ရွက်မွန်စာမျက်နှာ

Saturday, July 2, 2011

တကယ်လုပ်မှာလား

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဆိုပြီး အလုပ်ရုံဆွေးနွေးပွဲမျိုး နှစ်ခုလုပ်ခဲ့တယ်။ အဲသည့် နှစ်ခုဟာ နေပြည်တော်မှာ ၂ဝဝ၉ ခုနှစ်မှာ လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ အခု ၂ဝ၁၁ ခုနှစ်မှာလည်း တတိယ အကြိမ် မြောက် အလားတူ ဖိုရမ်တခု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားက ပညာရှင်တွေ၊ ပြည်တွင်းနဲ့ ပြည်ပ ရောက် မြန်မာပညာရှင်တွေ ကိုလည်း ဖိတ်ပါတယ်။ အစိုးရဖက်က အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့၊ စိုက်ပျိုးရေးဝန်ကြီးဌာန တို့က အာဏာပိုင်တွေနဲ့ တခြားသော အရာရှိများ တက်ရောက်ကြပါ တယ်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာမှာ ဒုတိယအကြိမ် ဆွေးနွေးပွဲလုပ်တုန်းက နာမည်ကြီး စီးပွားရေးပညာရှင်လည်းဖြစ် စီးပွားရေး ဆိုင်ရာ နိုဘယ်ဆုကို ရရှိထားတဲ့ ပါမောက္ခ ဂျိုးဆက်စတိဂလစ်က ဦးဆောင်ပြီး ဆွေးနွေးခဲ့တယ်လို့ မှတ်မိပါတယ်။ အဲသည်တုန်းက ပါမောက္ခကြီးက မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်ဦးမော့လာအောင် လယ်ယာ စိုက်ပျိုးရေးကို အားပေးမြှင့်တင်ဖို့ အကြံပြုခဲ့ ပါတယ်။ လယ်သမားတွေ ကူညီဖို့ရာလည်း မမေ့ဖို့ အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တချိန်က စပါးအထွက်ကောင်းခဲ့လို့ နိုင်ငံခြားကို ဆန်တင်ပို့ခဲ့ရာမှာ နာမည်ရှိခဲ့တဲ့ တိုင်းပြည်ဖြစ်ခဲ့လို့ စပါးစိုက်ပျိုးရေးကို ပြန်ပြီး အာရုံစိုက်ဖို့ ပြောတာလို့လည်း သူက ထောက်ပြခဲ့ပါ တယ်။ ပါမောက္ခကြီး အကြုံပြုသွားခဲ့တာ အခုဆိုရင် တနှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ အစိုးရဟောင်းရော အစိုးရသစ်ရော စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်လို့ ဘာတွေများ အခြေတည် ခဲ့တာ ရှိသလဲဆိုတာ ပြန်ကြည့် လိုက်တော့ ဘာမှ သေသေချာချာ ပြင်ဆင်မထားဖူး၊ ဘာတခုမှလည်း လုပ်မထားဖူး ဆိုတာ တွေ့ရပါတယ်။ အခုလည်း တခါလုပ်ပြန်ပါပြီ၊ ဟိုပညာရှင် သည်ကျွမ်းကျင်သူ စတာတွေကိုတော့ ဖိတ်ပြီး ဆွေးနွေးပွဲတွေ လုပ်ပြန်ပါတယ်။ လက်တွေ့မှာ ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့။

ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာတော့ ကောင်းတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ ပညာရှင် တွေကို ရွေးချယ်ဖိတ်ကြားရာမှာ အရေးကြီးပါတယ်။ အစိုးရနဲ့ အလွမ်းသင့်တဲ့ ပညာရှင်တွေသာ ရွေးဖိတ်ရင် (သို့မဟုတ်) အစိုးရ ကြားချင်တာကိုပဲ လှလှလေး ပြောပြတဲ့ ပညာရှင်မျိုးကို ဖိတ်ကြားရင်လည်း အဲသည် ကတည်းက လွဲနေပြီလို့ ပြောလိုပါတယ်။ စိုက်ပျိုးရေးကို ပြန်လည်မြှင့်တင်မယ် ဆိုတာ တဖက်မှာ ကြည့်ရင် စီးပွားရေးဦးမော့လာအောင် ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါသလို ဆင်းရဲနွမ်းပါးမှုကို လျှော့ခြခြင်းဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း အကောင်အထည် ဖော်ရာ ရောက်ပါတယ်။ အဲသည်တော့ကာ ဖိတ်ကြားထားလို့ ဆွေးနွေးမယ့် ကျွမ်းကျင်သူ ဆိုတာများထဲမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ ကိစ္စတွေ ဖြစ်စဉ်တွေကို တစိုက်မတ်မတ် လေ့လာပြီး လုပ်ကိုင်နေတဲ့ သူများ အများစုအနေနဲ့ ပါဝင်ဖို့ လိုပါတယ်။ သမိုင်းပညာရှင်တွေ၊ နိုင်ငံရေး ပဋိပက္ခ ဖြေရှင်းရေး ပညာရှင်တွေ၊ ဘာခေါင်းစဉ်လာလာ တက် ဆွေးနွေးမယ် လို့ မောင်းတင်ထားတဲ့ နိုင်ငံတကာ အဆင့်မမီပေမယ့် ကိုယ့်ကိုယ်ကို ပညာရှင်လို့ သတ်မှတ်ထား သူတွေ၊ အစိုးရအကြိုက် လိုက်ပြောရင်း ဖျာခင်းချင်တဲ့ တဝက်တပျက် ပညာရှင်တွေ၊ အဲသလို လူမျိုးတွေက ဆွေးနွေးပွဲမှာ မင်းမူနေမယ် ဆိုရင် တော့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ရလဒ်ကောင်း ထွက်ဖို့ လွယ်မှာ မဟုတ်ပါဖူး။ အထက်မှာ ပြောခဲ့တဲ့ သူတွေ အနေနဲ့ ဆွေးနွေးပွဲကို မတက်ရဖူး မပါဝင်ရဖူးလို့ မဆိုလိုပါ။ နောက်တချက်ကတော့ စီးပွားရေး ပညာရှင်တိုင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖြစ်စဉ်နဲ့ ကိစ္စတွေကို နားလည်တယ်လို့ မယူဆပါနဲ့။ စီးပွားရေး ပညာရပ်ဂွင်မှာလည်း မတူ ကွဲပြားတဲ့ နယ်ပယ်တွေ ရှိနေတဲ့ အတွက်ကြောင့်ပါ။ ကိုယ့်နေရာ ကိုယ့်ဏ္ဍကို သိဖို့နားလည်ဖို့ လိုကြောင်း ထောက်ပြလို တာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ လယ်ယာစိုက်ပျိုးရေး အကြောင်းကို ပြောပြီး လယ်သမားတွေ စိုက်ပျိုးသူတွေ ပါဝင်ခွင့် မရတဲ့ ဆွေးနွေးပွဲမျိုးက ထွက်လာမယ့် ရလဒ်ကို နောက်ပိုင်းမှာ လယ်သမားတွေက လိုက်နာပြီး လုပ်ဆောင် ရမယ် ဆိုတာ ကလည်း ဘယ်လိုမှ သဘာဝမကျတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ လယ်ယာအကြောင်း စိုက်ပျိုးရေး အကြောင်းကို လယ်သမား ကာယကံရှင်က အသိဆုံးပါ။ သူတို့ ပိုတိုးတက်လာဖို့ သူတို့ရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ လိုအပ်နေတာက ဘာတွေ၊ မလိုအပ်ဘဲ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတာက ဘာတွေ၊ ဖိနှိပ်ခံရပြီး တမင်အညစ်ခံရတာတွေက ဘာတွေ အစရှိတာတွေကို လယ်သမားက သိပါတယ်။ ဒါနဲ့ ပတ်သက်လို့ သူတို့မှာ သူတို့ဘဝက သဘာဝအတိုင်း ပေးထားတဲ့ local knowledge ဒေသဆိုင်ရာ ဗဟုသုတ အသိဉာဏ်က ရှိထားပြီး သားပါ။ ဒီအခြေအနေတွေကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ပညာရှင် တွေနဲ့ အာဏာပိုင်တွေ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီး ထွက်လာတဲ့ ရလဒ်တွေအတိုင်း လယ်သမားကို ဘာလုပ်ပါဆိုပြီး ခိုင်းရင် ရှေ့ရှောက်ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဖူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရေစေ။ ဒါကြောင့် လယ်သမားတွေကို ခင်ဗျားတို့ ဘာလို သလဲ၊ ဘယ်လိုလုပ်ချင်တဲ့ ဆန္ဒရှိသလဲ ဆိုတာကို အကြောက်တရား ကင်းကင်းနဲ့ ပြောကြပါစေ တင်ပြ ပါစေ။

