ရွက်မွန်စာမျက်နှာ

Friday, March 9, 2012

အပြောင်းအလဲတွေရှိပါတယ်

ဒုံ
ရင်းဒုံရင်းအတိုင်း နေနေရတဲ့ ကာလတွေ ကြာလာပြီဆိုရင် လူ့အဖွဲ့အစည်း တခုဟာ တိုးတက်မှု နောက်တခုခု အတွက် အာသာ ငမ်းငမ်းဖြစ်လေ့ ရှိပါတယ်။ အဲတာကို နောကြေနေတဲ့ အုပ်ချုပ်သူတွေ၊ ခေါင်းဆောင်တွေက အပြောင်းအလဲ လုပ်မယ် အားလုံး အတွက် အကျိုး ရှိစေရမယ်ဆိုပြီး အဲသလို အချိန်တွေမှာ လူတွေကို ဖမ်းစားလေ့ရှိပါတယ်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားတောင် အပြောင်းအလဲ လိုနေပြီဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သမ္မတ မဖြစ်ခင်မှာ ပေါ်ပြူလာဖြစ်လာခဲ့သေးတာ မဟုတ်လား။ လူဆိုတာ မပြောင်းမလဲဘဲ နေတာထက် အပြောင်းအလဲကို ကြိုက်တဲ့ သဘာဝရှိပါတယ်။ အခု ကျနော်တို့ မြန်မာပြည်မှာလည်း အပြောင်းအလဲတွေ စနေပြီလို့ အစိုးရကလည်း ပြောတယ်၊ တချို့တွေကလည်း ပြောတယ်မို့လား။

ကျနော်ပြောချင်တာက ကျနော်တို့ဆီက အပြောင်းအလဲကို ပြောချင်တာပါ။ ပြည်တွင်းကို ပြန်မရောက်တာ နှစ်ပေါင်း နှစ်ဆယ် ကျော်နေပြီမို့ ပြည်တွင်းက အကြောင်းနဲ့ အပြောင်းအလဲကို ကျနော်မပြောလိုပါ။ သို့သော် ကျနော်တို့ နယ်စပ်က အကြောင်းကို တော့ ပြောလိုပါတယ်။ ကျနော်တို့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်း အသီးသီး မှာ အပြောင်းအလဲတွေ မရှိတာ ဆယ်စုနှစ် နှစ်ခုတိုင်ခဲ့ပါပြီ။ တချို့ တိုင်းရင်းသား အဖွဲ့တွေမှာတော့ အပြောင်းအလဲ တချို့ ရှိခဲ့ ပါတယ်။ ရှိတယ်ဆိုတာကလည်း စနစ်တကျ တဗိုလ်ကျ တဗိုလ်တက် ပုံစံမျိုး ရှိခဲ့တာတော့ မဟုတ်ပါ။ တသက်လုံး လူကြီးလုပ် လာသူတွေ၊ ဥက္ကဋ္ဌ အတွင်းရေးမှူး လုပ်လာတဲ့သူတွေ အသက်ကြီးလို့ ကွယ်လွန်တာ ကြောင့် ပြောင်းလဲတာမျိုးသာ ဖြစ်ပါ တယ်။ မြန်မာလူမျိုးတွေနဲ့ ဖွဲ့ထားတဲ့ နယ်စပ်က အဖွဲ့အစည်းတွေကတော့ အခုအထိ ပြောစမှတ် ပြုရလောက်တဲ့ အပြောင်း အလဲမျိုး မရှိသေးပါလို့ ပြောလိုပါတယ်။

ပြန်ကြည့်လိုက်ရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ခေါင်းဆောင်လုပ်တဲ့ လူတွေပဲ လူကြီးဆက်ဖြစ်နေဆဲပါ။ နေရာ ပြောင်း၊ အဖွဲ့နာမည်ပြောင်း၊ ရာထူးနာမည်သာ ပြောင်းတယ် ခေါင်းဆောင်ဆက်လုပ်နေတုန်းပါ။ တောခိုပြီး လက်နက်ကိုင် တိုက်လာတဲ့ ရဲဘော်တွေ၊ လက်နက်မကိုင်ပေမယ့် လက်နက်ကိုင် နယ်မြေထဲမှာ နှစ်အကြာကြီး ရှိခဲ့တဲ့သူတွေ ဘာကြောင့် တတိယ နိုင်ငံ တွေကို ထွက်သွားတာလဲ။ တော်လှန်ရေး ခရီးကြမ်းကို ဆက်မဖြတ်လိုတဲ့ ဆန္ဒကြောင့်လား။ အားကုန်သွား လို့လား။ ခိုင်မာတဲ့ ရည်မှန်းချက်တွေ မရှိတော့လို့လား စသဖြင့် မေးစရာတွေတော့ ရှိပါတယ်။ ဒါဖြင့်ရင် အနှစ်နှစ်ဆယ် ကျော်လုံး ခေါင်းဆောင် နေရာကို အခုထိ ရယူထားသူတွေက (တချို့ကိုဆိုလိုပါတယ်) သူများထက် ပိုကြံ့ခိုင်လို့ ဒီနေရာ တွေမှာ ဆက်ရှိနေတာလား ဆိုတာကလည်း မေးရမယ့် မေးခွန်း ဖြစ်လာပါတယ်။ ပြန်ကြည့်လိုက်ရင် ရာသက်ပန် ဥက္ကဋ္ဌ တွေ၊ ရာသက်ပန် အတွင်းရေးမှူး တွေ၊ ရာသက်ပန် ဘဏ္ဍာရေးမှူးတွေ၊ ရာသက်ပန် အတွင်းရေးမှူး အဖွဲ့ဝင်တွေဟာ ဒီလူတွေချည်းပါပဲ။ ခေါင်းဆောင်ရာထူးကို နှစ်နဲ့ချီပြီး ယူထားမှတော့ ဆက်ကျန်ရမှာကိုး။

ကျနော်မြင်တာတွေကို ပြောရမယ်ဆိုရင် အခွင့်အလမ်း ဆိုတဲ့ ကိစ္စက စတယ်လို့ ပြောလိုပါတယ်။ အခွင့်အလမ်း ရသူ တွေက မြန်မာပြည်ကို ကိုယ်စားပြုတဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အနေနဲ့ (အမျိုးသမီးတချို့လည်းပါ) နိုင်ငံတကာ ကိုသွား မြန်မာပြည်ကိစ္စကို တင်ပြ စတဲ့အလုပ်တွေကို လုပ်ခဲ့ကြရပါတယ်။ လော်ဘီလုပ်ငန်းလို့ ဒီဖက်မှာ အပြောများ ပါတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ သူတို့တတွေဟာ နိုင်ငံတကာ အခြေအနေတွေကို တစိတ်တပိုင်း နားလည်လာပါတယ်။ နိုင်ငံတကာက ဘာကြိုက်တတ်တယ် ဆိုတာကိုလည်း သိလာပါတယ်။ အလှူရှင်ဒိုနာက ဘာမျိုးပြောမှ ဘယ်လိုမျိုးတင်ပြမှ သဘောကျတယ် ဆိုတာကိုလည်း နားလည်လာပါတယ်။ တခါ ကိုယ့်အဖွဲ့အစည်းမှာ ပြန်ရောက်ရင်လည်း ဒီလိုမျိုး ငွေတွေ ဘာတွေ ဝင်လာတာ ဟာ နိုင်ငံတကာအကြောင်း နားလည်တဲ့ သူတို့လို လူတွေလုပ်လို့သာ ရလာတယ် ဆိုတာမျိုး ဖြစ်လာ ပါတယ်။ အဲသည်တော့ သူတို့တတွေ နိုင်ငံတကာကို ထပ်ခါထပ်ခါ ထွက်ဖို့ ဖြစ်လာပါတော့တယ်။ သူတို့နဲ့ သူတို့ရဲ့ အလွမ်းသင့်တဲ့ အုပ်စုတွေသာ နိုင်ငံ တကာကို ခဏခဏထွက်ကြတာမို့ တခါမှ မထွက်ရတဲ့ သူတွေအဖို့ကတော့ သူတို့ကို မော့ကြည့်နေယုံကလွဲလို့ ဘာမှလည်း သိလာခြင်း၊ တတ်လာခြင်း၊ ကျွမ်းကျင်လာခြင်း မရှိပါ။ နယ်စပ်က သက်ဆိုင်ရာ အဖွဲ့အစည်းထဲမှာပဲ ရေဒီယိုသတင်းနဲ့ နိုင်ငံရေးအကဲဖြတ်တဲ့ အလုပ်လောက်မျိုးကို အာသာဖြေသလို လုပ်နိုင်တာပဲ ရှိပါတယ်။ အဲတာကြောင့် အထက်မှာ ပြောခဲ့တဲ့ အခွင့်အလမ်း ဆိုတာ ဒါမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ အခွင့်အလမ်း မရတဲ့သူဟာ အခွင့်အလမ်း ရတဲ့သူလောက် တိုးတက် ဖြစ်ထွန်းလာဖို့ ဆိုတာ နှေးကွေးသလို အခက်အခဲလည်း ရှိပါတယ်။ ကျနော်သည်လည်း အခွင့်အလမ်း တချို့ ရခဲ့တဲ့ အဲသည့် အဝန်းအဝိုင်းမှာ တချိန်က ပါခဲ့ဖူးတယ် ဆိုတာကို ဝန်ခံလို ပါတယ်။ သို့သော် လူကြီးကြိုက် မပြောတတ် မနေတတ်တော့ အဲသည့်အလုပ်ဟာ ရေရှည်မမြဲခဲ့ပါဖူး။

