အ
ဖေက သူ့ကို ကြုံရင်ကြုံသလို အမြဲပြောလေ့ ရှိတယ်။ ဘာတုန်းဆိုတော့ "အင်္ဂလိပ်စစ်တပ် ဆိုတာကကွာ၊ ငပျော့ တွေပါ။ သူတို့ အရာရှိ ထိသွားပြီဆိုရင် တပ်ဆုတ်ဖို့ ပြင်တော့တာ"။ ငယ်ငယ်တုံးကဆိုရင် အဲဒီစကားကို အဖေ ပြောတိုင်း ဖိုးအုန်း တယောက် သိပ်သဘောခွေ့လှတယ်။ အင်္ဂလိပ်ဆိုတာ မြန်မာပြည်ကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ နယ်ချဲ့ တွေ ဖြစ်လေတော့ စိတ်ထဲမှာလည်း အလိုလိုနေရင်း မုန်းနေတာလည်း ပါတာပေါ့။
အဲတော့ ဖိုးအုန်းက သူ့အဖေကို ပြန်မေးတယ်။ "အဖေတို့ တပ်တွေကရော အထက်အရာရှိ ကျသွားတယ်ဆိုရင် တပ်ကို မဆုတ်ဖူးလား"။ အဲတော့ သူ့အမေးကို အဖေက ဒီလိုရှင်းပြတယ်။ "ငါတို့ကို လေ့ကျင့်ပေးတာက ဂျပန် အရာရှိနဲ့ အကြပ် တွေကွ။ သူတို့က ဆာမူရိုင်း စိတ်ဓာတ်ပြင်းထန်တယ်။ အသက်ပဲ အသေခံတယ်။ နောက်ဆုံး ကျည်တတောင့် ကျန်တဲ့ အထိ ခံတိုက်တဲ့ လူမျိုးတွေကိုး။ ကျည်ဆံ မရှိတော့ရင်တောင် သေနတ်မှာ လှံစွပ်တပ် ပြီး ပြန်ခံချသေးတာ။ အင်္ဂလိပ် တပ်တွေလို အရာရှိ ကျသွားတာနဲ့ တပ်ဆုတ်ဖို့ဆိုတာမျိုး ထည့်တောင် မစဉ်းစား ဘူး။ နောက်တခုက အရာရှိကိုယ်တိုင် လည်း ရန်သူလက်ထဲကို အရှင်အမိ မခံဖူး။ ကိုယ့်ကိုကိုယ် သတ်သေတဲ့ လူမျိုး။ အဲသလိုကွာတယ် ငါ့သားရဲ့"။ ဒုတိယ ကမ္ဘာစစ်နဲ့အတူ မြန်မာပြည်ထဲကို ဂျပန်တပ်တွေ ဝင်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က ဘီအိုင်အေ ဆိုပြီး ဂျပန် တပ်တွေနဲ့ အတူတူတွဲ ပါလာခဲ့တယ်။ ဖိုးအုန်းတို့ အဖေက အဲဒီအချိန်မှာ ဘီအိုင်အေထဲကို ဝင်ခဲ့တာ။ သူ့အဖေ အပြော အရ စစ်ထဲဝင်ဝင်ခြင်း ဂျပန်လို "ယောနင်း"လို့ ခေါ်တဲ့ မူလတန်းစစ်ပညာကို အရင်သင်ရတယ်လို့ ဆိုတယ်။ အဲတာကနေ တဆင့်ပြီးတဆင့် ဂျပန်ဆရာတွေက လေ့ကျင့်ပေးပြီးမှ တကဲ့ စစ်သားအဖြစ်ကို ရောက်တယ်လို့ ရှင်းပြတယ်။
သူ့အဖေကဆက်ပြီး ပြောပြတယ်။ "ဂျပန်ဆရာတွေ သင်တန်းပေးတဲ့နေရာမှာ ကြမ်းချက်ကတော့ မပြောနဲ့။ မင်းတို့ ခုခေတ် ကောင်တွေဆိုရင် သင်တန်းတန်းလန်းကနေ တပ်က ထွက်ပြေးတာတောင် ကြာပြီ။ တချက် မှားတာနဲ့ ပါးရိုက်ခံ ထိတာပဲ။ ပါးရိုက်တဲ့ သူတို့လက်ဝါးက ဘယ်လောက်ပြင်းသလဲဆိုရင် နောက်တနေ့ ထမင်းတောင် ကောင်းကောင်း မဝါးနိုင်တဲ့ အထိ အရိုက်ခံရတာ။ နောက်တမျိုးကတော့ ဒဏ်ပေးတဲ့ နေရာမှာ ဝါးဆစ်ပိတ်တုတ်နဲ့ ရိုက်တာ၊ ဘယ်လောက် နာမလဲ ဆိုတာ စဉ်းစားသာကြည့်တော့၊ ကော့နေအောင်ခံရတာ။ ပြောမယ်ဆိုရင် ဂျပန်စစ်တပ်တွေဟာ စစ်အတွင်းက ရှုံးလို့သာ ရှုံးသွားတာ အင်မတန် လူကြောမာတဲ့ စစ်တပ် မျိုးကွ။ ဒါမျိုးတော့ အင်္ဂလိပ်စစ်တပ် ဘယ်လိုက်မီမလဲ။"အင်မတန် လူကြောမာတယ် ဆိုတဲ့ အသုံးအနှုန်းကို ဖိုးအုန်း အတော်လေး သဘောကျမိတယ်။ ယောက်ျားဘသားပေမို့ လူကြောမာတာ ကောင်းတာပေါ့လို့လဲ စိတ်ထဲမှာ ဖြစ်မိတယ်။
လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွေမှာ ကူမင်တန်လို့ ခေါ်တဲ့ တရုတ်ဖြူတွေ မြန်မာပြည်ထဲ ဝင်လာတော့ လည်း တရုတ်ဖြူတွေနဲ့ ဗမာစစ်တပ်တွေ အကြီးအကျယ် တိုက်ခဲ့ရတာတွေလည်း သူ့အဖေက ပြောပြသေးတယ်။ "အဲဒီ တရုတ်ဖြူ ဆိုတဲ့ ကောင်တွေက အလကားကောင်တွေ။ စစ်သားလို့တောင် ငါက အသိအမှတ်မပြုဖူး။ အားနေရင် ဘိန်းကလည်း ရှုသေးတယ်။ သူတို့ကို အမေရိကန်အစိုးရက နောက်ကွယ်ကနေ ထောက်ပံ့ပေး ထားတော့ ကိုင်ထားတဲ့ လက်နက်တွေက အကောင်းစားတွေ။ ဒို့ဗမာ့တပ်မတော်ထက် သာတယ်။ ဒါပေမယ့် ငပျော့တွေဆိုတော့ ဘယ်အချိန် တိုက်ပွဲဖြစ်ဖြစ် ဒို့ဖက်က နိုင်တာများတယ်။ တရုတ်ဖြူတပ်က လူကြောမမာ လှဖူးကွ။"စစ်သား ဘိန်းစားတယ်ဆိုတော့ ဒီတရုတ်ဖြူတပ်တွေ ရှုံးတာတောင် နည်းသေး တယ်လို့ ဖိုးအုန်းက သူ့စိတ်ထဲမှာ မှတ်ချက်ခြတယ်။
သူ့ဖေကဆက်ပြောပြန်တယ် "လွတ်လပ်ရေးပြီး ဘာကြာလို့တုန်း။ ရခိုင်ဖက်မှာ မူဂျာဟစ်သူပုန် ဆိုတာ ပေါ် လာတယ်။ ငါဒို့ကတော့ ကုလားဆိုး သူပုန်လို့ ခေါ်တယ်။ ဘာရမလဲ ငါဒို့ ဝင်ဆော် ပစ်လိုက်တာ မူဂျာဟစ်သူပုန် မျိုးကန်းသွားတယ်။ ဒီကုလားတွေက နောက်ကမြှောက်ပေးလို့ လက်နက်ကိုင် ထကြွတာ၊ စစ်သားတို့ တပ်အပ် တဲ့ အတတ်ပညာလည်း မရှိ၊ သတ္တိကလည်း ခပ်ပါးပါး၊ လူကြောကလည်း မမာတော့ ခဏလေးနဲ့ ပြုတ်သွားတာ ပေါ့ ငါ့သားရာ။"တိုင်းရင်းသား လက်နက်ကိုင် သူပုန်အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း သူ့အဖေက ပြောပြသေး တယ်။ ဘယ်အဖွဲ့က ပြောက်ကျား စစ်ဆင် ရေးကောင်းတယ်၊ ဘယ်အဖွဲ့ကတော့ ပုံမှန် စစ်ဆင်ရေးတွေမှာ ကောင်းတယ်၊ ဘယ်အဖွဲ့ကတော့ တပ်ပျော့တွေဖြစ်ပြီး လူကြောမမာလေတော့ တရေးနိုးထပြီး သွားတိုက်လည်း နိုင်တယ် အစရှိသဖြင့် တွေပေါ့လေ။
