"
ကျနော်က ကီးဘုတ်မတီးချင်ဘူး။ ကျနော်က ကီးဘုတ်ကို ပလပ်စတစ်ပဲ ထင်တာ။ ဖီလင်မလာဘူး။ ပီယာနိုအစစ်ကမှ တကယ် အနုပညာလို့ ပြောရမယ်"
သူ့အပြောက ထူးခြားသောကြောင့် ကျနော်သူ့ကို ကြည့်လိုက်မိသည်။ ကျနော်က သူစန္ဒယားဆရာမှန်း သိထားသည်။ သို့သော်လည်း သာမန်စန္ဒယားဆရာမျိုးဟုသာ ထင်သည်။ တိုင်းရင်းသား ဖြစ်သောကြောင့်လည်း သူ၏ အသံက ဗမာ စကားပြောလျှင် အနည်းငယ်ခပ်ဝဲ၀ဲဟု ယူဆနိုင်သည်။ ကျနော်နှင့်သူက ကြုံကြိုက်၍ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ခေတ္တ ဆုံမိကြသည်။ စကားပြောကြည့်တော့မှ အနုပညာနှင့် ပတ်သက်လျှင် ခေသူမဟုတ်မှန်း သိလာရသည်။ သူက ရန်ကုန်ရှိ ကြယ်ငါးပွင့် ဟော်တယ်ကြီးတခုတွင် စန္ဒယားတီးနေသူလည်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း သူ့အပြောက ခပ်ရင့် ရင့် ဖြစ်ဟန်ရှိသော်လည်း အမှန်တော့ သူ့ရင်တွင်း ခံစားမှုအမှန်ကို ပြောနေခြင်း ဖြစ်နိုင်သည်။
ကျနော် ဆက်၍ သိလိုစိတ်ဖြင့် မေးမိသည်။ "ခင်ဗျားက အခုစန္ဒယား တီးနေသေးသလား။"
"ကျနော့်ကို နားလိုက်ပြီ" သူက ပြောသည်။ "ဟင်" ... ကျနော် အံ့အားတသင့်။
"တကယ်တော့ဗျာ .. ကျနော်တို့ကို ဟော်တယ်ကြီးတွေက ခန့်တာကလည်း နိုင်ငံခြားက ပီယာနိုတီးသမားတွေကို ခန့်ရင် ဒေါ်လာအများကြီးပေးရတာကိုး။ ကျနော်တို့ကျတော့ ဒေါ်လာ ၄-၅၀၀ လောက်ပေးရင်လည်း ရနိုင်တာ ဆိုတော့ ဒေသခံ တွေကို ဈေးသက်သာလို့ ခန့်တာလည်း ပါတာပေါ့။"
သို့သော်လည်း ဟော်တယ်ကြီးတခုတွင် စန္ဒယားတီးဖို့အတွက် ခန့်အပ်ရသည်ဆိုတော့ သူ၏ အတီး၊ အနုပညာက မသေး လှကြောင်းတော့ ခန့်မှန်းမိသည်။ သူက တီးနေသည်မှာလည်း အတော်ကြာပြီ။ "ကျနော်တို့ လောကမှာတော့ အဖိုး အားပိုလိုလည်း ဟော်တယ်တွေမှာ တီးတယ်။ သူကလည်း ဆရာကြီးပဲ။ အခုထက်တောင် တီးနေတုန်းပဲ" သူက မြန်မာ့ ဂီတလောကမှ အခြားနာမည်ကျော် ဂီတသမားတွေအကြောင်း ဆက်ပြောပြသည်။
"ကျနော်ကတော့ တကယ့်ကို ၀ါသနာပါလို့ တီးတာ။ ပိုက်ဆံငွေကြေးအတွက် မဟုတ်ဘူး။ ကျနော့်အဖေတို့ကတည်းက တီးမှုတ်လာတာ၊ ဒီအနုပညာမျိုးရိုးလို့ ပြောလို့ရတယ်" သူ့အဖေက ယခင်ဆိုဗီယက်ယူနီယံ (ရုရှား) တွင် အနုပညာ ကျောင်းတက်ခဲ့သူဖြစ်ပြီး ယခင် အစိုးရ၏ ယဉ်ကျေးမှုအနုပညာဌာနများတွင်လည်း လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။ "ကျနော့် အဖေက ငွေကြေးအားဖြင့် ဘာမှရတာမဟုတ်ဘူး။ ရုံးသွားရင် ဘတ်စ်ကားတိုးစီးပြီး သွားနေကြရတာ" သူတို့အဖေ ဖြတ် သန်းခဲ့ရသည့် ယခင် မဆလအစိုးရကာလ အခြေအနေကို ပြန်ပြောပြသည်။