နှစ်တွေကြာညောင်း လာတာနဲ့အမျှ အောက်ခြေက ရဲဘော်တွေဟာ နယ်စပ်ကအမြင့်နိုင်ငံရေး၊ အလှူရှင်ဒိုနာ နိုင်ငံရေး၊ နိုင်ငံတကာနိုင်ငံရေး စတဲ့ နယ်ပယ်တိုင်းနဲ့ အဆက်ပြတ်သလို ဖြစ်လာပါတယ်။ နိုင်ငံခြားက ခရီးထွက်ပြီး ပြန်လာတဲ့ ခေါင်းဆောင်တွေ ပြောသမျှနဲ့ တင်းတိမ်လာရပါတယ်။ သူတို့ပြောတာ ဟုတ်မှာပါဘဲပေါ့လေ။ တခါ အိမ်ထောင်တွေကျ ခလေးတွေလည်းရလာ ဆိုတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။ တချိန်ထဲမှာ ခေါင်းဆောင်တွေလည်း ဘာသားနဲ့မှ ထုထားတာ မဟုတ်တော့ သူတို့လည်း အိမ်ထောင်သည်တွေ ဖြစ်လာပါတယ်။ အဲသည်မှာ လူတန်းစား ကွာဟလာတာကို သူတို့တတွေ စပြီး ကြုံတွေ့ရတော့ တာပါပဲ။ တောထဲတုန်းက အားလုံးဟာ ဖိုကြီးကချက်တဲ့ မီးခိုးစော်နံတဲ့ထမင်း၊ ကြဲတောက် တောက် ငပိရေကို ခေါင်းဆောင်ငယ်သား မည်သူမဆို စားခဲ့ကြ ရတာပါ။ တောကနေထွက် ထိုင်းနိုင်ငံ နယ်စပ်က မြို့ပြလေး တွေကို ခိုလှုံလာရတဲ့ အချိန်မှာ ဘန်ကောက်သွားနိုင်သူ၊ နိုင်ငံခြားမှာ အစည်းအဝေးတက်နိုင်သူနဲ့ ဘယ်ကိုမှ မရောက်ဖူးတဲ့ သူတွေအကြားမှာ နှစ်ကြာလာတာနဲ့ အမျှ လူတန်းစားကွာဟာမှုဟာ ပိုပိုပြီး ကြီးမားလာခဲ့ ပါတယ်။

ဒီကြားထဲမှာ အန်ဂျီအို နိုင်ငံရေးကလည်း ကြီးထွားသထက် ကြီးထွားလာပါတယ်။ နိုင်ငံခြား သွားခွင့်ရတဲ့၊ အန်ဂျီအို အကြီးကြီး တွေဆီမှာ ငွေတောင်းနိုင်တဲ့ ခေါင်းဆောင်ဟာ ပိုပြီးအရေးပါလာပါတယ်။ အဲသလို ခေါင်းဆောင်မျိုးကလည်း နှစ်တွေသာ ကြာလာပေမယ့် ခေါင်းဆောင်မှု နေရာက ဆင်းပေးဖို့ (သို့မဟုတ်) ခေါင်းဆောင်မှုကို ဖြန့်ကြက်မျှဝေဖို့တောင် စိတ်ကူး မရှိကြတော့ပါဖူး။ သူတို့ တောင်းပေးနေတဲ့ ငွေနဲ့ အားလုံး အသက်ဆက်ပြီး စားနေရသလို ဖြစ်နေတာကိုး။ အဲသလို အန်ဂျီအို နိုင်ငံရေး ကြီးထွားလာတာဟာ နောက်ပိုင်းမှာ ပြည်တွင်းလုပ်ငန်းတွေနဲ့ပါ ဆက်စပ်လာ ပြန်ပါတယ်။ နယ်စပ်မှာတော့ အတွင်း လုပ်ငန်းဆိုရင် လူတိုင်းသဘော ပေါက်ပါတယ်။ မူလကထဲက လျှို့ဝှက်ရတဲ့ သဘာဝရှိတဲ့ အတွင်းလုပ်ငန်းဟာ ဒိုနာတွေကို ဘောက်ချာ ပြစရာမလိုပါဖူး။ ပြည်တွင်းက နာမည်ကြီးတဲ့ တချို့သော (အားလုံးကို မဆိုလိုပါ) နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေး လှုပ်ရှားသူ၊ တချို့သော ၁၉၉ဝ အမတ်များ စတာတွေဟာလည်း ပြည်ပနဲ့ နယ်စပ်က ပို့လိုက်တဲ့ ငွေတွေအပေါ်မှာ အမှီပြုလာ ရသလို ဖြစ်လာပါတယ်။ ပြည်တွင်းက တချို့သော သူတွေ အသုံးပြု နေတဲ့ လက်တော့ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ ခရီးစရိတ် ဘာစရိတ် စတာတွေဟာ အဲသည်တုန်းက နယ်စပ်က ခေါင်းဆောင် တွေဆီကနေ လာတာတွေ ဖြစ်ပါတယ်။ တချို့ဆိုရင် ရန်ကုန်မှာ တိုက်ခန်း ဝယ်နိုင်တဲ့အထိ အထောက်အပံ့ ရခဲ့ပါတယ်။ အခု ကနေ့ကာလ ကိုတော့ ကျနော်မသိပါ။

အဲသည်တော့ ပြန်ကောက်ရရင် နိုင်ငံခြားကနေ ငွေရှာနိုင်သူ ခေါင်းဆောင်ဖြစ်စတန်း ဆိုတဲ့ အနေအထားမျိုး ဖြစ်လာပါ တယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဖူး။ ဘာကြောင့် ငွေရှာနိုင်တာလဲ့။ ဇာတ်လမ်းစကတဲကိုက နိုင်ငံတကာနဲ့ မလွဲမသွေ ဆက်ဆံရတဲ့ နေရာမျိုးမှာ အလုပ်လုပ်ရတဲ့၊ ခေါင်းဆောင်တွေ ဖြစ်လာခဲ့တဲ့ အခွင့်အလမ်းကြောင့် ဆိုရင် မမှားပါဖူး။ ကျန်တဲ့ သူတွေကကော ဘာဖြစ်လို့ အဲသလို မဖြစ်ရရှာတာလဲ။ တောခိုလာတုန်းက သူလည်း တက္ကသိုလ်ကျောင်းသား၊ ကိုယ်လည်း တက္ကသိုလ် ကျောင်းသားပဲ။ ပြင်ပနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံဖို့ အင်္ဂလိပ်လို အပြောအဆိုနဲ့ ပတ်သက်ရင်လည်း ဤသူလည်း “မိုင်နိမ်းအစ် မောင်ဖြူ” ထိုသူလည်း “မိုင်နိမ်းအစ် မောင်ဖြူ” ပါပဲ။ သည်လောက်ပဲ တတ်ကြတာပါ။ ရောက်ခါ စတုန်းက ဘယ်သူမှ ထို့ထက်ပို မတတ်ပါ။ နည်းနည်းလောက် ပိုတတ်သူ အနည်းငယ်တော့ ရှိပါလိမ့်မယ်။ သို့သော် နောက်ပိုင်းမှာ အခွင့်အလမ်းကြောင့် အခွင့်အလမ်း ရသူတွေက အခွင့်အလမ်း မရသူတွေထက် ပိုပြီး ပြောတတ် ဆိုတတ် လုပ်တတ်ကိုင်တတ် ဖြစ်သွားတာပါ။ နှစ်ပေါင်းများစွာ အတွင်း အလုပ်က သင်သွားတာလို့ ပြောလို့ရပါတယ်။

