ရွက်မွန်စာမျက်နှာ

Thursday, August 12, 2010

အရူးတမျိုးနှင့် နောက်ထပ် အရူးတမျိုး

ဆင်ဖြူတော် ပေါ်တယ်ဆိုတာက ဟိုရှေးတုန်းက ပဒေသရာဇ်မင်းတွေ လက်ထက်မှာတော့ ဘုရင့်အတွက်ကော တိုင်းသူ ပြည်သားတွေ အတွက်ပါ ကောင်းသတင်းလို့ ဆိုပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ ဘုရင် တပါးပါး အုပ်ချုပ်နေတဲ့ ကာလမှာ ဆင်ဖြူတော် ပေါ်တယ်ဆိုတာ အဲဒီ အုပ်ချုပ်နေတဲ့ ဘုရင် ဘုန်းကြီးလို့ ပေါ်ရတယ် ဆိုတဲ့ အတွေးအခေါ်က ရှိခဲ့တာကိုး။ တဆက်ထဲမှာလည်း ဘုန်းကြီးတဲ့ ဘုရင် အုပ်ချုပ်တယ် ဆိုတော့ တိုင်းပြည် ငြိမ်းချမ်းပြီး သာယာဝပြော မယ်ဆိုတဲ့ အယူအဆကလည်း တဆက်ထဲ ကပ်ပါနေတော့ တိုင်းသူပြည်သားတွေ ဖက်မှာလည်း ဝမ်းသာဖို့ ရှိတာပေါ့။ အဲသည့် အယူအဆဟာ ဟုတ်သလား မဟုတ်သလား ဆိုတာကိုတော့ ဉာဏ်ကြီးကြီးနဲ့ ကြည့်သင့်ပါတယ်။


ဗမာဘုရင်က ဆင်ဖြူတောင်းတာ ယိုးဒယား ဘုရင်ကမပေးလို့ နှစ်နိုင်ငံ စစ်ဖြစ်ခဲ့တာကိုလည်း မမေ့ဖို့ လိုပါ တယ်။ စစ်ဖြစ်တော့ နှစ်နိုင်ငံစလုံးက တိုင်းသူပြည်သားတွေ စစ်ဒဏ်ကို ခံရပါတယ်။ သေကြ ကျေကြ ပါတယ်။ ဆင်ဖြူဟာ အကျိုးပေးသလား မပေးသလားဆိုတာ အဲသည့် အချက်တချက် ထဲနဲ့ပဲ တွက်ကြည့်လို့ သိနိုင်ပါ တယ်။

ဆင်ဖြူတော်ဆိုတော့ ကျနော်တို့ ငယ်ငယ်တုန်းက ဆွတ်ဆွတ်ဖြူနေတဲ့ ဆင်လို့ ထင်ခဲ့တာပေါ့။ သို့သော်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်း သိလာရတာက ဆင်ဖြူတော်ဆိုတာ မဲသဲနေတဲ့ ဆင်မဟုတ်ပေမဲ့ မီးခိုးရောင် ဖျော့ဖျော့ သို့မဟုတ် နီကျံကျံ အရောင်ဆင်မျိုးကိုလည်း ဆင်ဖြူတော် စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အဲတာအပြင် ဆင်ဖြူတော် လက္ခဏာတွေ ရှိနေတဲ့ ဆင်တွေကိုလည်း အရောင်မှိုင်းပေမဲ့ ဆင်ဖြူတော်လို့ အသိအမှတ်ပြုကြောင်း ဖတ်ဖူးခဲ့ ပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ ဆင်ဖြူတော် ပေါ်နေပါတယ်။ ဓာတ်ပုံထဲက အတိုင်းဆိုရင် ဆင်ဟာ အဖြူရောင် မဟုတ်ပါဖူး။ နီကျံကျံ အရောင်သာ ဖြစ်ပါတယ်။ အဲသည့် ဆင်ဟာ အခုဆိုရင် နေပြည်တော်မှာ ရောက်နေပါပြီ။ အဲသည့် ဆင်ကို စစ်အစိုးရက ဆင်ဖြူလို့ သတ်မှတ်ပါတယ်။ ဆင်ဖြူတော်ဆိုတော့ ရှေးအယူအဆ အတိုင်းဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ ဘုန်းကြီးတယ်လို့ ပြောချင်တဲ့ သဘော ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီးက ဘုန်းကြီးတယ် ဆိုရင် တိုင်းပြည် ငြိမ်းချမ်းပြီး သာယာဝပြော ရပါလိမ့်မယ်။ သို့သော်လည်း လက်တွေ့မှာ ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းရေး လည်းမရှိ၊ တရားမျှတမှု ဆိုတာကလည်း ဝေလာဝေး၊ ဆင်းရဲတွင်းနက်နေတာကလည်း လူတိုင်း အသိ၊ တကမ္ဘာလုံး အသိပါ။

