ရွက်မွန်စာမျက်နှာ

Friday, September 14, 2012

ဒေါ်ပျိုနဲ့ ပါလီမန်ဒီမိုကရေစီ

ခုခေတ် နိုင်ငံရေး အခြေအနေကြီးကို ကြည့်ရင်း ကိုဖိုးသော်တယောက် ငယ်ငယ်တုန်းက ဖြစ်ခဲ့ပျက်ခဲ့ တာတွေကို သတိရ မိတယ်။ သူငယ်ငယ်တုန်းက ထူးထူးခြားခြား လူတချို့ကို တွေ့ခဲ့ဖူးတယ်။ မှတ်မိနေတာ တခုကဒီလို။ ဖိုးသော် ခြောက်တန်း ကျောင်းသား ဘဝမှာ သူတို့မိသားစု တခုလုံး အောက်ပြည်ကနေ စီးပွားရေးပို အဆင်ပြေမယ်ထင်တဲ့ အညာဖက်က မြို့တမြို့ကို ပြောင်းလာခဲ့ ကြတယ်။ မှတ်မှတ်ရရ အဲသည့်နှစ်က ပြည်သူ့ဆန္ဒခံယူပွဲ ဆိုတာကြီး ကျင်းပခဲ့တဲ့ နှစ်ပေါ့။ ၁၉၇၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်လို့ မှတ်မိထားတယ်။

အဲသည်တုန်းက ပြည်သူ့ဆန္ဒခံယူပွဲဆိုတာ စစ်အာဏာသိမ်း ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ ဆိုရှယ်လစ် အစိုးရက ကျင်းပ ခဲ့တဲ့ ပွဲကြီးပေါ့။ ခြောက်တန်းကျောင်းသားက ကြီးကြီးကျယ်ကျယ် ဗိုလ်ချုပ်နေဝင်းတွေ ဘာတွေ ဘယ်လိုလုပ်သိသလဲလို့ မေးလာရင် သိပ်သိတာပေါ့လို့ ဖိုးသော်ဖြေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းကခန်းမထဲမှာ နိုင်ငံတော် အလံကို အလယ်မှာ ထားပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်း ဓာတ်ပုံတွေကို အလံရဲ့ တဖက်တချက်စီမှာ ချိတ်ထားတာ ရှိနေတာကိုး။ အဲသည့် မဲပေးပွဲကြီးမှာ အသက် တဆယ့်ရှစ်နှစ် ပြည့်ပြီး သူတိုင်း မဲထည့်ခွင့်ရတယ်။ မဲထည့်ရတယ် ဆိုတာက ဗိုလ်ချုပ်နေဝင်းတို့ စစ်ခေါင်းဆောင်တွေ ရေးဆွဲခဲ့တဲ့ ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတဲ့ ပွဲလို့လည်း ဆိုနိုင်ပါရဲ့။ ဆိုရှစ်လစ်ဆိုတာ ဘာတုန်းလို့ မေးလာရင် ဖိုးသော်တို့လည်း ဘယ်သိမလဲ။ အတန်းပိုင် ဆရာမ ပြောတဲ့ အတိုင်းပဲ ပြန်ပြော တတ်တာပေါ့။ ဆိုရှစ်လစ်ဆိုတာ အားလုံးသာတူ ညီမျှ ကောင်းစားရေး စနစ်လို့ ပြောတာပဲ။ အဲသည့် လူထုဆန္ဒခံယူပွဲကြီးကို မှတ်မိနေတဲ့ နောက်ကြောင်း ကတော့ အဲသည့်ခေတ်တုန်းက နာမည်ကြီး အဆိုတော် အောင်ကိုလတ် သီဆိုတဲ့ "မဲရုံ မဲရုံကိုလာ တပြည်လုံး မဲဆန္ဒနဲ့ တပြည်လုံး မဲဆန္ဒနဲ့" ဆိုတဲ့ သီချင်းကြောင့်လည်း ပါတာပေါ့။ ဖိုးသော်တို့က ကလေးတွေက ဘာသိတာ မှတ်လို့ မဲရုံရှေ့ လော်စပီကာက လာနေတဲ့ အဲသည့် သီချင်းကို လိုက်အော်ပြီး ဆိုကြတာမို့ မှတ်မိနေတာ။