မာနယ်ပလောကျအပြီး အဲသလို ထိုင်းနိုင်ငံ နယ်စပ်မြို့ကလေးတွေမှာ အနေကြာရင်း နိုင်ငံတကာကို ပေါက်ရောက်တဲ့ ခေါင်းဆောင်တွေက ဓနအရပါ ပေါ်ပေါ်တင်တင် ချမ်းသာလာပါတယ်။ အဖိုးတန်ကားတွေ ဝယ်စီးလာနိုင်ပါတယ် ကားစီး လာရတဲ့ အကြောင်းပြချက်ကတော့ အတွင်းကလူတွေ လာရင် ရန်သူ့ ထောက်လှမ်းရေး မသိအောင် ကြိုရပို့ရမှာ အတွက်လို့ ပြောပါတယ်။ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ အဖိုးတန် အရက်တွေနဲ့ သောက်စားလာနိုင် ပါတယ်။ အတွင်းကလာတဲ့ အရေးကြီးတဲ့ သူတွေကိုဧည့်ခံတာလို့ ဆိုတယ်။ မချမ်းသာတဲ့ ခေါင်းဆောင် အနည်းငယ်လည်း ရှိပါသေးတယ်။ သို့သော် သူတို့က မချမ်းသာဘူး ဆိုပေမယ့် နေ့တိုင်း ဘီယာ သောက်နိုင်၊ အရက်သောက်နိုင်၊ စီးကရက်ခဲနိုင်ပါတယ်။ ဘတ်နှစ်ဆယ် သုံးဆယ်ဖိုး ကွမ်းယာဘူးတွေကို ခါးကြားမှာ လိပ်ထားပြီး တချိန်လုံး ကွမ်းဝါး နိုင်ပါတယ်။ လက်တော့ကွန်ပြူတာ ကိုယ်ပိုင် ရှိပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းကိုလည်း အကန့်အသတ်မရှိ ပြောနိုင်ပါတယ်။ နိုင်ငံခြား မဟုတ်ရင်တောင် ထိုင်းနိုင်ငံ အတွင်း မှာ ချင်းမိုင်၊ ဘန်ကောက်လောက်အထိ အနည်းဆုံး သွားဖို့ အခွင့်အရေး ရပါသေးတယ်။ မြန်မာနိုင်ငံကူး လက်မှတ်တွေလည်း ဝယ်ကိုင်နိုင်ပါတယ်။ အဲတာတွေ ဗီဇာသက်တန်း ဆက်ဖို့လည်း ငွေရှိပါတယ်။ ဒီကြားထဲ အဟွာတွေရှိတဲ့ ကာရာအိုကေ ကို လည်း သွားနိုင်ကြပါတယ်။ ရဲဘော်တွေကတော့ ထမင်းနပ် မှန်ယုံကလွဲလို့ ဘာမှ အပိုသုံးဖို့ မရှိခဲ့ပါ။ ဗမာဖက်ကမ်းက လာရောင်းတဲ့ ဆေးပေါ့လိပ်သာ သောက်နိုင်သူတွေ ဖြစ်ပါ တယ်။ နောက်ဆုံး တချိန်မှာတော့ ကလေးတို့လို့တွဲလောင်းနဲ့ အဲသည့် ကလေးတွေကို ကျောင်းတောင် ကောင်းကောင်း မထားနိုင်တဲ့ ရဲဘော်တွေဟာ တတိယ နိုင်ငံတွေကို ထွက်ခွာဖို့ ဆုံးဖြတ်ရပါတော့တယ်။

နယ်စပ်က အင်အားတွေ ဘာကြောင့် နိုင်ငံခြားရောက်ကုန် ရတာလဲ ဆိုတာကို အကျဉ်းချုံးပြီး ပြောပြတာပါ။ အကျယ် ပြောရ မယ်ဆိုရင် သည့်ထက် ပြောနိုင်ပါသေးတယ်။ တနေ့တော့ ပြန်ပြော ပြန်ရေးဖို့လည်း စီစဉ်ထားပါတယ်။ ခေါင်းဆောင် လုပ်ခဲ့သူ များနဲ့ လက်ရှိခေါင်းဆောင် လုပ်နေသူများကို ဆော်ခြင်လို့၊ တွယ်ခြင်လို့ ပြန်ရေးမှာ မဟုတ်ပါ။ နယ်စပ် အခြေပြု တဲ့ တော်လှန် ရေး ဘာကြောင့် ကျရှုံးခဲ့ရသလဲ ဆိုတာကို အများသူငါတွေ၊ နောင်လာနောက်သားတွေ သင်ခန်းစာ ရစေဖို့ ရည်စူးပြီး ပြောမှာ ရေးမှာ ဖြစ်ပါတယ်။

