ရွက်မွန်စာမျက်နှာ

Friday, July 23, 2010

ရော့ခ်အသစ်နဲ့ ရော့ခ်အဟောင်းမှ အပြန်

ယူးရော့ခ်မြို့တော် New York

အမေရိကန် နိုင်ငံက ရော့ခ်မြို့တော်သစ်ခေါ် နယူးရော့ခ်မြို့တော်ကို အလုပ်ကိစ္စနဲ့ ခဏရောက်ဖူး ပါတယ်။ ကျနော်နဲ့ ကိုအောင်သူငြိမ်းတို့ အတူသွားခဲ့တာပါ။ သက္ကရာဇ် ၂ဝဝဝ တုန်းကဆိုတော့ ပြန်တွက်ကြည့်ရင် ဆယ်နှစ်တောင် ရှိခဲ့ပါပြီ။ အဲသည်မှာ တပတ်လောက် နေခဲ့ပါတယ်။ တည်းခိုတာ ကတော့ ကာတွန်း ကိုဝင်းထွန်း (မစ္စတာ ဘားမား)နဲ့ မချိုတို့ အိမ်မှာပါ။ အလုပ်ကိစ္စတွေကနေ အားတော့ ရောက်ဖူးတယ် ရှိအောင် လျှောက်လည်ကြပါတယ်။ အချိန်က များများ စားစား မရလို့ အထင်ကရ သုံးလေးနေရာလောက်ပဲ လည်ဖြစ် ခဲ့ပါတယ်။ မီးတုတ်ကို ကိုင်ထားတဲ့ လစ်ဘာတီ ကျောက်ရုပ်ကြီး ရှိတဲ့ ကျွန်းကလေးကို အရင်သွားလည် ကြပါတယ်။ နောက်တော့ World Trade Center လို့လူသိများတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီး နှစ်ခုကို သွားလည်ပါတယ်။ အဆောက်အဦ နှစ်ခုထဲက တခုရဲ့ အပေါ်ဆုံးထပ်ကို ဓာတ်လှေခါးနဲ့ တက်ကြ ရပါတယ်။ တက်ကြည့်ခက အဲသည်တုန်းက တယောက်ကို ၁၃ ဒေါ်လာပေးရပါတယ်။ အပေါ် ရောက်တော့ အမှတ်တရ ဓာတ်ပုံတွေ ဘာတွေ ရိုက်ပေါ့လေ။ အားလုံးသိတဲ့အတိုင်း အဲသည့် တိုက်ကြီးနှစ်လုံးဟာ ၂ဝဝ၁ စက်တင်ဘာမှာ တိုက်ခိုက်ခံရလို့ ပြိုကျသွားခဲ့ပါပြီ။

နောက်တနေရာကတော့ ဒုတိယကမ္ဘာစစ်တုံးက အသုံးပြုခဲ့တဲ့ လေယဉ်တင်သင်္ဘောကြီးပေါ်ကို သွားလည် ကြတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့ပြီး အခုတော့ ခေတ်မမီ တော့လို့ ပြတိုက်ကြီး အသွင်ပြောင်း ထားပါတယ်။ သူတို့အနေနဲ့ ခေတ်မမီတော့ဖူးလို့သာ ဆိုတယ် ကျနော့် မျက်စေ့ထဲမှာတော့ အဲသလို လေယဉ်တင် သင်္ဘော အသေးစားမျိုးတောင် ငဒို့ဗမာတွေ မတည်ဆောက်နိုင်သေး ပါလားလို့ အတွေးဖြစ်မိပါသေးတယ်။ ဟုတ်ပါတယ် ကိုယ်ကိုယ်တိုင်က စက်ဘီးတောင် ကောင်းကောင်း မဖြစ်သေးတော့ မြန်မာစစ်အစိုးရဟာ အဆင့်သိပ်မမြင့်တဲ့ စစ်သင်္ဘောတွေကို တရုတ်ကနေ အခုအထိ ဝယ်နေရသေးတယ် မို့လား။ ထားပါတော့လေ။ နောက်တနေရာကတော့ ပြတိုက်တခုကို သွားကြည့်ပါတယ်။ အင်မတန်စနစ်ကျတဲ့ ပြတိုက်ကြီးကို တွေ့ရတော့ တနေ့ မြန်မာပြည်မှာ ဒီလို ပြတိုက်ကြီးမျိုး တည်နိုင်ရင်တော့ သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ပြတိုက်ဆိုတာ ကလေးလူကြီး အားလုံးအတွက် အချိန်တိုတို အတွင်းမှာ အသိ ဗဟုသုတ မျှဝေပေးတဲ့ နေရာမို့ အရေးကြီးတဲ့ ပညာပေးရေး ကဏ္ဍလို့ ဆိုနိုင်ပါတယ်။

