ရွက်မွန်စာမျက်နှာ

Thursday, September 17, 2009

လမ်းသစ်


ရာဇော်ဂျီ ဘာသာပြန်ထားတဲ့ မိုးကြယ်မို့လားနဲ့ လမ်းသစ်ဝတ္ထုတိုများထဲက "လမ်းသစ်" ဆိုတဲ့ဝတ္ထုကလေးကို တခါ တလေ သတိရမိသေးတယ်။ အသေးစိတ်တော့ မမှတ်မိပေမယ့် မျိုးဆက်ကွာခြားလာတဲ့သူတွေအကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖော်ပြတာလို့ အမှတ်ရနေမိတယ်။ ဒီ လမ်းသစ်ဆိုတဲ့ ဇာတ်လမ်းလေးက တရုတ် ပြည် ဆိုရှယ်လစ်ခေတ် ပြောင်းကာလ ၁၉၅၀ ကာလများကို အခြေခံထားတာပါ။ မြို့ကလေးတခုမှာ လမ်းသစ်ကြီး တခု ဖြတ်ဖောက်ဖို့ လုပ်တော့ ပြဿနာ ရှိလာပါတယ်။ အဖိုးအိုတယောက်ရဲ့ ရိုးရာစဉ်ဆက် သက်မွေးဝမ်း ကျောင်းလုပ်စားလာတဲ့ (ရေနွေးဆိုင်လို့ ထင် တယ်) လုပ်ငန်းပါ လမ်းဖောက်လို့ ဖျက်ရမယ့်အထဲ ပါလာတယ်။ ဒါပေမယ့် ဒီအဖိုးရဲ့သားလို့ထင်တယ် လူငယ်ကလေးက တော့ လမ်းဖောက်တာကို ထောက်ခံတယ်။ သူ့အိမ် တစိတ်တပိုင်း ဖျက်ပေးလိုက်ရမှာကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါ တယ်။ သူကတော့ ဒီလမ်းမကြီး ဟာ ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကျဉ်းလာမယ့်အရာလို့ မြင်ထားသလို သူ့ဘ၀ အနာဂတ်နဲ့လည်း ယှဉ်မြင်ထားပါတယ်။ အဖိုးအိုကတော့ မြေကြီးထဲမှာ နှစ်ရှည်ကြာ အမြစ်စွဲနေတဲ့ သူ့ရေနွေးအိုး ကြီးနဲ့ ဆိုင်ကိုပဲ မဖျက်ချင်ဘဲ ခင်တွယ်နေတဲ့ ဇာတ်လမ်းပါ။

ခြုံပြောရရင် မျိုးဆက်တွေကွာခြားလာတဲ့အလျှောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာတာပါပဲ။

ကျနော် ဒီလိုအစချီရေးရတာက ဆရာလူထု ဦးစိန်ဝင်းက ဝေဖန်ရေးတဲ့ အဲန်ဂျီအို၊ နိုင်ငံတကာ အဲန်ဂျီအိုအပေါ် အမြင် မကောင်းတဲ့ကိစ္စ ဆောင်းပါး "အတ္တ ပရဟိတလုပ်ငန်း" အပေါ် တုံ့ပြန် ရေးသားချင်လို့ပါ။ ယေဘုယျ သူ့ဆောင်းပါးအပေါ် ကောက်ချက်ချရရင်-
(၁) မြန်မာတွေ မြောက်ဖြစ်ကုန်မှာ စိုးတယ်။ အဲန်ဂျီအိုတွေက မြောက်ပြဆန်တောင်းနေကြတယ်။
(၂) ဘယ်သူ့အားမှ မကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းကြ။
(၃) အဲန်ဂျီအိုတွေ ဆိုင်းဘုတ်စုံလာတယ်။ ပြောနေရင်းနဲ့ များလာတယ်။ နိုင်ငံခြားခဏသွား၊ ခဏ သင်တန်း တက်ပြီး အဲန်ဂျီအို ဖြစ်လာကြတယ်။
(၄) ပရဟိတသမားအစစ် မြန်မာ့အလင်းဦးတင်လို ရိုးသား သမာဓိရှိတာကို အတုယူကြလို့ ကောက်ချက်ချမိ ပါတယ်။