မပြောမပြီး ပြောရဦးမယ့် နောက်တချက်ကတော့ စိုက်ပျိုးမြေတွေကို လယ်သမားတွေဆီက သိမ်းယူနေတာ တွေကို ရပ်တန်းက ရပ်ဖို့လိုပါတယ်။ သိမ်းယူထားတဲ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ လိုပါတယ်။ လယ်သမားတွေဆီက နောက်ထပ် ဘယ်လိုအကြောင်းနဲ့မှာ လယ်တွေယာတွေကို မသိမ်းပါဖူးလို့ အစိုးရ အသစ်က ပထမဆုံး အာမခံဖို့ လိုနေပါတယ်။ စီးပွားရေး ကုမ္ပဏီတွေက အာဏာပိုင်တွေနဲ့ လက်ဝါးရိုက်ပြီး ဈေးပေါပေါနဲ့ အချောင်သိမ်းယူထားတဲ့ လယ်မြေတွေကိုလည်း မူလပိုင်ရှင် လယ်သမားတွေဆီ ပြန်ပေးပါ။ စစ်တပ်ပိုင် လုပ်ထားတဲ့ လယ်ယာမြေတွေလည်း ဒီအထဲမှာ အကြုံးဝင်ပါတယ်။ အဲတာနဲ့ တဆက်ထဲမှာ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ ခေတ်နဲ့ မဆီလျှော်တော့တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ပါလီမန်မှာ ဆွေးနွေးဖို့ လိုပါတယ်။ ကန်ထရိုက် လယ်ယာမြေစနစ်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီ တွေကိုလည်း ရပ်တန်းကရပ်ဖို့ ပြောရပါလိမ့်မယ်။ ကန်ထရိုက်လယ်ယာမြေ စနစ်ဆိုတာ အများ နားလည်လွယ်အောင် ပြောရမယ် ဆိုရင် စက်မှုတိုးတက်ပြီး ထိပ်တန်းရောက်နေတဲ့ နိုင်ငံတွေမှာသာ အလုပ်ဖြစ် ပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဲသလို နိုင်ငံတွေမှာ လယ်သမားဟာ လက်တဆုပ်စာ လူနည်းစု ဖြစ်နေလို့ပါ။ လူများစု မြို့ပြမှာပဲ နေကြလို့ပါ။ မြန်မာပြည်ဟာ အဲသည့် အခြေအနေနဲ့ ပြောင်းပြန် ဖြစ်နေတာကို မမေ့သင့်။