အမှန်ကတော့ ဘုရင်ရူးထနေတုန်း ဆင်နီကျံကျံ တကောင်ကို တွေ့ရာကနေ သူတို့ဟာသူတို့ သဲသဲလှုပ် ဖြစ်နေ တယ်လို့ ဆိုနိုင်ပါတယ်။ ဆင်ဖြူနဲ့ ပတ်သက်လို့ ကွယ်လွန်သူ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်းက ပြောခဲ့ဖူးပါတယ်။ ဘာတုန်းဆိုတော့ တိရိစ္ဆာန် တကောင်ဟာ လူသားတဦးထက် ဘယ်လိုမှ ပိုပြီး မမြင့်မြတ် နိုင်ပါဖူးတဲ့။ တိရိစ္ဆာန် ဟာ တိရိစ္ဆာန်ပဲ ဖြစ်တဲ့အတွက် မကိုးကွယ်ထိုက်ဖူးလို့ ဆိုခဲ့တာပါ။

ဒါ့ကြောင့် ပြောရမယ်ဆိုရင် ဆင်ဖြူပေါ်တာနဲ့ တိုင်းပြည်ဟာ ငြိမ်းချမ်းပြီး အလိုအလျှောက် သာယာ ဝပြော မယ်ဆိုတာ အဓိပ္ပါယ်မဲ့တဲ့ အယူအဆပါ။ တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောဖို့ ဆိုတာ အစိုးရတွေ လူတွေ နိုင်ငံသားတွေ ကိုယ်တိုင် ဝင်ရောက် ပူးပေါင်းဆောင်ရွက်မှ ဖြစ်တာပါ။ တဖက်မှာ ပြန်ကြည့်ရင်လည်း တရား မျှတမှုကို အလေးပေးတဲ့ လူ့အဖွဲ့အစည်း မဟုတ်ဘဲ ဆင်ဖြူပေါ်ရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဖူး။

ဆင်ဖြူတော်ကို အသားပေးတဲ့ သတင်းကို စစ်အစိုးရက တီဗွီကနေ လွှင့်ထုတ်ပြသပါတယ်။ သို့သော်လည်း မြန်မာပြည်မှာ မိုးခေါင်လို့ စပါးပျက်တာတွေ၊ အထက် မြန်မာပြည်က နှမ်းတောင်သူတွေ နှမ်းတွေပျက်လို့ ဒုက္ခရောက်နေ တာတွေကို တော့ တီဗွီမှာ မတွေ့နိုင် မမြင်နိုင်ပါဖူး။ သစ်ပင်တွေ အခုတ်လွန်လို့ မြစ်တွေ ချောင်းတွေ ရေနည်းကုန်တာ၊ အင်းလေး ကန်ကြီး ရေခန်းနေတာ တွေကို တီဗွီတွေမှာ ထည့်ပြီးမပြပါဖူး။

အာဏာရှင်ချင်း အတူတူ ဦးနေဝင်း လက်ထက်ကဆိုရင် သစ်ထုတ်လုပ်ရေးဟာ သစ်တောဝန်ကြီးဌာန တခုကပဲ လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံခြား သစ်ကုမ္ပဏီလက်ထဲကို သစ်ခုတ်ခွင့်တွေ မပေးခဲ့ပါဖူး။ တိုင်းရင်းသား ကုမ္ပဏီတွေ လက်ထဲကိုလည်း ဝကွက် မအပ်ခဲ့ပါဖူး။ ကမ္ဘာမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်းသစ်တော ကြီးနဲ့ သစ်မာတောကြီးကို တသသ လုပ်ထားပါတယ်။ ကမ္ဘာကြီးပူနွေးမဲ့ ကိစ္စတွေကို စိုးရိမ်လို့၊ မိုးခေါင်မှာကို စိုးရိမ်လို့ သစ်တွေကို မခုတ်တာမဟုတ်ပါဖူး။ ဘာကြောင့်တုန်းဆိုတော့ ခုတ်လိုက်ရင် ကုန်သွားမယ်။ ကုန်သွားရင် စောစောက ရထား တဲ့ အသိအမှတ်ပြုထားတဲ့ ဂုဏ်တွေပျောက်ကွယ် သွားမှာစိုးတဲ့ အတွက် အလုံးအရင်းနဲ့ သစ်ခုတ် ရောင်းတာကို မလုပ်ခဲ့ပါဖူး။