ဒီနေရာမှာ ကျနော် ပြန်လည်ဖြေရှင်းစရာ၊ ထောက်ပြဆွေးနွေးစရာတွေ အများကြီးရှိလာပါတယ်။ ခင်ဗျားက အဲန်ဂျီအိုကို ကိုယ်စားပြုလို့ ဖြေရတာလား ဆိုရင်တော့ မဟုတ်ပါဘူး။ မိတ်ဆွေတဦးက ဒီဆောင်းပါးနဲ့ ပတ်သက်လို့ အဲန်ဂျီအိုလူငယ် တွေအကြား ပြောဆိုပွဲဆူ ဖြစ်ကြရတာလေးတွေကို ပေးပို့လာတော့ ကျနော် အတွက် စဉ်းစားစရာ အများကြီး အထောက် အကူ ဖြစ်ရပါတယ်။ ပြန်လည် ဖြေရှင်းသင့်တယ် ထင်လို့လည်း ရေးရတာပါ။

ဒီဆောင်းပါးမှာ လူမှုရေးကို အကြောင်းပြလို့ လုပ်စားနေကြတာတွေ သဘောမတွေ့လို့ ထောက်ပြတာ ဆိုရင်တော့၊ ကြံ့ဖွံ့ တို့၊ မြန်မာအမျိုးသမီးအဖွဲ့ချုပ်တို့၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး စသဖြင့်တို့ရဲ့ လူမှုရေးလုပ်ငန်းတွေကို လည်း ထောက်ပြ ဖို့ သင့်တာပေါ့၊ ဒါမှ မျှမျှတတဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ အဲန်ဂျီအိုတွေကို တင်းတင်းကျပ် ကျပ် ကိုင်တွယ်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့ မူအပေါ်မှာလည်း ထောက်ခံရာ ရောက်နေသလားလို့လည်း အတွေး ပွားစရာပါ။

ကျနော်တင်ပြချင်တဲ့ အချက်တွေကတော့ ဒါတွေပါ။

(၁) ဂလိုဘယ်လိုက်ဇေးရှင်း
ဆရာ လူထုဦးစိန်ဝင်းက အဲန်ဂျီအိုလို့ ယေဘုယျသမုတ်တဲ့၊ နိုင်ငံတကာစာပေတွေမှာ civil society အရပ်ဖက် လူမှုအဖွဲ့ အစည်းလို့ ခေါ်ကြတဲ့၊ အင်အားစုတွေက ကမ္ဘာလွှမ်းပတ် ဆက်သွယ်မှုမှာ အင်အားကြီးတခုလို ဖြစ်လာပါတယ်။ ဂလို ဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေတဲ့ တွန်းအားတခုလို့ ပြောကြသလို၊ ဂလိုဘယ်လိုက် ဇေးရှင်းကြောင့် ထွက်ပေါ်လာခဲ့ တဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

အခုအခါ အရင်းရှင်စီးပွားရေး အင်အားစုကြားနဲ့ အစိုးရတွေအကြား ထိန်းညှိပေးနိုင်မယ့် အင်အားစုအဖြစ် အရပ်ဖက် လူထု ထူထောင်အဖွဲ့အစည်းတွေက အင်အားကြီးတရပ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြရပါပြီ။ Global civil society လို့ ခေါ်ဆိုလက်ခံကြရတဲ့ အဆင့်ထိတောင် ရှိလာခဲ့ပါပြီ။