လူထုဆန္ဒခံယူပွဲကြီးကို မှတ်မိနေတဲ့ နောက်တချက်လည်း ရှိသေးတယ်။ အဲတာက သူတို့ရပ်ကွက်ထဲက ကိုစိုးနိုင် ဆိုတဲ့ အကိုကြီး တယောက်ကြောင့် ဆိုရင်လည်း မှားမယ် မထင်ဖူး။ ကိုစိုးနိုင်က ဂွကောင်တဲ့။ သူက ဗိုလ်ချုပ်နေဝင်း အစိုးရကို မကြိုက်ဖူး မထောက်ခံဘူးလို့ လူကြီးတွေပြောတာ ကြားဖူးတာကိုး။ ဘာဖြစ်လို့ မကြိုက်တာတုန်းဆိုတော့ အစိုးရက ဆိုရှယ်လစ် အတုကြီး မို့လို့တဲ့။ အတန်းပိုင် ဆရာမပြောတော့ ဆိုရှစ်လစ်ဆိုတာ အားလုံးသာတူညီမျှ ကောင်းစားရေးတဲ့။ ကိုစိုးနိုင် ပြောသလိုဆိုရင် သာတူညီမျှ ဆိုတာမှာလည်း အတုနဲ့ အစစ်ဆိုပြီး နှစ်ခုရှိတဲ့ပုံပဲ။ သူက မဲထည့်ရတဲ့ နေ့မှာ မဲရုံထဲ ဝင်သွားပြီး မဲပုံးအဖြူထဲကို မင်အိုးအမည်း ဝင်လောင်းလို့ အဖမ်းခံလိုက်ရတယ်။ ကိုစိုးနိုင် လက်ထိပ် တန်းလန်းနဲ့ ရဲကားပေါ် ပါသွားတာကို ဖိုးသော်တို့ ကလေးတသိုက် မြင်လိုက်ကြရတယ်။ နေက်တော့ သုံးနှစ်ဆိုလား လေးနှစ်ဆိုလား ထောင်ကျ သွားခဲ့တယ်လို့ သိရတယ်။

အဲသည့် ဆန္ဒခံယူပွဲကြီး မတိုင်ခင် သုံးလေးငါးလ အလိုလောက်က ထင်ပါရဲ့။ တရက်တော့ ဖိုးသော်တို့ အိမ်ဝင်းထဲကို အမျိုးသမီးကြီး တယောက် ဝင်လာတယ်။ အိမ်ရှေ့ကပြင်မှာ ကာတွန်းထိုင်ဖတ်နေတဲ့ ဖိုးသော်က အဲသည့် အမျိုးသမီးကြီး ဝင်လာတာမြင်လို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့အမေကို လှမ်းအော်ပြောလိုက်တယ်။
"ဗျို့ အမေ ဧည့်သည် လာနေတယ်ဗျ။"
"ဘယ်သူများတုန်း ငါ့သားရဲ့"
"မသိဘူးဗျ"။ အမှန်ကလည်း သူတို့ ဒီကိုပြောင်းလာတာ သိပ်မကြာသေးတာမို့ အိမ်နီးချင်း တချို့ကလွဲရင် ခင်သူမင်သူ မိတ်ဆွေက များများစားစားမှ မရှိသေးတာကိုး။

အဲသည့် အမျိုးသမီးကြီးက ဖိုးသော်ကို မေးတယ်။ "ဦးလေးတို့ ဒေါ်ဒေါ်တို့ ရှိလားရှင့်" တဲ့။ ဖိုးသော် ရယ်လိုက်ချင်တာ မနည်းကို အောင့်ထားရတယ်။ သူ့လို ခြောက်တန်းကျောင်းသား ကလေးတယောက်ကို အမျိုးသမီးကြီးက လေးလေး စားစားနဲ့ မေးလိုက်တာကြောင့်ပါ။ အမှန်ဆိုရင် ဟဲ့သူငယ် မင့်မိဘတွေ ရှိသလား၊ ဘာလား ဆိုရင်လည်း ရတာပဲ မဟုတ်လား။

