ရွက်မွန်စာမျက်နှာ

Monday, January 4, 2010

နှစ်သစ်ကူးဆုတောင်း

နှစ်
သစ်ကတော့ ကူးခဲ့ပြန်ပေပြီ။

ဒီနှစ်သစ်အကူးမှာ အသစ်အသစ်တွေတော့ လုပ်မဟဲ့ဆိုပြီး အားခဲထားတဲ့ မိတ်ဆွေ အတော်များများကိုလည်း တွေ့ရသည်။

နံပါတ်တစ်ပုဂ္ဂိုလ်က "ကျုပ်ကတော့ လက်ဝှေ့ဝါသနာပါခဲ့တာ မွေးကတည်းကပဲ။ သို့သော် သေသေချာချာ လေ့ကျင့်ခဲ့တာ မရှိခဲ့တော့ လက်ဝှေ့ဝါသနာရှင် အဆင့်က မတက်ခဲ့ဘူး။ ဒီနှစ်ကစလို့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်ဖို့ စနစ်တကျ လေ့ကျင့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်"။ ကောင်းတဲ့ဆုံးဖြတ်ချက်လို့ မှတ်ချက်ချရမည်။ တကယ်လုပ်တော့မယ်ဆိုတော့ အားပေးဖို့လည်း လိုသည်။ ထိုသူကို ကြည့်လိုက်တော့လည်း တချိန်က တောင့်တင်းကြံ့ခိုင်သည့် ခန္ဓာကိုယ် ပိုင်ရှင်မျိုး။ ထိုသူကို ကူညီသင့်သည်ဟု စိတ်ကူးရသော်လည်း စဉ်းစားစရာ တချက်က ရှိလာပြန်သည်။ တခြားတော့ မဟုတ် ထိုသူသည် အသက် ၆ဝ ကျော်နေသောကြောင့် ဖြစ်သည်။

နံပါတ်နှစ် ပုဂ္ဂိုလ်ကတော့ "ခင်ဗျားတို့လည်း သိသားပဲ။ ဘော်လုံးနဲ့ပတ်သက်ရင် နိုင်ငံတကာ ဘော်လုံးပွဲတွေကို ကျုပ်ဘယ်လောက် လေ့လာထားသလဲဆိုတာ။ ပြီးတော့ ဟိုတုံးကလည်း အရပ်ထဲမှာ ကျုပ်ဘော်လုံးကန် ကောင်းတာ လူတိုင်းအသိ။ ဟုတ်တယ်မို့လား။ သို့သော် ဒီလောက်နဲ့တော့ ရပ်မနေသင့်တော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။ ကိုယ်တိုင် တချီလောက်တော့ ဝင်ပြီး ပြန်ကန်နိုင်အောင် ကြိုးစားမယ်လို့ မှန်းထားတယ်။ ဒေးဗစ် ဘက်ကန်လည်း လူဘဲဟာ။ ကျုပ်တို့လည်း ကြိုးစားရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဟုတ်တယ်မို့လား"။ အလားတူ ပင်။ ထိုသူကို ကူညီလိုသော်လည်း သူ၏အသက်မှာ ၅ဝ ကျော်နေပြီ။

နံပါတ်သုံး အနေဖြင့် တွေ့ရသူက အမျိုးသမီးတဦးဖြစ်သည်။ သူမက ဤသို့ဆိုသည်။ "မြန်မာ့အရေးနဲ့ ပတ်သက် လို့ နိုင်ငံတကာသိအောင် လုပ်လာခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး။ မြန်မာ့အရေးကို နိုင်ငံတကာ သိသထက် သိအောင် ကွန်ပြူတာတလုံးနဲ့ လုပ်ခဲ့တာ လက်ကောက်ဝတ်တွေတောင် ကျီးပေါင်းတက် မတတ်ပဲ။ ဒီကြားထဲ ကွန်ဖရင့်တွေတက်ရတာလဲ ဖတ်ဖတ်ကိုမောလို့။ ဒါပေမဲ့ ဘယ်လိုပဲ ပင်ပန်းပါစေ ဆထက်တပိုးတိုးပြီး လုပ်မယ်လို့ ဒီနှစ်သစ်မှာ ဆုံးဖြတ်ထားတယ်။ တနေ့ကျရင် ကျမရဲ့ အနစ်နာခံ ဆောင်ရွက်ချက်တွေကြောင့် နိုဘယ်ငြိမ်းချမ်းရေး ဆုတွေဘာတွေတောင် ရချင်ရမှာ။ ဘယ်သူသိနိုင်တာမှတ်လို့"။ ဝမ်းသာပါသည်။ မြန်မာ့ အရေးအတွက် ဆထက်တပိုးတိုး၍ ဆောင်ရွက်မည်ဆိုသော သူမကို အားပေးပါသည်။ ကွန်ပြူတာ နောက်တလုံး ဝယ်၍ ဘယ်ဖက်လက်နှင့် ညာဖက်လက်တို့ကို ပြိုင်တူသုံးကာ ကွန်ပြူတာနှစ်လုံးနှင့် အလုပ်များပို၍ လုပ်နိုင် ပါစေ လက်ကောက်ဝတ်များ ကျီးပေါင်းမတက် ပါစေနဲ့ဟု သူမအတွက် ဆုမွန်ကောင်းများ တောင်းပေးလိုက် သည်။

