၁။
ရှေးတုံးက စကားရှိတယ်မို့လား။ ဘာတဲ့ ... မြေနိမ့်ရာလှံစိုက်ဆိုလား။ အခုကတော့ မြေနိမ့်ရာလှံစိုက် မဟုတ် ပေမဲ့ မြေနိမ့်ရာရေဝပ် ဖြစ်နေတာ တလနီးပါးတော့ ရှိနေပြီ။ ဤသို့စဉ်းစားနေရင်းမှ စိတ်တိုတိုဖြင့် အေးသောင် တယောက် တဲကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်နေရင်း "ထွီ" ကနဲ ကွမ်းသွေးများကို ရေထဲသို့ ထွေးချလိုက်သည်။ တဲကြမ်းပြင်နဲ့ ရေမျက်မှာပြင်ရဲ့ အထက်အောက် အကွာအဝေးက တပေ မရှိတရှိခန့်သာ။ ရသမျှဝါးလုံးတွေ သစ်ပြားဟောင်းတွေဖြင့် ခနော်နီခနော်နဲ့ ဆောက်လုပ်ထားသော လူတဦးစာသွား တံတားလေးများက ရပ်ကွက် ထဲတွင် နေရာအနှံ့။ တခုနဲ့တခုလည်း ဆက်နေလိုက်ကြတာ ပင့်ကူအိမ်ကွန်ယက် ကဲ့သို့ပင်။ ရပ်ကွက်အတွင်းမှ နေ၍ မင်းလမ်းမကြီးပေါ်ကို ရောက်ဖို့ အဲသည့် တံတားဆက်လေးများ ပေါ်ကနေတဆင့် သွားရသည်။
အေးသောင်တို့ရပ်ကွက်က မြို့သစ်ရှိ ရပ်ကွက်အများထဲက တခု။ မြို့သစ်လို့ ကင်ပွန်းတပ်ရပေမဲ့ တကယ်တန်း မြို့သစ်ထဲက ဒီအကွက်သစ်တွေကို အာဏာပိုင်တွေ ဖော်ထားတာ ဆယ်နှစ်ကျော်လောက်ရှိပြီ။ ကွက်ဟောင်းလို့ နာမည်ပေးမယ် ဆိုရင်တောင် ရလောက်နေပြီဘဲဟာ။ ကွက်သစ်တွေရဲ့ ထုံးစံအတိုင်း အလုပ်သွားလုပ်ရတဲ့ မြို့ထဲနဲ့က ဝေးလိုက်တာ၊ ဘယ်လောက် ဝေးသလဲဆိုရင် မြို့ထဲကို စက်ဘီးနဲ့ အလုပ်သွားတာတောင် အသွား တနာရီ အပြန်တနာရီ လောက်တော့ အသာလေးနင်းရသည်။ တနေ့ကို နှစ်နာရီလောက် စက်ဘီးနင်းနေရတာ ပေါ့။ ကျန်းမာရေး ရှု့ထောင့်က ကြည့်ရင်တော့ ကောင်းတယ်လို့ သူများတွေက ပြောကြမှာပဲ။
သူတို့မြို့သစ်ရဲ့ နာမည်က မဟာအောင်မြေတဲ့။ ဆယ်နှစ်ကျော်အတွင်း ဒီမြို့သစ်ထဲမှာရှိတဲ့ ကွက်သစ်တွေ အတွင်း ထူးထူးခြားခြား တိုးတက်လာတာမရှိပေမဲ့ ရပ်ကွက်နာမည် တွေကတော့ မခေဘူး။ သူတို့ရပ်ကွက် အမည်က မင်္ဂလာရွှေမြေ ရပ်ကွက်တဲ့။ ကပ်လျှက်က ရပ်ကွက်နာမည်ကျတော့ မင်္ဂလာစိမ်းမြတဲ့။ အာဏာပိုင် တွေ ပေးထား လိုက်တဲ့ နာမည်တွေများ ရှေးခေတ်ဟန် နန်းဆန်သလိုလို ဘာလိုလို။ မင်္ဂလာစိမ်းမြ ရပ်ကွက်က တခုတော့ ကံကောင်းသည်။ တခြားတော့ မဟုတ်။ အေးသောင်တို့ ရပ်ကွက်ထက် မြေမြင့်တာကြောင့် ရေ မဝပ်ဖူး။
