ဒီ မိုကရေစီနိုင်ငံတော် တခုရဲ့ အခြေခံအုတ်မြစ်ဟာ လွတ်လပ်တဲ့သတင်းမီဒီယာ တည်ရှိတဲ့ အပေါ်မှာ ရာခိုင်နှုန်း အတော် များများ အခြေပြုတယ်လို့ ဆိုပါတယ်။ ဒီအဆိုကို တင်ပြသူကတော့ World Editors Forum ကမ္ဘာ့ အယ်ဒီတာများအဖွဲ့က ဥက္ကဋ္ဌဖြစ်သူ အဲရစ်ဘီရေးဂျား ဖြစ်ပါတယ်။ သတင်းမီဒီယာ မလွတ်လပ်သမျှ နိုင်ငံတခု အတွင်း ဒီမိုကရေစီအုတ်မြစ်ဟာ ခိုင်ခံ့ဖို့ ခက်ခဲကြောင်း သူကထောက်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မက္ကဆီကို နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စရပ်တချို့ကို တင်ပြလိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေ ရှိပါတယ်။ သမ္မတဟာ ပြည်သူတွေရဲ့ မဲနဲ့သာ သမ္မတ ဖြစ်ခွင့်ရှိပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ရှိတယ်ဆိုပေမယ့် မက္ကဆီကိုနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖောက်ကားမှု ကနေတဆင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေ များပြားလွန်းတာကြောင့် လုံခြုံမှုကင်းမဲ့တဲ့ နိုင်ငံတနိုင်ငံလို့ ဆိုနိုင်ပါတယ်။ မနှစ်တုန်းကဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ရောင်းဝယ်တဲ့ ကိစ္စများကနေ အကြမ်းဖက်လူသတ်မှုတွေ ဖြစ်ခဲ့တာမှာ လူပေါင်း နှစ်သောင်းကျော် လမ်းပေါ်မှာ ပစ်သစ်ခံခဲ့ရပါတယ်။ အဲဒီလို အကြမ်းဖက်မှု တွေကြောင့် သေဆုံးရသူတွေထဲမှာ သာမန် ပြည်သူတွေအပြင် သတင်းစာနယ်ဇင်း သမားများလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ မက္ကဆီကိုမှာ သတင်းမီဒီယာသမားတွေ ဘာကြောင့် အကြမ်းဖက်ခံရတာလဲ ဆိုတာကို ကြည့်လိုက်တဲ့အခါမှာ သူတို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေနဲ့ ဂိုဏ်းတွေအကြား လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို အများပြည်သူတွေ သိအောင် ဖော်ထုတ်တင်ပြ ရေးသားတာကြောင့် အငြိုးနဲ့ အသတ် ခံရတယ်လို့ ဆိုနိုင်ပါတယ်။ မက္ကဆီကို သတင်းသမားတွေ အနေနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း အသတ်ခံရခြင်းတွေ ရှိနေပေမယ့် မက္ကဆီကို သတင်းမီဒီယာ သမားများကတော့ ဆက်ပြီး ရဲရဲဝင့်ဝင့်နဲ့ သူတို့ပြည်သူတွေကို အမှန်အတိုင်း တင်ပြနေဆဲပါ။ ပြီးခဲ့တဲ့ နှစ်တနှစ်ထဲမှာဘဲ မက္ကဆီကို နိုင်ငံမှာ သတင်းသမား ၆၄ ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီလို သတင်း သမားတွေ အသတ်ခံခဲ့ရခြင်းရဲ့ လက်သယ်များကတော့ အာဏာကို အလွဲသုံးစား ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေနဲ့ မာဖီးယား လူဆိုးဂိုဏ်းတွေပဲ ဖြစ်ပါတယ်။ တခါ အာဖရိကတိုက်က အီရစ်ထရီးယားလို့ ခေါ်တဲ့ နိုင်ငံမှာလည်း သတင်းသမားများကို အစိုးရအာဏာပိုင်တွေက လက်လွတ်စပါယ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေတယ်လို့ သိရပါတယ်။ အီရစ်ထရီးယား နိုင်ငံဟာ အီသီယိုပီးယား နိုင်ငံနဲ့ ကပ်လျှက်တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က လွတ်လပ်သောရွှေကလောင်ရှင်ဆုကို ရရှိခဲ့တဲ့ သတင်းသမား ဒါဝတ်အိုက်ဇက် ဟာ အီရစ်ထရီးယား နိုင်ငံသား ဖြစ်သလို ဆွီဒင်နိုင်ငံသားလည်း ဖြစ်ပါတယ်။ သူဟာ အီရစ်ထရီးယားနိုင်ငံရဲ့ ပထမဆုံးလို့ ဆိုရမယ့် လွတ်လပ်တဲ့ သတင်းစာကို တည်ထောင်ခဲ့သူများထဲက တဦးလည်း ဖြစ်ပါတယ်။ ဒါဝတ်အိုက်ဇက်ဟာ အီရစ် ထရီးယား အာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒါဝတ် အိုက်ဇက် ဟာ ထောင်အတွင်းကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ အများသူငါရဲ့ ထင်မြင်ယူဆ ချက်ကတော့ အာဏာပိုင်တွေက သူ့ကို သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်လိုက်တယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်နိုင်ငံမှာတော့ လူမှုကွန်ယက် မီဒီယာလုပ်ငန်းတွေ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှု နဲ့ ဝက်ဘ်ဆိုက်များကို ကန့်သတ်ပိတ်ပင်ခြင်းဟာ တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ ပါကစ္စတန် နိုင်ငံမှာလည်း သတင်း သမားများဟာ ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုဖြစ်ရပ်တွေကို သတင်းသမားတွေ ဘာကြောင့် ရင်ဆိုင်နေရတာလဲ။ အာဏာပိုင်တွေက သူတို့ရဲ့ မှားယွင်းမှု၊ ဖောက်ပြန်မှု၊ အလွဲသုံးစား လုပ်မှုတွေကို ပြည်သူတွေအကြား မပြန့်နှံ့စေခြင်တာကြောင့် သတင်းသမားများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းနဲ့ နောက်ဆုံး သတ်ဖြတ်တဲ့အထိ ပြုမူလာကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ သက်တန်းနုနယ်သေးတဲ့ တိုင်းပြည်တွေဖြစ်တဲ့ အရှေ့ဥရောပ နိုင်ငံတချို့နဲ့ အာဖရိကတိုက်က နိုင်ငံအချို့မှာ သတင်းသမားများနဲ့ ထုတ်ဝေသူတွေကိုယ်တိုင် သတင်းစာတွေ၊ စာစောင်တွေ၊ မဂ္ဂဇင်းတွေကို ပုံမနှိပ်ခင်မှာ ကိုယ့်ဟာကို ပြန်ပြီးဆင်ဆာ လုပ်ကြရပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ အစိုးရအာဏာပိုင်တွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးစီးပွားတွေကို ပြောင်ကျကျ ဝေဖန်ရေးသားလို့ မရတဲ့အတွက် ကိုယ့်ဟာကို ကြိုပြီး အန္တရာယ်ကို ရှောင်ရသလိုမျိုး လုပ်ရတဲ့အတွက် ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာကော သတင်းမီဒီယာလောကဟာ ဘယ်လောက် လွတ်လပ်လာပြီလဲဆိုတာ စူးစမ်းဖို့ လိုလာ ပါတယ်။ မြန်မာပြည်မှာလည်း အခုအထိ စာစောင်တွေ ဂျာနယ်တွေဟာ ကိုယ့်ဟာကို ဆင်ဆာလုပ်နေရသေးတဲ့ အခြေအနေကို ဖြတ်သန်းနေရဆဲပါ။ အစိုးရက သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဥပဒေတရပ် ထုတ်ပြန်ဖို့ ကြိုးပမ်း နေပါတယ်။ သတင်းမီဒီယာအတွက် ဥပဒေသတ်သတ် ထုတ်ဖို့လိုမလိုဆိုတာ ဝိုင်းဝန်းစဉ်းစားကြဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်ကစလို့ လက်ရှိတည်ရှိနေဆဲ ဥပဒေများဟာ အတော်လေး လုံလောက်နေ တာမို့ မီဒီယာဥပဒေ ဆိုတာမျိုးကို သီးခြားထပ်မံ ပြဌာန်းဖို့ မလိုအပ်ဖူးလို့ ကျွမ်းကျင်သူများနဲ့ ရှေ့မီနောက်မီ ဝါရင့် စာနယ်ဇင်းသမားများက ဆိုထားပါတယ်။ မီဒီယာက အမှားတင်ပြမိရင် ကျူးလွန်မိရင်၊ သူတပါးကို နစ်နာအောင် ဖော်ပြမိရင် တည်ဆဲဥပဒေတွေနဲ့ တရားစွဲနိုင်ပါတယ်။ မီဒီယာဥပဒေဆိုတာ သတ်သတ်မလိုပါဖူးလို့ ထပ်ပြောပါရစေ။ မကြာသေးခင် ဒီလ မေလဆန်းတုန်းက ရန်ကုန်မြို့မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စ်ကိုတို့ ပူးပေါင်းပြီး သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အစည်းအဝေးကြီးတခု ကျင်းပခဲ့ပါတယ်။ အခြေအနေသစ်အတွင်းက စိန်ခေါ်မှုအသစ်များလို့ ခေါင်းစဉ်ပေးထားတဲ့ အစည်းအဝေးကြီး ဖြစ်ပါတယ်။ ပြန်ကြားရေး ဒုတိယဝန်ကြီးက သတင်းသမားတွေ အနေနဲ့ လွတ်လပ်စွာ မတူကွဲပြားတဲ့ အမြင်တွေကို