ရွက်မွန်စာမျက်နှာ

Thursday, October 4, 2012

တိုးတက်ချင်သလား၊ မိမိလူ့အဖွဲ့အစည်းကို ရိုသေပါလေးစားပါ

မြန်မာပြည် မွဲနေတာကြာပြီဆိုတာ အားလုံးအသိပါ။ ရှက်စရာလည်း မဟုတ်တော့ပါဖူး။ အခုအချိန် မှာ ခေတ်ပြောင်းစပြု နေပြီလို့လည်း တချို့က ဆိုပါတယ်။ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်အုပ်ချုပ်တဲ့ အစိုးရကလည်း တိုင်းပြည် ပြန်လည် တိုးတက်လာအောင် အရှိန်အဟုန်နဲ့ စလုပ်နေတယ်လို့ တချို့ကလည်း ဆိုပါတယ်။ ဒီလို ကောင်းလာတဲ့ အခြေအနေကို နောက်ပြန်လှည့် သွားတာမျိုး မဖြစ်အောင် နိုင်ငံရေး ပါးနပ်ဖို့ လိုတယ်လို့ ဆိုသူများကိုလည်း ပေါ်ပေါက်လာပါတယ်။ တိုင်းပြည် ပြန်လည် ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ဒီလိုအခြေအနေမျိုးကနေ တဆင့် လုပ်ယူသွားရမယ်လို့ မြင်တဲ့သူ တွေလည်း ရှိပါတယ်။ အမြင် ဆိုတာ အမျိုးမျိုး ရှိတာမို့ ဘယ်သင်းက ပိုကောင်းတယ် ဘယ်သင်းက မကောင်းဖူးဆိုတဲ့ အငြင်းအခုန်မျိုး မလုပ်လိုပါ။

ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာနဲ့ ပတ်သက်ပြီး လူအတော်များများ မေးလေ့ရှိတဲ့ မေခွန်းတခုရှိပါတယ်။ အဲတာ ကတော့ တိုင်းပြည် တပြည် ဖွံ့ဖြိုးတိုးတက် လာအောင် ဘာတွေလုပ်ဖို့ လိုသလဲဆိုတဲ့ မေးခွန်းပဲ ဖြစ် ပါတယ်။ အဲသည့် အခါမှာလည်း ရှုထောင့် ပေါင်းစုံကနေ ထွက်လာတဲ့ အယူအဆနဲ့ အမြင်တွေလည်း အမျိုးမျိုး ရှိလာတယ် ဆိုတာကို ထပ်တွေ့ရပါတယ်။ ဥပမာ ပြောရရင် တချို့က ဒီမိုကရေစီ အလေးထားတဲ့ အုပ်ချုပ်ရေး စနစ်မျိုးနဲ့ ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ဆိုပါတယ်။ တချို့ကတော့ လွတ်လပ်ခြင်းကို အလေးထားရမယ်လို့ ထောက်ပြပါတယ်။ တချို့ကတော့ ဖိနှိပ်မှုမျိုးစုံ ကျူးလွန်နေတာ တွေကို ရပ်ဆိုင်းရ မယ်လို့ ပြောပါတယ်။ တချို့ကတော့ စက်မှုထွန်းကားတဲ့ နိုင်ငံအဖြစ် တွန်းတင်ပေးနိုင်မှ ဖွံ့ဖြိုးမှု မြန်ဆန် မယ်လို့ ဆိုပါတယ်။ အဲတာကြောင့် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေ များများဝင်လာအောင် ဆွဲဆောင်နိုင်ရင် အလုပ်ဖြစ်ပြီလို့ ပြောကြပါတယ်။ တချို့ကတော့ တရားဥပဒေ စိုးမိုးမှု မှန်ကန်ကောင်းမွန် ရမယ်ဆိုတဲ့ ရှုထောင့်ကနေ တင်ပြတာလည်း ရှိပါတယ်။ နောက်ထပ် အယူအဆတွေလည်း အများအပြား ရှိနေပါသေး တယ်။ ဒီလို တင်ပြလာတာတွေဟာ မှားတယ် လို့တော့ မဆိုနိုင်ပါဖူး။ သို့သော်လည်း နောက်ထပ် လိုအပ်မှုတွေ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲသလို ရှိနေသေး တဲ့ လိုအပ်ချက်တွေကလည်း မနည်းလှပါ။ အဲသည် အထဲမှာမှ အလေးထား ပြောရမယ့် လူမှုအတွေးအမြင်တခု ရှိလာပါတယ်။