ဒီအဖွဲ့တွေက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေသာမက၊ အခြား အခွင့်အရေး လှုပ်ရှားမှု ခေါင်းစဉ်ပေါင်း စုံ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အရင်က မရှိဘူးတဲ့ နိုင်ငံတကာ စာချုပ်စာတမ်းအများက (လက်တွေ့အားကိုးမရသည်ထားဦး) ကမ္ဘာပေါ်မှာ ရှိလာပါ တယ်။ အဲဒါအပြင် နိုင်ငံတကာအဖွဲ့ အစည်းတွေ ကိုယ်၌ကလည်း အဲန်ဂျီအိုတွေကို နေရာပေးဆက်ဆံ နေကြရပါပြီ။ နောက်ဆုံး ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ် မှာတောင် သူတို့စီမံကိန်း၊ ပရောဂျက်တွေအတွက် ဒေသခံလူထု၊ အဲန်ဂျီအိုတွေ၊ စိတ်ဝင်စားသူ အုပ်စုတွေ (concerned groups) တွေရဲ့ အသံကို နားထောင် ရမယ်လို့ နေရာပေးလာတာ၊ သူတို့ကို စင်မြင့်ပေးလာရတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံး အာဆီယံပဋိဉာဉ် စာတန်းကိုယ်၌မှာက အဖွဲ့ဝင်အစိုးရတွေက အဲန်ဂျီအိုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြု ထားကြပါပြီ။ ဒါကို မျောက်ပြဆန်တောင်းနေကြတဲ့အဖွဲ့တွေ၊ ဆိုင်းပုတ်စုံလွန်းတယ်လို့ မြင်ရင်တော့ မသင့်လျော်လှပါလို့ ထင်ပါတယ်။

(၂) ပြဿနာများက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်ကြပါ။
အချို့ပြဿနာတွေက နိုင်ငံအစိုးရတွေတောင် သူတို့ချည်းသက်သက် မဖြေရှင်းနိုင်ကြဘူး ဖြစ်လာပါတယ်။ အခု ကြက်ငှက် တုတ်ကွေးရောဂါ၊ ၀က်တုတ်ကွေးရောဂါ အပါအ၀င်၊ လူကုန်ကူးရောင်းချမှု၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ပြဿနာတွေ၊ သဘာ၀၀န်းကျင်ပြဿနာတွေက နိုင်ငံအစိုးရတခုတည်း ဖြေရှင်းရလို့ ရနိုင်တာ မဟုတ်တော့ပါဘူး။ နိုင်ငံစုံ ပူးပေါင်းဖြေ ရှင်း ကြရသလို၊ နိုင်ငံအစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူအဖွဲ့တွေ၊ အဲန်ဂျီအိုတွေနဲ့ပါ ပူးပေါင်း ဖြေရှင်းနေကြရတာတွေ ဖြစ်နေ ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးဆိုတာ အစိုးရတွေရဲ့ တာဝန်ပဲ၊ သူတို့လက်ထဲမှာချည်း ထားမှာလား၊ အဲန်ဂျီအိုလို့ခေါ်တဲ့ အဖွဲ့တွေ အချင်းချင်းရော နိုင်ငံတကာ ပူးပေါင်းဆက်ဆံမှုတွေ မလုပ်ရတော့ဘူးလားလို့ ဆရာဦးစိန်ဝင်းဆောင်းပါးကို ဖတ်ကြည့်ရင် မေးခွန်း ပွားစရာပါဘဲ။ ကမ္ဘာကြီးမှာ ပြဿနာတွေ များလာတာနဲ့ အမျှ အဲန်ဂျီတွေ ပူးပေါင်းဆောင်ရွက်ရေးလည်း တိုးများ လာစရာ ရှိပါတယ်။ နောက်ထပ် ဆိုင်းပုတ်စုံလာစရာ လည်း ရှိပါတယ်။

