ကမ္ဘာကြီးတခုလုံး ပိုပြီးပူနွေးလာတယ်ဆိုတာ ဒီနှစ်ပိုင်းတွေမှာ အပြောများနေတဲ့ ကိစ္စဆိုတာ လူတိုင်းလည်း သိပြီးသားပါ။ ဒီကိစ္စမှာ အဓိကပြဿနာ ဖန်ဆင်းရှင်ကတော့ စက်မှုနိုင်ငံကြီးတွေပဲ ဖြစ်ပါတယ်။ ၁၉ ရာစုကစလို့ ၂ဝ ရာစုကို ဖြတ်ကျော်ပြီး ၂၁ ရာစုအတွင်း စက်ရုံအမျိုးစား ပေါင်းစုံတွေက ထုတ်လွှင့်နေတဲ့ ကာဗွန်ဒိုင် အောက် ဆိုက် အခိုးအငွေ့ တွေက နည်းတာမှ မဟုတ်တော့တာ။
စက်မှုနိုင်ငံကြီးတွေလို့ ဆိုလိုက်တော့ အနောက်နိုင်ငံတွေကို မျက်စေ့ထဲပြေးမြင်လေ့ ရှိပါတယ်။ အရင်ကတော့ ဟုတ်ပါတယ်။ စက်မှုဆိုတာ အနောက်နိုင်ငံတွေရဲ့ ပုံရိပ်တွေကိုး။ အခုတော့ အနောက် နိုင်ငံတွေတင် မဟုတ် တော့ပါဖူး။ အာရှတိုက်က စက်မှုဖွံ့ဖြိုးလာနေတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား စတာတွေလည်း ဒီစာရင်းထဲမှာ ပါလာနေပါပြီ။ ရုရှားနိုင်ငံလည်း ဒီအထဲမှာ ပါပါသေးတယ်။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်တဲ့ စက်ရုံတွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို အတော်လေး ဆိုးဆိုးဝါးဝါး ထုတ်လုပ်ပါတယ်။ ကမ္ဘာမှာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှင့်နေတာ တရုတ်ပြည်ဟာ ဒုတိယအများဆုံး လို့လည်း စွပ်စွဲကြပါတယ်။ အမေရိကန်ကတော့ ပထမနေရာမှာပါ။ အနှစ်နှစ်ဆယ် အတွင်း ကျောက်မီးသွေး ကနေတဆင့် စွမ်းအင် ထုတ်လုပ်တဲ့ စနစ်ကို တခြားစနစ်တွေနဲ့ အစားထိုးဖို့ တရုတ်က ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဘယ်အဆင့်အထိ အောင်မြင်မှာလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ နောက်တချက်ကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ မော်တော်ကားတွေ များသထက် များလာ တာကလည်း ကာဗွန်ဒိုင်အောက်ဆိုက် လေထုထဲမှာ ပိုများလာစေတဲ့ အကြောင်းရင်းထဲမှာ ပါပါတယ်။
တခါ မေ့ထားလို့ မရတဲ့ အရေးကြီးတဲ့ နောက်တချက်ကတော့ သစ်တောတွေ ပြုန်းတီးကုန်တဲ့ ကိစ္စပဲ ဖြစ်ပါ တယ်။ ကမ္ဘာမှာ နာမည်ကျော်တဲ့ ဘရာဇီးနိုင်ငံက အီကွေတာ သစ်တောကြီးဟာ ခေတ်အဆက်ဆက် လုပ်ကိုင်လာတဲ့ သစ်ထုတ်လုပ်ငန်းကြောင့် သစ်တောတွေ ပါးလားတာကို ရင်ဆိုင်နေရပါတယ်။ သစ်ခုတ်တဲ့ ကိစ္စကလည်း အခြေခံအားဖြင့် ကိစ္စနှစ်မျိုးနဲ့ ပတ်သက်နေပါတယ်။ ပထမ အချက်ကတော့ အဆောက်အဦ တွေမှာ သုံးဖို့နဲ့ အထွေထွေ လူသုံးပစ္စည်းတွေ ထုတ်လုပ်ဖို့ ခုတ်ရောင်းကြတာပါ။ သစ်လုံးကို ရောင်းတယ် ဆိုတာက ငွေဖြစ်မြန်တဲ့ အလုပ်ပါ။ သစ်လုံးဆိုတာ ဆန်စပါးလို ပုတ်သိုးလွယ်တဲ့ ကုန်ပစ္စည်းမျိုးလည်း မဟုတ်ပါဖူး။ နိုင်ငံတိုင်းက လိုချင်နေတဲ့ ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ သစ်တွေ ဈေးကျသွားတယ်ဆိုတာ တယ်ပြီးမရှိလှပါဖူး။
ဒုတိယ အကြောင်းအရင်းကတော့ ဘရာဇီးနိုင်ငံမှာ သစ်တောတွေကို ဧကထောင်နဲ့ သောင်းနဲ့ချီပြီး ခုတ်တာက စိုက်ပျိုးရေးအတွက် ဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ စိုက်ပျိုးရေး ပရောဂျက် လုပ်ငန်းတွေ လုပ်ဖို့ သစ်တောကို ရှင်းတာပါ။ ကော်ဖီတို့ ကြံတို့ အစရှိတာတွေကို စိုက်ပျိုးဖို့ ဖြစ်ပါတယ်။ တဖက်မှာ ပြန်ကြည့်ရင်လည်း အဲသလို ကော်ဖီတို့ ကြံတို့ စိုက်ပျိုးဖို့ လာရောက်ရင်းနှီးမြုတ်နှံတဲ့ သူတွေက စက်မှုထွန်းကားပြီးသား နိုင်ငံတွေက အရင်း အနှီးကြီးကြီး ပိုင်ဆိုင်သူ တွေဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံသားတွေကတော့ အဲသည့် စိုက်ခင်းများမှာ လုပ်သား ဘဝနဲ့ပဲ အလုပ်လုပ်ရသူတွေ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အီကွေတာ သစ်တောကြီးဟာ မြန်မာနိုင်ငံက သစ်တောထက် အဆပေါင်း ထောင်ချီပြီး ကျယ်ပြန့်ပါတယ်။ အခု သူတို့တောင် သစ်တောပြုန်းတီးတာကို ရင်ဆိုင်နေရတယ်ဆိုရင် မြန်မာပြည်လို နိုင်ငံငယ် လေးတွေက ပိုဆိုးတယ်လို့တောင် ပြောနိုင်ပါတယ်။
မလေးရှားမှာလည်း ဆီအုန်းထုတ်ဖို့ သစ်တောတွေကို ရှင်းပြီး ဆီအုန်းစိုက်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှားဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဆီအုန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ အရွယ်အစားအရ ဘရာဇီးနဲ့ ယှဉ်ဖို့အသာထား မြန်မာပြည်ထက်တောင် သေးငယ်ပါတယ်။ သူတို့ကတော့ သစ်တွေကိုခုတ် သစ်လုံးတွေ တိုက်ရိုက်ထုတ်ပြီး ရောင်းစားခဲ့လို့ အဲသည့်ဆိုးကျိုးအဖြစ် ကမ္ဘောဒီးယားနိုင်ငံရဲ့ သစ်တောပမာဏဟာ ၁၁% ပဲ ကျန်ပါ တော့တယ်။ ၈၉% သော သစ်တောများ မျိုးပြုတ်သွားခဲ့ပါပြီ။
