ရွက်မွန်စာမျက်နှာ

Wednesday, October 17, 2012

တန်းတူညီမျှမှု တန်းတူညီမျှရေး

တလောက စာအုပ်အဟောင်းတွေကို ဟိုလှန်သည်လှန် လုပ်ရင်း စာအုပ်တအုပ် တွေ့ပါတယ်။ ဖတ်ပြီးသား ဆိုပေမယ့် မေ့သလောက် ဖြစ်နေတာမို့ ပြန်ဖတ်ဖြစ်ပါတယ်။ လူထုဒေါ်အမာ ရေးသားတဲ့ အငြိမ့် ဆိုတဲ့ စာအုပ်ပါပဲ။ မြန်မာနိုင်ငံရဲ့ အငြိမ့်သဘင် သမိုင်းကို စုဆောင်းရေးသား တင်ပြထားတာ ဖြစ်ပါတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ အငြိမ့်သဘင်ရဲ့ သမိုင်းပုံရိပ်ကို ခံစားရမိပါတယ်။ တနေရာမှာ သွားတွေ့တဲ့ အကြောင်း အရာ တခုကတော့ အငြိမ့်လောကအတွက် သာမက နိုင်ငံရေး နယ်ပယ်နဲ့ လူမှုနယ်ပယ်အတွက်ပါ သင်ခန်းစာယူဖို့ ကောင်းတာကို သွားတွေ့ပါတယ်။

အဲတာလေးကတော့ သည်လိုပါ။ မန္တလေးမှာ စစ်ကြိုခေတ်တုန်းက လူပြက် (လူရွှင်တော်) ဦးဓာတ်ခိုးနဲ့ ဦးသင်္ခါ ဆိုတာ ရှိပါသတဲ့။ သူတို့ နှစ်ယောက်ဟာ ပြက်လုံးထုတ်ရင် အတိုင်အဖောက် သိပ်ညီတာမို့ ပရိတ်သတ်ဟာ တဝါးဝါးနဲ့ မနားတမ်း ရယ်ကြရတယ်လို့ ဆိုပါတယ်။ တခါသားမတော့ လူပြက် ဦးအုန်းသီး ဆိုတာ သူတို့ဆီရောက်လာပြီး အငြိမ့်စင်မှာ အတူပြက်လုံး ထုတ်ကြပါတယ်။ ဦးအုန်းသီးက ဦးဓာတ်ခိုးနဲ့ ဦးသင်္ခါထက် ငယ်ပါတယ်။ ဦးအုန်းသီးက အရွယ်ငယ်သေး အတွေ့အကြုံ နည်းသေးပေမယ့် တက်လူဖြစ် ပြီး နှုတ်တက်နေတဲ့ အချိန်ဆိုတော့ တဖက်နဲ့တဖက် အပြန်အလှန် ပြက်တဲ့ နေရာမှာ တဖက်သား နစ်နာအောင်အထိ ပြန်လှန်ပြက်တယ်လို့ ဆိုပါတယ်။ သူတဖက်သား နာသွားမှာကို မစဉ်းစား နိုင်ခဲ့ဖူးတဲ့။ အငြိမ့်လောကမှာ အဲသည်တုန်းက အချင်းချင်း နင်းတက်တဲ့ လူပြက်ကို နောင်ဆိုရင် တခြား လုပ်ဖော်ကိုင်ဖက် လူပြက်တွေက ကြောက်တယ်။ အတူတူ မကချင်၊ ပြက်လုံးမထုတ်ချင်တဲ့ အထိ ဖြစ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကျတော့မှ ဦးအုန်းသီးဟာ ဒါကို သဘောပေါက်သွား ပါတယ်။ ဦးဓာတ်ခိုးက ဦးအုန်းသီးကို ဘယ်လိုဆုံးမ သလဲဆိုတော့ ပြက်လုံးဟာ ပရိတ်သတ် ရယ်ရပေမယ့် တဖက် လူပြက်ကို နစ်နာစေတယ်ဆိုရင် မပြက်နဲ့လို့ ပြောပါတယ်။