လေးယောက်မြောက် မိတ်ဆွေကတော့ အက်စကီးမိုးတို့ နေထိုင်ရာ အရပ်တွင် သွားရောက်၍ အစ်ဂလူးဟု ခေါ်သောရေခဲအိမ်တွင် နေထိုင်နေသူ ဖြစ်သည်။ သူ၏အဆိုက "အင်တာနက်ခေတ်ကြီးမှာ ကိုယ်ပြောချင်တာ တင်ပြချင်တာတွေကို စက္ကန့်ပိုင်းအတွင်း တကမ္ဘာလုံးကို ဖြန့်နိုင်ပြီ ဆိုတော့ ဘယ်မှာနေနေ အရေးမကြီးပါဘူး။ မြန်မာပြည်က ကျုပ်ကောင်တွေကို ဒီကနေပြီး နိုင်ငံရေးအရ လိုအပ်တာတွေ ညွှန်ကြားလို့ ရနေပြီ။ အတွင်းက လူတွေအတွက် လိုအပ်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ကျုပ်က ဒီကနေ ပေးနေရတာ။ ကာရန်မသင့်လို့ အဝေးမှာ နေနေရတယ်ဆိုပေမဲ့ တချိန်တုံးက ရုရှားခေါင်းဆောင် လီနင်တို့လိုပေါ့ဗျာ။ ပြင်သစ်မှာ တိမ်းရှောင်နေရင်း မဟာ အောက်တိုဘာ တော်လှန်ရေးကြီး ဖြစ်အောင် ဦးဆောင်ခဲ့တယ်မို့လား။ သူတို့တုံးက အင်တာနက်တောင် မပေါ်သေးဘူး၊ အခု အင်တာနက် ခေတ်ကြီးမှာ ပိုပြီးအလုပ်လုပ်မယ်လို့ ဒီနှစ်သစ်မှာ ဆုံးဖြတ်ထားတယ်"။ မှတ်သားလောက်သည့် စကားပင်ဖြစ်သည်။ အားပေးပါသည်။ အားပျော့အောင် ဝင်၍ မနှောင့်ယှက်သင့်။ နိုင်ငံရေး ဦးဆောင်မှုပေးနေသည့် ခေါင်းဆောင်ဆိုတာ အရေးကြီးသည်။ ဖြစ်နိုင်ရင် ရွှေကလပ်ပေါ်မှာတောင် တင်ထားသင့်သည်ပဲ။