အဲသည် လူမှုအတွေးအမြင်က ဘာလဲဆိုတော့ နိုင်ငံသားတိုင်းဟာ မိမိလူ့အဖွဲ့အစည်းကို ရိုသေလေးစားဖို့ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အာဏာကို ယူထားတဲ့၊ အုပ်ချုပ်တဲ့ အစိုးရဟာ သူတို့ကိုယ်တိုင် မှီတင်း နေထိုင် နေတဲ့ လူ့အဖွဲ့အစည်းကို သူတို့ကိုယ်တိုင်ကလည်း ရိုသေလေးစားမှု ရှိဖို့ပဲ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ရှုထောင့် ပေါင်းစုံ ပြည်စုံလာဖို့ အတွက် မိမိကိုယ်တိုင် မီတင်းနေထိုင်နေတဲ့ လူ့အဖွဲ့အစည်းကို ရိုသေလေးစားမှု ရှိမှသာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်မယ်လို့ ပြောလိုပါတယ်။ အုပ်ချုပ်တဲ့ အစိုးရက လူ့အဖွဲ့အစည်းကို မလေးစား မရိုသေဘဲ လူအဖွဲ့ အစည်းတခုလုံးက အစိုးရကို လေးစားရိုသေဖို့ ဖိအားတွေ တနည်းတလမ်းနဲ့ တည်ရှိနေ တယ်ဆိုရင် ဒါဟာ မှားယွင်း နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီလိုမှားယွင်းမှုတွေ တည်ရှိနေသမျှ တိုင်းပြည်တပြည်လုံး တနိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးဖို့ ဆိုတာ ခက်ခဲပါတယ်။

အဖွဲ့အစည်း တခုမှာတောင် ခေါင်းဆောင်လုပ်သူ ဥက္ကဋ္ဌလုပ်သူက အဖွဲ့ဝင်တွေအပေါ်မှာ ရိုသေလေးစားမှုရှိကြောင်း ပြသဖို့ လိုသလို လက်တွေ့လည်း ဆောင်ရွက်ပြရပါတယ်။ အဲတာမှ အဲသည့်အဖွဲ့အစည်း တိုးတက်မှာပါ။ ခေါင်းဆောင် ကိုယ်တိုင် က လုပ်ချင်ရာလုပ်နေတယ်ဆိုရင် ဒါဟာ အဖွဲ့စည်းဝင်တွေကို မရိုသေမလေးစားဖူး ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ အဲသလို အဖွဲ့အစည်းမျိုးဟာ တစတစနဲ့ ပြိုကျသွားမှာပါပဲ။ ကလေးဘဝမှာတောင် လူကြီးတွေက ကလေးတွေကို သွန်သင် တာ တခုရှိပါတယ်။ အထူးသဖြင့် နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာ အခုအထိ သည်လိုသွန်သင်တာမျိုး ရှိပါသးတယ်။ ရေမိုးချိုး၊ သန့်သန့်ရှင်းရှင်းနေ၊ လက်သည်းခြေသည်းညှပ် ဒါမှ ကိုယ်စောင့်နတ်က ကြိုက်တာ (ကိုယ်စောင့်နတ် ရှိတာ မရှိတာ အသာထား)။ ကိုယ်စောင့်နတ်ကြိုက်မှ မင့်ကို သူကစောင့်ရှောက်မှာ ဆိုပြီး သွန်သင်တာပါ။ တကယ်ပြောရရင် ဒီလိုမျိုး သွန်သင်ချက်ဟာ ကျန်းမာရေးအတွက် တိုက်ရိုက်သင်ကြားတာလို့ ဆိုနိုင်ပေမယ့် သွယ်ဝိုက်ပြီးတော့လည်း ကိုယ့်ကိုယ်ကို ရိုသေလေးစားတဲ့ အကျင့် ရလာအောင် ပြုလုပ်ပေးတဲ့ ရှေးဟောင်းနည်းလမ်းလို့ ဆိုနိုင်ပါတယ်။