သစ်ပင်ဆိုတာတွေက လေထုထဲကို ရောက်လာတဲ့ ပိုလျှံနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်တွေကို စုပ်ယူပေး ပါတယ်။ ကျွမ်းကျင်သူများ အဆိုအရ သာမန်အိမ်ခြံဝင်းတခုထဲမှာ ပေါက်နေတဲ့ အမြင့် ၁၂ ပေ ခန့်ရှိပြီး သစ်ရွက် များနဲ့ ဝေဆာနေတဲ့ သစ်ပင်တပင်ဟာ အဲသည်ခြံကလေးထဲက မိသားစုဝင် လေးဦးအတွက် မလိုလားအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူပေးနိုင်တယ်လို့ ဆိုပါတယ်။
အခု ကမ္ဘာကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုက် အငွေ့တွေက ပိုပြီးသိပ်သည်းလာပါတယ်။ သစ်တောတွေလည်း ပြုန်းသထက် ပြုန်းလာနေပါတယ်။ သစ်တောတွေ ပါးလာတော့ အကျိုးဆက်အဖြစ် အဲသည့် ကာဗွန်ဒိုင် အောက်ဆိုက် တွေကို လိုအပ်တဲ့ ပမာဏာတခုအထိ စုပ်ယူဖို့ လက်ကျန် သစ်တောတွေက မတတ်နိုင်တော့ပါဖူး။ ဒါ့ကြောင့် ကမ္ဘာ့လေထု အထက်လွှာထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ခိုအောင်း ထူထပ်လာ ပါတယ်။
နေရောင်ခြည်ဟာ ကမ္ဘာကိုတိုက်ရိုက် ထိမှန်သက်ဆင်းပါတယ်။ နေရောင်ခြည်နဲ့အတူ ပါလာတဲ့ အပူဓာတ်ဟာ ကမ္ဘာကို ထိမှန်ပြီးရင် အာကာသထဲကို ပြန်တက်လေ့ ရှိပါတယ်။ သို့သော်လည်း ကမ္ဘာ့ အထက်လွှာလေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်တွေက ပိတ်ဆို့ထားနေတော့ အပူဓာတ်ဟာ အာကာသထဲကို ပြန်မရောက်နိုင်ဘဲ ကြားထဲမှာ အောင်းသွားရပါတယ်။ အဲသလို အပူဓာတ်တွေ အောင်းလာရတဲ့ နှစ်တွေ တဖြည်းဖြည်းနဲ့ များလာ တော့ ကမ္ဘာကြီးပိုမို ပူနွေးလာတယ်လို့ ဖြစ်ရပါတယ်။ ကမ္ဘာကြီးပိုမို ပူနွေးလာတော့ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်ဆင်းလာပါတယ်။ အဲသည့်အခါမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာကို ရင်ဆိုင်ရ ပါတယ်။ အဲသည့် ဆိုးကျိုးကို လက်ရှိမှာ တိုက်ရိုက်ခံစားနေရတဲ့ နိုင်ငံတွေ ကတော့ ပစိဖိတ် သမုဒ္ဒရာထဲက မြေနိမ့်တဲ့ ကျွန်းနိုင်ငံငယ် လေးတွေ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ပင်လယ်ရေပြင် ဆက်ပြီး မြင့်တက်လာမယ်ဆိုရင် နောင်အနှစ်နှစ်ဆယ်အတွင်း အဲသည့် ကျွန်းနိုင်ငံငယ်လေးတွေ ကမ္ဘာပေါ် ကနေ အပြီးတိုင် ပျောက်ကွယ်သွားတော့မှာ မလွဲပါဖူး။
