ရွက်မွန်စာမျက်နှာ

Saturday, September 8, 2012

တရားမျှတမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ကိစ္စ နှင့် ကျွန်တော်၏ အတွေးခေါင်ခေါင်

ခု ခုတလော ကျွန်တော်တက်နေတဲ့ကျောင်းက လိုအပ်ချက်အရ Philosoply (လောကအမြင်) စာအုပ်တွေ ဖတ်နေဖြစ်တယ်။ ပြောရရင် ဖီလော်ဆော်ဖီဆိုတာ ကျနော်နဲ့အတော်ဝေးပါတယ်။ ခုဖတ်ဖြစ်တော့၊ ကျောင်းက ဆွေးနွေးပွဲတွေမှာ ပြောဆို ငြင်းခုန်ကြတော့ မြန်မာနိုင်ငံနဲ့ယှဉ်လို့ စဉ်းစား စရာတွေလည်း ဖြစ်လာခဲ့တယ်။ ဖီလော်ဆော်ဖီ (လောကအမြင်) ဆိုတဲ့ သဘောမှာက ဒီသဘောတရား ဆရာကြီးတွေက သစ္စာ (အမှန်တရား) (Truth)၊ ယုံကြည်မှု (Belief) နဲ့ ဖွင့်ဆိုကျိုးကြောင်း ရှင်းပြချက် (justification) ကို ရှာဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် သူတို့မှာလည်း ဂိုဏ်းကွဲတွေ အများကြီးရှိသလို၊ ဒီလို ဆွေးနွေးငြင်းခုန်ချက်တွေက သိပ္ပံ၊ လူမှုသိပ္ပံ၊ နိုင်ငံရေး၊ ဥပဒေရေးရာ နယ်ပယ်တွေဖက်မှာပါ ရိုက်ခတ် သက်ရောက်ခဲ့ကြတယ်။

သူတို့က ပြောကြတာ Language (ဘာသာစကား) က အရေးကြီးပါသတဲ့။ ဘာသာစကားဆိုတာ အင်္ဂလိပ်လို၊ မြန်မာလို၊ တရုတ်လို ဘာသာစကားကို ဆိုတာမဟုတ်ပါဘူး။ လူတွေက တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ ကြိုးစားကြတဲ့အခါ ကြားခံသုံး တဲ့ ဘာသာစကား ဖြစ်ပါတယ်။ မြန်မာလိုပြောတိုင်းလည်း နားလည်ကြတာ မဟုတ်ပါဘူး။ "ကျွန်တော်နားလည်ပါတယ်" ပြောလည်း တစ်ဖက်ရဲ့စိတ်တွင်းကို နားလည်တာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ဖွင့်ဆိုမှု (meaning) နဲ့ နားလည်မှု (understanding) ကလည်း ဘာသာစကား ဆက်သွယ်မှုမှာ အရေးကြီးလှပါတယ်။ ကျွန်တော်တို့ ဘာသာစကားနဲ့ ကိုယ် ပြောချင်တာ ဆက်သွယ်မရှင်းပြနိုင်တာကြောင့်၊ တစ်ဖက်က အဓိပ္ပါယ်ကို တစ်ဖက်က နားမထောင်နိုင်တာကြောင့်၊ နား ထောင်ပေမယ့်လည်း နားမလည်တာကြောင့် ပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီစစ်ပွဲတွေ ပြေငြိမ်းဖို့ ပြောဆိုဆွေး နွေးကြတော့လည်း ဘာသာစကားကိုပဲ ပြန်သုံးကြရပြန်ပါတယ်။ တစ်ခါ အချို့စာလုံးတွေက မှော်ဆန်တယ်၊ ညှို့ယူဖမ်းစား နိုင်တယ် (ဥပမာ-ဘာသာရေး၊ နိုင်ငံရေး လှုံ့ဆော်မှုလိုမျိုး)၊ အချို့စာလုံးတွေကတော့ ဝိဝါဒကွဲပြားစရာ၊ ဝေဝေဝါးဝါးရှိတယ် (ambiguous) လို့ ဆိုပါတယ်။ (ဥပမာ-ဒီမိုကရေစီ၊ တရားမျှတမှု ဆိုတဲ့ စကားလုံးမျိုးတွေပါ)