တင်ပြခွင့် ရှိရမယ်လို့ ပြောကြားပါတယ်။ အဲသလို ပြောတော့ ဝမ်းသာရတော့လားပေါ့လေ။ သို့သော်လည်း မိန့်ခွန်းရဲ့ အပိတ်မှာတော့ ရေးတာတော့ရေး ဒါပေမယ့် တိုင်းပြည်စည်းလုံး ညီညွှတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကိုတော့ မထိခိုက်စေရဖူးလို့ ဆိုပြန်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်မှုကို ဖွင့်ပေးသယောင်ယောင်နဲ့ ပြန်ကန့်သတ်ထားတဲ့ သဘောမျိုး သက်ရောက်နေတာ မြင်ရပါတယ်။ အရင်အစိုးရလက်ထက်က ပြောပြောနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်ကို မျက်စေ့ထဲ ပြန်တောင်မြင်လာမိတယ်။ ပြိုကွဲအောင် လုပ်တဲ့သူ အရေးယူမယ်ဆိုတဲ့ သဘောပါပဲ။ Freedom of expression လွတ်လပ်စွာအမြင်တွေကို ဖော်ထုတ်ခွင့်ဆိုတဲ့ အယူအဆဟာ ရာစုနှစ်ပေါင်းများစွာ ကထဲက အသိအမှတ်ပြုလာခဲ့ကြတာ ဖြစ်ပါတယ်။ လွတ်လပ်စွာအမြင်တွေကို ဖော်ထုတ်ခွင့်ဆိုတာ လွတ်လပ်စွာ ဝေဖန်ခွင့် ဆိုတဲ့ သဘောနဲ့ အတူတူပါပဲ။ လွတ်လပ်စွာ ဝေဖန်ခွင့်ကို တင်ပြခဲ့လို့၊ ဝေဖန်ခွင့်ကို အယူအဆကို မြှင့်တင်ခဲ့လို့ ဂရိ အတွေးအခေါ် ပညာရှင်တဦးဖြစ်တဲ့ ဆိုကရေးတီးကို အာဏာပိုင်တွေက ၃၉၉ ဘီစီမှာ အဆိပ်သောက်ပြီး ကိုယ့်ဟာကို စီရင်ဖို့ ဖိအားပေးခဲ့ဖူးပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ဝဝ နီးပါးက ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခုပါ။ ဆိုကရေးတီးရဲ့ ခွဲခြမ်းစိတ်ဖြာ အမြင်နဲ့ ဝေဖန်မှုတွေဟာ အေသင်မြို့တော်က လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပျက်ပြားစေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲ ခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉ ရာစုတုန်းက မန္တလေးနေပြည်တော်မှာ ရတနာပုံသတင်းစာ တည်ထောင်တော့မယ် ဆိုတော့ မင်းတုန်းမင်းကြီးက သတင်းစာသမားတွေကို လွတ်လပ်ခွင့်ပေးပါတယ်။ ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းရင် မိဖုရားကိုရေး၊ မင်းသား မင်းသမီးတွေ မကောင်းတာလုပ်ရင်လည်းရေး၊ နန်းတော်ထဲကို တံခါးမရှိ ဓားမရှိဝင်စေ ထွက်စေဆိုပြီး မိန့်ကြားခဲ့ ဖူးပါတယ်။ ဆိုလိုတာကတော့ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင်တပါး လက်ထက်မှာတောင် ဆင်ဆာဖြတ်တာတောက် တာ မရှိခဲ့ဖူးဆိုတာ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အခုနေပြည်တော်က အစိုးရက ဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ တဆက်ထဲမှာလဲ သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးဖို့ ကိစ္စကို ဘာကြောင့် နှောင့်နှေး နေရတာလဲ။ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့ ပြောနေတဲ့ ၂၁ ရာစုခေတ် မြန်မာအစိုးရဟာ ၁၉ ရာစုက မြန်မာ ပဒေသရာဇ်ဘုရင် တပါးလောက်တောင်မှ လွတ်လပ်တဲ့ သတင်းမီဒီယာကို လက်ကမ်းကြိုဆိုဖို့ အခုအထိတောင် အဆင်သင့် မဖြစ်သေးဖူးလားလို့ မေးလိုပါတယ်။ ရဲရင့်သော မြန်နိုင်ငံသား သတင်းမီယာသမားများ ပိုမိုများပြား ပေါ်ပေါက်လာပါစေဗျာ။ ဇော်မင်း ၁၃ ရက်၊ မေလ၊ ၂ဝ၁၂ ခုနှစ်
Sunday, May 13, 2012
Subscribe to:
Post Comments (Atom)
2 comments:
မင်းတုန်းမင်းကြီးက သတင်းစာသမားတွေကို လွတ်လပ်ခွင့်ပေးပါတယ်။
Editor Bo Zewaya could not have that right actually.
We need to see the whole picture.
Post a Comment