ဒီလို ပြဿနာတွေ ဖြစ်နေတဲ့ ကြားထဲမှာ မီဂါဆည်ကြီးတွေ၊ ရေကာတာအကြီးစားတွေ တည်ဆောက်ခြင်း ကလည်း သဘာဝပတ်ဝန်းကျင်ကို ထပ်မံ ပျက်စီးစေပြန်ပါတယ်။ ဆည်ကြီးတွေ တည်ဆောက်တဲ့အတွက် သစ်တောတွေ ရေအောက်ရောက် ကုန်ပါတယ်။ အထက်ပိုင်းမှာ ဆည်ကြီးတွေ တည်ဆောက်တဲ့အတွက် အောက်ပိုင်း ပင်လယ်ထဲကို စီးဝင်တဲ့ နေရာမှာ မြစ်လမ်းကြောင်းရဲ့ ရေချိုရေအမြင့်ဟာ နိမ့်ကျလျှော့ပါး သွားပါတယ်။ အဲတာကြောင့် မြင့်တက် လာနေတဲ့ ပင်လယ်ဆားငံရေဟာ ပင်လယ်ဝကနေ အထက်ပိုင်းအထိ တိုးဝင်လာဖို့ အခွင့်အရေး ရလာပါတယ်။ ဒီအခြေအနေဟာ အခုအထိ မပြောပလောက်သေးဖူးလို့ ဆိုပေမဲ့ ဒီအတိုင်းသာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် နောင်လာမဲ့ အနှစ်နှစ်ဆယ် သုံးဆယ်အတွင်းမှာ ပင်လယ်ရေငံ တွေဟာ အထက်ပိုင်းကို တစတစ တဖြည်းတဖြည်းနဲ့ ရောက်လာတော့မှာပါ။
ပင်လယ်ရေမြင့်တက်လာခြင်းကြောင့် နောင်လာမဲ့ အနှစ်သုံးဆယ် (သို့) လေးဆယ်အတွင်း ဗီယက်နမ် နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ၃ဝ% လောက်ဟာ ဆားငံရေ ဖုံးလွှမ်းသွားတော့မှာမို့ နိုင်ငံရဲ့ ဆန်ထွက်နှုန်း အကြီး အကျယ် ကျဆင်းလာမယ်လို့ ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြထား ပါတယ်။ ဒါတွေအားလုံးဟာ သစ်တောတွေ ပြုန်းတီးရာက စခဲ့တဲ့ ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းဆိုတဲ့ ပြဿနာရဲ့ ဆွဲခေါ်မှုလို့ ဆိုနိုင်ပါတယ်။
နောက်တချက်ကတော့ ဒီလိုပါ။ ကမ္ဘာကြီး ပိုမိုပူနွေးလာတော့ လေဖိအားနည်း ရပ်ဝန်းတွေ ဟိုမှာဒီမှာ ပိုလို့များ လာပါတယ်။ လေဖိအားနည်း ရပ်ဝန်းတွေများလာတဲ့ အတွက် လေဖိအားများရာက လေတွေ အစုလိုက် အပြုံ လိုက် အစားထိုး ဝင်ရောက်လာတဲ့အခါ မုန်တိုင်းဆိုတာ ဖြစ်လာပါတယ်။ နောင်အနာဂါတ်မှာ မုန်တိုင်းကြောင့် သဘာဝကပ်ဘေးကြီးတွေကို မကြာခဏာ ရင်ဆိုင်ရကိန်း ရှိနေပါတယ်။
ကမ္ဘာကြီးပိုမို ပူနွေးလာတဲ့ နောက်ဆက်တွဲ တခြားပြဿနာများလည်း ရှိနေပါသေးတယ်။ တနေရာနဲ့ တနေရာ မတူတဲ့ သဘာဝဘေးတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ဥပမာ ဆိုရရင်။
၁။ တချို့သော မိုးခေါင်ရေရှား အရပ်တွေမှာ ပိုလို့မိုးခေါင်လာပါလိမ့်မယ်။ ရေပြတ်လပ်ခြင်းကို နှစ်နဲ့ချီပြီး ရင်ဆိုင် ရပါလိမ့်မယ်။
၂။ တချို့သော မိုးခေါင်ရေရှား အရပ်တွေမှာ လိုတာထက် မိုးတွေရွာသွန်းလာလို့ ရေကြီးခြင်းဘေးကို ရင်ဆိုင် ရပါလိမ့်မယ်။