ဦးဓာတ်ခိုး ဦးသင်္ခါတို့ဟာ စိတ်ရင်းကောင်းပြီး နောက်တက်မယ့် လူငယ်လူပြက်တွေကို တွဲခေါ်တယ်။ အတူပြက်ရင်း ပို့ပို့ ပေးတယ်။ သူတို့က လူငယ်လူပြက်တွေကို အဲသလို့ ပို့ပေးတဲ့အတွက် လူငယ်လူပြက်တွေ ပြန်ပြက်တဲ့အခါမှာ ပွဲကပိုပြီး စိုပြေသွားတယ်လို့ ဆိုတယ်။ သူတို့ ပို့ပေးတဲ့အတွက် လူငယ်လူပြက်တွေ အနေနဲ့ လာဘ်မြင်လာတယ် ပြောအားဆိုအား ပိုတက်လာတယ်။ ဆိုလိုတာကတော့ ကိုယ့်ထက်အငယ်တွေကို လူပြက်ပညာ သင်ကြားပေးတာ ဖြစ်သလို ပိုပြီးတိုးတက် လာအောင် ပံ့ပိုးပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ အကြီးလုပ်သူတွေက အခွင့်အရေးပေးတော့ အငယ်တွေ အနေနဲ့ ကိုယ်လုပ်ရတဲ့ အလုပ်အပေါ်မှာ ရဲလာတဲ့သဘောမျိုးလို့လည်း ဆိုနိုင်ပါတယ်။

အဲသည့်အချိန်မှာ တခြားလူပြက်တွေ ဖြစ်တဲ့ ကိုရွှေဗျိုင်းတို့ ကိုတက်တိုးတို့ဟာလည်း လူပြက်ကောင်းတွေ လူတော်တွေ ဖြစ်ပါသတဲ့။ ဒါပေမယ့် သူတို့ကို လူပြက်လောကသားတွေက လုံးတည်းသမားတွေ လို့ ခေါ်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြက်လုံးကို သူတို့ချည်းပဲ ဆက်တိုက်ပြက်တယ်။ ပရိတ်သတ်ကတော့ တသောသောနဲ့ ရယ်နေတယ်။ ဒါပေမယ့် နောက်လူပြက် အတွက် အခွင့်အလမ်း နည်းသွားတယ်။ လက်သင်လူပြက် ကလေးတွေဆိုရင် ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး။ အဲသလိုမျိုး ဘာလုပ်ရမှန်း မသိတော့တာကို လူပြက်လောကမှာ အဆံချောင်သွားတယ် လို့ ခေါ်ကြတယ်။ နောက်လူပြက် အတွက် ဒုက္ခရောက်တာပေါ့။ အဲသလို ဖြစ်တာဟာ စေတနာချင်း ကွာလို့ ဖြစ်ရတာလို့ ဆိုပါတယ်။

ဦးသင်္ခါက သူ့တပည့် လူပြက် ကိုသြဘာကို ဒီလိုပြောသတဲ့။ အငြိမ့်စင်ပေါ်က ပြက်လုံးဆိုတာဟာ ခြင်းလုံးကစားတာနဲ့ တူတယ်။ မင်းက ဖဝါးလေးနဲ့ ပေးလိုက်တော့ ငါက မဟာကလေးနဲ့ ခံလိုက်၊ သူတလှည့် ငါတလှည့် ခတ်သွားမှကြည်လို့ လှတယ်။ အဲသလိုပဲ ပြက်လုံးမှာလည်း တယောက်က တလုံးပြောလိုက်ရင် နောက်တယောက်က တလုံးဝင်ပြောနိုင်မှ ကောင်းတယ်။ တယောက်ထဲ ခြံခတ်ပြက်နေလို့ မကောင်းဘူးလို့ ပြောသတဲ့။ ငါက ဒီလိုပြောရင် မင်းက ဒီလိုပြော ဆိုပြီးလည်း သင်ပေးသတဲ့။ ဦးဓာတ်ခိုးနဲ့ ဦးသင်္ခါဟာ လက်သင် လူပြက်တွေ ကို အဲသလို ဆိုဆုံးမတယ်လို့ ဆိုပါတယ်။ ဦးဓာတ်ခိုးက အပြေးကောင်း၊ ဦးသင်္ခါက အနင်းကောင်း၊ အပြေးနဲ့အနင်း လိုက်ဖက်မိနေတော့ ပြက်သမျှဟာ ခွင်ဖြစ်နေ တယ် ပရိတ်သတ် ပါးစပ်မပိတ်နိုင်အောင်ကို ရယ်နေရတယ်လို့ ဆိုပါတယ်။

