မောင်စိုး ငါးတန်းရောက်တော့ အတန်းထဲမှာ မောင်စိုးဆိုပြီး နာမည်တူ ကျောင်းသားက သုံးယောက် ဖြစ်နေ တယ်။ ဒါ့ကြောင့် အတန်းပိုင်ဆရာမ ဒေါ်လှမြင့်က မောင်စိုး (၁)၊ မောင်စိုး (၂)၊ မောင်စိုး (၃) ဆိုပြီး သတ်မှတ် ရတော့တာပေါ့။ ဒါ့ကြောင့် မနက်တိုင်း ကျောင်းခေါ်ချိန်စာရင်း အော်ခေါ်ရင် ကိုယ့်နံပါတ်အလိုက် ရှိပါတယ် ခင်ဗျာ့ ဆိုပြီး ပြန်ထူးရတယ်။ မောင်စိုးကတော့ မောင်စိုး (၃) လို့ စာရင်းပေါက်ပါတယ်။ ဒါတောင် "စိုး" ပါတဲ့ ကျောင်းသားတွေ အတန်းထဲမှာ အများကြီး ရှိနေသေးတယ်။ ကြည့်ဦးလေ နာမည်တွေ ကလည်း အောင်စိုးတဲ့၊ မြင့်စိုးတဲ့၊ စိုးလွင်တဲ့၊ ကျော်စိုးတဲ့၊ စိုးနိုင်တဲ့။ ဒါတွင်ပဲ ပြီးပလားဆိုတော့ မပြီးသေးဖူး။ ခင်စိုးမိုးနဲ့ လှလှစိုးဆိုတဲ့ မိန်းကလေး နှစ်ယောက် ကလည်း စိုးဂိုဏ်းကြီးထဲမှာ ပါနေသေးတယ်။
မနက်ပိုင်း ကျောင်းခေါ်ချိန် ခေါ်ပြီးတိုင်း ဆရာမဒေါ်လှမြင့်က "ငါ့အတန်းကတော့ ဒီနှစ် ဘာဖြစ်မလဲ မသိဖူး။ စိုးတွေက များလွန်းလို့။ နာမည်နဲ့လိုက်အောင် ဆိုးရင်တေရင်တော့၊ တွေ့လား ဒီမှာ။ ငါ့ကြိမ်လုံးသာ ကြည့်ထား ကြ" ဆိုပြီး စိုးဂိုဏ်းဝင်တွေကို ကြိုတင်ပြီး ဝမ်နင်ပေးလေ့ ရှိသေးတယ်။ "အဲတာနော်၊ ဒီလောက်ပြောထားလို့မှ မမှတ်ရင်၊ ဆရာမကြီး ရုံးခန်းကို ရောက်ပြီသာမှတ်" ဆိုပြီးလည်း ထပ်ဖြည့်ပြီး ခြိမ်းခြောက်လိုက်သေးတယ်။ တကယ်တန်းတော့ သဘောကောင်းလွန်းတဲ့ ဆရာမ ဒေါ်လှမြင့်ကို ဘယ်အတန်းသားကမှ ကြောက်တယ်ရယ်လို့ မရှိပါဖူး။ သို့သော်လည်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ကစ်တီ ကိုတော့ ကိုးတန်းဆယ်တန်းက ကျောင်းသားကြီး တွေ အပါအဝင် ကျောင်းသား အားလုံးက အလွန်ကြောက်ကြတယ်။ ဆရာမကြီးက အိုင်းရစ်ရှ်သွေး တဝက်နဲ့ မြန်မာသွေးတဝက် ပါသူဖြစ်တယ်။ စည်းကမ်းကလည်း သိပ်ကြီးတယ်။ သူကိုင်တဲ့ ကြိမ်လုံးကြီးက ကျောင်း မှာ အတုတ်ဆုံး။ ဒါ့အပြင် ဆရာမကြီးရဲ့ ထူးခြားချက် တခုက ဘာတုန်း ဆိုတော့ အမျိုးသမီးဆိုပေမဲ့ လက်ဖျံရိုးကြီးက တုတ်ခိုင် လွန်းလှတယ်။ ဒါ့ကြောင့် ကျောင်းသား လေးဆယ်လောက်ကို ဖောလင်းစီပြီး လက်ပမ်းမကျဘဲ တဖြောင်းဖြောင်းနဲ့ ဆက်တိုက်ရိုက်သွားနိုင်လို့ ကြောက်ကြရတာကိုး။
