ရွက်မွန်စာမျက်နှာ

Wednesday, April 18, 2012

ငြိမ်းချမ်းရေးဆိုတိုင်းလည်း

ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုပြီး ပြောလာရင် အသိဉာဏ်မြင့်မားတဲ့ လူသားအားလုံး အနေနဲ့ ဘယ်သူမှ မငြင်းပါဘူး။ ဒါကြောင့်မို့ အကြမ်းဖက်နေတာ လူသတ်နေတာ နှိပ်စက်နေတာတွေကို ဘယ်လိုအသွင်ယူ ပုံဖျက်ထားပါစေ ဘယ်သူမှ လက်မခံပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဦးဆောင်ပြီး အလုပ်လုပ်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အလုပ် မျိုး မဟုတ်ဘူး ဆိုတာလည်း သဘောပေါက်ကြဖို့ လိုပါတယ်။

ဗြိတိသျှလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဆရာ တဦးဖြစ်တဲ့ ပါမောက္ခ ဒေးဗစ်ကီင်း David Keen က အခုလို ထောက်ပြထားတာ ရှိပါ တယ်။ What kind of peace we are talking about? Peace for who? Whose term of peace?

ဒါကို အနီးစပ်ဆုံး ပြန်ပြောရမယ်ဆိုရင်၊ ဘယ်လို ငြိမ်းချမ်းရေးမျိုးကို ကျနော်တို့ ပြောနေတာလဲ။ ဘယ်သူ့အတွက် ငြိမ်းချမ်း ရေးလဲ။ ဘယ်သူ့ အလိုကျ တည်ဆောက်မယ့် ငြိမ်းချမ်းရေးလဲ ဆိုတာကို အရင်ဆုံး သရုပ်ခွဲနိုင်ဖို့တော့ လိုပါတယ်။ လက်ဝဲဖက်က လိုချင်တဲ့ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးလား။ လက်ယာဘက်က လိုချင်တဲ့ပုံစံ ငြိမ်းချမ်းရေးလား။ အာဏာရှင်ဖက်က လိုချင်နေတဲ့ ငြိမ်းချမ်းရေးပုံစံလား။ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေ စီးပွားရေးကုမ္ပဏီတွေ လိုချင်နေတဲ့ ငြိမ်းချမ်းရေး ပုံစံလား။ ဒါမှမဟုတ် တသီးပုဂ္ဂလ လူတဦးစ နှစ်ဦးစ ကာလတိုတခုအတွင်း နာမည်ကောင်းရဖို့ ကျော်ကြားဖို့ လုပ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမျိုးလား။ ငြိမ်းချမ်းရေး တည်ဆောက်တာကို အကြောင်းပြပြီး အချိန်ဆွဲချင်တာ မျိုးလား။ ငြိမ်းချမ်းရေးလုပ်ငန်းကို ဗန်းတင်ပြီး ပရောဂျက်ငွေ လိုချင်လို့လား။ လားပေါင်းများစွာ ရှိနေပါတယ်။ အကယ်၍ ကျနော် တို့ဟာ ငြိမ်းချမ်းရေးတည်ဆောက် မယ် အဲသည့်လုပ်ငန်းစဉ်မှာ ပါဝင်မယ်လို့ ခံယူတယ်ဆိုပါက ဒါတွေကို ကြိုတင်နားလည် ဖို့ လိုအပ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာတပြည်လုံးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ခေါင်းဆောင်ဖို့ ဦးရွက်ဖို့ ဆိုတာ ကိုယ်နဲ့ တန်၏ မတန်၏ အရင်ဆုံး နားလည်ဖို့ ပြောတာပါ။

ကျနော်တို့ နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ အခုလည်း နေရာအတော်များများမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ တိုက်ပွဲ မဖြစ်တဲ့ နေရာတွေမှာလည်း လယ်သိမ်းယာသိမ်း၊ နှိပ်စက်နေတာတွေ အများကြီး ရှိနေပါသေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့လို့ မြန်မာပြည်မှာ အသိအမှတ်ပြုခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေ ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် မြင်သာအောင် ပြောရရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ရွှေဥဒေါင်း အစရှိတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တခြားသော လူပုဂ္ဂိုလ်များလည်း ရှိပါသေးတယ်။ သူတို့တတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မပါဝင်ခင်ကထဲက သူတို့မှာပိုင်ဆိုင်ထားတဲ့ အလုပ်၊ ပညာ၊ သမိုင်းအစဉ်အလာ၊ သမာဓိနဲ့ ရိုးသားတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကြောင့်၊ ပါရမီတွေကြောင့် ဒီလို လုပ်ငန်းစဉ်တွေထဲမှာ အများရဲ့ တောင်းဆိုမှုကြောင့် ပါလာတာလို့ ပြောပါရစေ။ ဘယ်သူကမှ မေတ္တာရပ်ခံခြင်းမရှိ၊ တာဝန်ပေးခြင်း မရှိဘဲ ကိုယ့်ဟာကိုယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ခုန်ဝင်လာတဲ့ သူတွေ မဟုတ်ပါဖူး။ အခုမြင်နေရတာက တချို့လူတွေဟာ ကိုယ့်ဟာကိုယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ခန့်ပြီး ငြိမ်းချမ်းရေးကို တွင်တွင်ပြောနေတာ မြင်နေရပါတယ်။ အမြင်ဆိုးလှပါတယ်။