အဲသည့် အမျိုးသမီးကြီးက အသက်က ငါးဆယ်စွန်းစွန်းလောက် ရှိမယ်မှန်းတယ်။ ရင်ဖုံးအင်္ကျီ ဆနွင်းရောင်ဝါထိန်ထိန်ကို ဝတ်ထားတယ်။ အင်္ကျီကြယ်သီးတွေက စိန်လိုမျိုး အကွက်ပေါ်အောင် သွေး ထားတဲ့ ဝါကျင့်ကျင့် ပယင်းကျောက် ကြယ်သီးတွေ။ ထမီကလည်း အဝါရောင် တောက်တောက်ပေါ်မှာ အနက်ရောက် အတွန့်ကလေးတွေပါတဲ့ ထမီကို ဝတ်ထားတယ်။ အသားကတော့ အတော်လေး ညိုပြီး အရပ်ကပုပျပ်ပျပ်နဲ့။ သို့ပေမယ့် ခန္ဓာကိုယ်က အတော်လေး ပိန်လှီ လေတော့ ရုတ်တရက်ကြည့်ရင် အရပ်သိပ်ပုတယ်လို့ မထင်ရဖူး။ သူ့လက်ထဲမှာ ကြိမ်ခြင်းအဟောင်းလေး တလုံးကိုလည်း ဆွဲလာတယ်။

"အိမ်ထဲ ဝင်ထိုင်ပါရှင့်" ဆိုပြီး ဖိုးသော်အမေက ဖိတ်မန္တကပြုပါတယ်။ တဆက်ထဲမှာလည်း ဘာများကိစ္စ ရှိလို့ပါလဲလို့ မေးလိုက်ပါတယ်။ အဲသည့်အခါမှာ အမျိုးသမီးကြီးက၊
"ဦးလေးကို ကန်တော့ချင်လို့ပါရှင့်" လို့ ရိုရိုသေသေ ဖြေပါတယ်။ ဖိုးသော်အမေလည်း ခဏလောက် စဉ်းစားဟန်ပြုပြီး ပန်းခြံထဲမှာ အလုပ်များနေတဲ့ ဖိုးသော်အဖေကို လှမ်းခေါ်လိုက်တယ်။
"ကိုရွှေမောင် တော့ကို ကန်တော့ခြင်လို့တဲ့ ဒီမှာ ဧည့်သည်ရောက်နေတယ်"။
ဖိုးသော်အဖေလည်း ဧည့်ခန်းထဲ ဝင်လာရင်း ဘယ်ကဧည့်သည်က ဘာအတွက်နဲ့ သူ့ကို ကန်တော့ဖို့ရောက်နေတာလည်း ဆိုတာကို စဉ်းစားမရဖူး ဖြစ်နေတယ်။ ဧည့်ခန်းထဲက ထိုင်ခုံပေါ်မှာ ထိုင်နေရင်း ဖိုးသော် အမေနဲ့အဖေဟာ တခါမှ မတွေ့ဖူး မသိဘူးတဲ့ ဧည့်သည်ကို နဝေတိမ်တောင် ကြည့်နေရင်း ဘာပြောရမှန်း မသိဖြစ်နေတယ်။ ဖိုးသော် အဖေနဲ့အမေ ထိုင်ခုံ ပေါ်မှာ ထိုင်ချလိုက်ကထဲက အမျိုးသမီးကြီးဟာ သူ့ထိုင်ခုံပေါ်ကဆင်းပြီး ကြမ်းပြင်ပေါ်မှာ ကြုံ့ကြုံ့လေး ထိုင်ချလိုက်တယ်။ ပြောရရင် အမျိုးသမီးကြီးက အသက်ငါးဆယ်ကျော် အရွယ်။ ဖိုးသော်အဖေက အဲသည်တုန်းကမှ အသက် အားဖြင့် လေးဆယ့်ငါးနှစ် လောက်ပဲ ရှိသေးတယ်။ ဖိုးသော်အမေကတော့ လေးဆယ်စွန်းကာစ အရွယ်။

တဆက်ထဲဆိုသလို ဧည့်သည် အမျိုးသမီးကြီးက သူရဲ့ ကြိမ်ခြင်းတောင်း အဟောင်းလေးထဲက အဝါရောင် ပုဝါပါး ကလေးကို ထုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်မှာ အခေါက်လိုက်ကလေး ခင်းလိုက်တယ်။ ပြီးတော့ ကြိမ်ခြင်းတောင်းထဲက ဘိလပ်ရေ နှစ်ပုလင်းကို အဝါရောင် ပုဝါပါးလေးပေါ်မှာ တင်လိုက်တယ်။ ဘိလပ်ရေနှစ်ပုလင်း စလုံးကလည်း အဝါရောင်။ သည့်နောက်တော့ ဖိုးသော် အဖေနဲ့ အမေကို ဦးသုံးကြိမ်တိုက်ပြီး ကန်တော့လိုက်တယ်။ အဖြစ်အပျက်က မြန်သလို ဖြစ်နေတော့ ဖိုးသော် အဖေနဲ့ အမေလည်း တားလိုက်ဖို့ဟာ မမီလိုက်ဘူးဖြစ်သွားတယ်။