(၃) မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းက ဖြေရုံနဲ့ လုံလောက်နိုင်ပါသလား။
အချက်အလက်တွေအရ မြန်မာနိုင်ငံ ပြဿနာက သူ့ဘာသာ မဖြေရှင်းနိုင်တော့တာ အသေအချာပါပဲ။ အခု ထိုင်းနိုင်ငံထဲ မှာတင် နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီရှိနေသလို၊ စီးပွားရေးအရ ခိုးဝင်ရွှေ့ပြောင်းအလုပ် လုပ်ကြသူတွေလည်း ၄ သန်း လောက် ရှိနေပါတယ်။ အရင်က ကျနော်တို့က ဗီယက်နမ်လှေစီးပြေး ဒုက္ခသည် ဆိုတာမျိုး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်ဆိုတာတွေလည်း နိုင်ငံတကာ အစည်းအဝေးတွေမှာ ဆွေးနွေးရတဲ့ အဆင့် ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာတင် လူ တစ်သိန်းလေးသောင်းကျော် အသက်ဆုံးရပြီး၊ ၂। ၄ သန်းကျော် အိုးအိမ် ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကပ်ဘေးဒုက္ခတွေကို မြန်မာ့အလင်းဦးတင်လို တပိုင်တနိုင် စေတနာရှင်တွေ လောက်နဲ့တော့ ဖြေ ရှင်းလို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့လာချက်တွေအရ လူပေါင်း ၂၄၀, ၀၀၀ လောက် က အိပ်ခ်ျအိုင်ဗွီ ကိုယ်ခံအားကျရောဂါပိုး ရှိနေတယ်။ HIV ရောဂါရှင်၇၆,၀၀၀ လောက် ဆေးသောက်ဖို့ လိုအပ်နေတယ်။ အဲဒါအပြင် တီဘီ၊ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ အခြား ကူးစက် ရောဂါတွေအတွက် အခြေအနေ အစီရင်ခံစာတွေကလည်း စိုးရိမ်စရာချည်းပါပဲ။ ဒီလိုအစီရင်ခံစာတွေကလည်း မဟုတ်လုပ်ဇာတ်ခင်းပြီး မြန်မာလူမျိုးတွေကို မျောက်အဖြစ်ပြနေကြ တာလားလို့ စောကျောဖွယ် ရှိလာတော့ တာပေါ့။

(၄) မြန်မာနိုင်ငံမှာ အဲန်ဂျီအိုတွေ သိပ်များနေပြီလား။
မြန်မာနိုင်ငံက ဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီရတာ အနည်းဆုံးပါ။ စာရင်းတွေအရ မြန်မာနိုင်ငံက ရတဲ့ နိုင်ငံ တကာ အကူအညီဟာ လူတဦးကို တနှစ်မှာ ၃ ဒေါ်လာပဲ ရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံက လူတဦးချင်းကို ၂၃ ဒေါ်လာရပြီး၊ လာအိုနိုင်ငံကတော့ လူတဦးကို ဒေါ်လာ ၅၀ ရပါတယ်။ တနှစ်ကို ၃ ဒေါ်လာ ရတာနဲ့တောင် အဲန်ဂျီအို တွေ သိပ်များလာပြီ၊ စိုးရိမ်စရာ ဖြစ်နေပြီလို့ ထင်ရင်တော့ နောက်ထပ်ပွင့် လင်းလာလို့ နိုင်ငံတကာ အကူအညီတွေ ပိုမိုရရှိ လာတဲ့အခါ ဘယ်လို ကျနော်တို့ ခန့်မှန်းထားရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ နိုင်ငံတကာ အဲန်ဂျီအိုတွေ၊ အဲန်ဂျီအိုတွေ၊ အကူအညီတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ၊ အခြား ကျွမ်းကျင် မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်း အတူ ကပ်ပါလာလေ့ ရှိပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး အတွေ့ အကြုံကစလို့၊ အရည် အသွေးမြှင့် သင်တန်းတွေကတဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စသဖြင့် ကျွမ်းကျင်မှု အရည်အသွေးတွေကိုလည်း ရလာလေ့ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကလည်း မပွင့်လင်း၊ ပညာရေးကလည်း ခက်ခဲ၊ အစိုးရ လုပ်ငန်းတွေ မှာလည်း နေရာနည်းနေတဲ့ ကာလမှာ လူငယ်တွေက အဲန်ဂျီအိုကဏ္ဍမှာ ပြုံတိုးနေတာ၊ အခွင့်အလမ်းတခုလို မြင်နေကြတာကတော့ နားလည်မှု ပေးနိုင်ပါတယ်။ သိပ်များနေပြီလို့ မဆိုလောက်သေးဘူး ထင်ပါတယ်။