အဲ မောင်စိုးတို့ သုံးယောက်ကို ဆရာမက တစ်၊ နှစ်၊ သုံး လို့သတ်မှတ်ထားပေမဲ့ အတန်းသားတွေ ကတော့ မောင်စိုး (၁)၊ မောင်စိုး (၂)၊ မောင်စိုး (၃) ဆိုပြီး ဘယ်သူကမှ မခေါ်ပါဖူး။ နာမည်ပြောင်တွေ ကိုသာ ခေါ်ကြ တယ်။ မောင်စိုး (၁) ရဲ့ နာမည်ပြောင်က "ကိတ်စိုး"တဲ့။ ကိတ်စိုးဖြစ်ရခြင်းက ဒီလို။ သူ့မိဘတွေက လက်ဖက် ရည်ဆိုင် ထောင်ထားရင်းနဲ့ ကိတ်မုန့်ဖိုကိုလည်း တွဲထားတယ်။ ဆိုင်က ကြီးလှတယ် မဟုတ်ပေမဲ့ သူတို့မြို့ သူတို့ အထွာနဲ့တော့ မဆိုးဖူးပေါ့။ မောင်စိုးက ပိုနေတဲ့ ကိတ်မုန့် ဘေးသားတွေကို သတင်းစာစက္ကူနဲ့ ထုပ်ယူလာပြီး စိုးဂိုဏ်းသားတွေကို ကြင်နာလေ့ ရှိတာကြောင့် ကိတ်စိုးဆိုပြီး ဖြစ်လာတာ။ သူတို့မုန့်ဖိုက သုံးထပ်ကိတ်ဆိုတာ အဲသည့်ခေတ်တုန်းက မြို့မှာနာမည် ကြီးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ လက်ဖက်ရည်တိုက်ရင် သုံးထပ်ကိတ်က မပါမဖြစ် ပါရတယ်။ အဝါရောင်ရယ်၊ ပန်းရောင်ရယ်၊ အညိုရောင်ရယ် သုံးထပ်။ တထပ်နဲ့ တထပ်ကြားထဲမှာ မလှိုင်အနှစ်တွေ ခံထားတော့ စားလို့ကလည်း ကောင်းပေါ့လေ။
မောင်စိုး (၂) ရဲ့ နာမည်ပြောင်ကတော့ "ယောင်းမ" တဲ့။ ထမင်းချက်တဲ့ ယောင်းမကြီးကို လွယ်အိတ်ထဲ ထည့်ပြီးကျောင်းကို ယူလာလို့ တွင်သွားတဲ့နာမည်။ သူ့အမေက သူ့ကိုထမင်းအိုး ခဏခဏကြည့်ခိုင်းတယ်။ ယောက်ကျားလေး ထုံးစံဆိုတော့ ထမင်းချက်တဲ့ အလုပ်ကို မလုပ်ချင်ဖူး။ ဒါနဲ့ တရက်ကြတော့ ကျောင်း မသွားခင် ယောင်းမကြီးကို လွယ်အိတ်ထဲ ခိုးထည့်ထားပြီး "ဗျို့အမေ ထမင်းအိုးမွှေဖို့ ယောင်းမ ရှာမတွေ့ဖူးဗျ။ ကျောင်းချိန်လဲ နီးနေပြီ။ အမေဟာ့ အမေပဲ ကြည့်လိုက် တော့" ဆိုပြီး တပတ်ရိုက်တယ်။ သို့သော်လည်း ငါးတန်း ကျောင်းသား လောက်က လူလည် လုပ်တာတော့ သူ့အမေက ဒါမျိုးရိုးနေပြီဆိုတဲ့လေနဲ့ "ရော့ ယောင်းမရှိရင် ဒီကြေးဇွန်းနဲ့မွှေ" ဆိုပြီး ပြောရင်း ခေါင်းကိုပါ သုံးလေးချက် ခေါက်လိုက်သေးတယ်။ ဒါနဲ့ ယောင်းမကြီး ကျောင်းကို ပါလာတာ။
