ဖိုး
သော် မန္တလေးမှာ အပြင်ဆောင်နေရင်း ဆယ်တန်းတက်နေတဲ့ ကာလများကပေါ့။ ဖိုးသော်အမေက သူ့ကို မန္တလေးမှာ ကျောင်းလာထားတာ။ သူ့အမေမှာ ရည်ရွယ်ချက်ရှိတယ်။ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ရန်ကုန်မှာ အာအိုင်တီလို့ ခေါ်တဲ့ စက်မှုတက္ကသိုလ် သွားတက်၊ ပြီးတော့ အင်ဂျင်နီယာ ဖြစ်စေချင်လို့။ ဖုံစုတ်စုတ်ဘဝနဲ့ ရွာမှာပဲ သူတို့လို တသက်လုံး နေသွားရမှာကို သူ့အမေက မဖြစ်စေချင်တာ။ မြို့မှာပဲ စားပွဲနဲ့ ပန်ကာနဲ့ အလုပ်လုပ်ရတဲ့ ဘဝမျိုး သူ့သားကို ဖြစ်စေခြင်တယ်။ မိဘမေတ္တာလို့ ဆိုရင်လည်း မမှားဘူးပေါ့။
ဖိုးသော်လည်း မန္တလေးရောက်ကတည်းက အပျော်လွန်လိုက်တာ ဆယ်တန်းကို သုံးနှစ်ဆက်ဖြေမှ အောင် တော့တယ်။ အိမ်ကတော့ ပညာရေးအတွက်ကော ဘာအတွက်ကော မျက်နှာမငယ်စေဖို့ ပိုက်ဆံကို မှန်မှန် ပို့ပါတယ်။ ဖိုးသော်အမေက ရွာမှာ တောပွဲရုံအသေးလေး တခုနဲ့ စီးပွားရေးက မဆိုးဘူးဆိုတော့ ဖိုးသော်အတွက် တလတလကို ပို့ရတဲငွေက ငွေသုံးရာထက် မအောက်ဘူး။ ရွှေတကျပ်သား တထောင်၊ တထောင့်ငါးရာလောက် ရှိတဲ့ခေတ်မှာ တလကို ငွေသုံးရာလောက် ကျောင်းစရိတ် ပေးရတယ်ဆိုတာ နည်းတာမှ မဟုတ်တာ။ သို့သော် ဖိုးသော်မိဘတွေက တောသူဋ္ဌေး အသေးစားတွေမို့ ပို့နိုင်တာပေါ့။
ဖိုးသော် ဆယ်တန်းဒုတိယနှစ် ရောက်တော့ မထင်မှတ်ဘဲ သူတို့ရွာက ကိုတင်ငြိမ်းနဲ့ မန္တလေးမှာ ဆုံဖြစ်တယ်။ ကိုတင်ငြိမ်းက ဖိုးသော်ထက် အသက် ခွန်နှစ်နှစ်လောက် ကြီးတယ်။ ဖိုးသော်တို့ ငါးတန်းခြောက်တန်း လောက် မှာ သူက စစ်ထဲလိုက်သွားတာ။ ဆုံလိုက်တဲ့ နေရာက ဈေးချိုမှာ။ တရက်တော့ ကိုယ်တိုက်ဆပ်ပြာတို့ သွား တိုက်ဆေးတို့ ဝယ်ဖို့ ဈေးချိုဘက်ကို ဖိုးသော် စက်ဘီးနဲ့ ထွက်လာတယ်။ အဲသည့်ခေတ်တုံးက ဈေးချို အထက်လိုင်းလို့ ခေါ်တဲ့ တိုက်တန်းဆိုင်တွေရှေ့က လူသွားလမ်း တမံသလင်းပေါ်မှာ အဝတ်ခင်းပြီး စစ် ပစ္စည်း တွေ ချရောင်းနေတဲ့ လူတွေ အများကြီးရှိတယ်။ အဲသလို အရပ်သားတွေ စစ်ပစ္စည်းရောင်းတာက အမှန်ဆိုရင် ဥပဒေအရ တရားမဝင်ဘူး။ ဖမ်းလို့ရတယ်။ သို့သော် နားလည်မှုနဲ့ ဆိုင်ရာဆိုင်ရာကို ပေးကမ်းပြီး ရောင်းနေ ကြတာ။ အဲသည်မှာပဲ စက်ဘီးနင်းလာရင်း စစ်ယူနီဖောင်း စိမ်းစိမ်းဝတ်ထားတဲ့ လူတယောက်ကို ကိုတင်ငြိမ်းနဲ့ တူပါတယ်လို့ အောက်မေ့ပြီး သေသေချာချာ ကြည့်လိုက်တော့ မလွဲပါဘူး။ ကိုတင်ငြိမ်းပါပဲ။ မှတ်မှတ်ရရ ပြောရရင် ကိုတင်ငြိမ်းနဲ့ တွေ့ခဲ့တဲ့ အဲသည့်နှစ်က မြန်မာပြည်မှာ မီးရထားပြေးဆွဲခဲ့တာ နှစ်တရာပြည့်တဲ့ မီးရထား ရာပြည့်နှစ်ကြီး။ မန္တလေးမှာ မီးရထားရာပြည့်အတွက် ပွဲလမ်းသဘင်တွေတောင် အကြီးအကျယ် ခင်းကျင်းခဲ့သေးတာဘဲ။
ဒါနဲ့ စက်ဘီးကို ပလက်ဖောင်းပေါ်မှာရပ် ကမန်းကတန်း သော့ခတ်လိုက်ပြီး ကိုတင်ငြိမ်းကို အော်ခေါ် လိုက် တယ်။ ကိုတင်ငြိမ်းလည်း သူ့ကိုတွေ့တော့ အတော်လေး ဝမ်းသာနေဟန်ရှိတယ်။ "ဟေ့လူ ॥ ကိုတင်ငြိမ်း ဘယ်တုံးက မန္တလေးရောက်လဲ" ဟု ဖိုးသော်က မေးလည်းမေးရင်း ကိုတင်ငြိမ်း လက်နှစ်ဖက်ကို ဆွဲပြီး ဝမ်းသာအားရ လှုပ်ခါပြစ်လိုက်တယ်။ ကိုတင်ငြိမ်းက "ညီလေး॥ ခဏခဏ။ ဒါလေးတွေ ပြီးအောင် လုပ်လိုက် ဦးမယ်။ ဒါတွေပြတ်သွားမှ မင်းနဲ့ငါ လက်ဖက်ရည်ဆိုင် ထိုင်ကြတာပေါ့ကွာ" လို့ သူ့ကိုပြောတယ်။ ဘာတွေ မှန်းလည်း မသိပေမဲ့ ဖိုးသော်က အလိုက်သိသိ ခပ်လှမ်းလှမ်းမှာ သွားရပ်ပြီး စောင့်နေလိုက်တယ်။ ဆယ့် ငါးမိနစ်လောက် ကြာတော့ စစ်ပစ္စည်းရောင်းတဲ့ သူက ကိုတင်ငြိမ်းလက်ထဲကို ငွေစက္ကူအထပ်လိုက် ထည့် ပေးနေတာကိုလည်း ဖိုးသော် မြင်နေရတာပေါ့။
"ကိုင်း ॥ လုပ်စရာလေးတွေလည်း ပြီးရောဟေ့။ အခုမှ စိတ်ထဲမှာ ပေါ့သွားတော့တယ်" လို့ ကိုတင်ငြိမ်းက ပြောရင်း ပါးစပ်ကနေ ဖူးကနဲ လေတွေကို မှုတ်ထုတ်လိုက်သေးတယ်။ အနီးနားကတွေ့တဲ့ လက်ဖက် ရည် ဆိုင်တခုမှာ သူတို့အတူတူ ထိုင်လိုက်ကြတယ်။ "ကိုတင်ငြိမ်း ဘာတွေ အရောင်းအဝယ် လုပ်နေတာလဲ။ ယူနီဖောင်းကြီးဝတ်ပြီး ဈေးထဲမှာ အရောင်းအဝယ် လုပ်နေတာ သူများတွေမြင်ရင် ခင်ဗျားကို တမျိုး ထင်နေ ကြဦးမယ်"ဟု ဖိုးသော်က သတိပေးတဲ့ လေသံနဲ့ ဆိုလိုက်တယ်။
