ရွက်မွန်စာမျက်နှာ

Friday, May 25, 2012

သားရွှေအိုးထမ်း

ခု ၂၁ ရာစုမှာ ဒီမိုကရေစီအသံဟာ အာရပ်လောကအပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပိုလို့ကျယ်လောင်လာပါ တယ်။ လူတွေ ဘာဖြစ်လို့ ဒီမိုကရေစီကို လိုချင်ရတာလဲ။ ဘုရင်စနစ် (သို့မဟုတ်) တပါတီစနစ်နဲ့ အုပ်ချုပ်ထားပြီး အေးအေးချမ်းချမ်း စားနိုင်သောက်နိုင် အိုးအိမ်ကောင်းကောင်းနဲ့ နေထိုင်နိုင်မယ်ဆိုရင် ဒီမိုကရေစီ လိုပါဦးမလားလို့ မေးသူတွေလည်း ရှိပါတယ်။ အလုပ်ရှုပ်ခံပြီး ဒီမိုကရေစီကို တောင်းဖို့လိုသေးလားလို့ ဆင်ခြေတက်မယ့် သူတွေလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ စီးပွားရေးကောင်းဖို့က ပထမ ဒီမိုကရေစီဆိုတာ နောက်မှလာလည်း ရပါတယ်လို့ ပြောတဲ့သူတွေထဲမှာ အနောက်တိုင်းက ပညာရှင် ဆိုသူကြီးတွေတောင် ပါပါတယ်။ ဒါပေမယ့် ဒီအဆိုကို သူတို့အနောက်နိုင်ငံက ပြည်သူတွေရှေ့မှာ ဒီပညာရှင်တွေ ပြောင်မပြောရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ အနောက်တိုင်းမှာက ဒီမိုကရေစီက အတော်လေး အမြစ်တွယ် ခိုင်မာနေ တာကိုး။ ခိုင်မာအမြစ်တွယ်နေတဲ့ ဒီမိုကရေစီ ပြန်ပြီးလျှော့ပါးသွားမှာကို အဲသည့်ပြည်သူတွေက လက်ခံမှာလည်း မဟုတ်ပါဘူး။ ဒီမိုကရေစီ နောက်မှလာလည်း ရပါတယ်ဆိုတဲ့ စကားကို အဲသည့် ပညာရှင်တွေတချို့က အာရှ၊ အာဖရိကနဲ့ တောင်အမေရိက တိုက်က နိုင်ငံတွေအတွက်သာ ရည်စူးပြောတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်ရင် အလျှော့ပေးဖို့ အဲသည့် ပညာရှင် တချို့ဟာ သူတို့နေထိုင်တဲ့ အနောက်နိုင်ငံများအတွင်းမှာ မပြောရဲပါဘူး။ ကိုယ်လိုအပ်တာကို နိုင်ငံသားတွေအနေနဲ့ တောင်းဆိုခွင့် ရှိပါတယ်။ အစိုးရဆိုတာမျိုးက နိုင်ငံသားတွေဆီက ဖိအား မလာ မချင်း ဇိမ်နဲ့နေလေ့ ရှိပါတယ်။ မြန်မာပြည်မှာ အခုမီးမလာတာနဲ့ ပတ်သက်ပြီး လူတွေဖယောင်းတိုင်ထွန်း လမ်းပေါ်တက် ပြီး သူတို့ရဲ့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း ထုတ်ဖော်တာဟာ လုပ်သင့်တဲ့ အလုပ်လို့ ဆိုပါရစေ။ ဒါကို နောက်ကွယ်က လူတချို့ က စေ့ဆော်လို့ ဖြစ်ရတာလို့ မစွပ်စွဲဘဲ လိုအပ်ချက်ရှိနေလို့ ဒီလိုဖြစ်ရတာလို့ မြင်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေး ကောင်းကို မကောင်းသေးပါ။ နိုင်ငံသားအများစု မွဲငတ်နေဆဲပါ။ ဒီကြားထဲ ဒီမိုကရေစီ ဆိုတာကလည်း အခုမှ စလုံးရေစ မလို့ ပြောနေဆဲ အခြေအနေမှာဘဲ ရှိပါသေးတယ်။ ဒီလို အချိန်မျိုး ကာလမျိုး အခြေအနေမျိုးမှာ ကိုယ့်တိုင်းပြည်က နိုင်ငံသားပြည်သူတွေ သူတို့လိုအပ်ချက်ကို သူတို့ ထုတ်ဖော်ပြသတာ ဘာမှ အပြစ်မရှိပါလို့ ပြောပါရစေ။ အခုတော့ တချို့ နယ်တွေမှာ ဖယောင်းတိုင်တပ်သားတွေထဲက တချို့ အဖမ်းအဆီး ခံရတယ် စစ်မေးခံရတယ် ဆိုတာလည်း ကြားရပါတယ်။ ဗုံးထောင်တဲ့ ကိစ္စမှမဟုတ်တာ ဘာကို အစိုးရကကြောက်နေတာလဲ။ ဒီကြားထဲ ပြည်ပအခြေစိုက် ရေဒီယိုသတင်းဌာန တချို့ကလည်း ဒီမိုကရေစီနဲ့ လျှပ်စစ်မီး ဘယ်ဟာက