၃။ တချို့သော မိုးကောင်းလေ့ရှိတဲ့ အရပ်မှာ မိုးခေါင်တဲ့အတွက် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ကြီးမားတဲ့ အခက်အခဲများနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
၎။ တချို့သော မိုးကောင်းလေ့ရှိတဲ့ အရပ်တွေမှာတော့ မိုးများ လိုအပ်တာထက် ပိုမိုရွာသွန်း လာတဲ့အတွက် အလွန်အကျွံ ရေကြီးတဲ့ ဘေးကို ရင်ဆိုင်ရသလို များလာတဲ့ ရေတွေကို မြေကြီးက ဆက်ပြီး ထိန်းမထား နိုင်တော့တဲ့အတွက် တောင်ပြိုခြင်း မြေပြိုခြင်းကြောင့် မြို့ရွာတွေ စိုက်ပျိုးခင်းတွေ ပျက်စီးလာပါလိမ့်မယ်။
၅။ တချို့သော အေးမြတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ သဘာဝအတိုင်း ဆောင်းတွင်းမှာ နှင်းမကျ တော့တဲ့ အတွက် အအေးဓာတ် လျော့ပါးလာသလို နွေမှာလည်း ခါတိုင်းထက် အပူချိန် မြင့်တက် လာတာကို ရင်ဆိုင် ရပါလိမ့်မယ်။
၆။ တချို့သော အေးမြတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာတော့ လိုအပ်တာထက် နှင်းတွေကျ ရေခဲတွေ ခဲတာ ကြောင့် အအေးချိန်ပိုပြီး မြင့်တက်လာတဲ့အတွက် လူတွေ ဘေးဒုက္ခကပ်ကို ရင်ဆိုင်ရပါလိမ့်မယ်။
ဒီလိုဖြစ်လာမဲ့ ဖြစ်လည်းဖြစ်နေတဲ့ သဘာဝဘေး ဒုက္ခကပ်တွေကို ကျော်လွှားနိုင်ဖို့ ကာကွယ်နိုင်ဖို့ ဒေသဆိုင်ရာ၊ နိုင်ငံလုံးဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ဆော်သြောချက်တွေနဲ့ သစ်ပင်တွေကို ထပ်မခုတ် တော့ပဲ သစ်ပင်တွေ ပြန်စိုက်ဖို့ လိုလာပါပြီ။ သစ်ပင်စိုက်ဆိုတော့လည်း သက်ဆိုင်ရာဒေသရဲ့ ရေမြေနဲ့ ကိုက်ညီတဲ့ သစ်ပင်မျိုးတွေ စိုက်ဖို့လိုပါတယ်။ အဲသလို မဟုတ်ဘဲ စိုက်ချင်ရာသစ်ပင်ကို လျှောက်စိုက်နေရင် နောင်မှာ ဆေးအတွက်လေး ဆိုတာမျိုးလည်း ရင်ဆိုင်ရပါလိမ့်မယ်။ ဥပမာ ပြောရရင် ဟိုတုန်းက အထက်အညာဖက်မှာ နိုင်ငံခြားကလာတဲ့ ယူကလစ်ပင်မျိုး စိုက်တာက ရေရှည်အတွက် အန္တရာယ် ရှိပါတယ်။ ယူကလစ်ဟာ ရေနဲ့မြေဆီကို လိုတာထက် စုပ်ယူတဲ့ သစ်ပင်မျိုး ဖြစ်နေလို့ပါ။ ရိုးရာအရ မိမိဒေသကို နားလည်သူတွေ၊ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ တိုင်ပင်နှီးနှောပြီး သစ်ပင်တွေ ပြန်စိုက်ဖို့ အစောတလျှင် ဆောင်ရွက်ဖို့ လိုနေပါတယ်။