ကျနော် သူပြောလိုသည်ကို မြင်ယောင်မိသည်။ ထိုအချိန်က မြန်မာအစိုးရက ဆိုဗီယက်ရုရှားသို့ အနုပညာအတွက် ပညာ တော်သင်များ စေလွှတ်ခဲ့သော်လည်း အမှန်တကယ် မြှောက်စားခဲ့ခြင်း မဟုတ်ပေ။ အစိုးရဌာနများတွင် ရာထူးတခုခု ပေး ထားမည်။ မြန်မာ့အသံတွင် တီးမှုတ်ရမည်။ သို့မဟုတ်လျှင်လည်း အနုပညာကျောင်းတခုခုတွင် စာသင်ကြားခိုင်းမည်။ ဤမျှသာပဲ ပစ်စလက်ခတ်ထားခဲ့သည်။ လခကလည်း မဖြစ်စလောက်၊ သူတို့ အနုပညာဖျော်ဖြေမှုအတွက် အစွမ်းပြခွင့် တောင် ကြုံပါ့မလားဟု ကျနော်တွေးနေမိသည်။
"ကျနော့်အဖေတို့က အော်ခက်စထရာ Orchestra ၀ိုင်းကြီးမျိုး လုပ်ချင်ကြတာဗျ။ သူတို့ ကြိုးစားပါတယ်။ မဖြစ်ပါဘူး"
သူပြောသည်လည်း ဖြစ်နိုင်သည်။ နိုင်ငံတခုတွင် နိုင်ငံဂုဏ်ထူးဆောင်ဟု ခေါ်အပ်သော အော်ခက်စထရာဝိုင်းကြီးမျိုး ရှိကို ရှိသင့်သည်။ မြန်မာနိုင်ငံက လွတ်လပ်ရေးရပြီး နှစ် ၆၀ ကျော်လာသော်လည်း ယခုတိုင် မရှိသေး။ အစိုးရအဆက်ဆက်က လည်း အားမပေးပါ။ ဤလိုဂီတ၀ိုင်းကြီးမျိုးက ငွေကုန်ကြေးကျ များလှသလို၊ အနုပညာရှင် အမြောက်အများကိုလည်း မွေး ထုတ်ပေးထားဖို့ လိုသည်။ ဤလိုမွေးထုတ်နိုင်အောင်လည်း ဂီတ အနုပညာ ကျောင်းကြီးများ မရှိပါ။ အနုပညာရှင်များ စုဆုံ လေ့ကျင့်နိုင်ကြဖို့လည်း လိုသည်။ ယခင်စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရှိစဉ်က မြန်မာပြည်တွင် အော်ခက် စထရာဝိုင်းကြီးတခု ထူထောင်ရန်အတွက် ပစ္စည်းကိရိယာများ နိုင်ငံခြားသို့ မှာယူတင်သွင်းထားခဲ့သည်ဟု ကြားဖူးသည်။ မြန်မာပြည်တွင်လည်း သံစုံဂီတ၀ိုင်းကြီးတခု ထူထောင်မည်ဟု သတင်းများတွင် ဖတ်ခဲ့ရဖူးသည်။ နောက်တော့ ဗိုလ်ချုပ် ခင်ညွန့်လည်းပြုတ်၊ သံစုံဝိုင်းကြီးလည်း အထမမြောက်နိုင်ဘဲ ဖြစ်ခဲ့ရတော့သည်။
"နေပါဦး... ခင်ဗျားကို အလုပ်ကဖြုတ်တာလား၊ ခင်ဗျားက နားလိုက်တာလား" ကျနော်က မေးမိသည်။
"ဒီလိုဗျ" သူက ပြန်ဖြေသည်။