ညနေဖက်မှာတော့ ကျနော်တို့ နှစ်ယောက်သား နယူးရော့ခ်မြို့တော်ရဲ့ အနုပညာ ရပ်ကွက်ထဲ ရောက်ခဲ့ပါတယ်။ ကပွဲတခုကို ဝင်ကြည့်ဖြစ်ပါတယ်။ တယောက်ကို ၇၅ ဒေါ်လာတောင် ပေးရပါတယ်။ သို့သော် မိတ်ဆွေတဦးက လက်မှတ်တွေ ဝယ်ပေးတာဖြစ်လို့ ကျနော်တို့ ပိုက်ဆံတော့ မကုန်လိုက် ရပါဖူး။ ကျနော်တို့ ပရိတ်သတ်တွေ ကတော့ မှောင်မိုက်နေတဲ့ အခန်းထဲမှာ မတ်တပ်ရပ်ပြီး စောင့်နေရပါတယ်။ အခန်းထဲ မှာက ထိုင်ခုံတွေ ဘာ တွေလည်း မရှိပါဖူး။ ဗြုံးကနဲဆို ကပြဖျော်ဖြေတဲ့ သူများဟာ တီးလုံးအဆန်း တွေနဲ့ အတူ မျက်နှာကျက်ပေါ်ကနေ ပြုတ်ကျလာပြီး နံရံများ အပေါ်မှာ ပြေးလွှားနေကြ ပါတယ်။ သူတို့အားလုံးရဲ့ ခါးမှာတော့ ကြိုးတွေတန်းလန်း နဲ့ပါ။ ရုတ်တရက်ဆိုရင် ဆပ်ကပ်ပြသလိုမျိုးလို့ ထင်စရာရှိပါတယ်။ သို့သော် ကြည့်ရင်းကြည့်ရင်းနဲ့ လေထဲမှာ ကြိုးတန်းလန်း တွေနဲ့ ကနေတဲ့ သူတို့ရဲ့ ကကြိုးတွေထဲမှာ တွေ့လာရတာက ဘာလဲဆိုတော့ တစုံတခုကို တွန်းလှန် တိုက်ခိုက်နေတဲ့ သဏ္ဌာန်မျိုးအဖြစ် မြင်လာရပါတယ်။ တချို့က နံရံကို တွယ်တက်ရင်း အပေါ်ကနေ တိုက်ခိုက်တာကို ခံရလို့ ပြုတ်ကျလာ ပါတယ်။ သို့သော် ပြန်ထလာပြီး နံရံကို ပြန်တွယ်တက် ပြန်ပါတယ်။ တချို့ကတော့ ပြန်ထမလာ နိုင်တော့ဘဲ လေထဲမှာ ကြိုးတန်းလန်းနဲ့ ဒီအတိုင်း ရှိနေကြပါတယ်။ တိုက်ပွဲတခုကို ကြည့်နေရသလို ခံစားလာရ ပါတယ်။ နောက်ခံ တီးလုံးကလည်း ကနေသူများရဲ့ ကကွက်တွေကို အားဖြည့် ပေးနေပါတယ်။ မီးအလင်း အမှောင် အရောင်စုံ တွေကိုလည်း အချက်ကြကြ သုံးနေပါသေးတယ်။ ကပြ နေသူတွေဟာ ဖျော်ဖြေ နေစဉ် အတွင်း စကား တလုံးမှ ပြောမသွားပါဖူး။ အစအဆုံး မိနစ်လေးဆယ်၊ လေးဆယ့်ငါး မိနစ်လောက် ဖျော်ဖြေသွားခဲ့ပါတယ်။