"ကိုအေးသောင် အလုပ်မသွားသေးဖူးလား၊ ကျမလည်း ခဏနေသွားတော့မှာနော်" ဆိုတဲ့ ဇနီးဖြစ်သူ မဥ အသံ ကြားမှ အေးသောင်တယောက် အတွေးစများ ပြတ်တောက်သွားတော့သည်။ မဥအလုပ်က သူတို့ကွက်သစ်နှင့် မဝေး။ လမ်းလျှောက်သွားလို့ရသည်။ "အေး အေး အခုဘဲ သွားတော့မှာ" ဟုပြန်ဖြေရင်း နေ့လည်စာ ထမင်းဗူး ကို စက်ဘီးရှေ့ ခြင်းထဲတွင်ထည့်လိုက်ကာ ပုဆိုးကို တင်းနေအောင် တိုတိုပြင်ဝတ်လိုက်သည်။ ပြီးတာနဲ့ သံချေး ရောင် ပေါက်နေတဲ့ စီးတော်စက်ဘီးကို ပုခုံးပေါ်မှာထမ်းပြီး အိပဲ့အိပဲ့ ဖြစ်နေတဲ့ တံတားပေါ်ကို တဲပေါ်ကနေ သတိထားပြီး ဆင်းလိုက်သည်။ ပြီးတော့ ထုံးစံအတိုင်းပေါ့။ ပင့်ကူအိမ်ကွန်ယက် တံတားလေးတွေအတိုင်း ကွေ့လိုက်ဝိုက်လိုက် ဆက်လျောက်ပြီး မင်းလမ်းမဖက်ကို တက်သွားတော့သည်။
မင်းလမ်းမပေါ် ရောက်တာနဲ့ စက်ဘီးကို ပုခုံးပေါ်က ချပြီး နင်းလို့ရပါပြီ။ သို့သော် မင်းလမ်းမကြီးလည်း ပြုပြင်မှု ကင်းမဲ့နေသော မြေလမ်းဆိုတော့ လကမ္ဘာလို ကျင်းတွေချိုင့်တွေက အများသား။ စက်ဘီးကိုညှာ၍ ဖြေးဖြေးခြင်း အတော်လေး နင်းပြီးမှ ကတ္တရာလမ်းမကြီး ပေါ်သို့ ရောက်တော့သည်။
၂။
မင်္ဂလာရွှေမြေ ကွက်သစ်က နဂိုတည်းက မြေနိမ့်နေသော နေရာဖြစ်သောကြောင့် လူအများ စတင် အခြေချ ပြောင်းရွှေ့လာ ကတည်းက ရေဝပ်မှာကို ကြောက်၍ ခြေတံရှည် အိမ်ကလေးများ ဆောက်ခဲ့ကြသည်။ ခြေတံ ရှည် အိမ်ဆိုပေမဲ့ ဧရာဝတီမြစ်ဘေးက အိမ်များလောက်လည်း မရှည်။ တချို့အိမ်တွေက သုံးပေ တချို့အိမ်တွေက လေးပေ၊ အဲသလောက်သာ မြင့်သော ခြေတံရှည်အိမ်များ ဖြစ်သည်။ အိမ်ဆိုပေမဲ့လည်း အများစုကတော့ တဲ သာသာပါဘဲ။
အေးသောင်တို့ မြို့သည် မိုးခေါင်ရေရှားဒေသတွင် တည်ရှိသည်။ မိုးကလည်း နှစ်တိုင်းကောင်းသည် မရှိ။ ထို့ကြောင့် မြေနိမ့်သော်လည်း ခါတိုင်းနှစ်တွေက ရေဝပ်မှာ ကြောက်စရာမလိုခဲ့။ သို့သော် ဒီနှစ်တော့ ဘာဖြစ်လို့ လဲတော့ မသိ။ မိုးတွင်းကာလအတွင်း ရွာလိုက်သည့်မိုးမှာ အောက်ပြည်အတိုင်း။ မိုးနည်းသည့် အရပ်ဖြစ်သော ကြောင့် မိုးရွာတာကို လူတိုင်းကြိုဆိုပေမဲ့ အေးသောင်တို့လို ကွက်သစ်တွေ အဖို့တော့ ရွံ့မြေ စဖြစ်တော့သည်။ ရွှံ့မြေဖြစ်တာလည်း မဆန်း။ ဒီကွက်သစ်တွေရဲ့ မူလဘူတက ရေသွင်းပြီး စပါးစိုက်တဲ့ လယ်မြေတွေ။ လယ် သမား များထံမှ သိမ်း၍ အကွက်ရိုက်ခါ လူနေထိုင်ရန် ဖော်ထားသည့် မြေဖြစ်သောကြောင့် မြေစေးများ ဖြစ်နေ သည်မှာ လည်း မဆန်း။ လယ်သမားတွေကို အစိုးရက လျှော်ကြေးသလား မပေးသလားတော့ အေးသောင် လည်းမသိ။ ထားတော့။ သည့်နောက်တော့ မိုးပိုများလာသည့် အကျိုးဆက်အဖြစ် ရေဝပ်မြေ ဖြစ်လာခဲ့သည်။ တခြား ရပ်ကွက်မှလူများက သူတို့ရပ်ကွက်ကို မင်္ဂလာရွှေရေဝပ်ဟု နောက်ကြစကြသည်။