ဖိုးသော်တို့ မောင်နှမလေးယောက်ကတော့ ခန်းဆီးနောက်ကွယ်ကနေ ချောင်းကြည့်နေရင်း အဲတာတွေ ကို မြင်နေရတယ်။ ဖိုးသော်စိတ်ထဲမှာတော့ သူ့အဖေနဲ့အမေကို ကန်တော့တဲ့ ဘိလပ်ရေတော့ ဧည့်သည်ပြန်သွားရင် သောက်ရချည်သေးရဲ့လို့ လောဘတွေတက်နေတယ်။ ဒါပေမယ့် ဖိုးသော်ရဲ့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ပါ။ ဘာပြုလို့တုန်းဆိုတော့ ဧည့်သည် အမျိုးသမီးကြီးဟာ သူ့အဖေနဲ့ အမေကို ကန်တော့ပြီးပြီးချင်း အဝါရောင် ဘိလပ်ရေနှစ်ပုလင်းနဲ့ အဝါရောင်ပုဝါပါးလေးကို ကြိမ်ခြင်း ထဲကို ပြန်ထည့်လိုက်လို့ပါ။ အဲသည်မှာပဲ စောစောက ဘာဖြစ်လို့ ဘာမှန်းမသိဘဲ အူကြောင်ကြောင်နဲ့ ကန်တော့ခံ ဖြစ်နေတဲ့ ဖိုးသော်အဖေနဲ့အမေဟာ တစုံတခုကို တန်းကနဲ ရိပ်မိလိုက်တယ်။ ဆိုတော့ကာ ဖိုးသော် အမေကပဲ စကားစ လိုက်တယ်။
"အမကြီး ကျမက မေ့တတ်လွန်းလို့၊ ဘယ်လိုမှ မအောက်မေ့နဲ့နော်၊ အမကြီးနာမည် ဘယ်လိုခေါ်ပါသလဲရှင့်"
"ကျမနာမည်က မပျိုပါရှင့် ဒေါ်ဒေါ်" လို့ ဧည့်သည်အမျိုးသမီးကြီးက ပြန်ဖြေတယ်။ သူတို့အမေထက် အသက် ဆယ်နှစ် ကျော်လောက် ပိုကြီးတဲ့ အမျိုးသမီးကြီးက ဒေါ်ဒေါ်လို့ ခေါ်လိုက်တဲ့အတွက် မောင်နှမတွေ ခန်းဆီးနောက်ကွယ်မှာ ပါးစပ်ပိတ်ပြီး တခွီးခွီးနဲ့ ရယ်နေကြတယ်။ သည့်နောက်တော့ အာ့လာပ သာ့လာပတွေ ပြောဆိုအပြီး ဒေါ်ပျိုလို့ခေါ်တဲ့ အမျိုးသမီးကြီး သူ့ရဲ့ ကြိမ်ခြင်းလေးကို ဆွဲပြီးပြန်ထွက်သွားပါတယ်။ ဖိုးသော် သောက်ရချည်သေးရဲ့လို့ မှန်းထားတဲ့ အဝါ ရောင် ဘိလပ်ရေ နှစ်ပုလင်းလည်း ဒေါ်ပျိုနဲ့အတူ လာလမ်းကို ပြန်ပါသွားလေရဲ့။