နောက်ဆုံးပွဲသိမ်းတော့မှ သိရတာကတော့ အဲသည့် ကပြဖျော်ဖြေပွဲဟာ ချီလီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ် ပီနိုရှေးကို နည်းမျိုးစုံနဲ့ တွန်းလှန်ခဲ့တဲ့ ချီလီနိုင်ငံသားများ အကြောင်း ဖော်ကျူး ထားတယ်လို့ သိရ ပါတယ်။ ကြည့်နေတုန်းမှာတော့ ဒီကကွက် ကကြိုးတွေဟာ ချီလီနိုင်ငံ အကြောင်းလို့ အတိအကျ မသိရပေမဲ့ သူတို့ရဲ့ အနုပညာ တင်ဆက်မှုအရ လူတွေဟာ တခုခုအတွက် လွတ်မြောက်ဖို့ တိုက်ပွဲဆင်နေရတယ်ဆိုတဲ့ အရသာကိုတော့ ခံစားရပါတယ်။

နောက်တခုကတော့ နယူးရော့ခ် မြို့တော် မင်းလမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်နေရင်း ရလာတဲ့ ခံစားမှု ကတော့ အသွေးအရောင် ပေါင်းစုံရှိတဲ့ လူများ လူးလားခပ် သွားလာနေတာကို မြင်ရလို့ပဲ ဖြစ်ပါတယ်။ အာဖရိကန် အဆက် လူမဲတွေ၊ တရုတ်တွေ၊ ကုလားတွေ၊ လူဖြူတွေ၊ အခြားခြားသော တိုင်းနိုင်ငံများက ရောက်လာတဲ့ လူမျိုးကွဲတွေကို မြင်ရတော့၊ သြော် နိုင်ငံတခုမှာ မတူကွဲပြားတဲ့ လူတွေ အတူတကွ မှီတင်း နေထိုင်ခွင့်ရှိတာဟာ တယ်ကောင်းပါလားလို့ ခံစားမိပါတယ်။ သူတို့ လူ့အဖွဲ့အစည်းမှာ အားနည်းချက်တွေလည်း ရှိမှာကတော့ သေချာပါတယ်။ သို့သော် ပန်းပေါင်းစုံ ဖူးပွင့်ခွင့် ရှိတာကတော့ အားသာချက်တခုလို့ ပြောရ မှာပါပဲ။

ရော့ခ်မြို့ဟောင်း Old York

အမေရိကန်နိုင်ငံက နယူးရော့ခ်မြို့တော်ကို အင်္ဂလန်ကနေ လာပြီးအခြေခြခဲ့တဲ့ သူတွေက တည်ဆောက် ခဲ့တယ်လို့ အကြမ်းဖျဉ်းသိရပါတယ်။ မြို့ကိုတည်တော့ အင်္ဂလန်မှာ ရှိတဲ့ ရော့ခ်မြို့ကို အစွဲပြုပြီး အမေရိကန် မှာတော့ ရောခ့်မြို့တော် သစ် (သို့) နယူးရော့ခ်လို့ ခေါ်ဝေါ်ခဲ့ကြပါသတဲ့။ တိုက်တိုက်ဆိုင်ဆိုင် နယူးရော့ခ် မြို့တော်ကို ရောက်အပြီး ဆယ်နှစ် အကြာမှာ အင်္ဂလန်မှာရှိတဲ့ ရော့ခ် မြို့တော်ဟောင်းကို ရောက်ခဲ့ရပါတယ်။