အေးသောင်အပါအဝင် ကွက်သစ်နေ လူများစုသည် မူလက မြို့ထဲမှာ နေထိုင်ခဲ့ကြသော လက်လုပ်လက်စားများ ဖြစ်သည်။ တချို့ကလည်း ကျူးကျော်ရပ်ကွက်ဟု အစိုးရက သမုတ်သော နေရာများတွင် နေထိုင်ခဲ့ကြသည်။ မြို့ထဲက မြေလွတ်ရှိသည့် နေရာများတွင် တဲများထိုးကာ နေထိုင်ကြီးပြင်းလာခဲ့သည့် လူများဖြစ်သည်။ ဘုန်းကြီး ကျောင်း အုတ်တံတိုင်းဘေးတွင် အဖီထိုးကာ နေထိုင်သူများလည်း ပါကြသည်။ အေးသောင်တို့ကတော့ မိဘလက်ငုတ် သစ်သားအိမ်လေးမှာ နေထိုင်ရသောကြောင့် နေရာကျဉ်းသော်လည်း ကျူးကျော်တွေထက်တော့ တည်ငြိမ်သည်ဟု ဆိုနိုင်ခဲ့သည်။ သို့သော် အစိုးရက သူတို့မြို့ကို မြို့အင်္ဂါနှင့်အညီဖြစ်အောင် လမ်းတွေချဲ့မည် ဆိုပြီး မြေတွေအိမ်တွေကို သိမ်းလိုက်သည်။ ထို့နောက် မြို့နှင့်ဝေးသော နေရာများတွင် မြို့သစ်တည်ကာ ကွက်သစ်များရိုက်၍ နေရာအစား ပြန်ပေးသည်။ ထိုအသိမ်းခံရသည့် အထဲတွင် ကျူးကျော်များသာမက အေးသောင်တို့လို့ ကိုယ်ပိုင်အိမ် ရှိသူများလည်း အများအပြားပင်။ ချမ်းသာသူများ၏ အိမ်ကြီးအိမ်ကောင်း တိုက်ကြီးတိုက်ကောင်းများလည်း လမ်းချဲ့မည့် နေရာတွင် တည်နေပါက ဖယ်ပေးကြရသည်။ လျှော်ကြေး ကတော့ ပေလေးဆယ်ပတ်လည် မြေတကွက်စီသာ ပြန်ရကြသည်။ တချို့ကတော့ နောက်ရောက်လာသည့် မြန်မာစကား မတတ်သော်လည်း မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားသူ တရုတ်များထံသို့ အိမ်များမြေများ ရောင်း၍ မြို့သစ်ကို ပြောင်းလာသူများ ဖြစ်သည်။
ရေဝပ်မြေကို ဒီအတိုင်းကြည့်မနေဘဲ ကိုယ်ထူကိုယ်ထ ဖောက်ထုတ်ရန် မလုပ်ဖူးလားလို့ မေးနိုင်သည်။ အေးသောင်တို့ တရပ်ကွက်လုံး ဒီလောက်မအပါ။ မပျင်းပါ။ ကြိုးစားကြည့်ဖူးပါသည်။ သို့သော် ထင်ထားတာ ထက် အများကြီး ခက်နေတာကို ကြုံလိုက်ရသည်။
၃။
ဖြစ်ပုံက ဒီလို။ တခါတုံးကလည်း မိုးများသောကြောင့် ရေဝပ်ဖူးသည်။ သို့သော် ဒီနှစ်လောက်တော့ မဆိုး။ သို့သော်လည်း ရေရှည်အတွက် ပူပန်ကြသောကြောင့် ရပ်ကွက်သားများ အစည်းအဝေးခေါ်၍ ဘာလုပ်ကြ မလဲဟု တိုင်ပင်ကြသည်။