နောက်တော့မှ ဖိုးသော်တို့ အိမ်နားက လဖက်ရည်ဆိုင်ပိုင်ရှင် ဦးလေးမြိုင်နဲ့ သူ့ရဲ့သား ကိုသောင်းဒန် တို့ ပြန်ပြောလို့ ဒေါ်ပျိုဟာ ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့သူ ဆိုတာကို သိရတယ်။ ဒီရပ်ကွက် တကြော မှာသာမက မြို့ထဲက လူကြီးသူမ အတော် များများဟာ ဒေါ်ပျိုရဲ့ ဘိလပ်ရည်နဲ့ အကန်တော့ မခံရသူဆိုတာ မရှိသလောက်ဆိုတာ ပြန်ကြားရတယ်။ ဖိုးသော် မိဘတွေက လူသစ်ဖြစ်လေတော့ ဒေါ်ပျိုက သူ့ဝတ္တရား အတိုင်း လာပြီးကန်တော့တာလို့ ဆိုကြတယ်။
ဖိုးသော်အဖေက ဦးလေးမြိုင်ကို "ဒေါ်ပျိုက အဝါရောင်ကို အတော်ကြိုက်ဟန်တူတယ်၊ ဝတ်ထားတာ အထက်အောက် အဝါရောင်ချည်းပဲ၊ ဘိလပ်ရေတောင် အဝါရောင်" ဆိုပြီး ရယ်ရင်းမေးပြောပြောတယ်။
"အဝါရောင်ကြိုက်ဆို သူက ဦးနုလူဗျ။ ဒေါ်ပျိုဟာ ငယ်ငယ်ကထဲက ယဉ်ယဉ်လေးနဲ့ ရူးနေတာ။ အခု အသက်ရလာတော့ နေစရာ စားစရာမရှိလို့ သီလရင်ကျောင်းတိုက်က ခေါ်ပြီး ကျွေးမွေးစောင့်ရှောက် ထားတာ။ သူ့မှာ ပိုက်ဆံအပို မရှိလေ တော့ လူတွေကို ကန်တော့ပြီးရင် ဘိလပ်ရည်ပုလင်းကို ပြန်ပြန်ယူသွား ရတာပေါ့" ဆိုပြီး ဦးလေးမြိုင်က ရယ်ရယ်မောမော နဲ့ ရှင်းပြတယ်။

ဦးနုဆိုတာ ဖိုးသော်မသိ။ ဖိုးသော်အဖေက ရှင်းပြတယ်။ ဦးနုဆိုတာ ပါလီမန်ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ်ဦးနုကို ပြောတာ။ ဖဆပလက တည်မြဲနဲ့ သန့်ရှင်းကွဲတော့ ဦးနုက သန့်ရှင်းဖဆပလကို ဦးဆောင်သူ။ သန့်ရှင်းဖဆပလရဲ့ ဖေးဖရိတ် အရောင်က အဝါရောင်။ ဒါကြောင့် ဦးနုကို ထောက်ခံ တဲ့ ဒေါ်ပျိုကို ဘယ်အချိန် လမ်းပေါ်တွေ့တွေ့ အဝါရောင် အထက်အောက် ဝတ်ထားတာ တွေ့ရတာပဲ။ ဦးလေးမြိုင်တို့ ကိုသောင်းဒန်တို့က ဒေါ်ပျိုကို သနားတာကြောင့် သူတို့ လက်ဖက်ရည်ဆိုင်မှာ ဘယ်အချိန်ဖြစ်ဖြစ် လဖက်ရည် အလကား သောက်ခွင့်ပေးထားတယ်။ ဖိုးသော်လည်း သူ့အဖေနဲ့ တခါတလေ လက်ဖက်ရည်ဆိုင်ကို လိုက်လိုက်သွားတယ်။ တခါသားတော့ လက်ဖက်ရည်သောက်နေ တဲ့ ဒေါ်ပျိုကို တခြား လက်ဖက်ရည် သမားတွေက ရယ်ရယ်မောမောနဲ့ စနေတာကို တွေ့ရပြန်တယ်။ အဲသည်မှာပဲ ဖိုးသော် အရင်က တခါမှ မကြားဖူးတဲ့ ဝေါဟာရတွေ ကြားရတော့တယ်။
လက်ဖက်ရည်သောက်နေတဲ့ လူကြီးတချို့က ဒေါ်ပျိုကို မေးခွန်းတွေ မေးနေတာကိုး။
"ဒေါ်ပျို ဒီနှစ်ရွေးကောက်ပွဲ ဘယ်ပါတီကို ခင်ဗျား မဲထည့်မှာတုန်း"
"ကိုကြီးနု ပါတီကို ထည့်မှာပါရှင့်" ဆိုပြီး မေးတဲ့သူကို လေးလေးစားစား ပြန်ဖြေတယ်။
"ဟင် ခင်ဗျားကလည်း အပတ်တိုင်း ကိုကြီးနုပါတီပဲ။ တခါတလေများ တခြားပါတီတွေ မဲမထည့်တော့ဖူးလား"
"ကိုကြီးနု ပါတီက ဒီမိုကရေစီရှင့်၊ အဲတာကြောင့်ပါ"
"တခြားပါတီတွေလည်း ဒီမိုကရေစီပဲလေ၊ အတူတူ မဟုတ်ဖူးလား"
"တခြားပါတီတွေတော့ ကျမမသိဖူး။ ကိုကြီးနုပါတီကတော့ ဒီမိုကရေစီ ပိုစစ်တယ်ရှင့်"
"ကိုကြီးနုက ရန်ကုန်မှာ ပါလီမန်အမတ်လုပ်ဖို့ ဒေါ်ပျိုကို တလောတုန်းက ကမ်းလှမ်းတယ်ဆို"
"ဟုတ်ကဲ့ရှင့်၊ ဒါပေမယ့် ဒီမှာလည်း အလုပ်တွေနဲ့ဆိုတော့ ကျမ သွားမလုပ်နိုင်ပါဖူး"
ခြောက်တန်းကျောင်းသား ဖိုးသော်အတွက် ဝေါဟာရတွေ တိုးတိုးပြီး မှတ်လာရတယ်။ ကိုကြီးနုတဲ့၊ ဝန်ကြီးချုပ် ဦးနုတဲ့၊ ပါတီတဲ့၊ မဲထည့်တာတဲ့၊ ဒီမိုကရေစီတဲ့၊ ပါလီမန်အမတ်တဲ့။ အဲသည်မှာမှ ကိုကြီးနုပါတီက ဒီမိုကရေစီ ပိုစစ်တယ်လို့ ဒေါ်ပျိုက ပြောပြန်တော့ ဒီမိုကရေစီမှာလည်း အတုတွေ အတက်တွေ ရှိသေးတာကိုးလို့ ဖိုးသော် မှတ်ရပြန်သေးတယ်။ ကိုစိုးနိုင် ပြောတာနဲ့ ခပ်ဆင် ဆင်တော့ ဖြစ်လာတယ်လို့ ဖိုးသော် စိတ်ထဲမှာ ဖြစ်မိတယ်။ ကိုစိုးနိုင်ပြောခဲ့တယ်မို့လား သာတူညီမျှ ဆိုရှယ်လစ် မှာလည်း အတုနဲ့ အစစ်ဆိုတာ ရှိတယ်လို့ ဆိုတာကိုး။