ကျနော်စိတ်ဝင်စားမိတဲ့ ဝိဝါဒကွဲစရာ စကားလုံးတစ်လုံးကတော့ တရားမျှတမှုပါ။ တရားမျှတမှု (justice) က တစ်ကမ္ဘာလုံး မှာ တစ်မျိုးတည်း ရှိသလား။ အမျိုးမျိုး ရှိနိုင်သလား။ တရားဥပဒေ စိုးမိုးရေး၊ တနည်းပြောရင် ဥပဒေနည်းကျအုပ်ချုပ်ရေး (rule of law) က တရားမျှတမှု (justice) ကို ပေးနိုင်သလား...စသည်ဖြင့် မေးခွန်းတွေနဲ့ အတွေးခေါင်နေမိတာပါ။ ဒေါ် အောင်ဆန်းစုကြည်ကလည်း ပြောဆိုဆွေးနွေးမှုတွေမှာ ဥပဒေနည်းကျအုပ်ချုပ်ရေး (rule of law) ကို အကြိမ်ကြိမ်ပြော တာ ကြားဖူးတော့ ကျွန်တော်က ဆက်စပ်တွေးကြည့်ချင်တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ကျနော်ဒီလို ပြောရတယ်ဆိုတာ ဆက်ရှင်းပြချင်ပါတယ်။

တစ်နှစ်က၊ ၂၀၁၁ ဇူလိုင်လတုန်းက နော်ဝေနိုင်ငံမှာ လူအစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။ တစ်ကိုယ်တော်ဝံပုလွေ အကြမ်းဖက်သမား (lone wolf terrorist) လို့ခေါ်ကြတဲ့ အသက် ၃၂ နှစ်အရွယ် ဘရီဗစ် (Anders Behring Breivik) က နော်ဝေမြို့တော် အော်စလိုမှာ ဗုံးဖောက်ခွဲတယ်။ နောက်တော့ လူငယ်တွေ စခန်းတစ်ခုထဲ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်မှု တွေ လုပ်ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုကြောင့် တစ်ကမ္ဘာလုံးက တုန်လှုပ်ထိတ်လန့်ခဲ့ရသလို၊ သူ့လုပ်ရပ် ကြောင့် လူပေါင်း (၆၉) ဦးသေဆုံး၊ လူ (၁၁၀) ဒဏ်ရာ ရရှိခဲ့ပါတယ်။ တစ်လောကတော့ သူ့ကို တရားခုံရုံးကကြားနာပြီး လုံခြုံရေးအတွက် ထိန်းသိမ်းထားဖို့ အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် (၂၁) နှစ် ချခဲ့ပါတယ်။ ဒီကိစ္စအပေါ် သတ်ဖြတ်ခံခဲ့ရ သူ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေ တွေ့ဆုံမေးမြန်းတော့လည်း ကျေနပ်တယ်ဆိုတာမျိုး ကြားရပါတယ်။ ဒီလိုကိစ္စမျိုး အမေရိကန်ပြည်ထောင်စုမှာသာ ဖြစ်ရင်၊ သေဒဏ်ကျခံရမှာ မလွဲပါဘူး။ နောက်တစ်ခါ အမေရိကန်မှာက ကလေးသူငယ် တွေကို သတ်တာဟာပိုလို့ အပြစ်ကြီးတယ်လို့ မြင်ကြပါတယ်။ နော်ဝေနိုင်ငံကတော့ သေဒဏ်ပြစ်ဒဏ်ပေးမှုကို ဆန့်ကျင် တဲ့ နိုင်ငံဖြစ်ပါတယ်။ သူတို့က လူ့အခွင့်အရေးကို ရှေ့ဆောင်လမ်းပြအဖြစ် တန်ဖိုးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တရား သူကြီးတွေက ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာလည်း (retribution) လက်တုံ့ပြန်မှုထက်စာရင်၊ ပြန်လည်ပြုပြင်ရေး (reparation) ကို ပိုလို့တန်ဖိုးထားတဲ့အတွက်ကြောင့် အခုလောက်ပဲ ၂၁-နှစ် ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တင် နော်ဝေနဲ့ အမေရိကန်အကြား တရားမျှတမှု သဘောက ကွာခြားနေပါပြီ။

