မြန်မာနိုင်ငံကို စက်မှုတိုးတက် ထွန်းကားအောင် လုပ်မယ်ဆိုတဲ့ အပြောကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောခဲ့ပါတယ်။ အခု သမတသစ် ဦးသိန်းစိန်ကလည်း အလားတူ ထပ်ပြောပြန်ပါပြီ။ စက်မှုနိုင်ငံ ထူထောင်ဖို့ ဆိုတာ အပြောလွယ်သလောက် တကယ်တန်း လုပ်ရတာ လွယ်ပါ့မလား။ မြန်မာပြည်မှာ စက်မှုထွန်းကားဖို့ အားထားနိုင်လောက်တဲ့ အခြေခံအုတ်မြစ်ကော ရှိရဲ့လား။
အနောက်နိုင်ငံတွေကို အသာထားလိုက်ပါဦး။ ကျနော်တို့ အာရှတိုက်ထဲမှာ စက်မှုနဲ့ ချမ်းသားတိုးတက်လာတဲ့ နိုင်ငံ ဘယ်နှစ်နိုင်ငံ ရှိသလဲ ဆိုတာ အရင်တွက်ကြည့် လိုက်ပါ။ စက်မှုနဲ့ ချမ်းသာလာတယ် ဆိုတဲ့ နေရာမှာ လူ တစု လူတအုပ် ချမ်းသာ ကြီးပွားတာမျိုးကို ဆိုလိုခြင်း မဟုတ်ပါ။ တိုင်းပြည်အတွင်း မှီတင်းနေထိုင်တဲ့ နိုင်ငံသား အများစုပါ အဲဒီ ချမ်းသာတဲ့ အကျိုးကို ခံစားရမှ စက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်တယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ တို့ရဲ့ စက်မှုတိုးတက်ခြင်းဟာ အတော်လေးကို ရှေ့ရောက်လာပါတယ်။ သို့သော်လည်း သူတို့ နိုင်ငံသား အများ စုဟာ အဲသလို ကြွယ်ဝလာတဲ့ အကျိုးဆက်ကို မခံစားရသေး ပါဖူး။ ဂျပန်နဲ့ တောင်ကိုရီးယားကတော့ စက်မှု ထွန်းကားလာတာနဲ့အမျှ နိုင်ငံသား အများစုလည်း အကျိုးခံစား ရတာကို တွေ့နိုင်ပါတယ်။
အိမ်ချင်းကပ်လျှက် ထိုင်းနိုင်ငံမှာတော့ စက်မှုတိုးတက်လာတဲ့ အပိုင်းရှိသလို စိုက်ပျိုးရေးကြောင့် ဝင်ငွေကောင်း လာတာကိုလည်း ယေဘူယျ အားဖြင့် မြင်နိုင်ပါတယ်။ သို့သော်လည်း နိုင်ငံရဲ့ ၄ဝ% ကျော် ဝင်ငွေဟာ နိုင်ငံခြား သားများ လာရောက်လည်ပတ်တဲ့ လုပ်ငန်းများကနေ ရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ လူဦးရေဟာ အခု ဆိုရင် ၆၄ သန်းကျော် ရှိပါတယ်။ သို့သော်လည်း တကယ်တန်းမှာကြတော့ ထိုင်းနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု အစုစုဟာ လူ ၂ သန်းရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ လူဦးရေ ၆၂ သန်းလောက် ဟာ စားစားသောက်သောက် သွားသွားလာလာ နေထိုင်နိုင်တယ် ဆိုပေမယ့် တကယ် ချမ်းသာလာပြီလို့ မဆို နိုင်သေးပါဖူး။