ငါးယောက်မြောက် စကားပြောဖြစ်သူ မိတ်ဆွေကတော့ ဒီလိုဆိုသည်။ "ကနေ့ခေတ် လူငယ်တွေ မျိုးဆက်သစ် တွေက သမိုင်းကို သိပ်မသိကြဘူး။ ဒါ့ကြောင့် နိုင်ငံရေးလည်း အားနည်းကြတယ်။ ဟိုလူဆိုကြည့်ပါလား နိုင်ငံရေး သိပ်နည်းတယ်။ ဒီလူတွေလည်း ဒီလိုပဲ နိုင်ငံရေး သိပ်နည်းနေတယ်။ ကျုပ်တို့ ခေတ်တုံးကတော့ လေ့လာစရာတွေကလည်း အများကြီး ရှိတယ်ဆိုတော့ နိုင်ငံရေး အားကောင်း ကြတယ်။ ဒါ့ကြောင့်လည်း ကနေ့ ကာလမှာ နိုင်ငံရေးအားကောင်းတဲ့ ကျုပ်တို့လို လူမျိုးတွေက ဦးဆောင်မှု ပေးနေရတာပေါ့ဗျာ။ မည်သို့ပင် ဆိုစေကာမူ မျိုးဆက်သစ်တွေ လူလတ်ပိုင်းတွေ နိုင်ငံရေးအားကောင်းလာအောင် ဆထက်တပိုး ပိုကြိုးစားပြီး ဦးဆောင်မှု ပေးသွားမယ်လို့ ဒီနှစ်သစ်မှာ ဆုံးဖြတ်ထားတယ်"။ ထိုမိတ်ဆွေက နိုင်ငံရေး အားကောင်းလာစေရန် ရာသီအလိုက် ကြေညာချက်များ ထုတ်သည်ကစ၍ ဘယ်လိုလုပ်ရမည် ဆိုသည်ကို လေးနာရီခန့် ကြာအောင် ရှင်းပြပေးနေသည်။ ကောင်းလေစွ။ ကောင်းလေစွ။

ခြောက်ဦးမြောက် တွေ့ဆုံပြောဖြစ်သူ မိတ်ဆွေကလည်း "သတင်းမီဒီယာ ကဏ္ဍကနေ မြန်မာ့ဒီမိုကရေစီ အရေး အတွက် ပိုမိုလုပ်ဆောင် သွားမယ်လို့ ဒီနှစ်သစ်မှာ ဆုံးဖြတ်ထားပါတယ်။ တကယ်တော့ မီဒီယာမှာ ဝင်လုပ်တယ် ဆိုတာကလည်း အများပြည်သူအတွက်ပါ။ ကျုပ်အကိုက မီဒီယာမှာ အောင်မြင်နေလို့ ကျုပ်ကသူ့အရှိန်နဲ့ ဒီနေရာ ကို ရလာတယ်လို့တော့ မထင်နဲ့။ မီဒီယာအရည်အသွေး ဆိုတာ ငွေကြေးဓနကို အမွေပေးသလို ပေးလို့ မှမရတာ။ ခင်ဗျားလည်း သိသားပဲ။ ကိုယ်တော်မှ ကိုယ်နေရာရတာ။ ကျုပ်တို့ အပြင်ဖက်က မီဒီယာဆိုတာ အတွင်းက မီဒီယာတွေထက် အရည်အချင်း ပိုရှိဖို့လိုတယ်လေ။ သိတယ်မို့လား ဟိုတတိယလိုင်းဆိုတဲ့ ငနဲတွေ လုပ်နေတဲ့ မီဒီယာလုပ်ငန်းဆိုတာ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်နေလို့ ငွေကြေးကစလို့ တခြားအခွင့်အရေးတွေ ရနေလို့ ဂျာနယ်တွေ ထုတ်ဖြစ်နေတာ။ သြော် ॥ နိုင်ငံခြားအလှူရှင်တွေ ကိစ္စလား။ ကျုပ်တို့တော်လို့ လုပ်နိုင်လို့ သူတို့က လာပြီး ကူညီတာပဲလေ။ ကျုပ်တို့က ပေးပါလို့ တောင်းနေတာ မဟုတ်ဖူးနော်။ ဘယ်လိုမှ မအောက်မေ့ ပါဘူး။ ဟင်း ဟင်း ဟင်း "။