ရော့ခ်မြို့ဟာ အင်္ဂလန်က ရော့ခ်ရှိုင်းယားဆိုတဲ့ အရပ်မှာ တည်ရှိပါတယ်။ အဲသည့်နေရာကို မြို့စပြီး တည်ခဲ့သူ တွေကတော့ အင်္ဂလိပ်တွေ မဟုတ်ပါဖူး။ အဲသည့်ခေတ်တုံးက အင်္ဂလိပ်ဆိုတာလည်း လူမျိုး အနေနဲ့ မပေါ် သေးပါဖူး။ ရောမအင်ပိုင်ယာ အားကောင်းစဉ်က ရောမစစ်သည်တွေဟာ ကနေ့ အင်္ဂလန်ကျွန်း နေရာကို ရောက်လာပါတယ်။ နေရာအနှံ့ လန်ဒန် အပါအဝင် မြို့တွေတည်ခဲ့ပါတယ်။ ရော့ခ်နေရာမှာ လည်း ရောမတွေက ခံတပ်မြို့ တခုတည်ဆောက် ခဲ့ပါတယ်။ ဘီစီ ၄၁ လောက်မှာ တည်ဆောက်ခဲ့ တယ်လို့ ခန့်မှန်းပါတယ်။ ကနေ့အီတလီ နိုင်ငံမှာ တည်ရှိနေတဲ့ ရောမမြို့တော်ကြီးနဲ့ ရောမ အင်ပိုင်ယာကြီး အင်အားချိနဲ့ လာတော့ ရောမစစ်တပ်တွေ အင်္ဂလန်ကနေ အပြီးတပ်ဆုပ် ခဲ့ပါတယ်။ အဲဒါကတော့ အေဒီ ၄၁ဝ မှာ ဖြစ်ပါတယ်။ ဆိုတော့ကာ ရောမလူမျိုး စစ်သည်တွေ အင်္ဂလန်ကို ကိုလိုနီလုပ်ပြီး အုပ်ချုပ်ခဲ့တာ နှစ်ပေါင်းလေးရာ နီးပါး ရှိခဲ့ပါတယ်။ အင်္ဂလန် ကျွန်းပေါ်က မူလရှိနေတဲ့ လူမျိုးအုပ်စု အသေးလေးကိုတော့ ရောမတွေက Angles (အဲန်းဂဲလ်စ်) လို့ ခေါ်ပါတယ်။ အဲသည့် အဲန်းဂဲလ်စ်တွေဟာ ရိုမင်လို့ခေါ်တဲ့ ရောမစစ်သားတွေနဲ့ နှစ်ပေါင်း လေးရာ အတွင်း သွေးနှောခဲ့ ပါတယ်။ ရောမတွေ ခေတ်တုန်းကတော့ အဲသည့် ခံတပ်မြို့ကို ရော့ခ်လို့ မခေါ်သေးပါဖူး။

အေဒီ ၄၁ဝ မှာ ရောမတွေ ဆုပ်သွားအပြီး အင်္ဂလန်ကျွန်းကို ရောက်လာတဲ့ နောက်ထပ် လူမျိုးတွေကိုတော့ Norse (နောစ်) လို့ခေါ်ပါတယ်။ သူတို့ရဲ့ မူရင်းဒေသဟာ ကနေ့ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် နိုင်ငံတွေက ဖြစ်ပါတယ်။ သူတို့ကို အဲသည့်အချိန်တုန်းက vikings ဗိုက်ကင်းလို့ လူသိများပါတယ်။ စစ်တိုက်ကောင်း၊ ပင်လယ်ထဲမှာ သင်္ဘောရွက်လွှင့် ကောင်းတဲ့ သူတွေဖြစ်ပါတယ်။ သူတို့က များသောအားဖြင့် ပင်လယ်ဓားပြတွေ ဖြစ်ပါတယ်။ လုယက်တိုက်ခိုက်ပါတယ်။ သို့ပေမဲ့ တချိန်တည်းမှာ ရောင်းဝယ် ဖောက်ကား တတ်တဲ့ ကုန်သည်တွေလည်း ဖြစ်ပါတယ်။

အဲသည့် ဗိုက်ကင်းတွေက ရော့ခ်မြို့ကို တည်ခဲ့သူတွေ ဖြစ်ပါတယ်။ ဗိုက်ကင်းတွေရဲ့ ဘာသာစကားနဲ့ အဲသည့် မြို့ကို Jorvik ယောဗစ်ခ် လို့ ခေါ်ပါတယ်။ သို့သော်လည်း ဗိုက်ကင်းတွေက ပထမပိုင်းမှာ အင်္ဂလန်ကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ပြီး အတည်တကျ အခြေခြ နေထိုင်တဲ့အထိ မရှိသေးပါဖူး။ အင်္ဂလန်ကျွန်းကို ဝင်လိုက် ထွက်လိုက်နဲ့ လုပ်နေတာပါ။ ယောဗစ်ခ် ကနေမှတဆင့် ရွေ့လျှားလာတော့ နောက်ပိုင်း အင်္ဂလိပ်မင်းတွေ လက်ထက်မှာ ရော့ခ်လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။ အဲသည့် ကာလမှာ အင်္ဂလန် တောင်ပိုင်းမှာလည်း Anglo-Sexon အုပ်စိုးသူ ဘုရင်လည်း ရှိနေပါသေးတယ်။ အင်ဂလို ဆိုတာကတော့ စောစောက ပြောခဲ့တဲ့ အဲန်းဂဲလ်စ် ဆိုတဲ့ မူလဒေသခံ ကျွန်းသားတွေကို ပြောတာပါ။ သူတို့ဟာ ဆက်ဆွန်တွေနဲ့ သွေးနှောပြီး အင်ဂလိုဆက်ဆွန် ဖြစ်လာပါတယ်။ ဆက်ဆွန် တွေရဲ့ မူလဒေသကတော့ ဂျာမဏီနိုင်ငံ မြောက်ပိုင်း ဖြစ်ပါ တယ်။ Celt (ကဲ့လ်တ်) လို့ခေါ်တဲ့ လူမျိုးစု ဝင်တွေလည်း ရှေးတုန်းကတည်းက အင်္ဂလန်ကျွန်းနဲ့ အိုင်ယာလန်မှာ နေထိုင်ကြပါတယ်။ အဲသည့် အုပ်စုဝင်တွေကတော့ Irish အိုင်းရစ်၊ Scott စကော့နဲ့ Welsh ဝေလ လူမျိုးတွေ ဖြစ်ပါတယ်။