(၅) လူမှု အရင်းအနှီး
လူမှု အရင်းအနှီး (social capital) ဆိုတဲ့ အမြင်နဲ့ အချို့သောသူတွေက ကျနော်တို့နိုင်ငံမှာ အဲန်ဂျီအိုပဲခေါ်ခေါ်၊ လူထုထူ ထောင် အဖွဲ့အစည်းပဲ ခေါ်ခေါ် တိုးပွားစေဖို့ ကြိုးစားနေကြပါတယ်။ လူဆိုတာက တဦးတည်းနေရင် အားမရှိလှပါ။ ဒီလူ တွေကို ပေါင်းကူးဆက်စပ်ပြီး၊ စုစည်းပေးတဲ့အခါ Bridging and bonding အားဖြစ်လာ ပါတယ်။ ဒီအားဟာ အခုကာလ လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေအတွက်သာမက တချိန် ပြန်လည်နိုင်ငံ ထူထောင်ရေးကာလတွေ အတွက်ပါ အားဖြစ်စေပါလိမ့်မယ်။

လူမှု အရင်းအနှီးအားကောင်းတဲ့ နိုင်ငံတွေက ပဋိပက္ခဖြေရှင်းဖို့ လွယ်သလို၊ ဒီမိုကရေစီ အမြစ်ခိုင်ဖို့၊ တိုးတက်မှု ရစေဖို့ လည်း မြန်စေပါတယ်။

"ခဏ သင်တန်းလေးတက်ပြီးတော့ ပြန်လာတဲ့အခါ အဲန်ဂျီအို ဖြစ်ကုန်ကြတယ်" ဆိုတဲ့ ဝေဖန်ချက်ကလည်း မသင့်လှဘူး ထင်ပါတယ်။ တကယ်တော့ ဒီသင်တန်းတွေမှာ အဖွဲ့အစည်းတခု လည်ပတ်စီမံပုံ၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ စီမံ ချက်တခုကို ဘယ်လို ရလဒ်ရှိရှိ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ Logical framework ဆိုတာမျိုး အနည်းနဲ့ အများ ရရှိ ခဲ့ကြပါတယ်။ ဒါ့အပြင် ယခင် ကျနော်တို့နဲ့ ဝေးနေခဲ့တဲ့ gender လိင်ကွဲပြားမှုအပေါ် အမြင်ကိစ္စတွေ၊ ပဋိပက္ခ ဖြေရှင်းနည်း တွေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတရား တွေကိုလည်း သူတို့ လေ့လာရရှိခဲ့နိုင်ပါတယ်။ ဒီသင်တန်းတွေက ဘာမှ တတ်လာမှာ မဟုတ် ပါဘူးဆိုတာ မျိုးကတော့ အထင်အမြင်သေးရာ ကျပါတယ်။