သီရိလင်္ကာနိုင်ငံမှာ အစိုးရနဲ့ တမီလ်တိုက်ဂါး သူပုန်တွေအကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နိုင်ငံတကာက တတ်ကျွမ်းသူ အတော်များများပါ ဝင်ရောက်ဆောက်ရွက်ပေးခဲ့ပါတယ်။ နော်ဝေနိုင်ငံဆိုရင် ဦးဆောင်တဲ့ နေရာကနေ နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့ပါတယ်။ သီရိလင်္ကာအစိုးရကလည်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့ ပုံစံနဲ့ အဲသည့် လုပ်ငန်းတွေကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အချိန်ဆွဲဗျူဟာလို အသုံးချခြင်းပါ။ နောက်ဆုံးတော့ တမီလ်တိုက်ဂါး သူပုန်တွေကို စစ်ရေးနည်းနဲ့ အပြုတ်တိုက်ပစ်ခဲ့တာ အားလုံးသိကြပါတယ်။ သီရိလင်္ကာကိစ္စမှာ နော်ဝေအစိုးရနဲ့ နော်ဝေငြိမ်းချမ်းရေး အကျိုးဆောင်တွေရဲ့ လုံးပမ်းမှုတွေ မအောင်မြင်ခဲ့ပါ။ သည့်မတိုင်ခင် အတော် စောစောပိုင်း နှစ်များကလည်း အာရပ် အစ္စရေး ငြိမ်းချမ်းရေး အတွက် နော်ဝေပညာရှင်တွေ ကြိုးပမ်းခဲ့ဖူးပါတယ်။ သို့သော် နေရာများစွာမှာ ခုခံနေတဲ့ လောဘမျိုးစုံကြောင့် မအောင်မြင်ခဲ့ပါ။ အခုလည်း မီးရထား ဝန်ကြီး ဦးအောင်မင်း နော်ဝေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကူအညီတွေ နည်းနာတွေ တောင်းခံဖို့ ရောက်နေတယ်လို့ သိရပါတယ်။ အာရပ် အစ္စရေးနဲ့ သီရိလင်္ကာတုံးက ကိစ္စတွေ မအောင်မြင်ခဲ့လို့ အခုမြန်မာကိစ္စမှာလည်း အောင်မြင်မှာ မဟုတ်ပါဘူးလို့ အပြစ် တင် မစောလိုပါ။ သို့သော် စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ဒီလို ကာလမျိုး အချိန်မျိုးမှာ အင်္ဂလန်က ဦးဇင်း ဦးဥတ္တရက ဦးဆောင်ပြီး လန်ဒန်မှာ သင်္ကြန်ပွဲလုပ်ရင်း သမ္မတ ဦးသိန်းစိန် ကို ငြိမ်းချမ်းရေးဆုပေးတယ်လို့ ကြားရပါတယ်။ အဲသည့်ပွဲကို မြန်မာသံအမတ်လည်း တက်ရောက်တယ်လို့ သိရပါတယ်။ မြန်မာသံအမတ် တက်ရောက်တာ ပြဿနာလို့ ကျနော်က မမြင်ပါ။ အင်္ဂလန်ရောက် မြန်မာအသိုင်းအဝိုင်း နဲ့ မြန်မာသံရုံးတို့ ဆက်ဆံရေး ပြန်လည် ပွင့်လင်းလာတဲ့ ကိစ္စလို့ လတ်တလောအားဖြင့် မြင်ပါတယ်။ သို့သော်လည်း ဦးဇင်း ဦးဥတ္တရက ဘယ်သူ့ကို ကိုယ်စားပြုပြီး အဆိုပါ ငြိမ်းချမ်းရေးဆုကို ဦးသိန်းစိန်ကို ပေးအပ်တာလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဦးဇင်း အဆိုအရ မြန်မာအသိုင်းအဝိုင်းနဲ့ တိုင်ပင်ပြီးမှ ဒီကိစ္စကို လုပ်တာပါလို့ ဆိုပါတယ်။