ဗိုက်ကင်းတွေ အင်အားကောင်းလာပြီး နောက်ပိုင်းမှာ အင်္ဂလန်မြောက်ပိုင်း၊ စကော့တန်၊ အိုင်ယာလန် စတဲ့ ဒေသတွေမှာ စိုးမိုးလာပါတယ်။ အဲသည့်အချိန်မှာ နော်မန်တွေကလည်း အင်္ဂလန်ကျွန်းပေါ် ရောက်လာခဲ့ပြီး ဗိုက်ကင်းတွေနဲ့ နယ်မြေစိုးမိုးမှုအတွက် တိုက်ကြပါတယ်။ နော်မန်ဆိုတဲ့ လူမျိုးဟာ အင်္ဂလိပ်မဟုတ်ပါဖူး။ သူတို့က အဲသည်တုန်းက ကနေ့ပြင်သစ်နိုင်ငံဖက်မှာ နေထိုင်သူတွေပါ။ နော်မန်ဘုရင် ဝီလီယံ ဆိုသူက ဗိုက်ကင်းတွေကို သာမက အင်ဂလိုဆက်ဆွန် ဘုရင်ကိုပါ တိုက်ခိုက်ပြီး သက္ကရာဇ် ၁ဝ၆၆ မှာ အောင်နိုင်ခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ အနော်ရထာဘုရင် ပုဂံမင်းဆက်ကို တည်ထောင်ခဲ့တာက အင်္ဂလိပ် သက္ကရာဇ် ၁ဝ၄၄ ဆိုတော့ နှစ်ချင်းကတော့ သိပ်အကွာကြီး မဟုတ်လှပါဖူး။

ရောခ့်မြို့ဟောင်းက ကုန်သွယ်ရေးမြို့ ဖြစ်ခဲ့သလို ခံတပ်မြို့လည်း ဖြစ်ပါတယ်။ ဗိုက်ကင်းတွေ စစ်ရှုံးပြီးတော့ နောက် တက်လာတဲ့ နော်မန်ဘုရင် ဝီလီယံက ကျောက်တုံးတွေနဲ့ မြို့ရိုးကို တည်ပါတယ်။ အခုအထိ ထင်ထင် ရှားရှား မြင်နိုင်ပါသေးတယ်။ အဲသည့်အချိန်တုံးက ရော့ခ်မြို့ဟာ အင်္ဂလန်မှာ လန်ဒန်ပြီးရင် ဒုတိယအကြီးဆုံး မြို့လို့ ဆိုပါတယ်။