သည်လိုနဲ့ အထက်အောက် အဝါရောင် ဆင်တူဝတ်ထားတဲ့ ဒေါ်ပျိုဟာ ဖိုးသော်တို့ အိမ်ကို တလတခေါက်လောက် ဆိုသလို ရောက်လာပြီး ဖိုးသော် အဖေနဲ့အမေကို ဘိလပ်ရေ အဝါရောင်နှစ်ပုလင်းနဲ့ ကန်တော့၊ ပြီးတော့ ဘိလပ်ရေ ပုလင်းကို ပြန်ယူသွားတာက ရိုးရာလို ဖြစ်နေခဲ့တယ်။ သိုပေမယ့် တချက်ချက်တော့ သူတို့ကို ဒေါ်ပျိုက လက်ဆောင်ပေး တာ ရှိတယ်။ တခြားတော့မဟုတ်ဖူး။ ဟင်းကလာချဉ် အထုတ်ကလေးတွေ။ ဒေါ်ပျိုကိုယ်တိုင် အိုးနဲ့တည်တယ်လို့ အရပ်ထဲက လူတွေ ပြောကြတယ်။ ရပ်ကွက်သား အတော်များများလည်း ဟင်းကလာချဉ် အထုတ်ကလေးတွေ ဒေါ်ပျိုဆီက ရလေ့ရှိတယ်။ ဒေါ်ပျို အိမ်လာတိုင်း ဖိုးသော်အမေက အလိုက်အထိုက် ဆိုသလို ဒေါ်ပျို နှစ်သက်တဲ့ စကားလေးတွေ ပြောပြီး ဧည့်ခံရတယ်။
"ဒေါ်ပျို ကိုကြီးနုနဲ့ အဆက်အသွယ်ကော မှန်မှန်ရှိရဲ့လား"
"ရှိပါတယ် ဒေါ်ဒေါ်။ မိသားတစုလုံး နေကောင်းတယ်လို့လည်း ပြောပါတယ်၊ တလောကလည်း ကျမကို ဖုန်းဆက်ပါတယ်"