ခွန်နှစ်ဦးမြောက် စကားပြောဖြစ်သည့် မိတ်ဆွေက အသက်သုံးဆယ်ကျော်ခန့်။ နိုင်ငံတခုတွင် အဆင့်မြင့် ပညာ များ ဆည်းပူးနေသူလည်း ဖြစ်သည်။ သူက "ကျနော်ကတော့ အတွေးအခေါ်အရ အသစ်အသစ်တွေ ပေါ်လာနိုင် အောင် ပိုကြိုးစားမယ်လို့ ဒီနှစ်သစ်မှာ ဆုံးဖြတ် ထားတယ်ဗျ။ ခေတ်ကြီးကလည်း ပညာခေတ်မို့လား။ ဖရန်စစ် ဖူကူယားမားတို့ ဆင်မြူရယ်ဟန်တင်တန်တို့ နွမ်ချောင်စကီးတို့ တင်ပြခဲ့တာတွေက တကယ်တန်းတော့ အသစ် တွေ မဟုတ်ဖူးဗျ။ ရှိထားပြီးသား အတွေးအခေါ် အဟောင်းတွေကို အရောင်ပြန်တင်ပြီး တင်ပြတဲ့ သဘောပဲ။ ဒဿန အသစ်တွေ ပေါ်ပေါက်လာအောင် ကြိုးစားမယ်လို့ ပြောတာပါ။ မြန်မာတွေ အတွေးအခေါ်အရ သူများ နောက်လိုက်တော့ မဖြစ်စေချင်ဘူး။ အသစ်တွေ့လာလို့ကတော့ဗျာ အတွေးအခေါ်ဆိုင်ရာ နိုဘယ်ဆုတောင် ရနိုင်တာပေါ့။ ဟိုကောင်တယောက် လေ့လာနေတဲ့ သမိုင်းဆိုင်ရာ ကိစ္စတခု ရှိတယ်မို့လား။ အမှန်က အလွယ် လမ်းကို လိုက်တာပါ။ သမိုင်းဆိုင်ရာ ကိစ္စတွေက ပညာရှင်ပေါင်းမျိုးစုံ ရေးလွန်းလို့ ရိုးအီပြီး ဆီသည်မ လက်သုတ် ဖတ်လိုတောင် ဖြစ်နေပါပြီ။ ကျနော်ကတော့ အသစ်ပဲ ရှာမယ်။ ဘယ်သူ့နောက်လိုက်မှ မလုပ်နိုင် ဘူး"။ ပညာဖြင့် ကျော်ဇောပါစေဟု သူ့အတွက် နှစ်သစ်ဆုတောင်း ပေးခဲ့သည်။

ရှစ်ဦးမြောက် စကားပြောဖြစ်တော့ တဦးတောင်မက။ နှစ်ဦး။ ပြည်တွင်းက အန်တီကြီး နှစ်ဦးဖြင့်လည်း တယ်လီဖုံး ပြောဖြစ်သည်။ ထိုအထဲမှ ဦးဆောင်သူဟု ယူဆရသည့် အန်တီကြီးတဦးက "ငါ့တူရယ် အန်တီတို့ အခု ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာက အမတ်ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ပါလီမန်ထဲမှာ ကိုယ်ကိုတိုင် ဝင်ပါမှ တိုင်းရေးပြည်ရာ လုပ်နိုင်မယ်မို့လား။ အဲဒါကြောင့်ပါ။ အန်တီတို့က နိုင်ငံရေးမျိုးတွေကွဲ့။ အန်တီတို့ အဖေတွေ တချိန်က နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်ခဲ့တာ ငါ့တူလည်း အသိသားပဲ။ အန်တီတို့က ဖြစ်နိုင်ခြေရှိတဲ့ အလုပ်ကိုပဲ ရွေးပြီးလုပ်တယ်။ မဖြစ်နိုင်တာတွေကို မတောင်းဆိုဘူး။ နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ကိုလည်း အန်တီတို့က မပြစ်ပယ်ဘူး။ ရှိကိုရှိရမယ်လို့ သွေးရိုးသားရိုး ယုံကြည်တယ်။ ဟိုမိန်းမတယောက်လို ခေါင်းမာနေတယ်လို့ တပ်မတော်ခေါင်းဆောင်များ ထင်သွားမှာကို အန်တီတို့က မလိုလားဘူး။ ပိုးသား စောင်း ကြိုးလို ပေါ့ကွယ်။ မပျော့မတင်း ပေါ်လစီကို အန်တီတို့ ပါတီက ကျင့်သုံးပါတယ်။ ပါတီဖွဲ့ခွင့် တရားဝင်မရ သေး ပေမဲ့ တချို့မြို့တွေနယ်တွေမှာ အန်တီတို့ပါတီက စည်းရုံးရေး စဆင်းနေပါပြီ။ အန်တီတို့ ပါတီသာ အာဏာရရင် ဆန်တပြည်တမတ် ဆီတပုံး တကျပ် ဖြစ်စေရမယ်လို့ လူထုကိုတင်ပြထားတယ်ကွဲ့။ ကိုင်း ဒီထက်ကောင်းတဲ့ ပေါ်လစီ လောကကြီးမှာ ရှိဦးမလား"။ အန်တီကြီးတို့ပါတီ လာမည့် ရွေးကောက်ပွဲမှာ အမတ်များများ ရပါစေလို့ ဆုတောင်းပေးခဲ့သည်။

ကိုးဦးမြောက်လူနှင့် စကားပြောဖြစ်တော့ သူကတခြားသူများနှင့်မတူ။ "ဒီမှာ ॥ တကယ်လုပ်ရမှာက အတွင်း လုပ်ငန်းတွေဗျ။ အတွင်းလုပ်ငန်း။ အတွင်းမှာရှိတဲ့ လှုပ်ရှားသူတွေ အတွေးအခေါ်မြင့်မားလာအောင် ရဲရင့် လာအောင် သတ္တိရှိလာအောင် လုပ်ပေးဖို့ လိုတယ်။ မြေအောက်အဖွဲ့အစည်းတွေ ဖွဲ့ရမယ်။ အလုပ်သမား လယ်သမား ကျောင်းသား စတဲ့ မြေအောက်အဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်။ ကုန်ကုန်ပြောမယ်ဗျာ စစ်တပ်အတွင်းမှာလည်း လျှို့ဝှက်မြေအောက် စစ်ဗိုလ်သမဂ္ဂတွေ ရှိဖို့လိုတယ်။ ဒါတွေ မရှိဘဲနဲ့ စစ်အာဏာရှင် ပြုတ်ကျအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုအလုပ်တွေကို ကျုပ်တို့လုပ်လာတာ အနှစ်နှစ်ဆယ် ရှိပြီ။ ဒါ့ကြောင့် ကျုပ်တို့က နည်းလမ်းမျိုးစုံနဲ့ ရထားတဲ့ ဘဏ္ဍာငွေတွေကို အတွင်းလုပ်ငန်းအတွက်ပဲ သုံးနေတာ။ အခုဒီဖက်မှာ လုပ်နေတဲ့ ဘာသင်တန်း ညာသင်တန်း ဆိုတာတွေက အလကား ညာနေတာတွေ။ အတွင်း လုပ်ငန်းတွေ အောင်မြင်မှ တိုက်ပွဲအောင်မြင်မယ်။ ကျုပ်ပြောတာ ကိုယ့်လူသဘောပေါက်မှာပါ။ အချိန် ကျလာရင် ဒီဖက်က ကျုပ်တို့က မီးစိမ်းပြလိုက် တာနဲ့ အထဲမှာ နိုင်ငံလုံးဆိုင်ရာ သပိတ်တိုက်ပွဲတွေ နေရာ အနှံ့ပေါ်လာ စေရမယ်။ ဒီနှစ်သစ်ကူးကစပြီး အတွင်းလုပ်ငန်းတွေကို ပိုပြီးစောင်းပေး လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်"။ ဟုတ်ပေသပေါ့။ အတွင်းကလူများ မြေအောက်လုပ်ငန်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြတော့ အနှီ ပုဂ္ဂိုလ် များလို အနှစ်နှစ်ဆယ် အတွေ့အကြုံရှိသူများ၏ ဦးဆောင်မှုလိုအပ်သည်။ သူ့အတွက်လည်း အတွင်းလုပ်ငန်းများ အောင်မြင်ပါစေဟု ဆုတောင်းပေးလိုက်သည်။

ဆယ်ဦးမြောက် မိတ်ဆွေကတော့ သူ့စိတ်ကူးကို ဤသို့တင်ပြသည်။ "ဒီလိုဗျ စစ်အာဏာရှင်အောက်မှာ နေရ တာ ကြာလာတော့ လူတွေဟာ ပညာမဲ့လာတယ် တုံးလာတယ်။ ဒီလိုအဖြစ်မျိုးတွေကို ကုစားဖို့က လူတွေကို အရည် အချင်းမြှင့်တင်တဲ့ သင်တန်းတွေ တက်ခိုင်းဖို့လိုတယ်။ အင်္ဂလိပ်လိုတော့ ကက်ပယ်စီတီ ထရိန်နိန် ပေါ့ဗျာ။ အဲဒါ ကြောင့် အဲသလို အရည်အချင်းမြှင့် သင်တန်းတွေ များများလုပ်နိုင်ဖို့ ငွေကလိုလာတယ်။ နိုင်ငံခြားအလှူရှင် တွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာတယ်။ သူတို့ မလှူရင် ကျနော်တို့လည်း ဒီလို သင်တန်းမျိုးတွေ လုပ်ဖို့ မလွယ်ဖူးလေ။ သူတို့ လှူချင်တဲ့စိတ် ပေါ်လာအောင် ကျနော်တို့သင်တန်း လုပ်တဲ့ သူများက ကြံရဖန်ရတာပေါ့။ ကျနော်တို့က တကယ်တန်းပြောရရင် ကြားခံလူ သက်သက်ပါပဲ။ ကိုယ့်အကျိုး မပါဘဲ လူထုအကျိုး အတွက် နိုင်ငံခြားကနေ ငွေရှာနေရတာပါ။ သင်တန်းတခုတခု လုပ်တယ်ဆိုရင် ငွေက ဘတ်သိန်းနဲ့ ချီပြီး ကုန်တာကိုး။ ဒီနှစ်တော့ သင်တန်းတွေ ခါတိုင်းနှစ်ထက် ပိုပြီးလုပ်နိုင်မယ်လို့ မျှော်လင့် ထားတယ်"။ အရည်အခြင်းမဲ့နေသော လူအများအတွက် အရည်အသွေးမြှင့် သင်တန်းများ များများလုပ်နိုင် ပါစေလို့ ထိုမိတ်ဆွေအတွက်လည်း ဆုတောင်းပေးလိုက်သည်။