မိမိလူ့အဖွဲ့အစည်းကို ရိုသေလေးစား ရကောင်းမှန်း မသိသရွေ့ မလိုက်နာသရွေ့ ဥပဒေစိုးမိုးမှု ဆိုတာလည်း အကောင် အထည် ပေါ်လာမှာ မဟုတ်ပါဖူး။ လွတ်လပ်မှုဆိုတာလည်း ဆိတ်သုဉ်းနေဦးမှာ ဖြစ်သလို ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ ဆိုတာ ကလည်း နာမည်ခံအဖြစ်နဲ့သာ တည်ရှိနေပါလိမ့်မယ်။ စက်မှုထွန်းကားဖို့ ဆိုတာကလည်း လူတစုသာ ကောင်းစား နိုင်မယ့် စီးပွားရေး လုပ်ငန်းသာ ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ စစ်တပ်ရဲ့ တည်ရှိမှုကို ထောက်ပြလိုပါတယ်။ တိုင်းပြည် တခုမှာ စစ်တပ်ရဲ့ တည်ရှိမှုဆိုတာ လိုအပ်ပါတယ်။ သို့သော်လည်း ဘယ်လိုဘယ်ပုံမျိုးနဲ့ လိုအပ်နေတာလဲ ဆိုတာက အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်တည်လာခဲ့တဲ့ နိုင်ငံရေးသမိုင်းရေး ဖြစ်စဉ်တွေကြောင့် စစ်တပ်ကို ချန်ထားခဲ့လို့ မရဖူးဆိုတာကလည်း တဖက်မှာ လက်တွေ့ကျတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ တသီးတခြား ဂုဏ်ပြုရမယ့် ဂုဏ်ထူးဆောင် အဖွဲ့အစည်း ပုံစံမျိုးနဲ့ ရေရှည်ရပ်တည်မယ် ဆိုရင်တော့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ အပေါ်ကို ရောက်နေသလို ဖြစ်နေ ပါလိမ့်မယ်။ ရေရှည်မှာ စစ်တပ်ဟာ ပြည်သူကိုအလုပ်ကျွေးပြုတဲ့ အဖွဲ့အစည်းဘဲ ဖြစ်သင့်ပါတယ်။ အလားတူ ဆိုသလို သတင်းမီဒီယာ သမား ကလည်း မိမိလူ့အဖွဲ့အစည်းကို ရိုသေလေးစားဖို့ လိုပါတယ်။ ကလောင်တချောင်းတော့ ပိုင်ပြီ။ ငါရေးချင်တာတွေရေးပြီး ကလောင်စွမ်း ပြအံ့ဆိုရင် ကိုယ့်လူ့အဖွဲ့အစည်းကို မရိုသေရာ မလေးစားရာ ရောက်ပါတယ်။ အဲန်ဂျီအိုလုပ်နေသူတွေ၊ နိုင်ငံရေးလုပ်နေ သူတွေလည်း လူ့အဖွဲ့အစည်းကို လေးစားရိုသေဖို့ လိုပါတယ်။

မြင်သာတဲ့အချက် တချက်ကို ပြောရမယ်ဆိုရင် စစ်တပ်ကို ချပေးတဲ့ ဘတ်ဂျက်ဟာ တိုင်းပြည်မှာ အရေးကြီးတဲ့ ပညာရေး ကျန်းမာရေး လူမှုရေး ဘတ်ဂျက်တွေထက် အဆမတန် ပိုများနေတာကို တွေ့ရပါတယ်။ ဒီတချက်ထဲကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဘယ်သူက ဘယ်သူ့ကို ရိုသေလေးစားနေရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ စစ်တပ်ကဏ္ဍဟာ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ လိုသေးတယ်လို့ ဆိုနေတာတွေလည်း ရှိပါတယ်။ ဒါဟာ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံရေး အခန်းကဏ္ဍမှာ ဘယ်လောက်ကြာကြာ တိုက်ရိုက် ဆက်ပြီး ပါဝင်ဖို့ လိုအပ်သလဲ ဆိုတာကလည်း မေးရမယ့် မေးခွန်းတခု ဖြစ်လာပါတယ်။