အေးသောင်ကပင်စ၍ အကြံပြုသည်။ "ရေဝပ်နေတာကို ဖောက်ထုပ်မယ် ဆိုရင်တော့ ရထားလမ်းတာရိုး အောက်ကနေ ဂလိုင်ဖောက်၊ ကွန်ကရစ်ပိုက် သွယ်ပြီး လုပ်ဖို့လိုမယ်လို့ ကျနော်ထင်တယ်"။ ဟုတ်သည်။ အေးသောင်တို့ ရပ်ကွက်အစွန်ဆုံးတွင် အဝေးပြေး ရထားလမ်းရှိသည်။ ထိုရထားလမ်း တာရိုးမြင့်ကြီးက ဆည်သဖွယ် ပိတ်နေသောကြောင့် ရပ်ကွက်ထဲတွင် ရေဝပ်ရခြင်းဖြစ်သည်။ ဘကြီးဦးလူဖေကတော့ ကွမ်းမြုံ့ နေရင်းက ခေါင်းတရမ်းရမ်းဖြင့် နားထောင်နေသည်။ သူ့ထင်မြင်ချက်ကတော့ "ရထားလမ်းတာရိုးကို ဖောက်ပြီး လုပ်ဖို့ ဆိုတာက လက်တွေ့မှာ မလွယ်ဖူးလို့ ကျုပ်ကတော့ထင်တယ်။ ဘာဖြစ်လို့တုံးဆိုတော့ ရထားလမ်းက နိုင်ငံတော်ပိုင်။ ကျုပ်တို့ဖောက်ချင်တိုင်း ဖောက်ဖို့ မဖြစ်နိုင်ဘူး၊ အာဏာပိုင်တွေကလည်း ခွင့်ပြုမယ် မထင် ဘူး"။ ဒေါ်သန်းမြိုင်ကလည်း ဤသို့ အကြံပေးသည် "ရေစုပ်စက် ခပ်ကြီးကြီးတွေ ငှားပြီး သုံးလေးလုံးပြိုင်တူ စုပ်ထုပ် လိုက်ရင်ကော မဖြစ်နိုင်ဘူးလားတော့၊ ပိုတောင်မြန်ဦးမယ်"။
အစည်းအဝေးတက်လာသူ အားလုံးက ဒေါ်သန်းမြိုင်အကြံကို ဖြစ်နိုင်ကြောင်း သဘောတူကြသည်။ သို့သော် အဝေးသင် ကောလိပ်ကျောင်းသား တဦးဖြစ်သူ မောင်စိုး၏ ထပ်ဆင့်တင်ပြမှုကြောင့် အားလုံးစိတ်ဓာတ် ကျကုန်သည်။ "ဒေါ်လေးသန်းမြိုင်ပြောတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရပ်ကွက်ထဲ ရေဝပ်နေတဲ့ ရေပြင်ကျယ်က နည်းတာမှ မဟုတ်တာ။ အင်းလေးကန်လောက်တောင် ရှိမလားဘဲ"ဟု လက်နှစ်ဖက်ကို အစွမ်းကုန် ကားပြလိုက်ခါ အင်းလေးကန်နှင့် နှိုင်းလိုက်သောကြောင့် အားလုံးဝိုင်း၍ ရယ်လိုက်ကြသည်။ "ဒီတော့ကာ ဒီလောက် ရေပြင်ကျယ်ကြီးကို ရေစုပ်စက်နဲ့ စုပ်ထုပ်မယ်ဆိုရင် ကျန်တာတွေ မပါသေးဘဲ ဒီဇယ်ဖိုးချည်း ဘယ်လောက်ရှိမလဲ။ တွက်ကြည့်ပါဦး။ ကျနော်တို့ တရပ်ကွက်လုံး ငွေစုရင်တောင် ဒီဇယ်ဖိုး တတ်နိုင်ပါ့မလား၊ တခြား မကြည့်နဲ့ မင်္ဂလာစိမ်းမြကလူတွေ တအိမ်တလုံး ရေလောင်းအိမ်သာ ဆောက်မယ် ပြောတုံးက ရယကကနေ တအိမ်ကျပ်ငါးသောင်းပေးမှ ဆောက်ခွင့်ပါမစ် ပေးမယ်ဆိုလို့ ပျက်သွားတယ် မဟုတ်လား "။ မောင်စိုးထောက်ပြ လိုက်တော့မှ အားလုံးစိတ်ဓာတ် ကျချင်သလိုလို ဖြစ်ကုန်တော့သည်။ သို့သော် အေးသောင်က "ကိုင်း ကိုင်း .. ဒီလို ထပ်စဉ်းစားကြမယ်ဗျာ။ ရေစုပ်စက်ကိစ္စ ခဏထားလိုက်။ ရထားလမ်း တာရိုးအောက်မှာ ဂလိုင်ဖောက်ဖို့အတွက် တရားဝင်ဖြစ်အောင် မြို့တော်ဝန်ဆီ စာတင်မယ်ဗျာ။ ဘယ့်နှယ့်လဲ ဘကြီးလူဖေ"ဟု အဆိုထပ်သွင်းသည်။ အားလုံးက ဒါလည်းမဆိုးဟု ဝိုင်း၍မှတ်ချက် ချကြသည်။