မောင်စိုး (၃) ကိုတော့ အတန်းသားတွေက "ဘူးယို" လို့ခေါ်တယ်။ သူတို့ခေတ်တုန်းက လေးတန်းအောင်ပြီး ငါးတန်း ရောက်မှ အင်္ဂလိပ်စာ စသင်ရတယ်။ မောင်စိုးက အင်္ဂလိပ်လိုပြောဖို့ အလွန် လျှာယားတဲ့ကောင်။ ဆရာမ ဒေါ်လှမြင့် အင်္ဂလိပ်စာသင်လို့ နောက်က လိုက်ဆိုရပြီဆိုရင် သင်းအသံက အကျယ်ဆုံး။ အင်္ဂလိပ် သီချင်း ဆိုကြပြီဆိုရင်လည်း သူ့အသံက သူတကာထက် ပိုကျယ်တယ်။ "ဘလက်အိုင်း ဆူးဇင်၊ ဘလက်အိုင်း ဆူးဇင်၊ ဟောင်းအာယူ၊ ဟောင်းအာယူ" ဆိုပြီး စွတ်အော်တော့တာ။ တကယ်တန်းတော့ သူကော အတန်းသား အားလုံးပါ အဓိပ္ပါယ်ကို နားလည် သေးတာ မဟုတ်ဖူး။ အဲတာအပြင် ဘူးယို နာမည်ရဖို့ နောက်တချက်လည်း ရှိသေးတယ်။ ကိုးတန်းဆယ်တန်း ကျောင်းသား တွေတောင် နုတ်ဆက်ဖို့ အသာထား မော်တောင်မကြည့်ရဲတဲ့ ဆရာမကြီး ဒေါ်ကစ်တီနဲ့ ကျောင်းစင်္ကြန်လမ်းမှာ ဆုံတိုင်း ဘူးယိုက အချိန်ကိုလိုက်ပြိး "ဂွဒ်မောနင်း တီချာ"၊ "ဂွဒ်အားဖတားနူး တီချာ" ဆိုပြီး လက်ကလေးပိုက်ပြီး မကြောက်မရွံ့ နှုတ်ဆက်တယ်။ ဘေးကမြင်ရတဲ့ ကျောင်းသားတွေ ကတော့ ဘူးယိုတကောင် ဘိုရူးထတာကို အမြင်ကပ်ကြတယ်။ ဒါ့အပြင် ဆရာမကြီး မျက်စေ့ နောက်တာနဲ့ ဘယ်အချိန် ဒီကောင် ကြိမ်လုံးစာ မိမလဲဆိုပြီး ဝိုင်းကြည့် ကြတာပေါ့။ သို့သော် ဒီနေရာ မှာတော့ ကျောင်းသားတွေ တွက်ထားတာ လွဲသွားတယ်။ ဆရာမကြီးက အဲသလို ပြောရဲဆိုရဲရှိတဲ့ ငါးတန်း ကျောင်းသား လေးကို နောင်မှာ တောက်မဲ့မီးခဲ တရဲရဲဆိုပြီး သဘောတောင် ကျသေးတယ်။
ပြောရရင် မောင်စိုးသုံးယောက်ဟာ ကိတ်စိုး၊ ယောင်းမနဲ့ ဘူးယို ဆိုပြီး ဖြစ်လာကြတယ်။ ကိတ်စိုး ကတော့ ကြုံရင်ကြုံသလို ကိတ်မုန့်ဘေးသားတွေ ထုပ်ယူလာပြီး သူငယ်ချင်းတွေကို ဒါနပြုတာ ဆယ်တန်းကျောင်းသား တွေ ဖြစ်တဲ့အထိပါပဲ။ ဒါ့အပြင် ကိတ်စိုးတို့ လဖက်ရည်ဆိုင်ကို သွားထိုင်ဖြစ်လို့ ကိတ်စိုးကောင်တာ ထိုင်နေ တဲ့အချိန်ဆိုရင် သူတို့သူငယ်ချင်းတွေဆီက ဘယ်တော့မှ လဖက်ရည်ဖိုးမယူဖူး။ အလကားတိုက်တာပဲ။ ကိတ်စိုးဟာ သူငယ်ချင်းတွေ အပေါ်မှာ ရက်ရောတယ်။ စေတနာလည်း ကောင်းတယ်လို့ ပြောနိုင်တာပေါ့။ ယောင်းမလည်း ဆယ်တန်းကျောင်းသားကြီး ဖြစ်နေပေမဲ့ သူ့အိမ်မှာ ထမင်းချက်ရတဲ့ တာဝန်ကို ယူနေရတုန်း။ ဘူးယိုကတော့ ထုံးစံအတိုင်းပါပဲ တခါတခါ မျက်စေ့လည် လမ်းမှားလာတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တွေကို အင်္ဂလိပ်စကား လိုက်ပြောနေတုန်း။ ဟုတ်တယ်လေ ပြောရဲဆိုရဲရှိမှ အင်္ဂလိပ်စကားက တတ်မှာကိုး။
ဘူးယိုတို့မိဘတွေက အစိုးရဝန်ထမ်းတွေဆိုတော့ တက္ကသိုလ်တက်မဲ့နှစ်မှာ သူတို့ရန်ကုန်ကို ပြောင်းရတယ်။ ဘူးယိုလည်း စိုးဂိုဏ်းသားတွေနဲ့ အဲဒီကတည်း ကွဲသွားလိုက်တာ နှစ်ပေါင်းသုံးဆယ် အတွင်း မြို့ကို နှစ်ခေါက် သုံးခေါက် လောက်ပဲ ပြန်ရောက်ဖြစ်တယ်။ ယောင်းမကတော့ ကျောင်းဆရာ ဖြစ်နေတယ်။ ကိတ်စိုးကတော့ စီးပွားတက်လာလိုက်တာ အခုသူတို့မြို့မှာ အချမ်းသာဆုံးလို့တောင် ပြောလို့ရတယ်လို့ သတင်းတွေကြားရ တယ်။ ကိတ်စိုးသတင်းကြားရတော့ ဘူးယိုလည်း သူငယ်ချင်း အတွက် မုဒိတာ ပွားမိတယ်။ ကိတ်စိုးက ငယ်ငယ် ကတည်းက သူငယ်ချင်းတွေ အပေါ်မှာ ရက်ရော သဘောကောင်းသူ ဖြစ်လေတော့ ကြီးပွားတာ ကြီးပွား ထိုက်တယ်လို့ ဘူးယိုကမှတ်ယူတယ်။
ပြောရဲဆိုရဲ စရိုက်ရှိတဲ့ ဘူးယိုကတော့ ရန်ကုန်မှာ တိုးရစ်ဂိုက်လုပ်ရင်း ဘဝကို ကျောင်းနေတယ်။ အခုတော့ လာသမျှ ဧည့်သည် နိုင်ငံခြားသားတွေနဲ့ သူ့စိတ်ကြိုက် အင်္ဂလိပ်စကား ပြောနိုင်နေပြီပေါ့။
ဒီနှစ်တော့ နိုင်ငံခြားသား ဧည့်သည်တွေကို လိုက်ပို့ရင်း ခရီးကလည်းကြုံတာမို့ ဘူးယိုတယောက် မြို့လေးကို အလည်ပြန်ဖြစ်သွားတယ်။ အိမ်ပေါက်စေ့ဆိုသလို သူငယ်ချင်းတွေကို လိုက်တွေ့တယ်။ သို့သော် ကိတ်စိုး တယောက်ကတော့ ခရီးထွက်နေလို့ ဆိုလား မတွေ့ရသေးဖူး။ တညနေကြတော့ ယောင်းမအိမ်မှာ ဘူးယိုနဲ့ တခြားငယ်သူချင်းတွေ စုဆုံရင်း ပလောင်ထင်း ကြတယ်။ ရှေးဟောင်း နှောင်းဖြစ်တွေကို ပြန်ပြောပြီး ရယ်ကြ၊ မောကြ၊ လွမ်းကြ၊ ဆွေးကြတယ်။ သူတို့ ငယ်ငယ်တုန်းကလို မဟုတ်ဘဲ လူတွေဆင်းရဲသထက် ဆင်းရဲလာတာနဲ့ ပတ်သက်ပြီး အစိုးရမကောင်းကြောင်း ပြောရတာ ကတော့ အရက်ဝိုင်းမှာ အကောင်းဆုံး အမြည်းတခုလို့ ဆိုရမှာပဲ။