ငယ်ငယ်တုန်းကတော့ အဲသလိုမျိုးတွေ ကြားရတိုင်း ဖိုးအုန်းတယောက် အစိုးရစစ်တပ်ကို အတော်လေး အထင် ကြီးခဲ့ တယ်။ ဆာမူရိုင်း စိတ်ဓာတ် ကြီးမားတဲ့ ဂျပန်တွေပေးခဲ့တဲ့ စစ်ပညာကနေ ပေါက်ဖွားလာတဲ့ တပ်ဖြစ်လို့ သာ ဒီလို သတ္တိကောင်း၊ လူကြောမာတဲ့ စစ်တပ် ဖြစ်ခဲ့ရတယ်လို့ သုံးသပ်မိခဲ့တယ်။ အင်္ဂလိပ်လေ့ကျင့် ပေးခဲ့လို့ ပေါက်ဖွားလာတဲ့ တပ်များဖြစ်ရင် ခက်ရချည်သေးရဲ့ လို့တောင် တွေးမိတယ်။
အခုတော့ ဗမာ့တပ်မတော်ကို အလွန်အထင်ကြီး ဂုဏ်ယူခဲ့တဲ့ သူ့အဖေလည်း ဆုံးသွားပါပြီ။ ဒီနောက်ပိုင်း ဖိုးအုန်း တယောက် သူ့အလုပ်အကိုင် သဘာဝအရ နေရာအနှံ့ ခရီးထွက်ရပါတယ်။ လူမျိုးစုံနဲ့ တွေ့ထိဆက်ဆံ ရပါတယ်။ တိုင်းရင်းသားရော နိုင်ငံခြားသားပါ အစုံ ဆိုသလိုပေါ့။ အဲသလို နှစ်ပေါင်းများစွာ ကျော်ဖြတ်လာ အပြီးမှာ သူ့အဖေ ပြောခဲ့ တဲ့ ဂျပန်စစ်တပ်နဲ့ ပတ်သက်တဲ့ စကားတွေ၊ ဗမာ့တပ်မတော်နဲ့ ပတ်သက်တဲ့ စကား တွေကို ဖိုးအုန်းတယောက် ပြန်ပြီး ဆင်ခြေတက်ချင်လာတဲ့ အာသီသတွေ ပေါ်လာခဲ့တယ်။ သို့သော် သူ့အဖေက ဆုံးသွားပြီဆိုတော့ ဘယ်သူနဲ့ ဆက်ပြီး ငြင်းရမလဲဆိုတာလည်း မသိတော့။
ဂျပန်တွေက ဆာမူရိုင်း စိတ်ဓာတ်ကြီးမားတယ်၊ သူတကာထက် သတ္တိကောင်းတယ်၊ အသက်သာအသေခံမယ် အလံ မလှဲဖူး ဆိုတဲ့ အခြေအနေဟာ နေရာတိုင်းမှာ မဟုတ်ဖူးလို့ ဖိုးအုန်းက ပြန်ပြီး ငြင်းခုန်ခြင်တယ်။ ၁၉ ရာစု တုန်းက ကိုမိုဒို ပယ်ရီ ဦးဆောင်တဲ့ အမေရိကန် ရေတပ် ဂျပန်ကို ဝင်လာပြီး စီးပွားရေးတံခါးဖွင့်ဖို့ တောင်းဆို တော့ ဘာဖြစ်လို့ ဂျပန် ဆာမူရိုင်းတွေ အမေရိကန်တွေကို လမ်းဖွင့်ပေး လိုက်ရသလဲ။ ဆာမူရိုင်းပဲဟာ သေသေ ကြေကြေ ခံတိုက်ပါ့လားလို့ စိတ်ထဲက ဖြစ်မိတယ်။ တခါ ဆာမူရိုင်း ဆိုတာကိုလည်း လေ့လာလိုက်တော့ ကောင်းတာတွေ ရှိခဲ့သလို ဆိုးတဲ့အချက် တွေလည်း ရှိခဲ့တာကို သိရပြန်တယ်။ ဂျပန်မှာ လူတိုင်းဟာ ဆာမူရိုင်း မဟုတ်ဖူး ဆိုတာလည်း သိရပြန်တယ်။ လယ်သမားဟာ လယ်သမား မျိုးရိုးကိုသာ ပိုင်ဆိုင်တယ်၊ ဆာမူရိုင်း မျိုးနွယ် မဟုတ်တဲ့အတွက် ဆာမူရိုင်း မဖြစ်နိုင်ပါတဲ့။ ဒါ့အပြင် ၁၉ ရာစု အလယ်လောက် အထိ သာမန် အရပ်သား