(၆) ခေတ်ပြောင်းခဲ့တယ်။
ပထမအချက်ကတော့ ကျနော်တို့က ကိုယ့်ဘာသာ တံခါးပိတ်နေလို့ မရနိုင်တော့ပါဘူး။ ကျနော်တို့က ဘာဖြစ်လို့ မျောက် လို့ အထင်မခံချင်ရတာလဲ ဆိုတာလည်း မေးခွန်းဖြစ်မိပါတယ်။ နိုင်ငံ့သိက္ခာ ကျစေတယ်၊ လူမျိုးသိက္ခာ ကျစေတယ်၊ အရှက်ရစေတယ်လို့ ပြန်ဖြေမယ် ထင်မိပါတယ်။ မြန်မာစစ်အစိုးရလည်း မြန်မာနိုင်ငံမှာ အလားတူ မကောင်းတာ၊ ဆင်းရဲ နေတာ၊ ဆိုးရွားနေတာတွေ နိုင်ငံတကာက မမြင်စေချင်ပါဘူး။ တခါက နိုင်ငံတကာ အစည်းအဝေးတခုမှာ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲလုပ်မယ်ဆိုရင် အကူအညီ ၁ ဘီလီယံဒေါ်လာ ပေးမယ် ကမ်းလှမ်းတော့ မြန်မာတွေက မျောက် တွေ မဟုတ်ဘူးလို့ အဲသည်အချိန်က နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူက ပြန်ပြောတာ အမှတ်ရမိပါသေးတယ်။ တကယ်တော့ ဆင်းရဲတယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ တရုတ်နိုင်ငံကြီးကတောင် သူ့ဆီမှာ လူမှုရေး မညီမျှတာ၊ အချို့ဆင်းရဲကျန်နေတဲ့ ဒေသက ပြဿနာတွေကို ဦးစားပေးဖြေရှင်းရမယ် ပြောနေတာ ဖတ်ရပါတယ်။ အိန္ဒိယကလည်း သူတို့ကိုယ်သူတို့ ဆင်းရဲ တဲ့ နိုင်ငံကြီးလို့ ပြောနေတုန်းပါ။ အရှက်နဲ့ လူလုပ်ပြီး ကိုယ်ဆင်းရဲနေတာ ဖုံးဖိနေ၊ ကိုယ့်ပြဿနာတွေ လူများ မသိစေနဲ့ ဆိုတဲ့ ခေတ်ကတော့ ကုန်ပြီ ထင်ပါတယ်။

မြန်မာ့အလင်း ဦးတင်လို ပရဟိတ ကိုယ်ကျိုးစွန့် လူမှုရေးဆောင်ရွက်သူတွေကတော့ လေးစားစရာပါ။ သို့သော်လည်း ခေတ်မှီ ဖွံ့ဖြိုးရေးသဘောတရားနဲ့ ကြည့်တဲ့အခါ သူ့လုပ်ငန်းက အလှူပေးရေး (charity) အဆင့်မျှသာပဲ ရှိပါတယ်။ အကယ်၍ မြန်မာပြည်ထဲမှာ သူ့လို လူတွေပေါ်လာ အဖွဲ့အစည်းတွေ ထူထောင် ကူညီကြတယ်ပဲ ထားဦး၊ Gender လို့ခေါ် တဲ့ လိင်ကွဲပြားမှုကိစ္စတွေ စဉ်းစားမိဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝ ပတ်ဝန်းကျင်ကိစ္စတွေလည်း လုပ်ဆောင်မိကြပါ့မလား။ Empowerment လို့ခေါ်တဲ့ လူထုအင်အား ဖွံ့ဖြိုးလာ စေရေး ကိစ္စတွေကိုလည်း စဉ်းစားမိကြဖို့ ရှိသလား။ ဒီလို ပြည်တွင်းက အဖွဲ့အစည်းတွေမှာ ခေတ်သစ် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲရေး ပညာတွေကို ဘယ်သူတွေက ပေးမှာလဲ။ ဒီလို ပြည်တွင်း စေတနာရှင်အဖွဲ့တွေက ပညာရေးကို ဘယ်ပုံနဲ့ သစ်ကြမှာလဲ။ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်ကြသလို စစ်တမ်း ကောက် ယူတာတွေ၊ စီမံချက်သေချာ ဆွဲပြီး ဆောင်ရွက်တာတွေ ရှိမှာလား။ ပြည်တွင်းက အရင်းအမြစ်တွေကရော တချိန်ပြန် လည်စုစည်းလိုက်ရင် လုပ်ငန်းကြီးတွေ လုပ်လောက်အောင် လောက်လောက်လားလား ကျန်သေးရဲ့လား။ နိုင်ငံတကာက စာချုပ်စာတန်းတွေ၊ ပဋိဉာဉ်တွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက နေရာပေးထားတဲ့ အဲန်ဂျီအို တွေအတွက် စင်မြင့်တွေကို ပြည်တွင်း အဲန်ဂျီအိုတွေက ၀င်ယူကြမှာလား။ တို့နဲ့ မဆိုင်ဘူးဆိုပြီး ထားကြမှာ လား… ကျနော်ကတော့ ဦးတင်တို့ခေတ် အခြေအနေနဲ့ အခု အခြေအနေ ကွာခဲ့ပြီလို့ မြင်မိပါတယ်။ သူတို့ရဲ့ သမာဓိကို အတုယူစရာ ဖြစ်ပေမယ့် အလှူပေးလုပ်ငန်း လောက်နဲ့ မလုံလောက်တော့ဘူးလို့ ထင်ပါတယ်။