မှာထားတဲ့ လက်ဖက်ရည်နှစ်ခွက် ရောက်လာတော့ ကိုတင်ငြိမ်းက ဖိုးသော်ကို ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြ ပါရော။ "ဒီလိုကွ မန္တလေး ရောက်လာတာက ဒို့တပ်အတွက် လက်နက်ခဲယမ်း လာထုတ်တာ။ မင်းသိတယ် မို့လား မန္တလေးတောင်ခြေမှာ ရှိတဲ့ လက်နက်ခဲယမ်း သိုလှောင်တဲ့တပ်မှာ လာထုတ်ရတာ။ ငါတယောက် တည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ တပ်ထောက်ဗိုလ်ကြီးနဲ့ အတူတူ ပါလာတာကွ။ နောက်ပါလာတဲ့ အကူ ရဲဘော်တွေလည်း ပစ္စည်းတွေထုတ်ပြီးလို့ အားတာနဲ့ လျှောက်လည်နေကြတယ်။ ငါ့မှာသာ တပ်ထဲကလူတွေ မှာထားတာတွေ မပြီးသေးလို့ သူတို့အတွက် အရောင်းအဝယ် လုပ်ပေးနေရတာ။ ငါ့အတွက် ဘာတခုမှ မပါ ပါဘူးကွာ"။ ဖိုးသော်က သိပ်နားမရှင်းလှ၍ "နေပါဦးဗျ ခင်ဗျားတပ်ထဲက လူတွေက ဘာတွေမှာလို့ ဘာတွေ ရောင်းဝယ်နေရတာလဲ။ ခင်ဗျားတို့တပ်က လူသုံးကုန်တွေ ဘာတွေ ထုတ်နေလို့လား" ဟုထပ်ပြီး စပ်စုလိုက်တယ်။
ကိုတင်ငြိမ်းက ဘေးပတ်ဝန်းကျင်ကို စစ်သားမျက်လုံးနဲ့ ဖြိုးကနဲ ဖြတ်ကနဲတချက် အကဲခတ်လိုက်ပြီး လေသံ နှိမ့်ကာ ဖိုးသော်ကို ဒီလို ဆက်ရှင်းပြတယ်။ "မင့်မို့လို့ ငါပြောတာနော် ညီလေး။ တခြားလူတွေကိုတော့ ပြန်မပြောနဲ့။ အခုဒီမှာ စစ်သုံးပစ္စည်း ရောင်းတဲ့သူတွေက ငါတို့ဆီက စစ်ပစ္စည်းတချို့ကို ပြန်ဝယ်တယ်ကွ။ ဘာဖြစ်လို့ ဝယ်တုံးဆိုတော့ တချို့လက်ကျန် စစ်ပစ္စည်းတွေက အမျိုးကောင်းတွေမို့။ တို့တပ်ထဲမှာက ကလေးများတဲ့ အိမ်ထောင်သည်တွေဆို ကြပ်တည်းကြတယ်ကွ။ ရတဲ့လစာနဲ့ ရာရှင်နဲ့ ရှားပါးစရိတ်နဲ့ ဒါတွေရှိပေမဲ့လို့ လောက်တယ်လို့ မရှိဘူး။ ဒါ့ကြောင့် သူတို့ဟိုတုံးက စုဆောင်းထားတဲ့ စစ်ပစ္စည်းကွာလတီ ကောင်းကောင်းလေးတွေကို ငါနဲ့ထည့်ပေးလိုက်ပြီး မန္တလေးဈေးချိုမှာ ပြန်ရောင်းပေးပါလို့ မှာလိုက်ကြလို့"။ ထိုအခါ ဖိုးသော်က "ဘာတွေမို့လို့ ကွာလတီ ကောင်းတာ မကောင်းတာ ကွာရတာလဲ။ ကျနော် သိ သလောက်တော့ စစ်သုံးပစ္စည်းဆိုတာ အားလုံး အတူတူချည်းဘဲလို့ ထင်နေတာ။ ဘယ်လို ဟာမျိုးတွေက ဈေးဘယ်လောက်ရသလဲ။ ဘာကြောင့် ဈေးကကွာရတာလဲ။ ဗဟုသုတဖြစ် ပြောစမ်းပါဦး၊ ခင်ဗျား ဥစ္စာကလဲ" ဟု ဖိုးသော်က ပွဲတောင်းလိုက်တယ်။
တရွာတည်းသားချင်း သူများမြို့ရွာမှာ တွေ့တုံး ပြောခြင်ရက်လက်တို့ ဖြစ်နေတဲ့ ကိုတင်ငြိမ်းက ဖိုးသော်ကို အခုလို ရှည်လျားစွာရှင်း ပြပါတယ်။