တစ်လောက သတင်းတစ်ခု အကြီးအကျယ် ဖြစ်ခဲ့ပါသေးတယ်။ အဲဒါကတော့ တောင်အာဖရိကနိုင်ငံက မာရီကာနာ (Marakina) မိုင်းတွင်းလုပ်သားတွေရဲ့ ဆန္ဒပြပွဲမှာ သေကြေမှုတွေပါပဲ။ အခုနှစ်၊ ၂၀၁၂ သြဂုတ်မှာမှ လောလောလတ် လတ် ဖြစ်ခဲ့တာပါ။ မိုင်းလုပ်သား ၃၆ ဦးသေ၊ ရဲ ၂ ဦးသေ၊ အမည်မဖော်နိုင်သူ ၄ ဦးသေ၊ ၇၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်ပုံမှာ မိုင်းလုပ်သားတွေက တောင်းဆို ဆန္ဒပြကြပါတယ်။ မိုင်းက ပလက်တီနမ်ထုတ်တာ ဖြစ်ပြီး၊ မိုင်းရဲ့အကျိုးခံစား ခွင့်တွေက လုပ်သားတွေအတွက်၊ ဒေသခံ ရပ်ရွာတွေအတွက် အကျိုးမဖြစ်စေဘူးလို့ ဆိုကြပါတယ်။ ရဲဖက်က အပြောမှာ တော့ ဒီလိုဆန္ဒပြမှုက ခွင့်ပြုချက်မရှိဘဲ တရားမဝင် လုပ်တာလို့ ဆိုပါတယ်။ ဆန္ဒပြသူတွေလက်ထဲမှာလည်း လက်နက် တွေ ရှိနေတယ်၊ ရဲတွေကို စတင်တိုက်ခိုက်တယ်လို့ စွပ်စွဲပါတယ်။ ရဲတွေက ခုခံပစ်ခတ်ရတယ် ဆိုပါတယ်။ ရဲတွေပစ်ခတ် မှုကြောင့် လူတွေ အခုလို အစုအပြုံလိုက် သေဆုံးခဲ့ရတာပါ။ ဒါ့အပြင် ဆန္ဒပြလုပ်သား ၂၇၀ ကျော်ကိုလည်း၊ ရဲတွေက သူတို့တွေကို ပစ်ခတ်တာဖြစ်ပေမယ့်၊ လူသတ်မှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီလိုစွပ်စွဲတဲ့ တောင်အာဖရိက ဥပဒေက ယခင် အသားအရောင်ခွဲခြားရေးကာလတုန်းက ချမှတ်ခဲ့တဲ့ ဥပဒေပါ။ သူတို့ကို ဖမ်းဆီးခဲ့တဲ့ စွဲဆိုချက်က ဥပဒေသဘောအရ doctrine of "common purpose" လို့ ခေါ်ပါတယ်။ ရာဇ၀တ်မှုတစ်ခုကို အတူတကွ ကျူးလွန်လုပ်ဆောင်ကြရင်း၊ တစ်ခု ခု ဖြစ်ပွားခဲ့ရင် ပါဝင်ပတ်သက်သူ အားလုံးမှာ တာဝန်ယူရမယ် ဆိုတဲ့ သဘောပါ။ အတော်ကြီးကို ပွဲဆူ ငြင်းခုန်ခဲ့ကြပါ တယ်။ နောက်ပိုင်းမှာ ဒီလိုစွပ်စွဲချက်ကို ဗဟိုတရားရုံးက ပြန်ရုပ်သိမ်းခဲ့သလို၊ ဆန္ဒပြမိုင်းလုပ်သားတွေကိုလည်း ပြန်လွှတ် ပေးခဲ့ပါတယ်။ မေးခွန်းထုတ်စရာက တည်ဆဲတရားဥပဒေအတိုင်း ဆောင်ရွက်တာပဲ။ တရားဥပဒေစိုးမိုးရေးလုပ်တာပဲ။ တရားမျှတမှု ဖြစ်စေသလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် ပြန်ရောက်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတဲ့ကော်မီတီတွေဟာ ပြည်ထောင်စုအဆင့် ဟုတ်-မဟုတ် ငြင်းခုန် ဆွေးနွေးရာကနေ၊ မကြာသေးခင် ရက်များမှာပဲ လွှတ်တော်ဖက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်မှုတွေ၊ တရားခုံရုံးတစ်ခုလုံး နှုတ်ထွက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အပေါ်ကဆွေးနွေးခဲ့တဲ့ အချက်တွေနဲ့လည်း ကျွန်တော်ဆက်စပ် စဉ်းစားနေမိပါတယ်။ အတွေးခေါင်တယ်လည်း ဆိုချင် ဆိုကြပါတော့။ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ကြိုးစား ကြတဲ့ ဘာသာစကား (language) ကို ပြန်စဉ်းစားကြည့်မိပါတယ်။ ဘာတွေ လိုအပ်သွားပါသလဲ။ တစ်ခါ အဓိပ္ပါယ်ဖွင့်ဆို ချက် (meaning) ဆိုတာလည်း အတော်တာသွားပါလားလို့ စဉ်းစားမိပါသေးတယ်။ နောက်ထပ် နော်ဝေနိုင်ငံ အတွေ့ အကြုံနဲ့ယှဉ် စဉ်းစားမိတာက သူတို့က ပြန်လည်ပြုပြင်ရေးကို အသားပေးပါတယ်။ ပြစ်ဒဏ်ခတ်ရေး မဟုတ်ပါဘူး။ လက် တုံ့ပြန်ဖို့ မဟုတ်ပါဘူး။ ဒါကလည်း နိုင်ငံအလိုက်၊ ဥပဒေကျောင်းတွေအလိုက်၊ ဥပဒေဖွင့်ဆိုချက် ဂိုဏ်းတွေအလိုက် အမျိုး မျိုး ဝိဝါဒကွဲပြားနိုင်ပါသေးတယ်။ ပြည်ထောင်စုလွှတ်တော်ဖက်က လက်တုံ့ပြန်မှုမဟုတ်ဘဲ ကြားအဖြေမရှိနိုင်ဘူးလား စဉ်း စား ကြည့်နေမိပါသေးတယ်။

