေးရှင်းရုံးမှ တပ်ခေါက် လာခဲ့ရတော့သည်။

၆။ "ဇာတ်လမ်းကတော့ အဲတာပဲ စိုးမော်ရေ" ဟု ဖိုးနောင်ကြီးက ရှင်းပြလေသည်။ ထို့နောက် ဖိုးနောင်ကြီးက စိုးမော်ကို သူ့ဇနီး ဗီဇာကိစ္စအတွက် ပို၍ ပေါက်ပေါက် ရောက်ရောက် လုပ်ပေးနိုင်မည့် သူကို တွေ့ပါက လက်တို့ရန် အကူအညီ တောင်းခံလေသည်။ အင်း ငါကြိုးစားပေးပါ့မယ်ဟု စိုးမော်က အာမခံလိုက်သည်။

စိုးမော်က "ငါတို့ တိုင်းပြည်မှာ အဲသလို ခွဲခြားတာမျိုးတွေ မရှိဘူးလို့ အစက ထင်ထားကွ။ အခုတော့ လွဲနေ ပါပေါ့လား" ဟု ဆိုလေသည်။

ဖိုးနောင်ကြီးက သူ၏ သင်္ဘောလိုက်ဖက် သူငယ်ချင်းအချို့ ထိုင်းနိုင်ငံသူများနှင့် လက်ထပ်ပြီး ထိုင်းနိုင်ငံတွင် အခြေချ နေထိုင်သူများ ရှိကြောင်း စိုးမော်အား ပြောပြသည်။ ထိုင်းနိုင်ငံသူများနှင့် လက်ထပ်ထားသော ထိုခင်ပွန်းသည် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ခွင်ပွန်းသည်ဗီဇာံကျဘညေိ လငျေ ဖြင့်နှစ်ပေါက် နေထိုင်နိုင်ကြောင်း တနှစ်တခါ လဝကရုံးသို့သွား၍ သက်တန်းတိုးရုံသာ လုပ်ဖို့လိုကြောင်း တခြားဘယ်တိုင်း ပြည်ကိုမှ ထပ်ထွက်စရာ မလိုကြောင်း ရှင်းပြသည်။

ဖိုးနောင်ကြီး ပြန်သွားအပြီး စိုးမော် စဉ်းစားမိသည်။ သူတို့လည်း တရုတ်နွယ်ဖွားတွေဖြစ်သည်။ သို့သော် ရှေးအတီအတေ ကတည်းက သည်နိုင်ငံမှာ နေလာသော မြန်မာတရုတ်တွေ ဖြစ်သည်။ မြန်မာနိုင်ငံသား စစ်စစ်ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထား သူတွေဖြစ်သည်။ မြန်မာ့ အငွေ့အသက်ကို ဖက်တွယ်ခုံမင်သူတွေ ဖြစ်သည်။ ဒါဒို့တိုင်းဒို့ပြည်ဟု ခံယူထားသူတွေလည်း ဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံခြားသားတွေကို ရက်ရှည်ဗီဇာ မပေးဟု ဆိုသည့် ကိစ္စကို ထောက်ပြခြင်သည်။ ဖိုးနောင်ကြီးဇနီး နိုင်ငံခြားသူတဦးက နိုင်ငံတော် လုံခြုံရေးကို ဘယ်လိုနှောက်ယှက်မည်နည်း။ ဒီလိုဆိုရင် ၁၉၉ဝ ခုနှစ် နောက်ပိုင်းကာလ တလျှောက် ပြည်မကြီးက တရုတ်တွေ မြန်မာနိုင်ငံထဲကို ဒလဟောဝင် လဝက အရာရှိ တွေကို မြန်မာ နိုင်ငံသား မှတ်ပုံတင်တခုအတွက် ဒေါ်လာ (၅ဝဝ) ပေးပြီး နိုင်ငံသား အစစ်လိုလို အတုလိုလိုနဲ့ အခြေချ နေထိုင် စီးပွါးလုပ်ကိုင်နေကြ တာမျိုးတွေကရော နိုင်ငံတော် လုံခြုံရေးကို မထိခိုက် တော့ပြီလောဆိုသည့် အတွေးပင် ဖြစ်သည်။ တုံးလွန်းသော အစိုးရပါတကား။

ဇော်မင်း (လူ့ဘောင်သစ်)
၁၅ ရက် စက်တင်ဘာလ ၂ဝဝ၉ ခုနှစ်

4 comments:

Ko Paw said...

မတူဘူးလေဗျာ။ အဲဒါကကျတော့ ဆွေမျိုးပေါက်ဖော် လို့ ခေါ်သတဲ့....ဟဲဟဲ။

နအဖ အဖို့ကတော့ ရှိသမျှ ဥပဒေတိုင်းဟာ သရေကွင်းဥပဒေတွေချည်းပါပဲ။ တခါတလေတော့ ပျင်းလို့ ဥပဒေအကြောင်းတောင် မပြောတော့ဘူး။ ဆွဲစေ့လိုက်တာပါဘဲ။

ခင်မင်းဇော် said...

ဒါပေမယ့် မြန်မာနိုင်ငံမှာ မွေးတဲ့ တချို့တရုပ်တွေလဲ သေသာသွားရော နိုင်ငံသား ဖြစ်မသွားကြပါဘူး။ သူတို့က မွေးတဲ့ ကလေးတွေလဲ ဒီတိုင်းပဲ ..တသက်လုံး ပီအာကိုင်ထားတာပေါ့ လေ ဟဟ

Yu Wa Yi said...

အချို့ မူတွေက အောက်အဆင့်လူတွေ ထင်သလိုလုပ်သွားကြတာပါ။ ဘာမှတိတိပပ လက်ကိုင်ထားတာမျိုးမရှိပါဘူး။ သေသေချာချာကိုင်တွယ် တင်ပြ ဖြေရှင်းပေးကြတာမျိုး၊ စေတနာထားပြီးအားတက်သရော လုပ်ကြတာမျိုးမှမဟုတ်ကြတာ။

ashley said...

In year 2000,I have met one Irish Lady who gave us English Lessons at Luis St ( saik kan tha st)who married Burmese guy for 5o years since WW II. She has to extend Form 10 at her township Immigration every month. But I don't know how she get. She said she said she has no relative at Ireland too.

She said she has no regret of deciding to stay and live with her husband when Japan came to Burma at that time. Since then she has lost contact with her family. It's said sad story. I can't remember her name.

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.