စုတုပြု လုပ်ငန်းတွေကို အရင်လုပ်ဖို့လည်း လိုပါသေးတယ်။ ဆိုလိုခြင်တာကတော့ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ ကြိုးစား ခဲ့တဲ့ နိုင်ငံတွေ၊ ကြိုးစားနေဆဲ နိုင်ငံတွေမှာ ဘယ်လောက်အောင်မြင်လဲ၊ မအောင်မြင်ဘဲ ကျရှုံးခဲ့ သလား၊ ဒါမှမဟုတ် ရာခိုင်နှုန်း အနည်းငယ်သာ အောင်မြင်တာလား၊ ဘာ့ကြောင့်လဲ၊ ဘယ်လိုကြောင့်လဲ စတာတွေကို လေ့လာနည်းနာ ယူဖို့လိုပါတယ်။ သူများ မှားခဲ့တာတွေ အားနည်းခဲ့တာတွေကို သင်ခန်းစာယူဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ ဒီအလုပ်တွေ ကလည်း မလုပ်မဖြစ် လုပ်ဖို့ လိုပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ အသေးစား လယ်သမားများအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းစဉ်ဟာ ထင် သလောက် မအောင်မြင်ခဲ့ဖူးလို့ သိရပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့
၁။ ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းစဉ်တွေမှာ ကွင်းဆင်းပြီး လုပ်ကိုင်တဲ့ အစိုးရက လွှတ်လိုက်တဲ့ ဝန်ထမ်း တွေ အရည် အသွေး မပြည့်မီခြင်း၊
၂။ လာဘ်ပေးလာဘ်ယူ ကြီးမားခြင်း၊
၃။ ကိုယ်နဲ့အလွမ်းမသင့်တဲ့ ဧရိယာဆိုရင် အင်တိုက်အားတိုက် မလုပ်ဘဲ ဝန်ထမ်းများက ပေယျလကန် ထား ထားခြင်း၊
၎။ ဗြူရိုကရေစီ ယန္တရားက မလိုအပ်ဘဲ ကြီးမားပြီး အဟန့်အတား ဖြစ်နေခြင်း၊
၅။ လယ်သမားတွေ အတွက် လိုအပ်တဲ့ ပညာပေး လုပ်ငန်းများနဲ့ လိုအပ်တဲ့ ငွေအင်အားကို ပြည့်ပြည့်ဝဝ မထောက်ပံ့နိုင် ခြင်း၊
၆။ တချို့နေရာတွေမှာ အင်အားကြီးတဲ့ ဒေသခံ မြေပိုင်ရှင် သူဌေးကြီးများကို အစိုးရဝန်ထမ်းကိုယ်တိုင်က မလွန်ဆန် နိုင်ခြင်း (သို့) ပုလင်းတူဗူးဆို့ ဖြစ်နေခြင်း၊
၇။ အိန္ဒိယ လူ့အဖွဲ့အစည်းမှာ ကနေ့အထိ အမြစ်တွယ်နေသေးတဲ့ လူတန်းစားအရ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်း စနစ်က တချို့နေရာ များတွင် အနှောင့်အယှက်လို ဖြစ်နေခြင်း၊
၈။ ကျေးလက်မှာ ပြုလုပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း ဖြစ်စဉ်ဟာ မြို့ပြမှာ ပြုလုပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနဲ့ ကောင်းကောင်း မချိတ်ဆက်နိုင်သေးခြင်း၊
၉။ တချို့နေရာတွေမှာ မိုးခေါင်လွန်းခြင်း ရေကြီးလွန်းခြင်း ဆိုတဲ့ သဘာဝဘေးအန္တရယ် များကို ဆက်တိုက် ရင်ဆိုင်ရခြင်း။
အဲတာတွေအပြင် နောက်ထပ် ကြီးငယ်လတ် ပြဿနာတွေလည်း အမြောက်အများ ရှိနေပါသေးတယ်။ ဆက်စပ်လို့ ပြောရရင် ကနေ့ တကမ္ဘာလုံးမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ အသေးစား လယ်သမားတွေ အများ အပြား ရှိနေပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ အသေးစား လယ်သမား အရေအတွက်ဟာ သန်းပေါင်း ၉ဝဝ ကျော် ရှိတယ်လို့ လေ့လာသူ များက ဆိုပါတယ်။ အဲသည့် လယ်သမား တဦးစီမှာ မီခိုသူ နှစ်ဦးကျစီဘဲ ရှိတယ်ထား။ လယ်ယာစိုက်ပျိုးရေးကို တိုက်ရိုက် မှီခိုနေရသူ (သွယ်ဝှိုက်မှီခိုနေရသူမပါ) စုစုပေါင်းဟာ သန်းပေါင်း ၂၇ဝဝ ကျော် ရှိနေတယ်လို့ အကြမ်းဖျဉ်း တွက်နိုင် ပါတယ်။ မြန်မာနိုင်ငံ မှာကော ဘယ်လောက်ရှိမလဲ။ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