ဖိုးသော်အမေကတော့ ဒေါ်ပျိုကို သနားလို့မဆုံး။ တကယ်တန်းတော့ ဝန်ကြီးချုပ် ဦးနုဟာ အဲသည်အချိန်မှာ မြန်မာပြည်မှာ မရှိတော့။ ပြည်ပြေး ဘဝနဲ့ နိုင်ငံခြားတိုင်းပြည်တခုမှာ ရောက်နေတယ်လို့ ဖိုးသော်အဖေက ရှင်းပြတယ်။ သည်ကြားထဲ ဖိုးသော်ရဲ့ ကြီးတော်ကြီးက တမှောင့်။ "ငါတို့များတော့ ပါလီမန်အမတ်ဆို ကြည့်လို့ကို မရဖူး။ ဘယ့်နှယ့်တော် မြို့ကို ပြန်လာတာက နည်းနည်း ရန်ကုန်မှာပဲ သူတို့က ပျော်နေတာပါ။ ပြန်လာတော့လည်း ခေါင်းပေါင်းစ တထောင်ထောင်၊ လင်းနို့ကား တဂျောင်းဂျောင်းနဲ့ စီးကလက်က လက်ကြားကမချဖူး" ဟု မဲ့ကာရွဲ့ကနဲ့ အကြီးအကျယ် ဝေဖန်တယ်။ ဖိုးသော် အဖေပြောတော့ လင်းနို့ကား ဆိုတာက အဲသည့်ခေတ်တုန်းက နယ်က ပါလီမန်အမတ်တွေ ခရီးသွားရင် အသုံးပြုဖို့ အစိုးရက အရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့ ကားတဲ့။ အင်္ဂလန်လုပ် လန်းရိုဗာ ကားကို တောလေသံနဲ့ ခေါ်တော့ လင်းနို့ကား ဖြစ်သွားတာပေါ့။ မြို့အထိုင် ပါလီမန် အမတ်တွေကိုတော့ ချက်ကိုစလိုဗက်ကီးယားက ထုတ်တဲ့ စကိုဒါလို့ခေါ်တဲ့ ဆလွန်းကားတွေ ရောင်းပေးတယ်လို့ ဆိုတယ်။

ပါလီမန်တို့ ဒီမိုကရေစီတို့ ဆိုတဲ့ဝေါဟာရတွေကို ငယ်ငယ်ကတည်းက ကြားဖူးမှတ်ဖူး ခဲ့ရတာ ဒေါ်ပျိုကြောင့် ဆိုလည်း မမှားဖူးလို့ ဖိုးသော် အခုလို သတ်လတ်ပိုင်းအရွယ်မှာ တွေးမိတယ်။ သူတို့ခေတ်မှာ မှတ်မိသလောက် ခြောက်တန်း ကျောင်းသား ဘဝကစလို့ တက္ကသိုလ်ကျောင်းသား ဘဝအထိ ဗိုလ်ချုပ်နေဝင်းရဲ့ ဆိုရှယ်လစ် တပါတီ အာဏာရှင်စနစ် အောက်မှာ နေရတာကိုး။ ပါလီမန်တွေ၊ ဒီမိုကရေစီ တုတာစစ်တာတွေ၊ တပါတီထဲက အုပ်ချုပ်နေတာတွ စတာတွေကို ဗျောင်ပြောဆို ဆွေးနွေး ရဲတဲ့သူ မရှိသလောက် ရှားပါးတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့ကတော့ ဖိုးသော်တို့ ရပ်ကွက်ထဲက ဦးလေးမြိုင် လဖက်ရည်ဆိုင်မှာတော့ ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ ဒေါ်ပျိုကို အကြောင်းပြုပြီး ရွေးကောက်ပွဲ၊ ပါလီမန်၊ ဒီမိုကရေစီ၊ ကိုကြီးနု၊ ဖဆပလ၊ သန့်ရှင်း၊ တည်မြဲ၊ ဘယ်ပါတီမဲထဲမှာတုန်း စတဲ့ ဝေါဟာရတွေဟာ လူတွေပါးစပ်ဖျားမှာ ပြောခွင့်ရခဲ့တယ် လေထုထဲမှာ ပြန့်နှံ့ခွင့် ရခဲ့တယ်။ စကားမစပ် ကြားထဲမှာလဲ တချက်တချက်တော့ ကိုစိုးနိုင်တို့လို့ မဲပုန်းထဲ မင်အမည်းကို အိုးလိုက်လောင်းထည့် ရဲတဲ့သူလည်း လိုသပေါ့လေ။

ဇော်မင်း
၁၂ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၂ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.