ဘကြီးလူဖေက မေးစေ့ကိုပွတ်ရင်း "အင်း" ဟု အသံရှည်ဆွဲကာ စဉ်းစားနေသည့် အချိန်တွင် လူအုပ်ကြားမှ အသံခပ်စွာစွာ တခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တခြားသူမဟုတ် ယက္ကန်းစက်ရုံက အလုပ်သမ မနိုင်နိုင် ဖြစ်သည်။ "မြို့တော်ဝန်ဆီ စာတင်နေလို့ကတော့ နောက်ဆယ်နှစ်နေလည်း ခွင့်ပြုချက်ကြလာမှာ မဟုတ်ဖူး။ ရှင်တို့ သိတဲ့အတိုင်းပဲလေ မြို့တော်ဝန်ဆီ အဲဒိစာရောက်ဖို့ ကြားထဲမှာ ငွေမပေးလို့ကတော့ စားပွဲဘယ်နှစ်လုံးမှာ ဘယ်လောက် ကြာကြာ သောင်တင်နေမလဲဆိုတာ ဘယ်သူမှ သိနိုင်တာမှ မဟုတ်တာ"။ အားလုံး စိတ်ဓာတ်ကျ ကုန်ပြန်သည်။ "ကျုပ်သဘောကတော့ ကြာတာမကြာတာကို တကဏ္ဍထားလိုက်၊ စာတင်တာကတော့ တင်ထားဖို့ လိုတယ်။ ကိုယ့်ဖက်အလွန်မဖြစ်အောင် ဟုတ်ပလား" ဟု ဘကြီးလူဖေက အဆိုပြုသည်။
သိုနှင့် ရပ်ကွက်မှလူများလက်မှတ်ထိုး၍ မြို့တော်ဝန်ထံ စာတင်လိုက်ခဲ့သည်မှာ ဘာမှအကြောင်း ပြန်ကြားခြင်း မရှိ။ သူတို့စာတင်ခဲ့သော ယခင်မြို့တော်ဝန်မှာ လာဘ်စားလွန်း၍ဆိုလား၊ နိုင်ငံတော်ပုန်ကန်မှုတွင် ပတ်သက်၍ ဆိုလား ဘာလဲတော့မသိ ပြုတ်သွားခဲ့သည်။ မြို့တော်ဝန်အသစ် တက်လာ သည်မှာပင် သုံးနှစ်ခန့် ရှိသွားပြီ ဖြစ် သည်။
၎။
ဒီနှစ်မိုးကြီးတာကတော့ စောစောကပြောခဲ့သည့်အတိုင်းပင်။ မင်္ဂလာရွှေမြေ တရပ်ကွက်လုံး ရေတွေအကြား နေနေရသည်မှာ ဗင်းနစ်မြို့တော် ရောက်နေသလိုလို အင်းလေးကန်မှာပဲ ရောက်နေသလိုလို ဖြစ်နေကြသည်။ ရေဝပ်သည့်ရက်များ ကြာလာသည်နှင့်အမျှ ရောဂါဘယ ထူပြောလာသည်။ ကလေးများ ရေထဲဆင်း၍ ဆော့သောကြောင့် ယားနာများ ဝဲများ ပေါက်ကြသည်။ ဝမ်းဖောဝမ်းရောင် ဖြစ်ကြသည်။ အိမ်သာများမှာ တွင်းအိမ်သာများဖြစ်၍ လူတို့စွန့်ထားသောကြောင့် ဟိုမှာသည်မှာ ပေါလောမျောနေသော မစင်များကို ရပ်ကွက်အတွင်း မွေးထားသော ဘဲများ၊ မန်ဒါလီများက ထိုးဆိတ်စားသုံးနေကြသည်။ စက္ကူစုတ်များ၊ ပလပ်စတစ် အိတ်များကလည်း နေရာတကာတွင် မြင်မကောင်းအောင် တွေ့နေရသည်။ ရေကလည်း မသန့်၊ အနံ့အသက်လည်း တဖြည်းဖြည်းခြင်း ဆိုးဝါးလာတော့သည်။
ရေဝပ်သည့် အချိန် တလစွန်းစွန်းခန့် အကြာတွင် မင်္ဂလာရွှေမြေ ကွက်သစ်အတွင်း သေဆုံးသူ ကလေးငယ် အရေအတွက်မှာ ဆယ့်ငါးဦးခန့် ရှိလာသည်။ သက်ကြီးရွယ်အို ခွန်နစ်ဦးထက်မနည်းလည်း သေဆုံးခဲ့သည်။ ဖျားနာသူ အရေအတွက်မှာလည်း များသထက်များလာသည်။ နာဖျားသောကြောင့် အလုပ်မသွားနိုင်သူများ လုပ်အားခဝင်ငွေပါ လျှော့ပါးဆုံးရှုံးလာရသည်။ ဝင်ငွေမရှိသည့်အတွက် ဆေးတောင်အနိုင်နိုင် ဝယ်သောက်ဖို့ ခက်ခဲ လာကြသည်။
နောက်ဆုံးတွင် အေးသောင်တို့မြို့မှ လူအများ ကြည်ညိုသော ဆရာတော်ကြီးတပါးက ဝင်ရောက်စွက်ဖက် ရတော့သည်။ စွက်ဖက်သည်ဆိုသော်လည်း မြို့တော်ဝန်ကို ကူညီဖို့အကြောင်း ဆရာတော်ကြီးက မေတ္တာရပ် ပန်ကြားရခြင်း ဖြစ်သည်။
၅။ အေးသောင်၏ သားအလတ်ကောင် သူ့အဖေနှင့် အမေထံ အပူအပြင်း သတင်းပို့လှာသည်။ အာဏာပိုင်များ ကားများဖြင့် ရပ်ကွက်ထိပ်တွင် ရောက်နေသည်ဟူ၍ ဖြစ်သည်။ တခြားသူမဟုတ် မြို့တော်ဝန်ကိုယ်တိုင် ရောက်လာခြင်းဖြစ်သည်။ တရပ်ကွက်လုံးရှိ လူအများကို ရယကလူကြီးများမှတဆင့် ဆင့်ခေါ်လိုက်သည်။ အေးသောင်သား အလတ်ကောင်က သူ့အမေ မဥကို "အမေ အမေ မြို့တော်ဝန်က စစ်ဗိုလ်မို့လား" ဟု ကလေး ပီပီစပ်စုသည်။ "ဟဲ့ သူက ရိုးရိုးစစ်ဗိုလ်မဟုတ်ဖူး၊ ဗိုလ်ချုပ်အဆင့်ရှိတယ်ဟဲ့" ဟု စစ်ယူနီဖောင်း ဝတ်ထားသော မြို့တော်ဝန်ကို လူအုပ်နောက် ခပ်လှမ်းလှမ်းမှာ ရှိနေသာ မဥက လက်ညှိုးထိုး၍ ရှင်းပြနေသည်။
မြို့တော်ဝန်က "ခင်ဗျားတို့ ရယကလူကြီးတွေ ဒီလောက်ဖြစ်နေတာကို ဘာကြောင့် ကျနော့်ကို အကြောင်း မကြား ရတာလဲ" ဟု ပြောရင်း အပြစ်တင်နေသည်။ "နိုင်ငံတော်အကြီး အကဲတွေဟာ တိုင်းသူပြည်သားတွေ အပေါ် အတတ်နိုင်ဆုံး ကူညီဖို့ စေတနာထားတယ်ဆိုတာ ခင်ဗျားတို့သိဖို့လိုတယ်။ သို့သော် ခင်ဗျားတို့က ဖြစ်ပျက်နေ တာ တွေကိုတော့ ကျနော်တို့ကို အကြောင်းကြားဖို့ လိုတာပေါ့"ဟုလည်း ဆက်၍ မိန့်ခွန်းချွေ နေသည်။ ရယက လူကြီးများက ကူပါဦးဆိုသော မျက်လုံးများဖြင့် အေးသောင်နှင့် ဦးလူဖေကို ဝိုင်းကြည့်ကြ သည်။ ဦးလူဖေက "ဒီလိုပါ ဗိုလ်ချုပ်၊ အဲ မြို့တော်ဝန်ခင်ဗျာ့။ ကျနော်တို့ ရပ်ကွက်မှာ ရေဝပ်နေတဲ့ အကြောင်း ရေတွေဖေါက်ထုပ်ဖို့ လိုကြောင်း တရပ်ကွက်လုံး လက်မှတ်ထိုးပြီး စာတင်ထားပါတယ် ခင်ဗျာ့" ဟုရှင်းပြ၍ မဆုံးခင် မြို့တော်ဝန်က "ကျနော်တော့ မသိရပါလား။ ဘယ်တုံးကတင် ထားတာလဲ"ဟု ကြားဖြတ်၍ မေးလိုက် သည်။ ဦးလူဖေက အသံ တိမ်ကလေးဖြင့် "သုံးနှစ်ရှိသွားပါပြီ ခင်ဗျာ" ဟု ပြန်ဖြေလိုက်ရာ မြို့တော်ဝန် မျက်နှာမှာ မဲကနဲ ဖြစ်သွားလေတော့သည်။