မိမိလူ့အဖွဲ့အစည်းကို ရိုသေးလေးစားဖို့ လိုအပ်တယ် တင်ပြနေတာဖြစ်တဲ့အတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပါ ထောက်ပြဖို့ လိုလာပါတယ်။ ဥပမာ တချက်လောက်ပဲ တင်ပြရမယ်ဆိုရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ဟာ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ၊ ပြည်သူကရွေးကောက်စရာ မလိုဘဲ ပါလီမန်ထဲမှာ ပြည်သူ့ကိုယ်စားလှယ် အဖြစ် ၂၅% အလိုအလျှောက် ရရှိရမယ်ဆိုတဲ့ အချက်ရှိနေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်း တခုလုံးအနေနဲ့ စစ်တပ်ကို ရိုသေလေးစား နေရတယ်လို့ ဆိုလိုတာနဲ့ အတူတူ ဖြစ်နေပါတယ်။ တခါ လိုအပ်ရင် ကာကွယ်ရေး ဦးစီးချုပ်က အာဏာ သိမ်းခွင့် ရှိတယ်လို့ ဆိုထားပြန်သေးတယ်။ တဖက်မှာ ပြန်ကြည့်ရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပါဝင်နေတဲ့ အချက်အတော်များများဟာ တိုင်းပြည်မှာ တည်ရှိနေတဲ့ လူ့အဖွဲ့အစည်း တခုလုံးကို တဖက်လှည်နဲ့ မရိုမသေ မလေးမစား ပြုလုပ်နေတဲ့ အသွင်ကိုဆောင်နေပါတယ်။

အနောက်တိုင်းက ဒီမိုကရေစီ နိုင်ငံတွေကို ဥပမာပေးပြောမယ်ဆိုရင် မြန်မာပြည်နဲ့ ဝေးလွန်းနေပါသေးတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း တိုင်းပြည်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခုဆိုရင် စက်မှုလက်မှု တိုးတက်လာတဲ့အပြင် ကမ္ဘာမှာ အလေးထားလာရ တဲ့ စစ်ရေးစီးပွားရေး အင်အားကြီး နိုင်ငံတခု ဖြစ်လာပါတယ်။ တရုပ်နိုင်ငံကို ကြည့်မယ်ဆိုရင် အုပ်ချုပ်တဲ့ အစိုးရဟာ ဒီမိုကရေစီ အစိုးရမျိုး မဟုတ်ပါဖူး။ ကွန်မြူနစ်ပါတီကသာ တပါတီစနစ်နဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တပါတီအာဏာရှင် စနစ်နဲ့ အုပ်ချုပ်တာ ဖြစ်ပေမယ့် နိုင်ငံနဲ့အဝှမ်း ဖွံ့ဖြိုးတိုးတက်လာတာကို ကွက်ကွက်ကွင်းကွင်း မြင်နေရပါတယ်။ ဘာကြောင့်ပါလဲ။ တချို့ကတော့ စီးပွားရေးတံခါးဖွင့်လို့ ဈေးကွက်ကို ဖွင့်လှစ်လိုက်လို့ အဲသလို မြန်မြန်ဆန်ဆန် တိုးတက် လာတာလို့ ဆိုပါလိမ့်မယ်။ ဒါပေမယ့် သေသေချာချာ ဆန်းစစ်ကြည့်ရင် စီးပွားရေးတံခါးနဲ့ ဈေးကွက်ကို ဖွင့်လိုက်လို့ ဆိုတဲ့ အချက် တချက်ထဲနဲ့ မလုံလောက်တာကို တွေ့ရပါတယ်။