အဲန်ဂျီအိုတွေမှာ မူမမှန်တာ၊ ခြစားနေတာ၊ ပျံ့ကျဲလွန်းနေတာ အားမရစရာတွေ ရှိကောင်း ရှိနေနိုင်ပါတယ်။ တကယ့် လိုအပ်နေတဲ့ ပြည်သူတွေအတွက် မထိရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ထောက်ပြဖို့လိုသလို သူတို့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် (code of conduct) တွေကိုလည်း ပြန်လည် ထောက်ပြဖို့ လိုပါတယ်။ ဝေဖန်စရာရှိရင် လည်း ဖေ၀န်ဖို့လိုပါတယ်။ အခုကာလမှာ လူငယ်တွေက တယောက်ပြီး တယောက်အဲန်ဂျီအို ဆိုင်းပုတ်တွေ ထောင်လာ ကြတယ်ဆိုတာ မကောင်းတဲ့ကိစ္စလို့ မမြင်မိပါ။ မုဒိတာ ပွားသင့်ပါကြောင်း တင်ပြလိုပါတယ် ခင်ဗျား။

အောင်သူငြိမ်း

2 comments:

RandomKKTRT said...

I totally agree with you. U Sein Win's words are too short-sighted.

DGE said...

ကျနော် ကိုအောင်သူငြိမ်းဆောင်းပါးနဲ့ပတ်သတ်လို့ပွဲဆူနေတာကို ကြားတာကြာပြီ၊ ဒီနေ့ဖတ်လိုက်တော့ သဘော ပေါက်သွားတယ်။ ကျနော်တို့မြန်မာနိုင်ငံကထွက်လာတုန်း ထိုင်းနိုင်ငံထုတ် The Nation and Bangkokpost တွေကိုဖတ်ဖြစ်တယ်။ သတင်းကအစ Out look အထိပေါ့။ ကျနော် ဘယ်လိုသဘောရသလဲဆို ကျနော်တို့ကျန်ခဲ့ပြီ။ ကျနော်ရန်ကုန်တက်ကသိုလ်တက်စဉ်တုန်းက ကျနော်နဲ့ရင်းနှီးတဲ့ဆရာတဦး ကနေဒါမှာကျင်းပတဲ့ ရူပဗေဒ နှင့်ပတ်သတ်တဲ့ seminar ကိုသွားတက်တော့ ပညာရှင်တွေပြောတဲ့ ဝေါဟာရတွေ နဲ့အသုံးအနူန်းတွေကို သူဘာမှနားမလည်တော့ဘူးတဲ့။ ကျနော်ရန်ကုန်လေဆိပ်မှာ သွားကြိုတော့ဆရာက ကျနော်ကိုပြောခဲ့တဲ့စကားပါ။ ဆရာဂျပန်မှာကျောင်းတက်စဉ်က သူရဲ့ ပါမောက်ခ ရူပဗေဒနှင့်ပတ်သတ်လို့ နိုဗယ်ဆုရထားတယ်တဲ့။ သူ့ရဲ့ကျောင်းနေဘက်ဂျပန်မိတ်ဆွေက မင်းဗမာပြည်ပြန်ရောက်ကတည်းက ရူပဗေဒဆောင်းပါးဘယ်နှပုဒ်ရေးပြီးပြီလဲ လို့မေးတော့ Nothing လို့ပြန်ဖြေလိုက်တယ်တဲ့။ ဒါဗမာပြည်မှာ တကယ်ဖြစ်ပျက်နေတဲ့ ပညာရှင်ဆိုသူတွေရဲ့ဘ၀ပါ။ နားလည်ပေးနိုင်ပါတယ်။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.