ရွက်မွန်စာမျက်နှာ

Friday, April 27, 2012

စစ်ဗိုလ်တွေ ပညာရှိဖြစ်လိုသလား

တင်းထဲမှာ တွေ့လိုက် ဖတ်လိုက်ရသည်။ အနာဂတ် မြန်မာနိုင်ငံပညာရေးမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ထပ်တိုး သင်ကြားတော့မည်တဲ့။ အဲတာကို အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး နဝမမြောက်နေ့မှာ အတည်ပြု လိုက်သည်လို့ သိရသည်။ သည်အဆိုကို တင်သွင်းသူကတော့ ဧရာဝတီတိုင်းက အမတ်တဦးဖြစ်တဲ့ ဦးဉာဏ်လင်းက တင်ခဲ့တာပါတဲ့။ မြန်မာတွေ ခွေးဇာတ်ခင်းကြဖို့ နောက်တကြော့ လုပ်ပြန်ပြီလို့သာ ပက်ပက်စက်စက် ပြောလိုသည်။ နိုင်ငံရေးသိပ္ပံဆိုတာ တက္ကသိုလ် အဆင့်မှာကော အထက်တန်း အလယ်တန်းအဆင့်မှာကော သင်စရာမလိုဟု အပြတ်ပြောလိုက်မည်။ ချွင်းချက် တခုပဲ ရှိသည်။ နိုင်ငံရေးသိပံ္ပသင်လိုသူများ လေ့လာသင်ကြားရန် နိုင်ငံတကာအဆင့်မီ ဌာနတခုတော့ ရှိသင့် သည်။ သည့်ထက် မပိုပါ။ သူတို့ ဘာခြေလှမ်းလှမ်းနေတာလဲ ဆိုတာ ရိပ်မိသည်။ ကျောင်းသားတွေကို ဦးနှောက်ဆေးဖို့ ကြိုးစားတာဟု ဝေဖန်လိုသည်။ ဆိုရှယ်လစ်ခေတ်တုန်းကလည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက္ကသိုလ် အဆင့်မှာ မသင် မနေရ သင်ရမည်ဟု ပြဌာန်းခဲ့ဖူးသည်။ အောင်မြင်မှု မရှိခဲ့ပါ။ နိုင်ငံရေးသိပ္ပံ သင်ကြားသည့် ဆရာ၊ ဆရာမများကို ကျောင်းသားများက ကလောင်း (လူပြက်) အဖြစ် လောက်သာ သဘောထားခဲ့ကြသည်။ အဲသည့် ဆရာ ဆရာမများကို ကျောင်းသားများက အစိုးရလူ အစိုးရဖက်သား အဖြစ်သာ မြင်၍ဖြစ်သည်။ သူတို့ကား သနားဖွယ်ရာ နယ်ရုပ်များသာ။ ပညာရေးကို အစိုးရက ဘာဖြစ်လို့ ဝင်ဝင်စွက်ဖက်နေသနည်း။ ဦးနေဝင်း အုပ်ချုပ်ခဲ့သော ၂၆ နှစ်တာကာလမှာ ပညာရေး ကို သူတို့ အမျိုးမျိုးစမ်းသပ်ခဲ့ကြသည်။ သို့သော် အောင်မြင်မှုဆိုတာ တခုမှ မရခဲ့ပါ။ အဲသလို မအောင်မြင်ရတဲ့အထဲ နိုင်ငံရေး သိပ္ပံဘာသာကို တက္ကသိုလ်အဆင့်မှာ မသင်မနေရ ပြဌာန်းခဲ့သည်။ အဲသည့်အချိန်က သူတို့သင်ကြားသည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည် ဆိုရှယ်လစ်စနစ်သာ ကောင်းသည်၊ ဆိုရှယ်လစ်စနစ်သာ လူအဖွဲ့အစည်းကို တိုးတက် အောင်လုပ်နိုင်သည် ဟူသော ချဉ်းကပ်မှုဖြင့် သင်ကြားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီ ထွန်းကားသည့် တိုင်းပြည်တွေမှာရှိတဲ့ တက္ကသိုလ်များက သင်ကြားသည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည် မတူကွဲပြားသည့် တခြားသော စနစ်၊ အတွေးအခေါ်၊ အယူအဆ၊ အမြင်ဒသန တို့ကို သင်ယူလေ့လာခွင့် ရှိသည်။ အရှေ့တိုင်း အနောက်တိုင်း အတွေးအခေါ်များ၊ စစ်ပွဲတွေ ဖြစ်ပွားခြင်း၊ စက်မှု ထွန်းကားခြင်းနဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ ကုန်စည်ကူးသန်း ရောင်းဝယ်ခြင်းမှတဆင့် ပေါ်ပေါက် လာသော နိုင်ငံများ၏ နိုင်ငံရေးအားသာမှု အားနည်းမှု စသည်တို့ကို လေ့လာခြင်း၊ စစ်အေးတိုက်ပွဲကြီးရဲ့ အကျိုးဆက် အစရှိတာတွေ အပါအဝင် နောက်ထပ်ကိစ္စရပ် အမြောက်အများကိုလည်း နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ သင်ယူနိုင်သေး သည်။ ဆိုရှယ်လစ် တမျိုးထဲ ကောင်းသည်ဟု သင်ကြားတာမျိုးမဟုတ်။ အခုသူတို့ သင်ကြားပေးမည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည် မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသာ မြန်မာတို့အတွက် အကျိုးပေးမည် ဆိုသည့် ချဉ်းကပ်မှုမျိုးသာ ဖြစ်လိမ့်မည်ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်မည်။ နောက်တချက် ပြောလိုတာက နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ဒီမိုကရေစီ တိုင်းပြည်တွေမှာ တက္ကသိုလ်ကျောင်းသားတိုင်း သင်ယူဖို့ မလိုအပ်ပါ။ မိမိသက်ဆိုင်ရာ ဘာသာရပ်အလိုက်သာ လိုအပ်ပါက သင်ယူကြခြင်းဖြစ်သည်။ မသင်မနေရ ဆိုတာမျိုး မရှိ။ ဥပမာ ပြောရပါက ညူကလီးယားဖစ်ဆစ် ဘာသာရပ်ကို အထူးပြု လေ့လာနေသည့် ကျောင်းသားသည် နိုင်ငံရေးသိပ္ပံကို ဘာသာရပ် တခုအနေဖြင့် သင်ယူဖို့ မလိုခြင်း ဖြစ်သည်။ ထို့အတူ ခေတ်သစ်အနုပညာ ဘာသာရပ်ကို သင်ယူနေသော ကျောင်းသားတဦးသည်လည်း နိုင်ငံရေးသိပ္ပံကို နောက်ထပ် ဘာသာရပ်တခုအနေဖြင့် သင်ကြားစရာ မလိုပေ။ ထို့အတူ အလယ်တန်းအဆင့် အထက်တန်းအဆင့် ကျောင်းသားများလည်း နိုင်ငံရေးသိပ္ပံကို မသင်မနေရဟု ဇွတ်အတင်း သင်ယူခိုင်းခြင်းမျိုးလည်း မရှိပါ။ မြန်မာပြည်ရဲ့ ပညာရေးလောကမှာ အခုအထိ အကြီးမားဆုံး ပြဿနာကို မရှင်းဘဲ သည်အတိုင်းထားခဲ့သည်မှာ နှစ်ပေါင်း ၅ဝ လောက်ရှိခဲ့ပြီ။ အကြီးမားဆုံး ပြဿနာ ဆိုသည်ကတော့ လူမှုဗေဒ (သို့မဟုတ်) လူမှုသိပ္ပံ ဆိုသည့် Social science ဘာသာရပ်ကို အမြစ်ကပါမကျန် သတ်ဖြတ်သုတ်သင် ခဲ့ခြင်းပင် ဖြစ်သည်။ သူများနိုင်ငံတွေမှာ လူမှုဗေဒ ဘာသာရပ်ကို ကျောင်းသားတွေအတွက် မူလတန်း အရွယ်ကထဲက နည်းနည်းခြင်း သင်ကြားပို့ချသည်။ လူမှုဗေဒ ဘာသာရပ်ကို သင်ကြား ပေးနေသည်ဟု ကျောင်းသားကလေးများ သိစရာတောင် မလိုခဲ့ပါ။ ဘာတွေကိုများ ဘယ်လို သင်ကြားပေး နေသနည်း။ သဘာဝ ပတ်ဝန်းကျင်နဲ့ အကောင်ပလောင်လေးတွေကို ချစ်မြတ်နိုးတတ်ဖို့၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့၊ ပလပ်စတစ် ပစ္စည်းများရဲ့ ဆိုးကျိုးများ၊ ရေအရင်းအမြစ်ကို တန်ဖိုးထားဖို့၊ လူတဦးနဲ့တဦး ချစ်ချစ်ခင်ခင်ရှိကြဖို့၊ အကြမ်းဖက်မှုကို ရှောင်ရှားဖို့၊ Fairness လို့ခေါ်တဲ့ မျှတမှုကို နားလည်တတ်စေခြင်း၊ ဥပဒေကို မချိုးဖောက်ဖို့ သင်ကြား ပေးခြင်း၊ ဒီမိုကရေစီကို နားလည်လာစေဖို့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို တိုက်ရိုက်မသုံးဘဲ သင်ကြားပေးခြင်း စတာတွေ ဖြစ်သည်။ တချို့နိုင်ငံများမှ ပညာရေးစနစ်တွင် သမိုင်း၊ ပထဝီ၊ သိပ္ပံ စသည့် ဘာသာရပ်များကို ထိုခေါင်းစဉ်များအတိုင်း နာမည်တပ်၍ မသင်ကြားဘဲ Humanity (လူသားနှင့်လူ့ပတ်ဝန်းကျင်) ဆိုသည့် ခေါင်းစဉ်အောက်တွင် စုပေါင်း၍ မူလတန်း အလယ်တန်း အဆင့်တွေအတွက် သင်ကြားပေးသည်။ ထပ်ထည့်မယ်ဆိုပါက နောက်ထပ်လည်း ခေါင်းစဉ်တွေ အများကြီးရှိသေးသည်။ ထားလိုက်တော့။ ကျနော်တို့ မြန်မာနိုင်ငံမှာ အထက်က ပြောခဲ့တာတွေကို ကျောင်းသားတွေအတွက် မူလတန်းကထဲက သင်ကြားပေးတာ မျိုး ရှိခဲ့ပါသလား။ လုံးဝမရှိခဲ့တာ ရာစုနှစ်တဝက် ကျော်ခဲ့ပါပြီ။ အခုလည်း လူမှုဗေဒဆိုင်ရာ ကိစ္စများကို မူလတန်းမှ တက္ကသိုလ် အဆင့်အထိ သင်ကြားပေးနေခြင်းလည်း မရှိသေးပါ။ ဒါမျိုးတွေ ဘာမှမရှိဘဲနဲ့ နိုင်ငံရေးသိပ္ပံကို ဘာသာရပ် တခုသဖွယ် မကြာခင်မှာ ပြဌာန်း၍ သင်ကြားတော့မည်တဲ့။ အလှမ်းကျယ် အလယ်လပ် ဖြစ်တတ်တယ် ဆိုတာကို မမေ့သင့်။ နောက်တချက်ကတော့ ပညာရေးစနစ် ဘယ်လိုရှိသင့်တယ်၊ ဘာတွေကို ဘယ်လိုပြဌာန်းသင့်တယ် ဆိုတာ သက်ဆိုင်ရာ ပညာရှင်များရဲ့ အလုပ်သာဖြစ်သည်။ ပညာရှင်အများစုက လွှတ်တော်အမတ် မဟုတ်သလို လွှတ်တော်အမတ် အများစု ကလည်း ပညာရှင်မဟုတ်ပေ။ ဆိုရှယ်လစ်ခေတ်တုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ အာဏာပိုင်တွေကို နှစ်ယောက်ပေါင်းလို့မှ လေးတန်းမအောင်ဟု ပျက်လုံးထုတ်ခဲ့ဖူးသည်။ အခုခေတ် အမတ်တွေကိုတော့ အဲသလောက် မနှိမ်လိုပါ။ သို့သော်လည်း မေးရမှာက အမတ်မင်းတို့ ကျောင်းကောင်းကောင်းနေ ပညာကောင်းကောင်း သင်ခဲ့ဖူးသလား ဆိုတာတော့ မေးလိုသေးသည်။ အစိုးရနဲ့ အမတ်မင်းများရဲ့ အလုပ်က ပညာရေးနဲ့ ပတ်သက်လို့ ပညာရှင်တွေ တင်ပြလာ တာကို ကောင်းကောင်းမွန်မွန် နားထောင် လေ့လာဖို့သာဖြစ်သည်။ သမ္မတ အကြံပေးဆိုတာတွေကော အိပ်ပျော်နေ သလားဟု မေးလိုသည်။ သည်အတိုင်းဆိုရင် သမ္မတအကြံပေးထဲမှာကော ပညာရှင် အတုအယောင်တွေ မပါနိုင်ပြီလော။ ပါတယ်ဆိုရင် သမ္မတတယောက်တော့ဖြင့် အလိမ်ခံထိနေပြီလို့ ဆိုရပေမည်။ စစ်ဗိုလ်တွေ ပညာမတတ်ပါဟု ပြောလျှင် ရိုင်းသည်ဟု မအောက်မေ့ပါနဲ့။ စစ်ဗိုလ်ဖြစ်ဖို့ ဗိုလ်သင်တန်းတက်ရာက ဗိုလ်ဖြစ် တယ်ဆိုရုံနဲ့ မလုံလောက်၊ ခေတ်ပညာပါတတ်သည်ဟု တံဆိပ်ကပ်လိုသောကြောင့် ဒီအက်စ်အေ ဆိုတာကြီး ပေါ်လာရ သည် မဟုတ်လော။ ဗိုလ်လည်းဖြစ် ဘွဲ့လည်းရဟု လုပ်လိုသည်ကိုး။ တကယ်တန်း ပြောရပါက အဖြစ် လုပ်ပေးလိုက်သော ဘွဲ့ရစစ်ဗိုလ်သာ ဖြစ်သည်။ ပညာတကယ် မတတ်ခဲ့ပါ။ ရှေးဟောင်း အဆိုတခုရှိသည်။ ပညာမဲ့သူသည် ကိုယ့်ကိုယ်ကို ပညာရှိဟု ထင်နေပါက လူမိုက်သာဖြစ်သည်လို့ ကြားဖူးသည်။ သို့သော်လည်း ပညာမဲ့သူသည် ကိုယ့်ကိုယ်ကို ပညာမဲ့ ကြောင်းသိ၍ ပညာရှိများကို ဆည်းကပ်ပါက ထိုသူကို ပညာရှိဟုပင် သတ်မှတ်နိုင်သည်တဲ့။ မြန်မာပြည်ရဲ့ ပညာရေးကို နိုင်ငံတကာနဲ့အမီ လိုက်လိုတယ်ဆိုရင်၊ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေလိုရင် သက်ဆိုင်ရာ ပညာရှင်များကို ဆည်းကပ်ပါ။ ပညာရှင်များကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးပါလို့ ပြောလိုပါကြောင်း။ ဇော်မင်း ၂၇ ရက်၊ ဧပြီလ၊ ၂ဝ၁၂ ခုနှစ်

2 comments:

ma oo said...

စစ်ဗိုလ်တွေခောတ်ပညာ တတ်ဖို့လိုသည်။ မိမိ၏တာဝန် ကဘာလဲ။တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရန်ဆိုပါက နိုင်ငံရေးသိပ္ပံနှင့် ကမ္ဘာသမိုင်း၏ နိုင်ငံရေ ရေစီးကြာင်း ကိုသင်ဖို့လိုပါသည်။

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.