မြန်မာနိုင်ငံက စက်မှုထွန်းကားအောင် လုပ်မယ်ဆိုပြီး အော်နေတယ်။ စက်မှုလုပ်ငန်း အတွက် မရှိမဖြစ် လိုအပ် တဲ့ လျှပ်စစ် စွမ်းအင်တောင် ဈေးချိုချိုနဲ့ ရောင်းပေးနိုင်သလား ဆိုတာကို ကိုယ့်ဟာကို ပြန်ကြည့်ဖို့ လိုပါတယ်။ တနိုင်ငံလုံး မီးတောင် မှန်မှန် မပေးနိုင်ဘဲနဲ့ စက်မှုတိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံအဖြစ် တည်ဆောက်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ နွားတွေ ကျွဲတွေနဲ့ စက်ရုံဆိုတာ လည်ပတ်လို့မရတာ လူတိုင်းသိနေတာပဲ။ ဦးနေဝင်းခေတ်က လည်း ဆိုရှယ်လစ် စက်မှုနိုင်ငံတော်ကြီး တည်ထောင်မယ်ဆိုပြီး ပြောလာခဲ့တာ နောက်ဆုံးတော့ ဘာဖြစ်ခဲ့ လို့တုန်း။ မှတ်မှတ်ရရ အဲဒီခေတ်ကို သရော်ခဲ့တဲ့ ကာတွန်းတခုကို သွားသတိရမိတယ်။ ကာတွန်းဆရာက ဇော်မောင်လို့ ထင်ပါတယ်။ အဲဒီကာတွန်းက ဆင်ဆာမလွတ်လို့ မဂ္ဂဇင်းတွေထဲမှာ ပါမလာခဲ့ဖူး။ သို့သော် အပြင်ကို ပေါက်ထွက်သွားပြီး လူတွေ အကြားမှာတော့ အတော်လေး ရေပန်းစားခဲ့ သေးတယ်။ ကာတွန်းက ဘယ်လို ဆိုထားတုန်းဆိုတော့ “ခင်ဗျားတို့ အကြီးစားစက်မှုက စတီးဇွန်း ထုတ်တယ်ဆိုတော့ ကျုပ်တို့ အသေး စားစက်မှုက ဘာထုတ်ရမှာတုန်း”တဲ့။ ဟုတ်တာပေါ့ အကြီးစားစက်မှုက အကြီးကြီးတွေ ထုတ်ရမှာကို စတီးဇွန်း လောက်ပဲ ထုတ်နိုင်တယ်ဆိုတော့ အသေးစားစက်မှုက သွားကြားထိုးတန်ပဲ ထုတ်ဖို့ ကျန်တော့တာပေါ့။
လျှပ်စစ်စွမ်းအင်ကို ဈေးနှုန်းချိုချိုနဲ့ ပေးနိုင်မှ ပထမအဆင့်မှာ နိုင်ငံသားပိုင် စက်မှုလုပ်ငန်းတွေ တိုးတက်လာ မှာပါ။ ဒီနေရာမှာ လျှပ်စစ်ကို ပေါပေါလောလောရဖို့ ရည်ရွယ်ချက်နဲ့ တပ်ချုပ်ကြီးလက်ထက်မှာ မြစ်တွေကို ပိတ်ပြီး ဆည်ဆောက်တဲ့ လုပ်ငန်းတွေ လုပ်လာပါတယ်။ အခုလဲ ဒီလို ဆည်ဆောက်တဲ့ လုပ်ငန်းတွေ ဆက်လုပ် နေတုန်းပါ။ တော်တော်ကို အမှန်းကန်းတမ်း မသိတဲ့ အုပ်ချုပ်သူတွေပါ။ ကမ္ဘာကြီးမှာ ဘာဖြစ်နေသလဲ ဆိုတာကို မသိကြပါဖူး။ သူများနိုင်ငံတွေမှာ အထူးသဖြင့် ဆိုရှယ်လစ်ခဲ့ကြတဲ့ နိုင်ငံတွေမှာ ဖွံ့ဖြိုးရေးအတွက် ဆိုပြီး စီမံကိန်း တွေနဲ့ ဆည်တွေပိတ်၊ မြစ်တွေကို ရေကြောင်းလွှဲတဲ့ အကျိုးဆက်ကြောင့် အခုအခါမှာ သဲကန္တရဖြစ်လာတဲ့ ကိစ္စတွေကို မသိကြတော့ သတိမပြုတော့။ မြန်မာပြည်မှာ အခု သဘာဝ ဓာတ်ငွေ့ ထွက်နေပါတယ်။ အဲတာကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းပြီး ပြည်သူတွေ သုံးနိုင်အောင် စီစဉ်ပါ့လား။ ဒါတောင် သဘာဝ ဓာတ်ငွေ့ဟာ ရေရှည် အားကိုးလို့ရတဲ့ အမျိုး မဟုတ်သေးပါဖူး။ မြေအောက်ကနေ ထုတ်သုံးရင်းသုံးရင်းနဲ့ ကုန်သွားတဲ့ အမျိုးဖြစ်ပါတယ်။ တခါ သဘာဝဓာတ်ငွေ့ကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်ရတာမို့ လေထုထဲမှာလည်း စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် များလာပါတယ်။ လေထု ညစ်ညမ်းစေပါတယ်။ နောက်တချက် ကလည်း မြစ်ကို ပိတ်တဲ့ပြီး ဆည်ဆောက်တဲ့ ကိစ္စဟာ စိုက်ပျိုးရေးလုပ်ငန်းကို ကျဆင်းစေပါတယ်။
စက်မှုခေတ်ကို ရောက်ဖို့ လုပ်မလို့ဗျ ဆိုပြီး စနေတုန်း ရှိသေးတယ် စိုက်ပျိုးရေးကရတဲ့ ဝင်ငွေ ကျဆင်းလာတယ် ဆိုတာ မျှခြေကို သဘောမပေါက်ရာ ရောက်ပါတယ်။ နောက်တချက် ဘာတုန်းဆိုတော့ အခုဆည်ဆောက်ပြီး လျှပ်စစ်ထုတ်မယ့် ရည်ရွယ်ချက်က နိုင်ငံသားတွေ သုံးဖို့ဆိုတာထက် တရုတ်ပြည်ကို ရောင်းဖို့က အဓိက ဖြစ်နေ တာကိုလည်း တွေ့ရပါတယ်။
နောက်တချက်ကတော့ နည်းပညာ ကိစ္စပါ။ စက်မှုလုပ်ငန်းတွေ အတွက် လျှပ်စစ်စွမ်းအင် ဈေးချိုချိုနဲ့ ရလာပြီ ဆိုပါစို့။ ကိုယ်ထုတ်လုပ်ချင်တဲ့ ပစ္စည်းတွေအတွက် နည်းပညာက ဘယ်သူကပေးမှာတုန်း ဆိုတာ မေးစရာ ဖြစ်လာပြန်ပါတယ်။ လူတကာနဲ့ စိတ်ကောက်လိုက် ရန်ဖြစ်လိုက် ဆဲလိုက်ဆိုလိုက် လုပ်နေတဲ့ နိုင်ငံမျိုး အစိုးရ မျိုးကို ဘယ်သူက နည်းပညာ မျှဝေပေးခြင်မှာလဲ။ တခုတော့ ရှိတယ် တရုတ်လို ကုလားလို နိုင်ငံမျိုးက နည်း ပညာပေးနိုင်တယ်။ သို့သော် နိုင်ငံတကာ အဆင့်မမီတဲ့ ဈေးကွက်မဝင်တဲ့ အပေါစား နည်းပညာလောက်ပဲ ရပါလိမ့်မယ်။ တရုတ်နဲ့ ကုလားက သူတို့မှာ ရှိထားတဲ့ အမှန်တကယ် တန်းဝင်တဲ့ နည်းပညာတွေ ကိုတော့ လွယ်လွယ်နဲ့ ဘယ်ပေးမလဲ။
ဂျပန်လို နိုင်ငံမျိုးတောင် စက်မှုထွန်းကားဖို့ နှစ်ပေါင်း တရာလောက် ကုန်းရုန်း အလုပ်လုပ်ခဲ့ရတယ် ဆိုတာကို မမေ့သင့်ဖူး။ ၁၈၇၆ နှစ်ကစလို့ ဂျပန်နိုင်ငံက စီးပွားအုပ်စုတွေဟာ ရှန်ဟိုင်း၊ ဟောင်ကောင်၊ လန်ဒန်၊ နယူးရောက်၊ ပဲရစ် စတဲ့ မြို့တော်ကြီး တွေမှာ လက်ခွဲ ကုမ္ပဏီတွေ ထူထောင်ထားပြီးပြီ။ သွင်းကုန်ထုန်ကုန် လုပ်ငန်းမျိုးတွေကို စလုပ်ခဲ့တယ်။ အဲတာကမှတဆင့် အနောက်နိုင်ငံတွေကို ပညာသင်တွေ အများကြီးလွှတ်ပြီး နည်းပညာတွေ ရဖို့ ကြိုးစားရတယ်။ အဲဒီ စီးပွားရေး အုပ်စုမျိုး တွေကို ဂျပန်စကားနဲ့ “ဇိုင်ဘတ်စု” အုပ်စုတွေလို့ ခေါ်ပါတယ်။ မျက်စေ့ထဲ့ မြင်ရလွယ်အောင် ပြောရရင် “မစ်ဆူအီတို့၊ မစ်ဆူဘီရှိတို့၊ နစ်ဆန်တို့” လိုအုပ်စုမျိုး တွေဟာ ဇိုင်ဘတ်စု အုပ်စုတွေပါ။ ဇိုင်ဘတ်စုဟာ အဲဒီ သုံးအုပ်စုထဲ မဟုတ်ပါဖူး။ နောက်ထပ် ရှိပါသေးတယ်။ အဲသလို အုပ်စုမျိုးတွေဟာ နှစ်ဆယ်ရာစုထဲ ဝင်တာနဲ့ အနောက်နိုင်ငံက စက်မှုကုမ္ပဏီကြီးတွေနဲ့ ဖက်စပ် လုပ် ကိုင်လာပါတယ်။ တဖြည်းဖြည်းနဲ့ အနောက်တိုင်းသားတွေဆီက နည်းပညာတွေကို လေ့လာသင်ယူပါတယ်။ အနောက်တိုင်းကလည်း ဘာဖြစ်လို့ နည်းပညာကို မျှဝေတာလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိတာကြောင့်ပါ။ မြန်မာ စစ်ဗိုလ်ချုပ် တွေလို မာမာတောင့်တောင့် တွေဆိုရင် ဟိုကလည်း ကန်တော့ဆွမ်း လုပ်လိုက်မှာပေါ့။
တခါ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ ဂျပန်အစိုးရက “နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ စက်မှုနည်းပညာ ဝန်ကြီး ဌာန” ဆိုတာ ဖွဲ့လိုက်ပါတယ်။ အဲဒီ ဝန်ကြီးဌာနရဲ့ တာဝန်က ဘာတုန်းဆိုတော့ နိုင်ငံရပ်ခြားကနေ နည်းပညာ အသစ်တွေ တင်သွင်းဖို့ အလုပ်လုပ်ရပါတယ်။ တဆက်ထဲမှာလည်း ရှိထားပြီးသား နည်းပညာတွေကို ဈေးကွက် နဲ့အညီ သစ်ဆန်းနေအောင် ဖြည့်စွက် တီထွင်တဲ့ လုပ်ငန်းမျိုးတွေကို လုပ်ရပါသေးတယ်။ အဲတာအပြင် စောစော က ပြောခဲ့တဲ့ ဇိုင်ဘတ်စု စီးပွားရေး အုပ်စုတွေ စိတ်ကြိုက်ချယ်လှယ်တာမျိုး အုပ်စီးတာမျိုး မဖြစ်အောင်၊ ဥပဒေ ကို လက်တလုံးခြား မလုပ်နိုင်အောင် ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ရ ပါတယ်။ အဲသလို ထိန်းတဲ့ ကြားထဲကတောင် တချို့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ဇိုင်ဘတ်စု အုပ်စုတွေဆီက လာဘ်လာဘ ယူတာမျိုးဖြစ်လို့ အရေးယူအပြစ်ပေးခဲ့ ရတာတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ တေဇတို့၊ မက်စ်မြန်မာ ဇော်ဇော်တို့၊ ဦးခင်ရွှေတို့ သူတို့ ဗိုလ်ချုပ်တွေအားကိုးနဲ့ ထင်တိုင်းကြဲမှာ မြင်ယောင်ပါ သေးတယ်။ အခုလည်း လုပ်ခြင်သလို လုပ်နေတာ တတိုင်းပြည်လုံး အသိပါ။ ဘာအထိန်းအကွပ်မှ မရှိတာကို ပြောတာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် မြန်မာပြည် စက်မှုထွန်းကားတဲ့ တိုင်းပြည်ဖြစ်ဖို့ ဆိုတာ အဝေးကြီးလိုပါသေးတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ကိုယ့်တိုင်းပြည်မှာ စက်ရုံလာထောင်တာဟာ ကိုယ့်စက်မှုထွန်းကားတာ မဟုတ်ပါဖူး။ မြေငှားစားတဲ့ သဘောလောက်ပဲ ရှိပါတယ်။ ကိုယ့်မှာ မရှိသေးတဲ့ နည်းပညာတွေ ရဖို့အတွက် နိုင်ငံတကာနဲ့ အဆင်ပြေဖို့ လိုပါတယ်။ တရုတ် ကုလား အာဆီယံနဲ့ ဆက်ဆံရေးကောင်းတယ် ဆိုယုံမျှလောက်နဲ့တော့ တတိုင်းပြည်လုံး စက်မှုမထွန်းကား နိုင်ပါဖူး။ လျှပ်စစ်စွမ်းအင် ကိုယ့်ဟာကို ထုတ်နိုင်ရုံနဲ့ မလုံလောက်သေးပါဖူး။ နောက်တချက် ကလည်း နိုင်ငံတကာ အဆင့်မီတဲ့ ပညာတတ်တွေ၊ ပညာရှင်တွေ များသထက်များလာအောင် လုံးပမ်းဖို့ လိုပါသေးတယ်။ လူသားရင်းမြစ် ခိုင်မာတောင့်တင်းဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ တခါ စက်မှုလုပ်ငန်း ဆောင်ရွက် နေတဲ့ နိုင်ငံသား လုပ်ငန်းရှင်တွေ အားလုံးကို ကြီးငယ်လတ်မဟူ၊ ကုမ္ပဏီ ကြီးငယ် မဟူ ခွဲခြားမှု မရှိစေရဘဲ ခိုင်ခန့်တဲ့ ဥပဒေများနဲ့ အကာအကွယ် ပေးဖို့ လိုပါသေးတယ်။ မျှတတဲ့ ပြိုင်ဆိုင်မှုမျိုး ကင်းမဲ့မှာစိုးတဲ့ အတွက် ဖြစ်ပါတယ်။
နောက်ဆုံးအချက် အနေနဲ့ကတော့ တိုင်းပြည်တပြည်ဟာ ဘယ်အတိုင်းအတာနဲ့ စက်မှုထွန်းကားဖို့ လိုမလဲဆိုတဲ့ ဆွေးနွေးချက်ပါ။ နေရာတိုင်းမှာ စက်မှုထွန်းကားမှာ ဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောမယ်ဆိုရင် ဒီအဆိုဟာ လက်တွေ့ ကျမှာ မဟုတ်ပါဖူး။ ဘာဖြစ်လို့တုန်းဆိုတော့ စက်မှုလုပ်ငန်း မှန်သမျှဟာ သဘာဝ သယံဇာတ အပေါ် မှာ မှီခိုပြီးလုပ်ရတာ ဖြစ်လို့ပါ။ သဘာဝ အရင်းအမြစ် ဆိုတာကလည်း အကန့်အသတ် ရှိပါတယ်။ ကိုယ်လိုချင် သလောက် အတိုင်းအဆ မရှိ ထုတ်ယူ သုံးစွဲတယ် ဆိုရင် ရေရှည်မခံနိုင်ပါဖူး။ သဘာဝ အရင်းအမြစ် ကုန်ခမ်း သွားတယ်ဆိုရင် လည်နေတဲ့ စက်ရုံတွေ အလိုလို ရပ်ဆိုင်း သွားမှာပါ။ ဒီသဘောကို နားလည်ဖို့လည်း လိုပါ တယ်။ “ဂယ်ဗင်ကစ်ခြင်း” ဆိုတဲ့ လူမှုသိပံ္ပဆရာ တယောက်က ထောက်ပြပါတယ်၊ နိုင်ငံတခုအတွင်းမှာ စက်မှု ဖွံ့ဖြိုးဖို့ ဆိုတာချည်းပဲ အမြဲဇောင်းပေးလုပ်စရာ မလိုဖူးလို့ ပြောခဲ့ပါတယ်။ သင့်တော်တဲ့ နယ်ပယ်မှာ သင့်တော် တဲ့ အတိုင်းအတာနဲ့ စက်မှုဖွံ့ဖြိုးရင် လူ့အဖွဲ့အစည်းအတွက် လုံလောက်တယ်လို့ ဆိုထားပါတယ်။ ဘာဖြစ်လို့ တုန်းဆိုတော့ စက်မှုကို အမြဲဇောင်းပေးနေရင် စိုက်ပျိုးရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတာတွေကို စက်မှုလောက် အရေးမကြီးတော့ဖူးလို့ သဘောထားလာပြီး မျက်ကွယ်ပြုလာတဲ့ အတွက် ရေရှည်မှာ လူ့အဖွဲ့အစည်းကို ထိခိုက် လာတယ်လို့ တွက်ချက်ပြပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးတောင် ခေတ်မမီသေးဘဲ၊ နိုင်ငံတကာဈေးကွက်ကို မထိုးဖောက်နိုင်သေးဘဲ စက်မှု တိုးတက်အောင် လုပ်မယ်လို့ တစာစာ အော်နေတာဟာ ယုတ္တိ မတန်ဖူးလို့ ပြောပါရစေ။ တဖက်မှာလည်း ဒီမိုကရေစီ လုံးလုံးကင်းမဲ့တဲ့ နိုင်ငံတွေမှာ စက်မှုမထွန်းကားပါဖူး။ ထွန်းကားတယ် ဆိုရင်လည်း လူနည်းစုသာ အကျိုးရှိစေတဲ့ ထွန်းကားမှုမျိုးသာ ဖြစ်လိမ့်မယ်လို့ ပြောလိုပါတယ်။
ဇော်မင်း
၁၁ရက်၊ မေလ၊ ၂ဝ၁၁ ခုနှစ်
Wednesday, May 11, 2011
စက်မှုရူးလော စက်မှုမူးလော
Subscribe to:
Post Comments (Atom)
2 comments:
Obviously, they don't know what they are saying. They should be focusing basic need like electricity, water suppl, transportation and communication system for every body.
r u saying, if a country has a democratically elected government, the masses will enjoy the growth more equally? for example India, Philippines, Brazil?
Post a Comment