ဆယ့်တစ်ယောက်မြောက် လူတဦးနှင့် စကားပြောရတော့လည်း အိုင်ဒီယာအသစ် တခုရသလိုလို။ "ဒီမယ်ဗျ ပြောရဦးမယ်။ ကျုပ်ကတော့ အသက်ရလာပြီ ဆိုတော့ မဟုတ်မဟတ်တွေ သိပ်ပြီးမစဉ်းစားတော့ဘူး။ ကလောင်တချောင်းနဲ့ လူထုကို အကျိုးပြုမယ်လို့ ဆုံးဖြတ်ထားတယ်။ စာတွေများများရေးမယ် လူထုအတွက်။ ဒီအသက်အရွယ်ရောက်မှ လက်ဝှေ့သမားဖြစ်ခြင်တဲ့ ဘော်လုံးသမား ဖြစ်ခြင်တဲ့ လူမျိုးထဲမှာ ကျုပ်မပါဘူး။ နိုင်ငံရေး ခေါင်းဆောင်လည်း မဟုတ်ဘူး။ ဘာဆု ညာဆုတွေ ရဖို့လည်း မမက်မောဘူး။ မြေအောက် ခေါင်းဆောင်လည်း မဟုတ်ဘူး။ အမတ်လည်း မဖြစ်ချင်ဘူး။ ဒီတော့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ စာမှန်သမျှ အကုန်ရေးမှာ။ လူထုကြီး ဖတ်ရတာပေါ့ဗျာ။ လူတွေက ဒီခေတ်မှာ စာကောင်းပေကောင်း ငတ်နေကြ တာ မို့လား။ စာပေကသာလျှင် လူတွေကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တွန်းပို့ပေးတာဗျ။ တကယ်တန်း ပြောရရင် ကျုပ်တို့လို ကလောင်နဲ့ တိုက်ပွဲဝင်တာသာ လူထုအတွက် အကောင်းဆုံးလို့ ပြောချင်တယ်"။ သြော် လက်စသတ် တော့ အနှီပုဂ္ဂိုလ်ကား ကလောင်းရူး ရူးနေရှာသူကိုး။ ထားတော့။ သူ့စာတွေကို လူတွေဘယ်လို ဘယ်ပုံ ဖတ်လို့ ရမယ် တော့ မသိ။ သို့သော် မည်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ့်ဟာကိုယ် ရေးချင်သလို ရေး၍ရသော ကိုယ်ပိုင် ဘလော့ဂ်ထဲတွင် စိတ်အလိုလိုက်၍ စိတ်ကြိုက် များများရေးနိုင်သော ကလောင်ရှင် ဖြစ်ပါစေဟု နှစ်သစ်မှာ ဆုတောင်း ပေးလိုက်တော့သည်။

သက်ဆိုင်ရာ ဇတ်ကောင်များလည်း စိတ်မဆိုးဘူးဟု မျှော်လင့်ရင်းဖြင့် နှစ်သစ်မှာ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။ စိတ်ဆိုးရင်လည်း စိတ်ဆိုးတာကို ခဏအောင့်ထား၍ ပျော်ရွှင်ကြပါကုန်ဟု ဆုတောင်းလိုက်ရသည်။

ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက် ဇန်နဝါရီလ ၂ဝ၁ဝ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.