ပိုအရေးကြီးသလဲ ဘယ်ဟာက လူတွေအတွက် ပိုလိုအပ်သလဲဆိုတဲ့ ဒီဘိတ်ဆွေးနွေးတာမျိုး လုပ်လာပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမျိုးဖြစ်နိုင်သလို၊ အဲသည့်နှစ်ခုထဲက ဘယ်သင်းက အရေးကြီးဆုံးလဲ ရွေးချယ်ပါဆိုတဲ့ လမ်းကြောင်းကို ဖောက်ပေး တဲ့ သဘောမျိုး ဆိုရင်တော့ သိပ်မကောင်းလှပါ။ ဆက်ရှင်းပါ့မယ်။ ဒါနဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ ပါမောက္ခ အမာတရာစန်ရဲ့ ဆွေးနွေးငြင်းခုန်ချက် တချို့ကို ပြန်ပြီးတင်ပြ လိုပါတယ်။ စီးပွားရေးလိုအပ်ချက်နဲ့ နိုင်ငံရေးလိုအပ်ချက် (ဒီမိုကရေစီလိုအပ်ချက်) နှစ်ခုအကြားမှာ နယ်ပယ်ရဲ့ သဘောကို လိုက်ပြီး မတူကွဲပြား ခြားနားတာတွေ ရှိပါတယ်တဲ့။ အဲသလို မတူကွဲပြားတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကသာ အရင်ဆုံး လာသင့်တယ် ဒီမိုကရေစီက နောက်မှလာလည်း ရတယ်ဆိုတဲ့ အငြင်းပွားမှုတွေ ရှိလာပါတယ်။ အဲသည်မှာ အငြင်းပွားမှုရဲ့ ရင်းမြစ်က ဘာလဲဆိုတေ့ စီးပွားရေးတိုးတက်တာက အရင်ဆုံး အဓိကကြလား၊ ဒီမိုကရေစီကလိုအပ်ချက်က အဓိက ကျလား ဆိုပြီး တခုစီကို သီးခြားခွဲထုတ် လိုက်တာကိုက ပြဿနာကို မီးမွှေးပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီနေရာမှာ ဆွေးနွေးသင့် တာက ဒီနှစ်ခုဟာ ဘယ်လိုအပြန်အလှန် မှီတည်နေသလဲ ဆက်စပ်နေသလဲ ဆိုတာကို အရင်ကြိုးစားဖို့ လိုပါတယ်။ စီးပွားရေးဖွံ့ဖြိုးခြင်းနဲ့ ဒီမိုကရေစီကို တခုစီ ခွဲထုတ်ပြီး ဒီဘိတ်လုပ်ငြင်းခိုင်းတာကိုက ပြဿနာလို့ ထောက်ပြလိုပါတယ်။ အစကထဲက နှစ်ခုစလုံးကို မင်းတို့လိုခြင်လို့ မရဖူး။ နှစ်ခုထဲက တခုကိုသာ ရွေးပါဆိုတဲ့ ကန့်သတ်ပေးလိုက်မှုကသာ ပြဿနာလို့ ဆိုနိုင်ပါတယ်။ ဆင်းရဲနေရာကနေ စီးပွားရေးတိုးတက်လာဖို့ ဆောင်ရွက်မယ်ဆိုတာက စီးပွားရေးအရ လိုအပ်ချက်တခုပါ။ အဲတာကို အကောင်အထည်ဖော်ဖို့ ဘာတွေလိုလာပါသလဲ။ ပွင့်လင်းတဲ့ လူထုဆွေးနွေးပွဲတွေ၊ တောင်းဆိုပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေ၊ လွတ်လပ်တဲ့ မီဒီယာရေးသား တင်ပြချက်တွေ မရှိမဖြစ်လိုလာပါတယ်။ ဆိုလိုတာကတော့ စီးပွားရေးတိုးတက်လာဖို့ ထောင့်ပေါင်းစုံကနေ နိုင်ငံသား ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက် လိုအပ်ပါသလဲ။ အစိုးရတခုထဲ တရပ်ထဲကနေ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ အုံဖွဆိုပြီး ဆေးကြိမ်လုံးနဲ့ တို့သလို ချက်ခြင်းစီးပွားရေးကောင်းအောင် ဆောင်ရွက်လို့ မရတဲ့အတွက်ဖြစ်ပါတယ်။ တိုင်းသူပြည်သား နိုင်ငံသားတွေရဲ့ စီးပွားရေးလိုအပ်ချက်ကို ဖြည့်ဆည်းမယ် ဆိုတဲ့ တချိန်ထဲမှာ နိုင်ငံရေးလိုအပ်ချက်ကလည်း တပြိုင်ထဲ ကပ်ပါ နေလို့ဖြစ်ပါတယ်။ (သို့သော် ဒီလိုချဉ်းကပ်ဆောင် ရွက်တဲ့ ပုံစံမျိုးကို တရုတ်တို့၊ စင်္ကာပူတို့၊ ဗီယက်နမ်တို့က သိပ်ပြီးတော့ လက်မခံပါ။ စကားချပ်) အဲသည့် နိုင်ငံတွေမှာ တော့ စီးပွားရေးက အရင်ကောင်းဖို့လိုတယ် နိုင်ငံရေးဒီမိုကရေစီ အရေးက