"ကိတ်စိုးကတော့ အခုလိုကြီးပွားလာတာ သူ့စေတနာ သူအကျိုးပေးတယ်လို့ ပြောရမှာပေါ့ကွာ။ ဒီကောင်က ငယ်ငယ်ကတည်းက လူတကာအပေါ် စေတနာရှိတဲ့ကောင်။ သူငယ်ချင်းတွေဆို ပိုပြီးတောင် ရက်ရောသေး တာ။ ငါရန်ကုန် မပြန်ခင်တော့ ဒီကောင့်ကို တွေ့ဖြစ်အောင် တွေ့သွား ဦးမယ်။ ကိုယ့်ငယ်သူငယ်ချင်းတွေနဲ့ တခေါက် တခေါက် ဆုံဖြစ်ဖို့ဆိုတာ မလွယ်ဖူးမို့လား" လို့ ဘူးယိုက ဖန်ခွက်ထဲက အရက်ကို ရွှတ်ကနဲ အသံ မြည်အောင် စုတ်လိုက်ရင်း စကားအစပျိုး လိုက်တယ်။ ကျန်တဲ့ သူငယ်ချင်းများက မျက်လုံးအဝိုင်းသားနဲ့ ဘူးယို ကို ခေတ်နောက်ကျ လေခြင်း ဆိုတဲ့ အကြည့်နဲ့ ဝိုင်းကြည့်နေကြတယ်။
ယောင်းမက အင်းကနဲ သက်ပြင်းရှည်ကြီးခြရင်း "မင်းဒီကောင့်ကို သွားတွေ့လည်း တွေ့ပေါ့ကွာ။ ငယ်သူငယ်ချင်း တွေပဲ။ ဒါပေမဲ့ ဒီလိုကွ ဘူးယိုရ။ မင်းထင်နေတာတွေ အတော်လေး လွဲနေတယ်" ဆိုပြီး စကားကို စလိုက်တယ်။ "သူတို့ လဖက်ရည်ဆိုင်နဲ့ မုန့်ဖိုကနေတဆင့် မှန်မှန်ကန်ကန် ကြီးပွား လာတာမျိုး မဟုတ်ဖူး။ မင်းလဲသိတဲ့ အတိုင်းပဲလေ။ ဒီခေတ်ကြီးမှာ အဆက်အသွယ်နဲ့ အကာ အကွယ်က စီးပွားရေးလုပ်ငန်း မှန်သမျှအတွက် အရေးကြီးတယ်ဆိုတာ မင်းလည်း သိသားပဲ။ ကိတ်စိုး ဦးလေးတယောက်က ဗိုလ်မှူးကြီးကွ။ သူ့ဦးလေး ဒီမြို့ကို လူကြီးအဖြစ် ပြောင်းလာကတည်းက ကိတ်စိုးတို့ စီးပွားရေး စထောင်တက် လာတာပဲ။ အခုဆိုရင် သူ့ဦးလေး အရှိန်ကြောင့် အင်းလေလံ ဆွဲလည်း နှစ်တိုင်း ကိတ်စိုးရတာပဲ။ ကားဟောင်းတွေ လေလံပစ်ပြီ ဆိုရင်လည်း ကိတ်စိုးပဲ ရတာပဲ။ မြို့တော်ခန်းမကို အသစ်ပြန်ဆောက် တုန်းကလည်း ကိတ်စိုးပဲ ကန်ထရိုက် ရခဲ့တာ။ နှစ်တရာဘုန်းကြီးကျောင်း ဖက်ကို ကတ္တရာလမ်း ဖောက်တုန်းကလည်း ကိတ်စိုးပဲ ကန်ထရိုက်ရတာ။ ကားလမ်း အရှည်က မိုင်သုံးဆယ်လောက် ဆိုပေမဲ့ အဲတာကို အမှီပြုပြီး ရခဲ့တာ တွေက နည်းတာမှ မဟုတ်တာ။ နောက်ဆုံးကွာ အင်းထဲက ရာသီလက်ကျန် ငါးအသေးအမွှား ကိုတောင် ရွာနီးချုပ်စပ်က လက်လုပ်လက်စား တံငါသယ်လေးတွေ ဟိုတုန်းကလို ဖမ်းခွင့်မရတော့ဖူး။ သူ့ကုမ္ပဏီက ချုပ်ထား လိုက်တော့ ငါးသေးခြောက် လုပ်တာတောင် တခြားသူတွေ လုပ်ခွင့်မရတော့ဖူးကွ။ အခုဒို့မြို့ရဲ့ တခုတည်းသော ဓာတ်ဆီဆိုင်ကလည်း သူပိုင်ဖြစ်သွားပြီ။ မီးစက်နဲ့ ထော်လာဂျီတွေကို ဆိုင်ဖွင့်ပြီး ရောင်းနိုင်တာလည်း သူ့တဆိုင်ပဲ ရှိတယ်။ အဲ သူ့ညီမ ကတော့ ဆိုင်မန်နေဂျာပေါ့။ သူ့ဦးလေး ဗိုလ်မှူးကြီးနဲ့သူ နှစ်ယောက်ခွဲစား နေတယ်လို့ ပြောလည်း ရတာ ပေါ့ ကွာ။ နောက်တခုကလည်း သူ့ဦးလေးဆီက လက်မှတ်တို့ဘာတို့ ထောက်ခံစာတို့ ရဖို့ဆိုရင် စီးပွားရေးသမားတွေ အနေနဲ့ ကိတ်စိုးကို အရင်ချဉ်းကပ်မှ အဆင်ပြေတာကွ" ဟု ယောင်းမက ဘူးယိုကို ရှည်လျှားစွာ ရှင်းပြ လိုက် တယ်။
တခြားသူငယ်ချင်းများကလည်း ယောင်းမပြောတာ ဟုတ်မှန်ကြောင်း တယောက်တပေါက် ဝင်ပြောကြတယ်။ ယောင်းမကဆက်ပြီး "ဒီကောင့်မှာ ငယ်ငယ်တုန်းကလို ရက်ရော စေတနာကောင်းတဲ့ စိတ်မျိုး မရှိတော့ဖူးကွ။ ဒို့တမြို့ လုံးရဲ့ အရေးပါတဲ့ စီးပွားရေး ခွင်မှန်သမျှ သူ့လက်ထဲ ရောက်ကုန်ပြီလို့ ပြောလည်း ရတယ်။ မင်းတို့ ငါတို့ရဲ့ အရင်တုန်းက "ကိတ်စိုး" ဆိုတာ သေသွားပြီ သူငယ်ချင်း။ မရှိတော့ဖူး။ အခုသူက ကိတ်စိုး မဟုတ် တော့ဖူး။ "ကြိတ်စိုး" ဖြစ်နေပြီ။ ကောင်းတာမှန်သမျှ သူချည်းပဲ ကြိတ်နေဝါးနေတော့ တာကိုး" ဟုပြောရင်း ဖန်ခွက်ထဲက အရက်ကို တကျိုက် ကျိုက်ချ လိုက်တယ်။
ဒီတော့မှ ကိတ်စိုး ဘာကြောင့် အကြီးအကျယ် ချမ်းသာနေသလဲ ဆိုတာကို ဘူးယို သဘောပေါက် တော့တယ်။ အင်းပေါ့လေ အရင်းအနှီးမရှိဘဲ အချိန်တိုတို အတွင်းမှာ သူတကာထက် ကြီးပွားဖို့ ချမ်းသာဖို့ဆိုတဲ့ ဖိစီးမှုတွေက ကိတ်စိုး ဆိုတဲ့ လူတယောက်ကို သေဆုံးစေခဲ့ပြီး ကြိတ်စိုး ဆိုတာကို ပြန်လည်မွေးဖွား ပေးလိုက်တာကိုး။
ဇော်မင်း (လူ့ဘောင်သစ်)
၁၄ ရက် မေလ ၂ဝ၁ဝ ခုနှစ်
Tuesday, May 18, 2010
ကိတ်စိုးမှ ကြိတ်စိုးသို့
Posted by ရွက်မွန် at 7:24 AM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
ကြိတ်စိုးများ ဘေးမှကင်းလွတ်ကြပါစေ။
Post a Comment