တရုတ်အစိုးရဟာ တရုတ်ပြည်သူပြည်သားတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ သူတို့ရဲ့ လူ့အဖွဲ့အစည်းကို ရိုသေလေးစားတဲ့ လူမှုအတွေးအမြင် အားကောင်းတယ် ဆိုတာပါပဲ။ တရုတ်နိုင်ငံသား အများစုတိုးတက်မှ တရုတ်ပြည် တခုလုံး တိုးတက် မယ် ဆိုတာကို တရုတ် ခေါင်းဆောင်တွေ နားလည်တာကြောင့် ဖြစ်ပါတယ်။ အဲတာကြောင့် လက်တဆုပ်စာ စီးပွားရေး လုပ်ငန်းရှင်တွေ သက်သက်သာ ကောင်းစား တာမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံသား အများစုကိုယ်တိုင် ဆိုင်ရာဆိုင်ရာ နယ်ပယ်တွေမှာ စီးပွားရေး ဖွံ့ဖြိုးလာတဲ့ အရသာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ တရုတ်ပြည်မှာ အရာရာဟာ ကောင်းလာနေတယ်လို့ ဆိုလိုတာ မဟုတ်ပါဖူး။ ဆိုးဝါးတဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအရ တိုင်းတာကြည့်ရင် တရုတ်ပြည်သူ အများစု စီးပွားရေး ဝင်ငွေကောင်း လာတာကို တွေ့ရပါတယ်။ တရုတ်လူငယ် အများအပြားလည်း တရုတ်ပြည်မှာသာမက နိုင်ငံခြား ရပ်ခြား တိုင်းပြည်တွေကိုထွက်ပြီး နိုင်ငံတကာ အဆင့်မီ ခေတ်ပညာတွေ သင်ယူလာနိုင်တာ တွေ့ရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဈေးကွက်စီးပွားရေး စံနစ်ကို ကျင့်သုံးလာတာ ၁၉၉ဝ ခုနှစ်ထဲက ဖြစ်ပါတယ်။ စီးပွားရေး တံခါး ဖွင့်တယ်ဆိုပေမယ့် နိုင်ငံသားအများစုဟာ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အရသာဆိုတာကို ဘာမှန်းအခုအထိ မသိသေးပါဖူး။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် အုပ်ချုပ်သူအစိုးရကော အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံ စီးပွားရေးသမားတွေပါ မိမိ လူ့အဖွဲ့အစည်းကို ရိုသေရကောင်းမှန်း လေးစားရကောင်းမှန်း မသိလို့ ဖြစ်ပါတယ်။ မိမိလူ့အဖွဲ့အစည်းကို မရိုသေမလေးစား တာကြောင့် ဗိုလ်ကျတာတွေ၊ အနိုင်ကျင့်တာတွေ၊ ဖိနှိပ်တာတွေ၊ ကြောက်ခမန်းလိလိ ပမာဏနဲ့ မြေသိမ်းယာသိမ်းတာတွေ ဖြစ်လာခဲ့ပါတယ်။ အဆင်အခြင်မဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာတာကလည်း နေရာအနှံ့ ဆိုသလိုပါပဲ။ အဆိုးဆုံး အချက်ကတော့ ကိုယ့်ပြည်တွင်းမှာ ဘဝရပ်တည်ဖို့ ခက်ခဲလာတာမို့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အိမ်နီးချင်း တိုင်းပြည်တွေမှာ သူတပါးမလုပ်ချင်တဲ့ အလုပ်ဆိုး အလုပ်ကြမ်းတွေကို လုပ်ကိုင်ရင်း ကျွန်ခံနေရပါတယ်။ မိမိ မှီတင်းနေထိုင်တဲ့ လူ့အဖွဲ့အစည်း အပေါ်မှာ ရိုသေလေးစားရမယ် ဆိုတဲ့ လူမှုအတွေးအမြင် နှလုံးသားထဲမှာ ကိန်းအောင်းလာမှ မိမိလူ့အဖွဲ့အစည်း တစုံလုံးကို တိုးတက်ဖွံ့ဖြိုးအောင် တွန်းတင်နိုင်မှာ ဖြစ်ကြောင်း ပြောလိုပါတယ်။

ဇော်မင်း
၃ ရက် အောက်တိုဘာလ ၂ဝ၁၂ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.