"ကိုင်း ॥ကိုင်း ငါပြောပြမယ်။ ဒီလိုကွ။ ဥပမာ ဆိုပါစို့ ချက်ကိုဘွတ်ဖိနပ် တရံဆိုရင် အခု ဒီမှာ ငါပြန်ရောင်းတာ အစိတ်ရတယ်ကွာ။ (ယခင်ချက်ကိုစလိုဗက်ကီးယား နိုင်ငံမှတင်သွင်းခဲ့သော စစ်စိမ်းရောင် ပတ္တူတောစီးဖိနပ်)။ တပ်ကြပ်ကြီး စိန်အောင်ဆိုရင် ဘယ်တုန်းက ကြိတ်စုထားသလဲ မသိဘူး ရောင်းဖို့ ငါ့ကိုနှစ်ရံတောင် ပေးလိုက်တာ။ ဟိုလူဒီလူ အားလုံးကပါ ရောင်းဖို့ပေးလိုက်တာ စုစုပေါင်းဆိုရင် ချက်ကိုအရံ နှစ်ဆယ်လောက် ငါသယ်လာခဲ့ရတာ။ တခြားပစ္စည်းတွေလည်း ပါသေးတယ်။ ရောင်းပြီးတော့ ငွေရတယ် ဆိုပေမဲ့ ဘွတ်ဖိနပ် အစားပြန်ထိုးဖို့ကလဲ လိုသေးတယ်။ တပ်ထဲမှာ လိုက်စစ်လို့ နဂိုထုတ်ပေးထားတဲ့ ဖိနပ် ပြစရာ မရှိဘူးဆိုရင် ကွာတား (အချုပ်) ကျမယ်။ အဲတော့ အင်းတိုင်စက်ရုံက ထုတ်တဲ့ မိတ်အင်မြန်မာ စစ်ဖိနပ်တွေ ပြန်ဝယ်ရတာပေါ့။ ဒီကောင်ကတော့ ဈေးပေါပါတယ်။ အပြင် မှောင်ခိုဈေးမှာ ပြန်ဝယ်တာတောင် တရံမှ ငါးကျပ်ပဲ ရှိတယ်။ ဒီတော့ ချက်ကိုတရံရောင်းလိုက်ရင် အသားတင် နှစ်ဆယ်မြတ်တယ်ပေါ့ကွာ။ ဒါ့အပြင် တခြား စစ်ပစ္စည်းတွေလည်း ပါသေးတယ်။ တချို့ဟာတွေကတော့ အတော်လေး ဈေးကောင်းရတယ်မောင်။ ဥပမာ မြင်းချေးရောင် သက္ကလပ်အနွေးထည် ခါးတို ဆိုရင် တထည်ကို တရာ့အစိတ်တောင် ရတာ (ယခင် ယူဂိုစလားဗီးယားနိုင်ငံမှ တင်သွင်းခဲ့သည်)။ အစိမ်းရောင်သက္ကလပ် နံပြားဦးထုတ်ဆိုရင် သုံးဆယ်ရ တယ်ကွာ (ယခင်က အင်္ဂလန်မှ တင်သွင်းခဲ့သည်)။ အင်္ဂလိပ်လက်ဟောင်း သက္ကလပ်စ အထူနဲ့ အုပ်ထားတဲ့ သံစစ်ရေဗူး လေးထောင့်ပြားဆိုရင်လည်း သုံးဆယ်ရတယ်။ ဒါပေမဲ့ ဒီရေဗူးမျိုးကတော့ မရှိသလောက် ရှားသွားပါပြီ။
တခါတရံလောက်မှ တွေ့ရတော့တာ။ အခုမင်းတို့ ကျောင်းသားတွေကြားမှာ ခေတ်စားနေတဲ့ စစ်လွယ်အိတ် အမာစားမျိုး ဆိုရင် တလုံး ဆယ့်နှစ်ကျပ် ရတယ်ကွာ။ သူတို့ပြန်ရောင်းတော့ ဆယ့်ငါးကျပ်လောက် ရှိမယ်ထင်တယ်။ ချည်ထည် စစ်အင်္ကျီကတော့ ငါးကျပ်နဲ့ ယူတယ်။ ဈေးအကောင်းဆုံးကတော့ အရာရှိဝတ် ဖီးဂျက်ကက်ဘဲ။ သူက တထည်ကို ငါးရာတောင်ရတာ ငါ့လူရေ။ ရဆို သူကလည်း အမေရိကန်က တိုက်ရိုက်လာတာကိုး။ တို့ရဲဘော်တွေတော့ မဝတ်နိုင် ပေါင်ကွာ"။ ဆက်တိုက်ပြောအပြီး မောသွားဟန်ဖြင့် ကိုတင်ငြိမ်းက လက်ဖက်ရည်ကို တကျိုက်မော့ချလိုက်တယ်။