"အခု ဟော်တယ်တွေက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ဧည့်သည် အတော်အလာ ကျသွားတယ်။ နာဂစ် မုန်တိုင်းအပြီး ပိုဆိုးတာပေါ့။ နိုင်ငံခြားခရီးသွားလုပ်ငန်းဆိုတာ မြန်မာပြည်မှာ ရပ်နေသလောက်ကို ဖြစ်သွားတယ်။ ဧည့်သည် မရှိတော့ ကျနော်လည်း တီးစရာမလို၊ ခန့်ထားစရာလည်း မလို ဖြစ်သွားတာပေါ့။ အခု နောက်ထပ် ကမ္ဘာ့ စီးပွား ပျက်ကပ်လည်း ထပ်လိုက်လာတယ်လေ"။ သူပြောသည့် အချက်ကလည်း ခိုင်လုံနေသည်။ "အဲဒါအပြင် ကျနော့်ပုဂ္ဂိုလ်ရေး လည်း ရှိသေးတာပေါ့"
"ဟော်တယ်မှာ အချို့ ကျနော့်သူငယ်ချင်းတွေလည်း လုပ်ကြတယ်။ အမျိုးသမီးတချို့ဆိုရင် အရင်က ဟော်တယ် ထိန်းသိမ်း သန့်စင်ရေး (house keeping) လုပ်တယ်။ ၃-၄ နှစ်ကြာလာတော့ သူတို့တွေ ရာထူးတက်လာ၊ နောက်တော့ အခြားဟော် တယ်တွေမှာ မန်နေဂျာတွေ ဖြစ်နေကြပြီ။ အချို့ယောက်ျားလေး မိတ်ဆွေတွေလည်း အရင်က စားပွဲထိုးနဲ့ ၀င်လာတယ်။ ရှေ့ဧည့်ကြိုဌာန (front desk) မှာ လုပ်ကြတယ်။ နောက်တော့ ရာထူးတက် မန်နေဂျာတွေ ဘာတွေ ဖြစ်လာကြတယ်။ သူတို့က ရာထူးတွေတက်လာပေမယ့် ကျနော်က ပီယာနိုတီးတုန်းပဲ။ လခကလည်း ဒီလခပဲ။ မတက်လာဘူး။ အခု နောက်ဆုံး အနားယူရတဲ့ အခြေအနေကို ဆိုက်တာပေါ့" ပုဂ္ဂိုလ်ရေးတက်လမ်းအရ ကြည့်တော့လည်း သူပြောတာ ဟုတ် နေသည်။
"အခု အပြင်မှာ တီးသေးလား"
"ကျနော်က ဟော်တယ်မှာ တီးလာတဲ့ကောင်၊ လမ်းဘေးမှာတော့ မတီးချင်ဘူး" သူက ဖြေသည်။ မာနတော့ အကြီးသား။ "ကျနော်ပြောသလိုပေါ့။ ကျနော်က အော်ဂင်တို့၊ ကီးဘုတ်တို့ကို ပလပ်စတစ်ပဲ ထင်တာ၊ မာနကြီးတယ်လည်း ထင်ချင် ထင်။ နောက်ပြီး အပြင်မှာတီးဖို့ ဆိုတာက မြန်မာနိုင်ငံမှာ ဂီတလောက Music industry ကလည်း ခိုးကူးခွေတွေကြောင့် အတော်ထိနေပြီ။ အပြင် စတိတ်ရှိုးတွေလည်း မရှိတော့ဘူး။ ဟော်တယ်ထဲ လုပ်တဲ့ စတိတ်ရှိုးလောက်ပဲ ရှိတော့တာ"
သူပြောသည့် စကားများထဲမှ ကျနော် ကောက်ချက်ချကြည့်နေမိသည်မှာ မြန်မာပြည် ခရီးသွားလုပ်ငန်းက အတော်ဆိုးရွား စွာ ကျဆင်းနေပုံရသည်။ ဟော်တယ်ကြီးများက အပိုဆားဒါးဝန်ဆောင်မှုများ လျှော့ချနေရသည့်ပုံ ရသည်။ ထိုမျှမက ဂီတ လောက Music industry ကလည်း အတော်ထိခိုက်နေပုံရသည်။ ဂီတပညာရှင်များအဖို့ အသက်မွေးဝမ်းကျောင်းမှု ဆက် ရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှား နေကြပုံရသည်။
"တကယ်တော့ တိုင်းပြည်မတိုးတက်ရင်၊ ဂီတလည်း ဖွံ့ဖြိုးစရာ မရှိပါဘူး" သူက ပြောသည်။
ကျနော်တို့ လူ့ယဉ်ကျေးမှုသမိုင်းကို ပြန်ကြည့်ရင်လည်း သူပြောသည့် အချက်က ဟုတ်နေသည်။ လူအများက ယဉ်ကျေး ဖွံ့ဖြိုးလာသည် ဆိုသည်မှာ အနုပညာကို ကြည့်၍လည်း ဆုံးဖြတ်နိုင်သည်။ ကျောက်ခတ်မှာတုန်းက ဂီတမရှိနိုင်၊ စိုက်ပျိုး အမဲလိုက် စားသောက်ရေးသာ ရုန်းကန်နေကြရသည်။ နောက်တော့ သစ်တုန်း၊ ကျောက်တုန်းများ တီးခေါက်ရင်း ဂီတ ဖြစ်လာမည်။ အကကို တီထွင်လာကြမည်။ သည့်နောက်တော့ လေမှုတ်တူရိယာ၊ ကြိုးတပ်တူရိယာ တဖြည်းဖြည်း အဆင့် မြင်လာခဲ့ကြသည်။ ကျနော်တို့က နောက်ပြန်သွားနေပြီလားဟု တွေးကြည့်မိသည်။ လူတွေက တနေ့လုပ် တနေ့စား ရှင်သန်ဖို့အတွက် ရုန်းကန်နေကြရသည်။ ဂီတ အနုပညာ ဖန်တီးနိုင်ဖို့ နေနေသာသာ၊ ဂီတ အနုပညာ အရသာကိုပင် မခံစားနိုင်သလောက် ဖြစ်လာရသည်။ ပညာရေးစနစ်ကလည်း နိမ့်ကျလာသည်။ အခြေခံကျောင်းများတွင် ဂီတ အနုပညာ သင်နိုင်သည့်ဆရာများ မရှိတော့၊ သင်ကြားပေးသည့် အစီအစဉ်လည်း မရှိ။ ဂီတ အနုပညာ ကျောင်းကလည်း ရှားရှား ပါးပါး။ ဂီတ အနုပညာ စာအုပ်စာတမ်းများလည်း ရှားပါး။ ဂီတ အနုပညာ ပစ္စည်းများကလည်း ဈေးကြီးလွန်းလှသည်။ ဤသို့သော အခြေအနေကြားထဲမှ ရုန်းကန်နေသူများ ရှိသော်လည်း ခိုးကူးခွေဈေးကွက်ကြောင့် အနုပညာအတွက် တန်ရာ တန်ကြေး မရနိုင်ပြန်။ ငတ်နေသည့် အချိန်တွင် ဂီတ အနုပညာကိုလည်း မည်သူကမျှ ဇိမ်ခံမခံစားနိုင်ကြတော့ပါ။ စစ် အာဏာရှင် စနစ်ဆိုးအောက်တွင် ကျနော် တို့ အနုပညာ ဂီတများ ဆိတ်သုဉ်းတော့မည်လော။
ကျနော်က ရုပ်ရှင်ကားကလေးတခု အကြောင်း တိုက်တိုက်ဆိုင်ဆိုင် သတိရလာ၍ မေးမိသည်။
"ခင်ဗျား ပီယာနစ် ရုပ်ရှင် ကြည့်ဖူးလား" ဤရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံမှ ဂျူးလူမျိုး စန္ဒယားဆရာတယောက် အကြောင်း ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားသည့် ရုပ်ရှင်ဖြစ်သည်။ ဂျာမနီ နာဇီတို့က ပိုလန်နိုင်ငံကို ကျူးကျော်ကြသည်။ ပိုလန်နိုင်ငံက နာမည်ကျော် စန္ဒယားဆရာ Władysław Szpilman က နာဇီတို့ ရက်စက်ကြမ်းကြုတ်မှုများ အကြားထွက်ပြေး တိမ်းရှောင်နေရင်း၊ ဆာလောင် မွပ်သိပ်နေရင်း၊ ကြောက်လန့်နေရင်း ဂီတ အနုပညာကို မစွန့်လွှတ်နိုင်ပုံ၊ ဂီတဖန်တီးပုံ အကြောင်း သူ့ဘ၀ကို အခြေခံ ရိုက်ပြထားသည့် ဇာတ်လမ်းဖြစ်သည်။ "ကျနော် သိပ်ကြိုက်တာပေါ့" သူက ပြောသည်။ စန္ဒယားဆရာဆိုတော့ ဘ၀တူချင်း ဖြစ်၍လည်း ပိုနှစ်သက်နိုင်သည်။ ကျနော်အားဖြင့် နားမလည်သည့် ဂီတလက်သံ၊ လက်ကွက်တွေကိုလည်း သူက ပို၍ ခံစားရနိုင်သေးသည်။ အာဏာရှင်စနစ်များ၊ ရက်စက်ကြမ်းကြုတ်မှုများ အောက်တွင် ဂီတအနုပညာရှင်များ ခက်ခဲစွာ ရုန်းကန်ကြရ၊ ရှင်သန်ကြရသည်ကို ဤရုပ်ရှင်ကားက အထင်အရှား ပြထားသည်။
အခုတော့ ကျနော့်မိတ်ဆွေ စန္ဒယားဆရာက ဂီတနှင့် ဝေးနေသည်၊ ကျနော်ကတော့ ဂီတဆိုသည်မှာ လူအားလုံးအတွက် လိုအပ်ချက်၊ သူ၏ အနုပညာဆိုသည်မှာလည်း လူတွေအတွက် တခုခုပံ့ပိုးပေးနိုင်သည် ထင်၍ ကျနော် အကြံပေးမိသည်။
သူက အင်ဂျင်နီယာကျောင်းဆင်း ဖြစ်သည့်အတွက်ကြောင့်လည်း ယခုတော့ အိမ်ဆောက်လုပ်ရေး လုပ်နေသည်ဟု ဆို သည်။ ဂီတနှင့် ခေတ္တဝေးနေသည်ဟု ဆိုသည်။ သူတို့က ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းအပြီးတွင် ဂီတ အနုပညာ ရှင်များ စုစည်းကာ မုန်တိုင်းသင့်ဒုက္ခသည်များအတွက် တတ်နိုင်သမျှ ကူညီရန် သွားခဲ့ကြသည်။ သူတို့ တတ်နိုင်သည့် ဂီတ ဖျော်ဖြေမှုဖြင့် ပံ့ပိုးကာ မုန်တိုင်းသင့်ပြည်သူများ စိတ်ဝေဒနာ ကုသနိုင်ရေးအတွက် ကြိုးပမ်းကြသည်။ နောက်တော့ ဤမျှနှင့် မလုံလောက်ဟု ယူဆလာသည်။ သူက မုန်တိုင်းသင့်ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်၍ ကူညီနေတော့သည်။ အခုတော့ စန္ဒယားဆရာမှသည် အိမ်ဆောက်သမား ဖြစ်နေပြီ။ သူတတ် ကျွမ်းသည့် အင်ဂျင်နီယာအတတ်ကို အသုံးချ၍ သူ ကူညီပေးနေရသည်ကို ပျော်နေသည်ဟု ဆိုသည်။
ကျနော်ကတော့ စန္ဒယားဆရာ၏ လက်ချောင်းကလေးတွေ သံရိုက်ရင်း၊ လွှဖြတ်ရင်း ထိခိုက်သွားမှာကို စိုးရိမ်နေမိသည်။ သူဝါသနာပါသည့် ဂီတ အနုပညာ လုပ်ငန်းထဲ ပြန်လုပ်ကိုင်ပါစေဟုလည်း ဆုတောင်းနေမိပါတော့သည်။
အောင်သူငြိမ်း
အောက်တိုဘာ ၁၉၊ ၂၀၀၉။
Monday, October 19, 2009
ဂီတဆိတ်သုဉ်းလေသည့်အခါ
Posted by ရွက်မွန် at 10:59 PM
Labels: အောင်သူငြိမ်း
Subscribe to:
Post Comments (Atom)
1 comment:
ပြည်တွင်းစစ်ပြီးလို့ကျနော်တို့ မိခင်တိုင်းပြည်ကိုပြန်တဲ့အခါ ကျနော်တို့ရဲ့မာကျောနေတဲ့ လူ့နှလုံးသားကို နူးညံ့သိမ်မွေလာအောင်ဘယ်လိုလုပ်ကြမလဲ ယောဆရာကြီး။
Post a Comment