တရုတ်အစိုးရဟာ ကမ္ဘာကြီးပူနွေးလာတာကို ဂရုစိုက်သလား မစိုက်သလားတော့ အတိအကျ မသိပါ။ သို့သော်လည်း တရုတ်ပြည်မှာ သဲကန္တရဟာ တနှစ်ကို ၂၅ ကီလိုမီတာနှုန်းနဲ့ ကျယ်ပြန့် လာနေတာကို ကာကွယ်ဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သစ်ပင်တွေကို စီမံကိန်းချပြီး စိုက်ပျိုးနေပါတယ်။ ဆယ်နှစ် အတွင်း သစ်ပင်ပေါင်း သန်း ၂ဝ စိုက်ပျိုးခဲ့ပါတယ်။ ဒါပေမဲ့ အဲသည့် စိုက်ပျိုးခဲ့တဲ့ သစ်ပင် သန်းပေါင်း ၂ဝ မှာ ၂%သာ အောင်မြင်ဖြစ်ထွန်းပြီး ၉၈% သော သစ်ပင်များ ကတော့ ကြီးမလာဘဲ သဲထဲမှာ ဒီအတိုင်း ငုတ်တုပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ သဲတွေက လိုအပ်တာထက် ပိုများလာ နေလို့လားတော့ မသိပါ။
တလောက ရုပ်ရှင်မင်းသမီး တဦးနဲ့ သတင်းထောက် အမျိုးသမီးတဦး ရန်ကုန်မှာ အင်တာဗျူး လုပ်ရာကနေ ပြဿနာ တက်တာ ကြားရပါတယ်။ သတင်းထောက်ကလည်း သစ်ပင်တွေ စိုက်ကြဖို့ မေးခွန်းတွေကိုမေး၊ မင်းသမီးကလည်း မြန်မာပြည်မှာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့ ဖြေကြတယ် ဆိုရင် ဘယ်လောက် ကောင်း လိုက်မလဲလို့ တွေးမိပါတယ်။ ပရိသတ်ကိုလည်း မျက်စေ့ဖွင့်ပေးရာ လမ်းကြောင်းပေးရာလည်း ရောက်ပါတယ်။ ဒီလိုပြောတော့ ဒီဆောင်းပါး ရေးသူကလည်း သူလိုရာပဲ ဆွဲပြောတယ်လို့ အပြစ်တင်ရင်လည်း အပြစ်တင်ခံ ပါတယ်ဗျာ။ အခုက မိုးရာသီ စပြီဆိုတော့ သစ်ပင်စိုက်လို့လည်း ကောင်းတဲ့ ရာသီမဟုတ်လား။
ဇော်မင်း (လူ့ဘောင်သစ်)
၂ ရက်၊ ဇွန်လ၊ ၂ဝ၁ဝ ခုနှစ်
Wednesday, June 2, 2010
ကမ္ဘာကြီးကျန်းမာဖို့ သစ်ပင်တွေစိုက်ကြစို့
Posted by ရွက်မွန် at 5:47 PM
Labels: ဇော်မင်း (လူ့ဘောင်သစ်)
Subscribe to:
Post Comments (Atom)
1 comment:
ကိုဇော်မင်း
အညာက ကျနော်တို့ မိတ်ဆွေတွေလည်း သစ်ပင်တွေ စိုက်နေကြတယ်။ အောင်မြင်ပါစေဗျာ။ ဒီနှစ်အညာမှာ တအားပူလို့ လူတွေမတရားသေကြတယ်။ ကျနော်တို့ငယ်ငယ်ကလို အရိပ်ရ သစ်ပင်တွေနည်းကုန်တော့ အပူရန်ကိုရှောက်ဖို့ နေရာတွေ မရှိသလောက်ဖြစ်ကုန်တော့ လူတွေဒုက္ခရောက်တာပေါ့။ အညာက မကျည်းရိပ် ထနောင်းရိပ်အောက်မှာ ရေနွေးကြမ်းဝိုင်လေးနဲ့ ခေတ်အကြောင်းစနစ်အကြောင်းဆွေးနွေးတာပုံပြင်ဖြစ်နေပါပြီ။ လွမ်းစရာလေးတွေပေါ့၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတွေ ထပ်ပြီးရေးပါအုံး။ အထူးသဖြင့် အညာကျေးလက်ရဲ့ အပူတောထဲက အေးမျှမှုဖန်တီးပေးတဲ့သစ်ပင်လေးတွေ အကြောင်းပေါ့။ ဖက်တီး
Post a Comment