ဖိုးသော်က အံသြဟန်ဖြင့် "အရာရှိတွေက ခင်ဗျားတို့ ရဲဘော်တွေထက် လစာအများကြီး ကောင်းရဲ့သားနဲ့ ဘာဖြစ်လို့ သူတို့ စစ်ပစ္စည်းတွေကို ပြန်ရောင်းတာလဲ" ဟုမေးလိုက်တယ်။ ကိုတင်ငြိမ်းက သူရဲ့ ငါးမူးတန် ဓာတ်ဆီမီးချစ်ကို ဂျစ်ကနဲဂျစ်ကနဲ အသံမြည်အောင် ချစ်ကာ ဒူးယားစီးကရက် တလိပ်ကို မီးညှိလိုက်ရင်း "သူတို့က ပိုတောင်ရောင်း သေးတယ် ညီလေးရေ။ သူတို့မှာ ရောင်းစရာ ပစ္စည်းက ပိုတောင် ပေါသေးတယ်။ အခုငါလာတော့ ဖီးဂျက်ကက် နှစ်ထည် ပါလာတယ်။ ငါ့ဗိုလ်ကြီးတွေ အဲ့  ငါ့တပ်ခွဲမှူးနဲ့ ဒုခွဲမှူးက ရောင်းဖို့ လူကြုံ ပေးလိုက်တာ။ အရာရှိ ဆိုပေမဲ့ကွာ ॥ အိမ်ထောင်ကြီးတဲ့ သူတွေဆိုတော့ သူတို့လည်း ရတဲ့လခနဲ့ သိပ်မလောက်လှဘူးကွ။ ဖီးဂျက်ကက်က မန္တလေးမှာ ဈေးပိုရတယ်။ စစ်ပစ္စည်း ဝယ်တဲ့ ကုလားက ဆောင်းမကုန်ခင် လာဦးမယ်ဆိုရင် အမေရိကန်ဖီးဂျက်ကက် အစစ်ဆိုရင် ကြိုက်သလောက် သယ်လာခဲ့ သူအကုန်ယူမယ်လို့တောင် မှာလိုက်သေးတာ။ အဲတာအပြင် အရာရှိတွေကိုမှ ထုတ်ပေးတဲ့ စစ်ရောင်တိုက်ထွက်စ (တက်ထရက်စ) ဆိုရင်လည်း တကိုက်ကို ငါးကျပ်ပေးဝယ်တယ်လေ။ စစ်ခြင်ထောင် စစ်စောင်တွေကတော့ ရောင်းဝယ်နေတာ အောလပုံပါဘဲ" ဟု သူတို့တပ်တွင်း မိသားစုများ၏ စစ်ပစ္စည်း အရောင်းအဝယ် အခြေအနေကို ရှင်းပြတယ်။
ကြားရသည်များကို စိတ်ပျက်သည့် မျက်နှာထားဖြင့် ဖိုးသော်က ကိုတင်ငြိမ်းကို မေးလိုက်သည်။ "ခင်ဗျားတို့ တပ်ထဲမှာ စစ်ပစ္စည်းတွေ အဲသလို ထုတ်ရောင်းနေတာ အထက်လူကြီးတွေ မသိဘူးလား။ သိရင်တော့ အပြစ်ကြီးလိမ့်မယ် ထင်တယ်နော"။ ကိုတင်ငြိမ်းက ဒါမျိုးတွေ ရိုးနေပါပြီဆိုသော လေသံနဲ့ အခုလိုပြောတယ်။ "တပ်ရင်းမှူးတို့ ဘာတို့တိုက်ရိုက် သိသွားရင်တော့ အရေးယူခံရမှာပေါ့ ညီလေးရ။ ဒါပေမဲ့ ရောင်းပြီးတိုင်း ဈေးပေါတဲ့ ပစ္စည်းကို ပြန်ဝယ်ပြီး အစားထိုး သုံးရတာပေါ့။ တပ်ရင်းမှူး ကတော်လည်း သူရောင်းခြင်တဲ့အခါ စစ်ပစ္စည်းတွေ ထုတ်ရောင်း နေတာပဲလေ။ မျိုးကိုစုံလို့။ တပ်ရင်းတခုလုံး သိနေတဲ့ ဥစ္စာ။ အဲတာအပြင် သူတို့အိမ်မှာ မွေးထားတဲ့ ဝက်တွေကလည်း အကောင် နှစ်ဆယ်လောက် ရှိသေးတယ်။ ဝက်စာဘယ်ကရလဲ မမေးနဲ့။ လူပျို ဘားတိုက်တွေက တနေ့နေ့ ပိုလျှံနေတဲ့ ထမင်းတွေ ကုလားပဲဟင်းတွေက နည်းတာမှ မဟုတ်တာ။ အဲတာတွေ ယူေºကွးတာပေါ့"။ ထိုအခါ ဖိုးသော်က "တပ်ရင်းမှူးကတော်ဆိုတဲ့ အရှိန်နဲ့ လုပ်တာပေါ့လေ၊ ဟုတ်လား" ဟု အစထောင်ပြီး မေးပြန်တယ်။
ကိုတင်ငြိမ်းက "ဒါပေါ့ကွာ။ တပ်ရင်းမှူးဆိုတာ တပ်ထဲမှာတော့ ဘုရင်ပဲ ညီလေးရ။ အဲတော့ သူ့မိန်းမကိုလည်း ကြောက်ရတာပေါ့။ ညီလေးရေ ... ဝက်စာကို သူက လူပျိုဘားတိုက် စားဖိုကနေ ကိုယ်တိုင်လာယူတယ် မထင်နဲ့။ တရက်တရက်ကို သူ့အိမ်က ဝက်ခြံမှာ သွားပြီး လုပ်အားပေးရတဲ့ ရဲဘော်ဆိုတာ သုံးလေးယောက်ထက် မနည်းဘူး။ ဝက်စာတွေကို စားဖိုကနေ သယ်လာ၊ ဝက်တွေကိုေºကွး၊ ဝက်ချေးတောင် ကြုံးရသေးတယ်။ ငါတောင် တခါခါ မဲကြသေးတယ်" ဟု ဆက်ပြီးရှင်းပြတယ်။
သူတို့စစ်တပ်အတွင်းက အရှုပ်ထုပ်များကို မကြားလိုတော့၍ "ဒါတွေ ထားလိုက်ပါတော့ဗျာ။ အခုခင်ဗျားတို့က လက်နက်ခဲယမ်း လာထုတ်ထာဆိုတော့ ဘယ်လိုမျိုးတုံးဗျ။ နဲနဲလောက် ရှင်းပြစမ်းပါ" ဆိုပြီး ဖိုးသော်က စကားကို လွှဲလိုက်တယ်။ "အင်း ဒီလိုကွ။ သတ်မှတ်ထားတဲ့ အချိန် ဒါမှမဟုတ် အရေးပေါ်လိုအပ်ရင် လာပြီး ထုတ်ရတာမျိုး။ အစုံပါဘဲ။ သေနတ်၊ ကျည်ဆံ၊ လက်နက်ကြီး ကျည်တွေ၊ လက်ပစ်ဗုံး၊ မော်တာအသီးတွေ အစုံပါဘဲ။ လက်နက်ခဲယမ်းနဲ့ ပတ်သက်တာ အကုန်လုံးဆိုပါတော့"။ ဖိုးသော်က ဆက်ပြီး "အဲသလို ပစ္စည်းထုတ်ဖို့လာတော့ ခင်ဗျားတို့မှာ ခရီးစရိတ် စားစရိတ် သတ်သတ် ထပ်ရသလား" လို့မေးလိုက်တယ်။ ကိုတင်ငြိမ်းက ဒီလိုရှင်းပြပါတယ် "ဘယ်ရမှာလဲ ညီလေးရာ။ သူတို့ထားတဲ့ နေရာမှာတည်း ကြွေးတာစား ပါဘဲ။ အဲ တခုတော့ရှိတယ်။ ငါ့ကို စစ်ပစ္စည်းတွေ အရောင်းခိုင်းလိုက်တဲ့ သူတွေက ရောင်းပြီးရင် အဲသည့်အထဲက အနည်းအကျဉ်း ပေးသုံးပါတယ်။ မြို့ကို လာရတာ အမြတ်ပေါ့ကွာ။ ဟိုဟိုသည်သည် လည်ရပတ်ရ တာပေါ့"။
ဘာစိတ်ကူးရသည်မသိ ဖိုးသော်က စပ်ဖြည်းဖြည်း မျက်နှာထားဖြင့် ကိုတင်ငြိမ်းကို နှစ်ကိုယ်ကြား တိုးတိုးလေး ကပ်ပြီးမေးလိုက်တယ်။ ဖိုးသော် မေးခွန်းဆုံးတော့ ကိုတင်ငြိမ်းခမျာ လန့်ပြီးထခုန်မတတ် ဖြစ်သွားတာပေါ့။