ဦးသင်္ခါနဲ့ ဦးဓာတ်ခိုးရဲ့ နောက်ထပ် အားကောင်းချက်ကတော့ အသောက်အစားကင်းသလို လောင်းကစားလည်း မလုပ် ဘူးတဲ့။ အရက်သောက်ပြီး အငြိမ့်စင်ပေါ်တက် တာမျိုး ဘယ်တော့မှ မလုပ်ဖူးလို့ ဆိုပါတယ်။ ကိုယ်ကျင့်တရား မစောင့်ထိန်းတဲ့ လူပြက်တွေနဲ့ စင်ပေါ် အတူတက်ပြီး အလုပ်မလုပ်ဖူးလို့လည်း သိရတယ်။ ပရိတ်သတ်ကို ထမင်းရှင်အဖြစ် လေးလေးစားစား ဆက်ဆံတယ်။ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ သဘောထားမျိုးလို့လည်း ဆိုနိုင်ပါတယ်။ နောက်တခုကတော့ မင်းသမီးလေးတွေ အပေါ်မှာ စည်းစောင့်တယ် ယုတ်မာတဲ့ စိတ်ထားမျိုး မထားတဲ့အတွက်လည်း လူတွေကလည်း လေးစားကြတယ်။ ကိုယ့်ခြံစည်းရိုးကို ကိုယ်ပြန်ပြီး ထင်းခွေတဲ့ အလုပ်မျိုး မလုပ်ဘူး ဆိုတာပါပဲ။ တချို့ လူပြက်တွေကတော့ မင်းသမီးလေးတွေကို ဘာမှမလုပ်ပေမယ့် မင်းသမီးလေးတွေကို ကြိုက်နေတဲ့ ကာလသားတွေဆီက ချူစားတာမျိုး သွယ်ဝိုက်ပြီး လာဘ်လာဘ တောင်းတာမျိုး ရှိသတဲ့။ ဟိုလူပြက်ကြီး နှစ်ယောက်ဟာ အဲသလိုမျိုးလဲ ဘယ်တော့မှ မလုပ်ဘူးလို့ ဆိုပါတယ်။