မြို့တော်ဝန်က ရေများဝပ်နေသည်ကို အမြန်ဆုံး ဖောက်ထုတ်ပေးမည်ဟု ကတိပေးကာ ကားတန်းကြီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။ ဘာဘဲ ပြောပြော မြို့တော်ဝန်ကိုယ်တိုင် မြင်သွားသည်ဆိုတော့ ရေဝပ်နေသည့် ကိစ္စ မကြာခင် ပြေလည်လိမ့်မည်ဟုလည်း ရပ်ကွက်သားများက ယုံကြည်နေကြသည်။ ဆရာတော်ကြီး၏ ကြားကနေ ပြောဆိုပေးမှုကြောင့် ဖြစ်ရသည်မို့ ဆရာတော်ကြီး၏ ကျေးဇူးကြီးမားကြောင်း ကိုလည်း ပြော၍မဆုံး ဖြစ်နေကြသည်။
ရက်အနည်းငယ် အကြာတွင် ရေစုပ်စက် အကြီးစားများ တဒါဇင်ခန့် ကားများဖြင့် ဆွဲ၍ရောက်လာပြီး ရေများကို စုပ်ထုပ်ပြစ်တော့သည်။ ငါးရက်အတွင်း ရေများမရှိတော့။ မြန်လိုက်သည့်ဖြစ်ခြင်း။ တရပ်ကွက်လုံး မြို့တော် ဝန်ကို ကျေးဇူးတင်ကြသည်။
၆။ နောက်တလအကြာ။ "ဘကြီးလူဖေရေ ဒီလိုတော့လည်း မဆိုးပါလား။ ရေမဝပ်တော့ လူတွေ နေရေးထိုင်ရေး အတော့်ကို အဆင်ပြေသွားတာဘဲဗျာ"ဟု အေးသောင်က ဆိုလိုက်သည်။ ဦးလူဖေက "အင်း ॥ ဒါပေမဲ့ အေးသောင်ရာ ရှေ့နှစ်မိုးတွင်းကျရင် ဘယ်လိုလုပ်မလဲ။ ရေကထပ် ဝပ်ဦးမှာကွ။ ရထားလမ်း တာရိုးကို ဖောက်ပြီး ပိုက်မသွယ်မခြင်း ဒီပြဿနာက ရှိနေဦးမှာ" ဟု စိတ်မောသံဖြင့် ထောက်ပြသည်။ အေးသောင်လည်း ဘာမှထပ် မပြောနိုင်။ နည်းနည်းတော့ စိတ်ပြန်ညစ်သွားသည်။
သည့်နောက် ရယက လူကြီးများက ရပ်ကွက်သားများကို အစည်းအဝေးခေါ်သည်။ မြို့တော်ဝန်က နောင်တွင် ရပ်ကွက်ရေမဝပ်ရန် အထူးအစီအစဉ် လုပ်ထားသည်ဟု ဆိုလာသည်။ အားလုံး ဝမ်းသာကြသည်။ သို့သော် နောက်ဆက်တွဲ ပြောလာသော စကားများကြောင့် ရပ်ကွက်သားများ အူကြောင်ကြောင် ဖြစ်ကုန်ကြသည်။ "ဒီလိုကွ ရထားလမ်းတာရိုးကို ဖောက်ပြီးပိုက်သွယ်မှာကို မြို့တော်ဝန်က စစ်ရေးအမြင်အရ ခွင့်မပြုဘူးလို့ ဆိုတယ်။ လုံခြုံရေးကို ဦးစားပေးရမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒို့ရပ်ကွက် မြေမြင့်လာအောင် မြေဖို့ပေးမယ်လို့ စီစဉ်နေတယ်" ဟု ရယက လူကြီးတဦးက ရှင်းပြသည်။ အေးသောင်က မေးခွန်းတခု ထ၍မေးလိုက်သည် "မြေဖို့မယ် ဆိုတာ ကတော့ ဟုတ်ပါပြီ။ ကျနော်တို့ အိမ်တွေက ဘယ်လို လုပ်မလဲ။ မြေဖို့နေတုံး အိမ်တွေကို ဘယ်နားသွားထားမလဲဗျ။ အိမ်တွေကို လေထဲမှာ မထားလို့မှ မရတဲ့ဟာ"။ ထိုအခါကြမှ ရပ်ကွက်သားများ ကြွက်ကြွက်ဆူသွားသည်။ ဟုတ်သည်လေ။ အိမ်တွေကို မဖယ်ဘဲ မြေဖို့လို့က ဘာထူးမည်နည်း။ ရယက လူကြီးက "ဒါအထက်အမိန့်ပဲ။ ဒါ့ကြောင့် နှစ်လအတွင်း အိမ်တွေ ဖယ်ပေးရမယ်။ မြေဖို့ပြီးရင် အရင်က အကွက် အတိုင်း ကိုယ့်နေရာ ကိုယ်ပြန်ရမယ်။ ဒီညွှန်ကြားချက်ကို မလိုက်နာတဲ့သူ အဖမ်းခံရမယ်။ ကျုပ်လည်း ဒိထက် ပိုပြီး မပြောတတ်ဘူး" ဟု စကားကို အဆုံးသတ်လိုက်သည်။