အခု အာဏာရှင် စစ်အစိုးရကတော့ အဲသလောက်တောင် ထည့်မတွက်တော့ပါဖူး။ သစ်တွေခုတ်လို့ တောပြုန်း တာ သူတို့သာလျှင် အဓိက တရားခံတွေပါ။ အမှန်ဆိုရင် ဖြစ်သင့်တာက အစိုးရဟာ သစ်ပင်တွေပြန်စိုက်ဖို့ တိုင်းသူပြည်သားတွေကို ဆော်အောဖို့ လိုသလို တတ်နိုင်သလောက် ကူညီဖို့လည်း လိုပါတယ်။ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အမှန် အတိုင်း တင်ပြရဲဖို့လိုပါတယ်။ ပြီးတော့ ဘယ်လို ဝိုင်းဝန်းဆောင် ရွက်ကြမလဲ ဆိုတာကလည်း ဖိတ်ခေါ်ဖို့ လိုပါတယ်။ အခုတော့ အဲသလို မဟုတ်ဘဲ လူတွေကို ဖြဲချောက် နေပါတယ်။ ဒါကြောင့် သစ်ပင်ပြန်စိုက်ဖို့ ကြိုးစားနေတဲ့ တသီးပုဂ္ဂတွေ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေဟာ သူတို့ လုပ်ချင်သလောက် ပွင့်ပွင့် လင်းလင်း ရဲရဲတင်းတင်း မလုပ်ဝံ့သေးပါဖူး။ ရာဇဒဏ် ထိမှာကိုလည်း သူတို့ခမျှာ စိုးရိမ်ရသေးတာကိုး။

ဒီကြားထဲမှာ ဘုရင်ရူးထ၊ ဆင်ဖြူအရူးထနေတဲ့ စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေကို တိုက်ရိုက် တမျိုး သွယ်ဝိုက်လို့ တဖုံ အကျိုးဆောင်နေတဲ့ လူများလည်း ရှိပါသေးတယ်။ ဘာပဲပြောပြော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ မရှိတာထက်စာရင် ကောင်းတယ်လို့ ထောက်ခံသူ တချို့ ရှိနေပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းတူ ထပ်တူထပ်မျှ အဆင့်အတန်း ရှိကြောင်း ပြောရဲတဲ့ ပြောရက်တဲ့ ပညာရှင်ဆိုသူများလည်း တွေ့နေရပါသေးတယ်။ စစ်အစိုးရရရဲ့ ဖွဲစည်းပုံအသစ်နဲ့ ပြုလုပ်ပေးမဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် "စပေ့စ်" ဆိုတဲ့ နေရာတွေကို ဖန်တီးပေးလိမ့် မယ်လို့လည်း ဆိုပါသေးတယ်။

ပဒေသရာဇ်အရူးထ၊ ဘုရင်အရူးထ၊ ဆင်ဖြူ အရူးထနေတဲ့ စစ်တပ်အုပ်စိုးသူတွေဆီက ငြိမ်းချမ်းရေးနဲ့ တရား မျှတမှုကို ရလေမလားလို့ (သို့မဟုတ်) စပေ့စ်တွေ ပေါ်လာမလားလို့ မျှော်လင့်နေသူတွေလည်း နောက်ထပ် အရူးတမျိုးပါပဲ။

ဇော်မင်း (လူ့ဘောင်သစ်)
၁၁ ရက်၊ သြဂုတ်လ၊ ၂ဝ၁ဝ ခုနှစ်



Share/Bookmark

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.