ကိုင်း အဲသည်တော့ ကနေ့ နယ်စပ်မှာ အခြေစိုက်နေတဲ့ မြန်မာအဖွဲ့အစည်းတွေမှာ ဘာတွေ အပြောင်းအလဲ ရှိလာပြီလဲ။ ခေါင်းဆောင်မှုမှာတော့ ဘာမှ အပြောင်းအလဲ မရှိပါ။ ဒီလူနဲ့ ဒီလူပါပဲ။ သို့သော် တကယ်ပြောင်းလဲ နေတာတွေ မရှိဘူး လားဆိုရင်တော့ ရှိတယ်လို့ ပြောရဦးမှာပါ။ တကယ်လည်း ပြောင်းနေပါတယ်။ နောက်လိုက် ရဲဘော်တွေ တတိယနိုင်ငံ ရောက်လို့ အင်အားနည်းနေတာတောင် ဘယ်လို အပြောင်းအလဲမျိုး ဖန်တီးနိုင်သလဲ၊ ရှိနေသလဲ ဆိုတာ လူတွေက သိချင်မှာ ပါ။ အခု နယ်စပ်က အမျိုးသားခေါင်းဆောင်တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေ နောက်မှာ မားမားမတ်မတ်နဲ့ လောက်လောက် လားလား အင်အား ဘယ်လောက် ရှိသေးသလဲလို့ မေးလာရင် ကျနော်က အားမနာဘဲ ဖြေမှာပါ။ အထင်မသေးနဲ့ ရှိပါသေး တယ်။ ခေါင်းဆောင် တယောက်နောက်မှာ အနည်းဆုံးတော့ ကွန်ပြူတာ နှစ်လုံးသုံးလုံးတော့ ရှိမှာပါလို့။ အင်တာနက် ခေတ်ကိုးဗျ။ လူများများ မလိုဖူးလေ။ လူများများ အင်အားများများနဲ့ အလုပ်လုပ်နေတယ်၊ ရှိတယ်လို့ အများက ထင်ရအောင် အင်တာနက်ကတဆင့် လုပ်နိုင်တာကိုး။ ကျန်တာတွေတော့ မသိဖူး အင်တာနက် တွင်တွင် သုံးနိုင်တာကိုက အပြောင်းအလဲ မို့လား။ ဒါကြောင့် ပြောတာပေါ့ ကျနော့်တို့ ဆီမှာလည်း အပြောင်းအလဲ ရှိပါတယ်။

ဇော်မင်း
၉ ရက်၊ မတ်လ၊ ၂ဝ၁၂ ခုနှစ်

2 comments:

blueskyforest said...

နယ်စပ်တော်လှန်ရေးခေါင်းဆောင်များက နေပြည်တော်ကိုလည်း မျက်စပစ်နေကြပါလား။ နေပြည်တော်ကို တက်သိမ်းကြမလို့ထင်တယ်။ ဒီပရောဂျက်အတွက် ငွေအတော်လိုမှာပေါ့။ သနားပါတယ်။

မင်းဒင် said...

ခေါင်းဆောင် လုပ်ခဲ့သူ များနဲ့ လက်ရှိခေါင်းဆောင် လုပ်နေသူများကို ဆော်ခြင်လို့၊ တွယ်ခြင်လို့ ပြန်ရေးမှာ မဟုတ်ပါ။ နယ်စပ် အခြေပြု တဲ့ တော်လှန် ရေး ဘာကြောင့် ကျရှုံးခဲ့ရသလဲ ဆိုတာကို အများသူငါတွေ၊ နောင်လာနောက်သားတွေ သင်ခန်းစာ ရစေဖို့ ရည်စူးပြီး ပြောမှာ ရေးမှာ ဖြစ်ပါတယ်။
................
မငြီးမငြူ စောင့်ဖတ်ပါ့မယ်ဗျာ ။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.