၇။ ကိုအေးသောင်က သူ၏ဇတ်လမ်းကို အပြီးသတ်လိုက်ရင်း ဆေးလိပ်ကို မီးညှိလိုက်သည်။ နားထောင်နေသူ အလုပ်လုပ်ဖက်များက "ကိုအေးသောင် ဘာဖြစ်လို့ ဒီထိုင်းနိုင်ငံကို ထွက်လာပြီး အလုပ်လုပ်တာလဲ။ ဟိုမှာ လုံးလုံး အဆင်မပြေ တော့လို့လား" ဟု စပ်စုကြသည်။ သူတို့အားလုံးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသော ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသည်။ "ဒီလိုကွ.. နှစ်ပိုင်းရှိတယ်။ ပထမတပိုင်းက မြေဖို့ပြီးတော့ ငါတို့ ရပ်ကွက်မှာ အိမ်ပြန်ဆောက်လို့ မရတော့ဖူး။ မြို့နဲ့ နှစ်နာရီလောက် စက်ဘီးနင်းရတဲ့ နောက်နေရာ တခုမှာ ငါတို့အားလုံးကို ရွှေ့ပစ်လိုက်လို့ကွ။ မင်္ဂလာစိမ်းမြ ကွက်သစ်ကလူတွေလည်း နောက်ပိုင်းမှာ တို့လို အရွှေ့ခံရ တယ်။ အလုပ်က ပင်ပန်းရတဲ့အထဲ မြို့ထဲကို တနေ့ အသွားအပြန်လေးနာရီ စက်ဘီးမနင်း နိုင်တော့ဘူး။ ဒုတိယတပိုင်း ကတော့ ရတဲ့ဝင်ငွေကလည်း မိသားစုစားဖို့တောင် အနိုင်နိုင်ဖြစ်လာတော့ ယိုးဒယားမှာပဲ ရတဲ့အလုပ် လုပ်မယ် ဆိုပြီး မိန်းမနဲ့ ကလေးတွေကို ထားပြီးထွက်လာတာ။ မင်းတို့လိုဘဲပေါ့ကွာ" ဟု အေးသောင်က ဇာတ်လမ်းကို အဆုံးသတ်ရင်း ဆေးလိပ်မီးခိုးများကို လေထဲသို့ မှုတ်ထုတ်လိုက်လေတော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၆ ရက်၊ ဒီဇင်ဘာလ ၂ဝဝ၉ ခုနှစ်
Thursday, December 17, 2009
မြို့ဟောင်းသားများရဲ့ ခရီးရှည်
Posted by ရွက်မွန် at 8:18 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
အခုမျ ဖတ်ဖြစ်တယ်ဗျာ။ ဒီအပိုဒ် လေးက ပိုပြီးထိသလားးလို့ ပါ ထပ်ပွါးများလိုက်ပါအုံးမယ်။
မြေဖို့နေတုံး အိမ်တွေကို ဘယ်နားသွားထားမလဲဗျ။ အိမ်တွေကို လေထဲမှာ မထားလို့မှ မရတဲ့ဟာ"။ ထိုအခါကြမှ ရပ်ကွက်သားများ ကြွက်ကြွက်ဆူသွားသည်။ ဟုတ်သည်လေ။ အိမ်တွေကို မဖယ်ဘဲ မြေဖို့လို့က ဘာထူးမည်နည်း။ ရယက လူကြီးက "ဒါအထက်အမိန့်ပဲ။ ဒါ့ကြောင့် နှစ်လအတွင်း အိမ်တွေ ဖယ်ပေးရမယ်။ မြေဖို့ပြီးရင် အရင်က အကွက် အတိုင်း ကိုယ့်နေရာ ကိုယ်ပြန်ရမယ်။ ဒီညွှန်ကြားချက်ကို မလိုက်နာတဲ့သူ အဖမ်းခံရမယ်။ ကျုပ်လည်း ဒိထက် ပိုပြီး မပြောတတ်ဘူး"
Post a Comment