နောက်တစ်ခါ တောင်အာဖရိက ဥပမာနဲ့ နှိုင်းယှဉ်စဉ်းစားတဲ့အခါ ဥပဒေတစ်ခုရဲ့ နောက်ကွယ်မှာ ရေးဆွဲခဲ့တဲ့သူတွေရဲ့ တန် ဖိုးထားချက် (value) တွေ ရှိနေတတ်ပါတယ်။ ထိုင်းနိုင်ငံက ပညာရှင်ပါမောက္ခတစ်ယောက်ကတော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ နောက်ကွယ်က တန်ဖိုးထားချက် (value) တွေက ဘာလဲ။ ရေးဆွဲခဲ့တဲ့သူတွေ၊ ပညာရှင်တွေက ဘယ်လို တန်ဖိုးထားချက်တွေနဲ့ ရေးဆွဲခဲ့တယ်ဆိုတာ သူအဖြေရှာကြည့်ချင်ပါသတဲ့။ သူပဲ ဆက်ပြောတာက ယခင် ထိုင်းနိုင်ငံ ၁၉၉၇ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲတဲ့ အချိန်က ငွေကြေးအကျပ်အတည်း ကပ်ပြီးခါစ၊ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်က နေ ငွေချေးထားရချိန်၊ အဲသည်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်နဲ့ပဲ ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲကို (Good governance) "ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်ရေးစနစ်" ဆိုတဲ့ တန်ဖိုးထားမှုက အမှတ်မထင်ရောက်လာခဲ့ တယ်လို့ ပြောပြပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားခဲ့တဲ့၊ ဒါမှမဟုတ်ရင်လည်း ရေးဆွဲခဲ့ကြတဲ့သူ တွေရဲ့ တန်ဖိုးထားချက်တွေက ဘာတွေပါလဲ... ကျွန်တော် အတွေးနဲ့ စောကြောနေမိပါတယ်။

အောင်သူငြိမ်း
စက်တင်ဘာ ၇၊ ၂၀၁၂။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.