အပေါ်က ခေါင်းစဉ်က တန်းတူညီမျှမှု တန်းတူညီမျှရေး ဆိုတော့ နိုင်ငံရေး ခေါင်းစဉ်ကြီးပဲ အငြိမ့်ထဲက လူပြက်ကိစ္စတွေနဲ့ ဘာဆိုင်သလဲလို့ မေးကောင်း မေးပါလိမ့်မယ်။ သေသေချာချာ ကြည့်ရင်တော့ မြင်ပါလိမ့်မယ်။ လူပြက်အချင်းချင်း တဦးနဲ့ တဦး အပြန်အလှန် လေးစားမှု ရှိရတာ အခွင့်အလမ်းကို မပိတ်သင့်တာကို မြင်ရပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန် ရမယ် ဆိုတဲ့အချက်လည်း ပါရှိပါတယ်။ နောက်တက်မယ့် ငယ်ရွယ်သူတွေရဲ့ အခွင့်အလမ်းကို စီနီယာလုပ်သူတွေက ပိတ်မထားသင့်ဘူး သင်ကြားပြသပေးရမယ် ဆိုတာလည်း တွေ့ရပါတယ်။ ကြီးကြီးငယ်ငယ် အချိတ် အဆက်နဲ့ အပြန် အလှန် ညှိနှိုင်းလုပ်ကိုင်ရမယ် ဆိုတာလည်း ပါနေပါတယ်။ ကိုယ့်ခြံစည်းရိုး ကိုယ်ပြန်ပြီး ထင်းခွေတဲ့ အလုပ်မျိုး မလုပ်သင့် ဘူး ဆိုတာလည်း ပြောပါတယ်။ ဆိုလိုတာကတော့ ကိုယ့်တပ်ကို မနင်းမိစေနဲ့လို့ ဆိုလိုတာ ဖြစ်ပါတယ်။ မင်းသမီးလေး တွေကို ဖျက်စီးတာမျိုး၊ သူတို့ကို ဘန်းပြပြီး မတရား သဖြင့် ငွေကြေး လာဘ်လာဘ ယူတာမျိုးဟာ ကိုယ့်တပ် ကိုယ်နင်းတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မီတင်းနေထိုင်တဲ့ လူမျိုးများအားလုံး အကြားမှာ တကယ်တန်း လိုအပ်နေတာက တန်းတူ ညီမျှရေး ဖြစ်ပါတယ်။ လူပြက်ကြီး နှစ်ဦးဖြစ်တဲ့ ဦးဓာတ်ခိုးနဲ့ ဦးသင်္ခါ တို့ရဲ့ လူမှုသဘောထားနဲ့ ကျင့်သုံးမှုဟာ ကြီးသည် ငယ်သည်မဟူ တန်းတန်း တူတူ ဆက်ဆံတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးမှာလည်း တဦးနဲ့တဦး တဖက်နဲ့တဖက် တန်းတန်းတူတူ ဆက်ဆံ ကျင့်သုံးဖို့ အရေးကြီးပါတယ်။ တန်းတူညီမျှမှုနဲ့ တန်းတူညီမျှရေးဟာ နိုင်ငံရေးမှာကော လူမှုရေးမှာပါ လိုအပ်တယ် ဆိုတာ မြင်ရပါတယ်။ လူမျိုးများ တဦးနဲ့တဦးကြားမှာလည်း တန်းတူညီမျှမှု ရှိဖို့လိုပါတယ်။ နိုင်ငံရေး ပါတီတခုအတွင်း၊ ကျောင်းသားအဖွဲ့အစည်း သမဂ္ဂတွေကြားမှာလည်း တန်းတူညီမျှမှု ရှိဖို့လိုပါတယ်။ ကိုယ်ချည်းပဲ ပြက်လုံးထုတ်နေပြီး တခြားသူကို အခွင့်အလမ်း ပိတ်ပင်တာမျိုး မဖြစ်သင့်ပါ။ ဂျာနယ်တိုက် တခုအတွင်းမှာလည်း တန်းတူ ညီမျှကို ပစ်မထားသင့်ပါ။ စီးပွားရေး နယ်ပယ်မှာလည်း ခရိုနီတွေချည်းပဲ အခွင့်အရေး ယူနေတာဟာ လုံးတည်းသမား လူပြက်တွေနဲ့ သဘောချင်း အတူတူပါပဲ။ အဲတာကြောင့် တန်းတူညီမျှမှုတွေ ရှိလာဖို့ အပိတ်အဆို့ လုပ်တာတွေ၊ လက်ဦးမှု ရအောင် ယူတာတွေ၊ တခုခု နဲ့ ပြစားတာတွေ အစရှိတာတွေကိုလည်း ရှောင်ရှားဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။

ဇော်မင်း
၁၇ ရက် အောက်တိုဘာလ ၂ဝ၁၂ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.