"မပြောကောင်း မဆိုကောင်း ညီလေးရယ်။ အကိုတို့ ဒီလောက်ကြီးအထိတော့ မလုပ်ပါဘူး။ ဘယ်သူမှလည်း မလုပ်ရဲပါဘူး။ ဒီစကား ဒီမှာပျောက်နော်။ ဒါမျိုးက အင်မတန် အမှုကြီးတာ။ တခြားလူတွေ ကြားသွားလည်း မကောင်းပါဘူးကွာ။ ငါတို့ ရဲဘော်တွေကို တမျိုးထင်ကုန် ကြဦးမယ်"။
"တကယ်လား ကိုတင်ငြိမ်းရဲ့။ ကျနော်က ကြားဘူးနားဝ ရှိလို့ မေးတာပါ။ စိတ်မရှိနဲ့နော" ဟု ဖိုးသော်ကပြန်ပြီး ပိတ်လိုက်တယ်။
ကိုတင်ငြိမ်းဆီက အသံ ခဏလောက်တိတ်သွားတယ်။ တအောင့်လောက်ရှိမှ "အင်း" ဟု လေသံရှည်ကြီးဆွဲပြီး "ဒီလိုတော့ ရှိတာပေါ့ကွာ။ ရှေ့တန်းမှာနေတုံး ရွာတွေဘာတွေ ရောက်ရင် အရက်နဲ့လဲ သောက်တာမျိုး၊ ကြက်နဲ့လဲတာမျိုးတော့ ရှိတတ်တာပေါ့။ ဒို့ရဲဘော်ဆိုတာ လစာကနည်းတော့ ငွေပိုငွေလျှံမှ မရှိတာ။ သဘော ပြောရရင် ချက်အရက်တလုံးကို ကျည်ဆံတတောင့် နှစ်တောင့်၊ ကြက်ဥလေးလုံးဆိုရင် ကျည်ဆံတတောင့် စသဖြင့် လဲသောက်လဲစား တာမျိုးတွေတော့ ရှိတတ်တယ်။ ငါလည်း တခါတရံ လုပ်ဖူးပါတယ်။ ဒါပေမဲ့ ကျည်ဆံကို များများစားစား မှောင်ခိုထုတ်ရောင်းတဲ့ အထိတော့ မလုပ်ဖူးပါဘူးကွာ။ ဘုရားစူးရချည်ရဲ့။ တချို့သိပ်ခေါင်တဲ့ နေရာမျိုးဆိုရင်တော့ ရဲဘော်ပီပီ ဘာမှသိပ် မေးမနေတော့ဘူး။ ကျည်ဆံနဲ့လည်း လဲမနေ တော့ဘူး။ စားချင်ရင် ရွာထဲက ဝက်တကောင်လောက် ပစ်ထဲ့လိုက်တာဘဲ။ ညီလေး မင်းလည်းစဉ်းစား ကြည့်လေ ကြက်တကောင်ကို ကျည်ဆန်နှစ်တောင့်နဲ့ လဲတယ်။ ဒါပေမဲ့ ဝက်ဆိုရင် ကျည်ဆံအတောင့်ပေါင်း များစွာပေးလဲရမယ် ဆိုတော့ ကျည်ဆံနဲ့တော့ လဲမနေတော့ဘူး။ ပစ်သတ်စားလိုက် တာဘဲ" ဟု သူတို့စစ်တပ်ရဲ့ သဘာဝကို ပြောပြတယ်။
"အဲလို အရက်နဲ့ကြက်နဲ့ လဲလိုက်တဲ့ ကျည်ဆံကို ရွာသားတွေက ဘာလုပ်လဲဗျ။ စိတ်ဝင်စားဖို့တော့ အကောင်းသား" ဟု ဖိုးသော်က ထပ်ပြီးစပ်စု လိုက်တယ်။ "ငါထင်တာကတော့ ကျည်ဆံထိပ်ဖူးနဲ့ ယမ်းကို သူတို့တောလိုက်ရင် သုံးတဲ့ တူမီး ယမ်းထောင်းသေနတ် အတွက် ပြန်သုံးတယ်လို့ ထင်တာဘဲ" ဟု ကိုတင်ငြိမ်းက မတင်မကျ ထင်ကြေးပေးတယ်။ "ဒါပေမဲ့" ဟုဆိုကာ ကိုတင်ငြိမ်းက နှစ်ကိုယ်ကြားလေသံနဲ့ စကားကို ဆက်လိုက်တယ်" ဘာလဲဆိုတော့ တခါက ငါတို့တပ်က တပ်ခွဲမှူးဗိုလ်ကြီးတယောက် ကျည်ဆံတွေ ရောင်းစားတယ်လို့ သတင်းထွက်လာတယ်။ ဒါပေမဲ့ ဘယ်သူမှ အတိအကျ တော့ မသိပါဘူး။ ဖြစ်ပုံက ဒီလို။ တခါသားတော့ ငါတို့တပ် ရှေ့တန်းက အပြန်မှာ သူတို့တပ်ခွဲက ကျည်ဆံငါးရာပါတဲ့ ပုံးတပုံး ချောင်းအကူး ရေထဲမှာ ပါသွားတယ်လို့ ပြောကြတယ်။ တကယ်တန်းကျတော့ မဟုတ်ဖူးတဲ့။ အဲသည့် ကျည်ဆံတွေကို တပ်ခွဲမှူးက ရောင်းစားလိုက်တယ်လို့ တချို့ရဲဘော်တွေက ပြောကြတာဘဲ။ ဘယ်သင်းက ဟုတ်သလဲတော့ ငါလဲမသိဘူး ညီလေးရ" ဟု ကိုတင်ငြိမ်းက စကားကို အဆုံးသတ်လိုက်တယ်။ ဖိုးသော်ကတော့ စဉ်းစား နေတယ်။ ကျည်ဆံက ငါးရာတောင်ဆိုတော့ တူမီးသေနတ်နဲ့ တောလိုက်တဲ့ ရွာသားကတော့ အဲတာတွေကို အကုန်ဝယ်မယ် မထင်ဘူး။ သူပုန်တွေဖက်ကများ တဖက်လှည့်နဲ့ ပြန်ဝယ်လေသလားလို့ ရှာရှာဖွေဖွေ တွေးမိလိုက်တယ်။ သို့သော်လည်း ကိုတင်ငြိမ်းကို အားနာလို့ ဒီမေးခွန်းကို မမေးလိုက်တော့ပါဘူး။
အဲသည့်နောက်ပိုင်း ဖိုးသော်တယောက် ကိုတင်ငြိမ်းနဲ့ နောက်ထပ် သုံးလေးနှစ်လောက် ကြာတဲ့အထိ ထပ်မတွေ့ဖြစ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော် ကတည်းက စစ်သားများနဲ့ သူတို့မိသားစုများဟာ ဆင်းရဲတွင်း နက်ခဲ့လို့ စစ်ပစ္စည်းတွေတောင် ပြန်ရောင်းစားခဲ့ရတယ်။ အခုခေတ် မှာလည်း မထူးပါဘူး။ စစ်သားတွေနဲ့ သူတို့မိသားစုတွေဟာ ပိုလို့တောင် ဆင်းရဲမွဲတေမှု ဒဏ်ကို ခံနေကြရတယ်။ တချို့စစ်သား မိန်းမတွေဆို သူတို့ ယောက်ကျားတွေရတဲ့ လစာနဲ့ ဘယ်လိုမှ မလောက်ငှတော့လို့ မကောင်းတရောင်းတောင် လုပ်စားရတဲ့ အထိဖြစ်နေတယ်လို့ ကြားနေရတာဘဲ။ ဟိုခေတ်တုံးကထဲက ရှိနေတဲ့ အဲသည့် ဆင်းရဲတွင်းကြီးဟာ နက်နေရာကနေ တိမ်သထက် တိမ်လာရမဲ့အစား၊ ပိုပြီး နက်သထက်နက် ရှိုင်းသထက် ရှိုင်းလာပါပေါ့လားလို့ ဖိုးသော် တယောက် စဉ်းစားနေမိတယ်။
ဇော်မင်း (လူ့ဘောင်သစ်)
၁၂ ရက် ဇန်နဝါရီလ ၂ဝ၁ဝ ခုနှစ်
Friday, January 15, 2010
ကုန်သည်ကြီး ရဲဘော်တင်ငြိမ်း
Posted by ရွက်မွန် at 3:27 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment