ရွက်မွန်စာမျက်နှာ

Tuesday, June 28, 2011

ဆလိုင်းတင်မောင်ဦးမှတဆင့် အခြားသော သူရဲကောင်းများသို့

လိုင်း (ကို) တင်မောင်ဦးကို သူတို့ ကြိုးပေး၍ သတ်လိုက်သည်။ ထိုစဉ်တုန်းက ဒီအဖြစ်အပျက်ကို ဝမ်းကွဲ အကိုများ ရပ်ကွက်ထဲမှ အကိုအရွယ်များက ပြောပြ၍ သိခဲ့ဖူးသည်။ နောင်မှသိရသည့် သူ၏ မွေးနှစ်အရ ဆလိုင်းတင်မောင်ဦး ဆိုသည့် ကျောင်းသား သူရဲကောင်းသည် ကျနော့်ထက် ဆယ်နှစ်စွန်းစွန်း အသက်ကြီးသူဖြစ်သည်။ သက်ရှိထင်ရှား ရှိဦးမည်ဆိုပါက အသက် ၆ဝ ဝန်းကျင်တွင် ရှိပေလိမ့်မည်။

ကျနော်တို့ရပ်ကွက်ထဲတွင် ၁၉၇၄ ဦးသန့် အရေးအခင်းနှင့် ပတ်သက်၍ အဖမ်းခံခဲ့ရသူ ကောလိပ်ကျောင်းသား တဦး ရှိသည်။ ထောင်ထဲတွင် သုံးလေးနှစ်နေခဲ့ ရသည်။ သူထောင်က လွတ်လာပြီး နောက်ပိုင်းတွင် သူ့ထံကလည်း ဆလိုင်း တင်မောင်ဦး အကြောင်း မကြာခဏ ဆိုသလို ကြားခဲ့ ဖူးသည်။ ကျနော်တို့က သူ့ကို ကိုထင်အောင်စိန်ဟု ခေါ်ကြသည်။ ပိန်ပိန်ပါးပါး လူကောင်သေးသေးပါ။ သူက အဲသည့်တုန်းက ဥပဒေ ပညာ ဆည်းပူးနေသည့် တက္ကသိုလ် ကျောင်းသား ဖြစ်သည်။ တရုတ်နွယ်ဖွားလည်း ဖြစ်သည်။ သို့သော် သူသည် တရုတ်လို မပြောတတ်တော့သည် မြန်မာတရုတ်သာ ဖြစ်သည်။ သူ၏အကိုအကြီးဆုံး ဦးချမ်းစိန်သည် ကျနော်တို့မြို့မှာတော့ အဆင့်မြင့် တရားရေး ဝန်ထမ်းဖြစ်သည်။ သူတို့ အိမ်သည် ကျနော့်အတွက် စားအိမ်သောက်အိမ် ဖြစ်သလို ဦးချမ်းစိန် စုဆောင်းထားသော စာအုပ်များကို ဖတ်ရန် ကျနော့် အတွက် စာကြည့်တိုက်ဟုလည်း ဆိုနိုင်သည်။ ဦးချမ်းစိန် စုဆောင်းထားသော စာအုပ်များအနက် မဂ္ဂဇင်းများမှာ အများစုဟု ဆိုနိုင်သည်။ လွတ်လပ်ရေး ခေတ်ကာလမှသည် ပါလီမန်ခေတ်တလျှောက်လုံး ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းများကို စုဆောင်း ထားခြင်းပင် ဖြစ်သည်။

ကိုထင်အောင်စိန်က စိတ်လိုလက်ရ ရှိသည့်အခါများတွင် ကျနော့်ကို သူဘာကြောင့် ထောင်ကျခဲ့ရသည်၊ ဘာတွေ လုပ်ခဲ့သည် စသည်တို့ကို ပြန်ပြောပြတတ်သည်။ ဆလိုင်းတင်မောင်ဦးဆိုသည့် တက္ကသိုလ်ကျောင်းသားတဦး ထောင်တွင်း၌ ကြိုးပေး အသတ်ခံရသည်ကို သူ့အိမ်လာလေ့ရှိသော ကျနော့်ကိုပြောပြသလို သူတို့အိမ်နားက လက်ဖက်ရည်ဆိုင်မှာလည်း သူနှင့် ရွယ်တူများနှင့် ဆုံတိုင်း ပြောပြလေ့ရှိသည်။ သို့သော် သူ့ခမျာ ကျယ်ကျယ်တော့ မပြောဝံ့ရှာပါ။ အဘယ့်ကြောင့် ဆိုသော် မျက်စောင်းထိုးအိမ်က လူကြီးသည် တမြို့လုံးတွင် အဲသည်ခေတ်တုန်းက ပါဝါ အကြီးဆုံး အစိုးရအရာရှိ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုလူကြီးသည် တခြားမဟုတ်။ ကျနော့် အဖေ ဖြစ်သည်။

ထိုအချိန်တုန်းက ကိုထင်အောင်စိန် ပြောပြခဲ့သော ဆလိုင်းတင်မောင်ဦး ဆိုသည့် အမည်ကို ကျနော်က ထင်ထင်ရှားရှား မမှတ်မိ။ ကျောင်းသား ခေါင်းဆောင်တဦးကို အစိုးရက ကြိုးပေး၍ သတ်လိုက်သည်ဟူသော အသံကသာ ပဲ့တင်သံလို သူ့ထံက ကြားရခြင်းဖြစ်သည်။ ဆယ့်လေးနှစ်သား အရွယ် ကျနော်သည် ထိုအချိန်က နိုင်ငံရေး၊ တရားမျှတရေး စတာ တွေကို လူတို့၏ ဘဝနှင့်ယှဉ်၍ နားလည်းခဲ့သူ မဟုတ်ပေ။ သို့သော် ကောလိပ်ကျောင်းသားတဦး ကြိုးပေးအသတ်ခံ ရသည်ဟု ကြားသောအခါ ကိုယ်ကို၌ကလည်း ကျောင်းသားငယ် ဖြစ်သောကြောင့် စိတ်ထဲတွင်တော့ အစိုးရလုပ်တာ ဟုတ်တော့ မဟုတ်သေးပါဖူးဟု ခံစားရမိသည်။ ကလေးအတွေးနှင့် ပြောရမည်ဆိုပါက ကျောင်းသားဟာ သူပုန်မှ မဟုတ်တာ အစိုးရက ဘာဖြစ်လို့ ကြိုးဒဏ်ပေးရတာလဲ ဆိုသည့် မိမိ၏ အကန့်အသတ် ရှိသည့် စိတ်ကူးနှင့် မှန်းကြည့်ရုံသာ ဖြစ်သောကြောင့်ဟု ဆိုနိုင်ပါသည်။

ဒီလိုနဲ့ ဆလိုင်းတင်မောင်ဦး၏ ဇာတ်လမ်းသည် ကျနော့်ရင်ထဲတွင် တဖြေးဖြေး မှေးမှိန်လာသည်။ ကျနော်တို့ တက္ကသိုလ် တက်နေသည့် ကာလများတွင်လည်း ဆဲဗန်းဇူလိုင်ရောက်တိုင်း အစိုးရ ဆန့်ကျင်ရေးစာများ တက္ကသိုလ်ဝင်းအတွင်း ဟိုမှာ သည်မှာ ကပ်ထားသည်ကို မြင်ရတတ်သည်။ သို့သော် ဆလိုင်းတင်မောင်ဦးအကြောင်း တစေ့တစောင်း ပြောပြသည့် စီနီယာကျောင်းသားဟူ၍ မရှိပါ။ ယုတ်စွအဆုံး အကိုကြီးများသဖွယ် ခင်မင်နေသည့် ဆိုရှယ်လစ် အစိုးရ ဆန့်ကျင်ရေး ဆရာများ ပါးစပ်ကပင် ထိုအကြောင်းကို ထပ်မံ မကြားရ။ သူ့တို့ အကြောင်းနှင့် သူတို့ ရှိပါလိမ့်မည်။

သို့သော်လည်း ဆလိုင်းတင်မောင်ဦးနှင့် ပတ်သက်၍ ထပ်မံကြားသိရသည့် အဖြစ်အပျက်များ နောက်ပိုင်းတွင် ကြုံလာ ရပါသည်။ ထိုအချိန်ကတော့ ကျနော် အမှတ်မမှားဘူး ဆိုပါက ၁၉၉၃၊ ၁၉၉၄ ကာလများတွင် ဖြစ်သည်။ ဘယ်နေရာ မှာလဲလို့ မေးလာရင်တော့ ကရင်သူပုန်တို့၏ ဌာနချုပ်ဖြစ်သော မာနယ်ပလောတွင် ဖြစ်သည်။ ဘယ်လို ပြန်ကြားရတာလဲလို့ မေးရင် ဇာတ်လမ်းကို ပြန်ပြောဖို့လိုလာသည်။ တောထဲရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် တာဝန်ယူနေရသော လူလတ်ပိုင်း ခေါင်းဆောင်များ တဦးထံက ဖြစ်သည်။ သူ၏ အမည်မှာ ကိုအောင်စောဦး ဖြစ်သည်။ တခါတော့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၏ မွေးနေ့ဟုထင်သည်။ ပွဲတွေ ဇာတ်တွေ ငှားထားသည်။ ထို့အတူ မာနယ်ပလောရောက် အဖွဲ့အစည်း အသီးသီးမှ တင်ဆက်သော ဇာတ်လမ်း ဇာတ်ထုတ်များလည်း စင်တင်၍ ကကြသော အချိန်ဖြစ်သည်။ ကိုအောင်စောဦး ဦးဆောင်သော အကအဖွဲ့က တင်ဆက်သော တခန်းရပ်ပြဇာတ်မှာ ဗိုလ်အောင်ကျော် အကြောင်းဖြစ်သည်။ ဆလိုင်း တင်မောင်ဦး အကြောင်း မဟုတ်ပါ။ ထိုဇာတ်လမ်းတွင် ကိုအောင်စောဦးက ဗိုလ်အောင်ကျော်နေ၏ မိခင်နေရာမှ ဝင်၍ မိန်းမ လိုဝတ်ကာ သရုပ်ဆောင်သည်။ အမိုးဖွင့် ဇာတ်ခုံပေါ်တွင် သစ်သား ခေါင်းကြီးကို ထမ်းလာပြီး အောင်ကျော် မင်းမသေဖူးဟု ရင်ထု၍ ပြောခန်းဖြစ်သည်။ လူတော်တော် များများ ကြိုက်ခဲ့သော တခန်းရပ် ဇာတ်ထုတ်ဖြစ်ခဲ့သည်၊

ထိုအချိန်အထိ ဆလိုင်းတင်မောင်ဦး အကြောင်း ဘာမှမပါသေးပါ။ အဲသည့် တခန်းရပ်ဇာတ်အပြီး တနေ့တော့ မာနယ် ပလောအတွင်းက လက်ဖက်ရည်ဆိုင် တခုအတွင်းမှာ တခြားသော သူများက ကိုအောင်စောဦးအား ခင်ဗျား အနေနဲ့ ကိုလိုနီခေတ်တုန်းက ဗိုလ်အောင်ကျော် အကြောင်းကို ဇာတ်လမ်းခင်းမယ့်အစား အခုခေတ်မှာ ကြိုးပေးခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးအကြောင်း ဇာတ်ထုတ်ခင်းရင်း ပိုကောင်းမယ်ဟု ပြောကြသည်။ ကိုလိုနီခေတ်က အဝေးကြီးမှာ ကျန်ရစ်ခဲ့ပြီလို့ ပြောတဲ့သူကလည်း ပြောကြသည်။ ဝေဖန် အကြံပြုတယ် ဆိုရင်လည်း မမှားဖူးပေါ့။ အဲသည့်တော့ ကျနော်ကြားသလောက် မှတ်မိသလောက် ကိုအောင်စောဦး ကလည်း ပြန်ပြောရှာသည်။ နောင်ကျလို့ အခွင့်သာရင် ကျောင်းသား သူရဲကောင်း ဆလိုင်းတင်မောင်ဦး အကြောင်း ကြိုးစားပြီး ဇာတ်ထုတ်အနေနဲ့ တင်ဆက်မယ်ဟု ပြောသည်။ အဲသည့် အချိန်ကျမှ ကျနော့် ရင်ထဲမှာ နှစ်ပေါင်းအတော်ကြာ မှေးမှိန်နေတဲ့၊ ကိုထင်အောင်စိန် ပြောပြဖူးတဲ့ ဆလိုင်းတင်မောင်ဦးဟာ ဖြတ်ခနဲ ဆိုသလို ပြန်ပေါ်လာသည်။

ဒါနဲ့ ကျနော်ကလည်း ကိုအောင်စောဦးကို မေးခဲ့သည်။ ဆလိုင်းတင်မောင်ဦး ဆိုတာ ဘယ်လိုလူစားလဲ။ ကြိုးပေးခံရအောင် ဘာတွေများ လုပ်ခဲ့သလဲ အစုံပေါ့လေ။ ကိုအောင်စောဦးကလည်း သူသိထားသမျှ ဆလိုင်းတင်မောင်ဦး အကြောင်းကို ပြောပြသည်။ သူသိထားတယ် ဆိုတာကလည်း သူသိထားတာအပြင် သူတို့ခေတ်တုန်းက ကျောင်းနေဖက်တွေ ပြောပြတဲ့ အချက်အလက် တွေလည်း ပါသည်။ အပြည့်အစုံကြီး မဟုတ်ပေမယ့် ဆလိုင်းတင်မောင်ဦး အကြောင်းကို ကျနော်တို့ မျိုးဆက်အနေနဲ့ သိခွင့် ရလိုက်သည်။

ဒီနေရာမှာ ကျနော် ဆိုလိုချင်တာက ဒီလိုဖြစ်သည်။ ဆလိုင်းတင်မောင်ဦးလို ကျောင်းသားမျိုးကို အစိုးရပြုစုထားတဲ့ သမိုင်း စာမျက်နှာပေါ်မှာ သွားကြည့်ရင် ရှိလိမ့်မည် မဟုတ်ပါ။ ရှိရင်တောင် ရာဇဝတ်ကောင်လို နေရာမျိုးမှာ ထားပြီး ပြုစုထားတာ မျိုးသာ ရှိပါလိမ့်မည်။ ဒါကြောင့် ကျနော့်အနေနဲ့ ပြောလိုတာကတော့ အာဏာရသူများ တင်ထားတဲ့ သမိုင်းမှာ မပါတဲ့ အမည်နာမများကို သိရှိလိုတယ်ဆိုရင် (အာဏာရသူများ အဆက်ဆက်ကလည်း မကြိုက်တဲ့၊ မုန်းတဲ့ သူရဲကောင်းများ အကြောင်းကို သိဖို့ဆိုရင်) သိမှီလိုက်သူများက လက်ဆင့်ကမ်းပြီး နောင်မျိုးဆက် အသစ်အသစ်တွေကို သိစေဖို့ လုပ်ဆောင် မှသာ သိကြမှာ ဖြစ်သည်။ ထို့အတွက် ထိုကဲ့သို့ အသက်ကိုစွန့်ခဲ့တဲ့ လူပုဂ္ဂိုလ်များအကြောင်း လူအများသိစေဖို့ အမှတ်တရ နေ့များ အခန်းအနားများ နေရာအနှံ့ ဆောင်ရွက်ပေးသင့်သည်ဟု ထင်မြင်သည်။

ကနေ့လို အင်တာနက် ထွန်းကားနေသည့် ကာလများတွင် အုပ်စိုးသူများ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်တို့တွင် မှတ်တမ်း တင်ထားနိုင်သော အခွင့်အလမ်းများ ရှိနေသည် မဟုတ်လော။ ဒါကြောင့် ဘယ်လိုအကြောင်းမျိုး ဖြစ်ပါစေ၊ ဆလိုင်းတင်မောင်ဦး သာမက စစ်အာဏာရှင်များကို ဆန့်ကျင်ခဲ့သည့် သမိုင်းတင်ထိုက်သည့် လူပုဂ္ဂိုလ်များနှင့် ပတ်သက် သည့် အကြောင်းအရာများကို သိမီလိုက်သည့် လူအများ ရှိနေဆဲ ကာလတွင် တတ်နိုင်သမျှ မှတ်တမ်းများ ကျန်ရစ်အောင် လုပ်ဆောင်ဖို့ လိုသည်ဟု တိုက်တွန်းလိုသည့် ဆန္ဒများကြောင့် ဒီစာကို ရေးဖြစ်ပါသည်။

ဇော်မင်း
၂၉ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.