အစိုးရဟောင်း လက်ထက်တုန်းက ဓာတ်ငွေ့နဲ့ သဘာဝ အရင်းအမြစ်တွေကို ရောင်းလို့ရတဲ့ ငွေတွေကို လယ်ယာစိုက်ပျိုး ရေး တိုးတက်အောင် ဆောင်ရွက်တဲ့ နေရာမှာ သုံးစွဲမှာလား ဆိုတာကလည်း မေးဖို့လိုတဲ့ မေးခွန်းပါ။ နောက်တခုကတော့ စီးပွားရေးကုမ္ပဏီကြီးတွေ နိုင်ငံတော်ကို မှန်မှန်ကန်ကန် အခွန်ဆောင်ရဲ့လား၊ အဲသည့် အခွန်တော် ငွေတွေကို အစိုးရက ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းတွေမှာ သုံးဖို့အစီအစဉ် ရှိသလား။ ဒါတွေကိုလည်း သိဖို့လိုပါတယ်။ ထပ်ဖြည့်ရဦးမဲ့ အချက်ကတော့ လွတ်လပ်တဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက လယ်သမားတွေရဲ့ စိုက်ပျိုးရေးကိစ္စတွေမှာ ဝင်ရောက် ကူညီလာရင် သူတို့ကိုကော အစိုးရသစ်က ရှောရှောရှုရှုနဲ့ ဆောင်ရွက်ခွင့်ပေးမှာလား။ ဟိုအဖွဲ့ဆိုရင် မလုပ်ရ၊ သည်အဖွဲ့ဆိုရင် မလုပ်ရ။ လုပ်ချင်ရင် အစိုးရကသတ်မှတ်ပေးထားတဲ့ တွဲပေးတဲ့ အဖွဲ့အစည်းနဲ့သာ လုပ်ခွင့်ရမှာလား။

ကောင်းပါပြီ အစစအရာရာ အဆင်ပြေကြလို့ နောင်မှာ စိုက်ပျိုးလုပ်ငန်းတွေလည်း တိုးတက်ဖွံ့ဖြိုးလာ၊ လူများစု လယ်သမား ထုကြီးလည်း ဆင်းရဲတွင်းကနေ တဖြည်းဖြည်း ထွက်လာကြပြီ ဆိုပါစို့။ သို့သော် တိုင်းရင်းသား ဒေသတွေမှာ ရှိနေတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုရင် အစိုးရဟာ စစ်တပ်ကို အင်အားကောင်း အောင် တပ်ဆင်ရတော့မှာ ဖြစ်သလို တိုက်ပွဲတွေကြောင့် စစ်စရိတ်က ထောင်းလာမှာ ဖြစ်တဲ့အတွက် ငွေကမလိုအပ်ဘဲ ကုန်ဦးမှာပါ။ ပြောရရင် အဲသလို အခြေအနေတွေကို ရင်ဆိုင်လာရပြီ ဆိုရင် တော့ ကုလးခပ်လာတဲ့ရေ ကုလားဖင်ဆေး တာနဲ့ကုန် ဆိုသလို ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ မြန်မာ့ဆန်စပါး နိုင်ငံတကာမှာ ပြန်လည်မြင့်တက်လာဖို့နဲ့ ဆင်းရဲ မွဲတေမှု လျှော့ချရေးဟာ အောင်မြင်လိမ့်မယ် မဟုတ်ကြောင်း ပြောလိုက်ပါရစေ။ ဆင်းရဲမွဲတေမှု လျှော့ကျဖို့ဆိုတာ နိုင်ငံသားအားလုံး ကြောင့်ကျမှု ကင်းကင်းနဲ့ အမှန်တကယ် ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်မှသာ အောင်မြင်ဖို့ရှိကြောင်း ထပ်လောင်း ပြောလိုပါတယ်။ ကိုယ့်တဦးထဲ တဖွဲ့ထဲ ခွဲလုပ်လို့ မဖြစ်နိုင်ပါကြောင်း။

ဇော်မင်း
၃ဝ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.