ဂျပန်တဦးက ဆာမူရိုင်း တဦးကို လူရှေ့သူရှေ့မှာ စော်ကားရင်၊ စော်ကားသလို ဖြစ်ခဲ့ရင် အဲဒီလူကို ဆာမူရိုင်း ဖြစ်သူက ဓားနဲ့ ခုတ်သတ်ခွင့် ရှိတယ်လို့ ဆိုပြန်တယ်။ ဒါကတော့ ပဒေသရာဇ်တွေက ဆာမူရိုင်း တွေကို ပေးထားတဲ့ အခွင့်အရေးလို့ ဆိုရမှာပါ။ လိုက်ရှာပြန်တော့ ကောင်းကွက် လေး တခုတော့ တွေ့ရတယ်။ အဲတာက ဘာလဲဆိုတော့ ဆာမူရိုင်းတွေဟာ အတိုက်အခိုက် အတတ်ပညာသာမက စာပေ တတ်ကျွမ်းဖို့လည်း သင်ကြားရတယ်လို့ သိရတယ်။ ဒါကြောင့် စက်မှုခေတ်ပြောင်းတဲ့ အချိန်မှာ စာတတ် ပညာတတ်ထား တဲ့ ဆာမူရိုင်းတွေဟာ တဖြည်းဖြည်းနဲ့ အသိ ပညာရှင်တွေ၊ အတတ် ပညာရှင်တွေ၊ စီးပွားရေးသမားကောင်းတွေ ဖြစ်လာတယ်လို့ ဆိုထားပါတယ်။
မကောင်းတဲ့ နောက်တချက်ကတော့ စက်မှုထွန်းကားလာပြီး နောက်ပိုင်းမှာ နယ်ချဲ့ဖို့အတွက် စစ်သားတွေ စုဆောင်းတော့ လူများစု လယ်သမားတွေကြားထဲကပဲ စုဆောင်းရပါတယ်။ အဲဒီမှာ လယ်သမားကနေ စစ်သား ဖြစ်လာတဲ့ သူတွေကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်ဖို့အတွက် အရင်က သူတို့မှာ မရှိခဲ့တဲ့ ဂုဏ်ပုဒ်တွေ တပ်ဆင်ပေးဖို့ လိုလာပါတယ်။ အဲတာကတော့ ဒို့ဂျပန်ဆိုတာ ဆာမူရိုင်းမျိုး သူရဲကောင်းမျိုးဆိုတဲ့ လိုင်းအောက် ကို ဆွဲသွင်းယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကမှ တဆင့် တဖြည်းဖြည်းနဲ့ အောင်ပွဲတွေ များလာတော့ ကိုယ့်ကို ကိုယ် ယုံကြည်မှုတွေ များလာပြီး ဖက်ဆစ် စစ်တပ် အဖြစ် အသွင်ပြောင်းလာ တာကို တွေ့ရပါတယ်။ သို့သော် ကနေ့ခေတ်မှာတော့ ဂျပန်နိုင်ငံမှာ ဖက်ဆစ် အသွင်ဆောင်တဲ့ စစ်တပ် ဆိုတာ မရှိတော့ပါဖူး။ ဒါပေမယ့် ဂျပန်စစ်တပ်ဆီက ရခဲ့တဲ့ ဖက်ဆစ် စိတ်ဓာတ်အမွေကတော့ မြန်မာစစ်တပ် အတွင်းမှာ အခုအထိ အတော်လေး ကိန်းအောင်း နေသေးတာကို တွေ့ရပါတယ်။
ကြုံတုန်းမှာ ဇတ်လမ်းလေးတခု ပြောပြခြင်ပါသေးတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အင်္ဂလိပ် တပ်ခွဲတခုရယ်၊ အမေရိကန် တပ်ခွဲ တခုရယ်၊ ဂျပန်တပ်ခွဲ တခုရယ် လမ်းမတခုအပေါ်မှာ ချီတက်လာပါတယ်တဲ့။ လမ်းအဆုံး မှာတော့ အသူတရာနက်တဲ့ ချောက်ကြီးရှိနေပါတယ်။ ပထမဆုံး ချီတက်လာတဲ့ ဂျပန်တပ်ခွဲက အရာရှိက ချောက်ကြီးရှိမှန်း သိပေမယ့် ရပ်ဖို့ အမိန့်မပေးတဲ့ အတွက် လမ်းလဲဆုံးရော ဂျပန်တပ်ခွဲ တခုလုံးဟာ ချောက် ထဲကို ခုန်ချသွားပါတယ်။ အမေရိကန်တပ်ခွဲက ရဲဘော်များကတော့ ချောက်ကြီးနားလဲ ရောက်ကရော အရာရှိကို ဝိုင်းကြည့်ကြပါတယ်။ အရာရှိ ကလည်း ရပ်ဖို့ရာ အမိန့်မပေးဖူးလို့ ဆိုပါတယ်။ အဲတော့ ရဲဘော်တွေက အရာရှိ ကို ဝိုင်းပြီးကွန်ပလိန်း (ဆင်ခြေ) တက်ပါတယ်။ ဒီအတိုင်း ဆက်သွားရင် ရဲဘော်အားလုံး တိုက်ပွဲမဝင်ရဘဲနဲ့ အသလွတ် ချောက်ထဲကျလို့ အချီးနှီး သေကုန်မှာ မသိဘူးလားဆိုပြီး ရဲဘော်တွေနဲ့ အရာရှိ အကြား အငြင်းအခုန် ဖြစ်ကြပါတယ်။ နောက်ဆုံးတော့ ရဲဘော် တွေက ဒီအတိုင်းတော့ အသေမခံနိုင်ဖူးဆိုပြီး အရာရှိအမိန့်ကို လွန်ဆန်ပြီး နောက်ကြောင်းပြန်လှည့် ကြတယ်လို့ ဆိုပါတယ်။ သူတို့အပြီးမှာတော့ အင်္ဂလိပ်တပ်ခွဲကလည်း အဲဒီလမ်းပေါ်မှာ ချီတက်လာပါတယ်။ ချောက်ကမ်းပါးကြီး အစွန်းရောက်တဲ့အထိ အရာရှိလုပ်သူက ရပ်တန့်ဖို့ အမိန့်မပေးဖူးတဲ့။ ဆက်သွားပေါ့လေ။ အဲဒီအခါမှာ အင်္ဂလိပ်စစ်သား တွေက ဘာလုပ်တုန်းဆိုတော့ ဂျပန် စစ်သားတွေလိုလည်း ချောက်ထဲကို ခုန်ချမသွားဖူး၊ အမေရိကန်စစ်သားတွေလည်း အရာရှိနဲ့ ရန်ဖြစ်ငြင်းခုန်ပြီး နောက်ကြောင်း ပြန်မလှည့်ဖူး။ ချောက်ကမ်းပါး အနားမှာပဲ ဘယ်ညာ၊ ဘယ်ညာနဲ့ ချိန်မှတ် နေပါသတဲ့။
ဒီဇတ်လမ်းရဲ့ ဆိုလိုချက်က စစ်သားဆိုတာ သေသေရှင်ရှင် အကျိုးရှိရှိ မရှိမရှိ အထက်ကပေးလာရင် စစ်မိန့်ကို နာခံရမယ်ဆိုတဲ့ သဘောကို ပြောလိုတာ မဟုတ်ပါဖူး။ နိုင်ငံတနိုင်ငံခြင်းဆီ လူမျိုးတမျိုးချင်းဆီမှာ သက်ဝင်နေ တဲ့ စိတ်ဓာတ်၊ ယုံကြည်မှု၊ အယူအဆ၊ အတွေးအမြင်စတဲ့ အခြေအနေကို ထင်ဟပ်လိုတဲ့ သဘောဖြစ်ပါတယ်။
အခု မြန်မာစစ်တပ်ဟာ ဘယ်နားမှာ ရှိနေသလဲဆိုတာကို ဖိုးအုန်း စဉ်းစားနေပါတယ်။ ဖိုအုန်းတို့ အဖေလက် ထက်က လူကြောမာတယ် သတ္တိကောင်းတယ် သူရဲကောင်းတွေဖြစ်တယ် ဆိုတဲ့ အစိုးရစစ်တပ်ဟာ အရင် ရှေးခေတ် ဂျပန်စစ်တပ်ရဲ့ တန်ဖိုးကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပြောရင်တော့ သူများဟာကို ကော်ပီ လုပ်ထားတာပါ။ ကိုယ်ပိုင်စံတွေ တန်ဖိုးတွေ မရှိရှာပါဖူး။ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါမှာတော့ အစိုးရ စစ်တပ်ဟာ တရုတ်ဖြူ စစ်တပ်လို ဘိန်းစားတဲ့ အဆင့်ကို ရောက်လာတယ်လို့ ဖိုးအုန်း မှတ်ချက်ချမိပါတယ်။ တကယ်ဘိန်းစားတာ မဟုတ်ပါဖူး။ ဘိန်းလို မူးယစ်စေတဲ့ စွဲလမ်းစေတဲ့ အာဏာနဲ့ ဓနကြွယ်ဝမှု နောက်ကို ကောက်ကောက်ပါအောင် လိုက်နေလို့ပါ။ အဲတာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြစ် အစိုးရတပ်မှာ တပ်ပြေးတွေ များလာသလို၊ ကလေးစစ်သားတွေလည်း ပေါသထက် ပေါလာပါတယ်။ စစ်သား စစ်ဗိုလ်ဆိုတာ လူလေးစားခံရတဲ့ အခြေအနေမှာလည်း မရှိတော့ပါဖူး။ လူကြောကော မာသေးသလား ဆိုတာကို ကြည့်ရ အောင်ပါ။ ဖိုးအုန်းကို ကျောင်းနေဖက် သူငယ်ချင်း စစ်ဗိုလ်က ပြောလာပါတယ်။ တကယ့်အောက်ခြေက အရာရှိတွေ၊ စစ်သားတွေ ဘယ်သူမှ စစ်မတိုက်ချင်ဘူးတဲ့။ ရတဲ့လစာနဲ့ ရင်းရတဲ့ အသက်က ဘယ်လိုမှ မကာမိ ဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။ အထက်အမိန့်အရ ဘယ်ကိုတက်၊ ဘယ်ကိုသွား၊ ဘယ်ကိုတိုက် ဆိုလို့သာ လုပ်နေရတယ် ဘယ်စစ်သားမှ အားကြိုးမာန်တက် တိုက်စိတ် ခိုက်စိတ် မရှိတော့ဖူး ဆိုတာကိုလည်း ဖိုးအုန်း သူငယ်ချင်းက ရှင်းပြပါတယ်။ တဖက်မှာလည်း စစ်တပ်ထဲက ထွက်ရင် ဘာလုပ်စားရမှန်း မသိတာရယ်၊ စစ်တပ်ကနေ ထွက်ဖို့ခက်နေတာတွေ ရယ်ကြောင့် ဒီလိုပဲ ဘဝတွေဟာ လုံးချာလည် လိုက်နေတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ ဖိုးအုန်း အနေနဲ့ ဒီလိုတွေးမိတယ်။ သူ့အဖေ လက်ထက်တုန်းက တပ်မတော်ဆိုတာ ဘာပဲ ဖြစ်ဖြစ် နယ်ချဲ့ကို တိုက်ခဲ့တယ်၊ ဖက်ဆစ်ကို တိုက်ခဲ့တယ်၊ တရုတ်ဖြူကို တိုက်ခဲ့တယ်၊ လူကြောမာတယ် သတ္တိ ကောင်းတယ်လို့ နှောင်းလူတွေကို အနည်းဆုံးတော့ ပြောစရာရှိသေးတယ်။ အခု စစ်တပ်ထဲက အရာရှိတွေ အသက်ကြီးလာရင် သူတို့ နောင်လာ နောက်သားတွေ အတွက် ဘာများ လောက်လောက်လားလား ပြောစရာ ကျန်ဦးမလဲဆိုတာကိုတော့ ဖိုးအုန်းလဲ မသိတော့။ သေချာတာ တခုကတော့ စစ်တပ်ဟာ အနည်းဆုံးတော့ လူကြောမာတယ်လို့ ပြန်ပြီးပြောဖို့ ဟာတောင် ဘာအထောက် အထားမှ မကျန်ရစ်တော့ပါ။
ဇော်မင်း
၁၈ ရက်၊ မေလ၊ ၂ဝ၁၁ ခုနှစ်
Wednesday, May 18, 2011
လူကြောမာသေးရဲ့လား
Subscribe to:
Post Comments (Atom)
1 comment:
ွှွှ တကယ့်ကို စဉ်းစားကြဖို့ ကောင်းတဲ့ဆောင်းပါးတပုဒ်ပါ။
Post a Comment