မူလ ရော့ခ်မြို့ဟာလည်း ပြန်ကြည့်မယ်ဆိုရင် လူမျိုးပေါင်းစုံ သွေးနှောခဲ့တဲ့ မြို့ဖြစ်ခဲ့တယ် ဆိုတာကို တွေ့ရ ပါတယ်။ အင်္ဂလန်ကျွန်းကို လာပြီး သိမ်းပိုက်ခဲ့တဲ့ လူမျိုးတွေရယ်၊ အသိမ်းပိုက်ခံရတဲ့ လူမျိုးတွေ ရယ်ဟာ နောက်ဆုံးမှာ သွေးနှောပြီး (အဲန်းဂဲလ်စ်) ဆိုတဲ့ မူလဒေသခံ နာမည်ကို ခံယူလိုက်ကြပြီး အင်္ဂလိပ်ဆိုတာ ဖြစ်လာရပါတယ်။ ရှေတုန်းကတော့ တိုင်းပြည်တခု အင်အားကောင်းဖို့ အတွက် ဘုရင်ကြီးငယ်လတ်တွေ အချင်းချင်းတိုက်ပြီး နောက်ဆုံး အင်အားကောင်းတဲ့သူက တိုင်းပြည်ကို စုစည်းရပါတယ်။ ရှေးတုန်းက ရော့ခ်မြို့မှာလည်း အဲသလို တိုက်ပွဲမျိုးစုံနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သို့သော် ကနေ့ခေတ်မှာတော့ စစ်တိုက်ပြီးမှ တိုင်းပြည်အားကောင်းအောင် စုစည်းတယ်ဆိုတာ မရှိတော့ပါဖူး။ သို့သော် မြန်မာနိုင်ငံမှာတော့ မြန်မာ စစ်ဗိုလ်ချုပ်များဆီမှာ အဲသလို သဘောထားမျိုး ရှိနေသေးတာကို ကျနော်တို့ မြင်နိုင်ပါသေးတယ်။ ဒါ့ကြောင့်လည်း တိုင်းပြည်ရဲ့ သဘာဝ သယံဇာတ ကနေ ရလာတဲ့ ငွေတွေကို စစ်တပ် ကြီးထွားအောင် အသုံးပြုနေတာ ကျနော်တို့ အားလုံး မြင်နေရတာပါ။

နောက်တချက်ကလည်း စစ်ဗိုလ်ချုပ်တွေဟာ မြန်မာဆိုတာ သွေးနှောပြီးမှ ပေါ်ပေါက်လာတယ် ဆိုတာကို လက်သင့် မခံပါဖူး။ စစ်တပ်အတွင်းမှာလည်း မြန်မာစစ်ကဲ့လား ဆိုတဲ့ အချက်နဲ့ တိုင်းတာပြီးမှ ရာထူးတက် ပေးလေ့ ရှိပါသေးတယ်။ တကယ်တန်းတော့ မြန်မာဆိုတာ ဖြစ်လာဖို့ ယေဘူယျအားဖြင့် ပြောရရင် မူလဒေသခံတွေဖြစ်တဲ့ ပျူ၊ ကမ်းယံ၊ သက်၊ ပေါင်းလောင်း အစရှိတဲ့ လူမျိုးအုပ်စုတွေနဲ့ နောက်မှ ဝင်လာတဲ့ မန်းမန် (တရုတ်တို့အခေါ်) တို့ ပေါင်းစည်းသွေးနှောပြီးမှ ကနေ့ မြန်မာဆိုတာ ဖြစ်လာတာပါ။ မြန်မာစစ်တယ် ဆိုတာ သွေးနှောထားတာကို ခေါ်တယ် လို့တောင် ဆိုနိုင်ပါတယ်။

စစ်တိုက်ပြီး တိုင်းပြည်ကို စုစည်းတယ်ဆိုတာ သူများနိုင်ငံတွေမှာ ဖြစ်ခဲ့တာ နှစ်ပေါင်းရာနဲ့ ချီပြီး ကြာခဲ့ပါပြီ။ ယဉ်ကျေးတဲ့ တိုင်းနိုင်ငံတွေမှာ လက်နက်နဲ့ နိုင်ငံတော် ထူထောင်တယ်ဆိုတာ မရှိတော့ပါဖူး။ သို့သော် မြန်မာပြည်မှာတော့ ကိုယ့်အချင်းချင်း နှိပ်ကွပ်ဖို့ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံခြားကနေ စစ်လက်နက်တွေ အစုလိုက်အပုံလိုက် ဝယ်နေတုန်းပါ။ ဒီကြားထဲ ညူကလီးယား ရောဂါကလည်း တမှောင့်ပါ။

ရော့ခ်မြို့တော် နှစ်မြို့ကို လည်ပတ်ခဲ့အပြီး ခေါင်းထဲမှာ ပေါ်လာတဲ့ ရလာတဲ့ စိတ်ကူးများကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂ဝရက်၊ ဇူလိုင်လ၊ ၂ဝ၁ဝ ခုနှစ်



Share/Bookmark

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.