သို့သော်လည်း လန်ဒန်အခြေစိုက် မြန်မာအသိုင်းအဝိုင်း အတွင်းက တက်ကြွလှုပ်ရှားသူ အများစုရဲ့ အဆိုအရ ဒီလို ငြိမ်းချမ်းရေးဆု ပေးဖို့ကိစ္စကို ဦးဇင်းအနေဖြင့် သူတို့ကို တိုင်ပင်ခြင်းမရှိဟု ကြားသိရပါတယ်။ ဒီအချက်ဟာ မှန်နေတယ် ဆိုရင် ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးတာဟာ ဦးဇင်းတဦးထဲ သဘောဆန္ဒနဲ့ လုပ်တာမျိုး ဖြစ်နေတယ်လို့ ထောက်ပြ လိုပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ရွှေဝါရောင် တော်လှန်ရေးတုန်းက စစ်ဗိုလ်ချုပ်တွေ သတ်တာ၊ ဖမ်းတာ၊ နှိပ်စက်တာ၊ ထောင်ချခဲ့တာ လေးနှစ်နဲ့ ခွန်နှစ်လပဲ ရှိပါသေးတယ်။ အဲသည့် ဗိုလ်ချုပ်တွေဟာ အခုအစိုးရသစ်မှာလည်း ပြန်ပါနေတာ ဦးဇင်းသတိမထား မိလေသလား။ အဲသည့် လန်ဒန် သင်္ကြန်ပွဲကို တက်ရောက်လာတဲ့ မြန်မာသံအမတ်ကို ဦးသိန်းစိန်အတွက် ငြိမ်းချမ်းရေးဆု ပေးမယ့်အစား ဦးဇင်းအနေနဲ့ အကျဉ်းကျနေတဲ့ သံဃာတော်များ အပါအဝင် အခြား သော နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပရိတ်သတ်ရှေ့မှာ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တယ်ဆိုရင် ပိုပြီးလှ ပိုပြီး ကောင်းမယ်လို့ ထောက်ပြလိုပါတယ်။ ဗြိတိသျှ နိုင်ငံကူးလတ်မှတ် ကိုင်ထားတဲ့ ဦးဇင်းအနေနဲ့ မြန်မာပြည် ပြန်လည်ပတ်ဖို့ သံရုံးကနေ ဗီဇာလိုတာကြောင့် သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးတယ်လို့တော့ ကျနော့်တဦးထဲ အနေဖြင့် မထင်ပါ။ စေတနာ အမှားနဲ့ တပ်ဦးကျွံတယ်လို့သာ မြင်မိပါတယ်။

နော်ဝေနိုင်ငံက နိုဗယ်ငြိမ်းချမ်းရေးကော်မတီဟာ တချိန်တုန်း ပါလက်စတိုင်း ပျောက်ကြားခေါင်းဆောင် ယာဆာ အာရာဖတ်နဲ့ အစ္စရေးခေါင်းဆောင် ယစ်ဇတ်ရာဘင် တို့ကိုပူးတွဲပြီး နိုဗယ်ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။ နောက်မကြာခင်မှာပဲ ယစ်ဇတ်ရာဘင်ဟာ အစွန်းရောက် အစ္စရေးလူငယ်တဦးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ အာရပ်နဲ့ အစ္စရေးလည်း အခုအထိ တဖက်နဲ့တဖက် သတ်ဖြတ်နေဆဲပါ။ ငြိမ်းချမ်းရေး တည်ဆောက်တယ် အကောင် အထည်ဖော်တယ် ဆိုတာ စကားလုံးလှသလောက် ထင်ထားသလို မလွယ်ဘူးဆိုတာ တင်ပြလိုရင်းဖြစ်ပါတယ်။ သီရိလင်္ကာမှာ တမီလ်တိုက်ဂါး သူပုန်တဖွဲ့ထဲ ရှိခဲ့တာပါ။ ဒါကို အစိုးရကလည်း အင်အား အလွန်အကျွံသုံးပြီး ချေမှုန်း နိုင်ခဲ့ပါတယ်။ နောက်ထပ် အဖွဲ့တွေ မရှိပါ။ မြန်မာပြည်မှာက လက်နက်ကိုင် ဘယ်နှစ်ဖွဲ့ ရှိသလဲဆိုတာ ရေတွက်ရင် လက်ဆယ်ချောင်းထက် ပိုနေပါသေးတယ်။ သံသယတွေကို မဖြေဖျောက် နိုင်သမျှ၊ တဦးနဲ့တဦး ယုံကြည်မှု လေးစားမှုတွေ မရှိသမျှ အဖွဲ့တိုင်းဟာ သူတို့ပိုင်ထားတဲ့ ကိုင်ထားတဲ့ လက်နက်ကို စွန့်လွှတ်မှာ မဟုတ်ဖူးဆိုတာ သိဖို့လိုပါတယ်။ ဒါဟာ သာမန်လောဘထက် ပိုတဲ့ အခြေအနေပါ။

လူသားတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းမျိုးကလွဲလို့ ရလိုမှုလောဘ တခုခုအပေါ်မှာ အခြေခံထားပြီး တခြားသောပုံစံ တခုခုနဲ့ တည်ဆောက်လိုတဲ့ ငြိမ်းချမ်းရေးဟာ အောင်မြင်မှာ မဟုတ်ပါကြောင်း။

ဇော်မင်း
၁၈ ရက်၊ ဧပြီလ၊ ၂ဝ၁၂ ခုနှစ်

1 comment:

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.