စီးပွားရေးရဲ့ လက်အောက်ခံသာ ဖြစ်တယ်လို့ သတ်မှတ်ထားလို့ပါ။ နိုင်ငံသားအများစု ဆင်းရဲနေတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်သူတွေဟာ ဒီလိုစဉ်းစားလေ့ရှိပါတယ်။ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ဆင်းရဲသားတွေဆိုတာ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းဆိုတာထက် ထမင်းဝဝစားရရေးကိုသာ ဂရုစိုက်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီနေရာမှာ ပါမောက္ခ အမာတရာစန်က ဆင်းရဲသားတွေ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းကို ဂရုစိုက်မစိုက် သိလိုတယ်ဆိုရင် စမ်းသပ်မှုတခု ပြုလုပ်လို့ ရတယ်လို့ ထောက်ပြပါတယ်။ ဘယ်လိုစမ်းသပ်မှုလဲဆိုတော့ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့နဲ့ လွတ်လပ်တဲ့ အတိုက်ခံတွေ ပေါ်ပေါက်လာစေခြင်းဆိုတဲ့ နည်းနဲ့ စမ်းသပ်နိုင်တယ်လို့ ဆိုပါတယ်။ အတုအယောင် လွတ်လပ်တာမျိုးကို မဆိုလိုပါ။ သို့သော်လည်း ဒီလိုစမ်းသပ်မယ်ဆိုတော့ အာဏာရှင်စနစ်နဲ့ ကောင်းစားနေတဲ့သူတွေက လက်ခံမှာမဟုတ်ဖူး တနည်းနည်းသုံးပြီး ဆန့်ကျင်လိမ့်မယ် ဆိုတာကို လည်း ပြောထားပါတယ်။ လွတ်လပ်မှုကလည်းမရှိ ဒီမိုကရေစီကလည်း အမည်ခံသာ ဖြစ်နေတဲ့ အခြေအနေအောက်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ ညစ်နည်းအဖုံဖုံ အကောက်ကြံတာ အမျိုးမျိုး ရှိနေလို့ပါ။ ဒါနဲ့ ပတ်သက်လို့ မြန်မာ ပြည်ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ မြင်နိုင်ပါတယ်။ သို့ကလို ကြောင့်မို့ ဆင်းရဲတဲ့ မြန်မာအပါအဝင် တခြားသော မဖွံ့ဖြိုးမတိုးတက်သေးတဲ့ နိုင်ငံတွေမှာ ဒီမိုကရစီနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ဟာ ပုံစံဖျက်ထားခြင်း ခံရလေ့ ရှိနေပါတယ်။ ပြန်ကောက်ရရင် လျှပ်စစ်မီးလာဖို့ အရင်လိုသလား ဒီမိုကရေစီက အရင်လိုအပ်သလားလို့ မေးလာတဲ့ မေးခွန်းဟာ ဆွေးနွေးခြင်းမျိုးဟာ အစကထဲက အဓိပ္ပါယ် မရှိပါဖူး။ ခေါင်ကနေ ချုပ်ထားပြီးမှမေးတဲ့ တဖက်ပိတ် မေးခွန်းလို ဖြစ်နေပါတယ်။ မီးမှန်မှန် ရချင်ရင် ဒီမိုကရေစီ အသာထားဦးလို့ ဆိုတဲ့ အယူအဆဟာ အာဏာကနေ ဆင်းပေးရမှာ စိုးရိမ်တဲ့ အုပ်ချုပ်သူ လူတန်းစား တွေရဲ့ အကြိုက်ကိုသာ ဖော်ကြူးထားတဲ့ ဇာတ်လမ်းမျှသာ ဖြစ်ပါတယ်။ သုဝဏ္ဏသာမ ဇာတ်တော်အတိုင်း ပြောရမယ်ဆိုရင်တော့ နိုင်ငံသားတွေအတွက် သားရွှေအိုးထမ်းလာတာ မြင်ခြင်ပါတယ်ဆိုတဲ့ အဖြေဟာ ကျနော်တို့ တိုင်းပြည် အတွက် လူ့အဖွဲ့အစည်းအတွက် ပိုပြီးမကောင်းပါသလော။ ဇော်မင်း ၂၅ ရက်၊ မေလ၊ ၂ဝ၁၂ ခုနှစ်

1 comment:

Thu said...

ဗုံးထောင်တဲ့ ကိစ္စမှမဟုတ်တာ ဘာကို အစိုးရကကြောက်နေတာလဲ
That is a liberal critic point without any responsibility.
Responsible government staff would think about probable risk factors.
(i.e. 2007 saffron movement arose unexpectedly)

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.