ရွက်မွန်စာမျက်နှာ

Friday, August 16, 2013

ရာဇဝတ်မှုများမှသည် မျက်ဖြေကော်မရှင်သို့

မကြာသေးခင်ကပဲ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဝန်ကြီးဦးအောင်မင်း လူသိရှင်ကြား ပြောလိုက်တဲ့ ကိစ္စတခု ရှိပါတယ်။ ကျောင်းသားတပ်မတော်လို့ ခေါ်တဲ့ ABSDF ခေါင်းဆောင်ဟောင်းတွေ အပါအဝင် လက်ရှိအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စများနဲ့ ဆက်စပ်လို့ တရားစွဲဆိုတာ အရေးယူတာမျိုး နိုင်ငံတော်က မလုပ်ပါဘူးတဲ့။ သို့သော်လည်း အတိတ်က ရာဇဝတ်မှု ကျူးလွန်ထားတာတွေရှိလို့ ကျူးလွန်ခံခဲ့ရတဲ့ ပြည်သူတွေထဲက တစုံတဦးက တရားစွဲဆိုမယ် ဆိုရင်တော့ ရုံးတော်မှာ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီစကားကို အစိုးရနဲ့ ABSDF နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပွဲ အပြီးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အတော်များများက မှတ်ချက်ချပါတယ်။ ဘာတုန်းဆိုတော့ အစိုးရဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းတွေမှာ အဆင့်နှစ်မျိုးထား နှစ်ဖက်ခွပြီး လုပ်နေတာလို့ ဆိုကြပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတုန်းကလည်း တခါထဲ အပြီးသတ် လွှတ်ပေးလိုက်တာမျိုး မဟုတ်ဘဲ ပုဒ်မ ၄ဝ၁ နဲ့ ထောင်သက်ကို အကြွေးချန်သလို ချန်ထားပြီးမှ လွှတ်ပေးတာမျိုး ဖြစ်နေတာကို ကြည့်ပါလားဆိုပြီး ထောက်ပြလာ သူတွေလည်း ရှိပါတယ်။ မှန်ပါတယ် ဒါဟာလည်း နှစ်ဖက်ခွထားတဲ့ ပေါ်လစီမျိုးလို့ ဆိုနိုင်ပါတယ်။ အစိုးရခေါင်းဆောင်တွေ မကြည်မသာ ဖြစ်တဲ့အချိန်မှာ ပြန်ဖမ်းလို့ရတယ်၊ တရားရုံးပို့လို့ရတယ်၊ ထောင်ချလို့ ရတယ်လို့ ပြောတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တနေရာမှာ အဖုကလေး အထစ်ကလေး ချန်ထားတယ် လို့လဲ ပြောမယ်ဆိုရင်လည်း ရပါတယ်။

ဝန်ကြီးဦးအောင်မင်း အဲသလို ပြောကြားလိုက်တာဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ABSDF တခုထဲသာ ညွှန်းဆို တယ်လို့ ထင်စရာရှိပါတယ်။ သို့သော်လည်း ဒီစကားဟာ အပစ် အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင် ကြီးငယ်လတ်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ နိုင်ငံရေးအရ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေ မယ့် နိုင်ငံသားတဦးဦးက သူတို့အပေါ်မှာ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ အမှုဖွင့်လာရင် ရုံးတော်မှာ ရင်ဆိုင် ရလိမ့်မယ်ဆိုတဲ့ သတင်းမက်ဆေ့ခ်ျကို ပေးလိုက်တာနဲ့လည်း အတူတူ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် KIO က အစိုးရနဲ့ အပစ်အခတ် ရပ်စဲလိုက်ပြီ ဆိုပါစို့။ ကချင်နယ်မြေထဲမှာ တိုက်ပွဲတွေလည်း မရှိတော့ဘူး ဆိုပါစို့။ သို့သော်လည်း တချိန်တုန်းက ကေအိုင်အေတပ်က ဘယ်သူဘယ်ဝါက ဆက်ကြေးမပေးလို့ဆိုပြီး ရွာသားသုံးဦးကို သတ်ခဲ့တယ်လို့ အသတ်ခံရတဲ့ မိသားစုဖက်က စွပ်စွဲပြီး တရားစွဲမယ်ဆိုပါစို့။ အဲဒီ ကေအိုင်အေတပ်က တာဝန်ရှိသူဟာ ဝန်ကြီးဦးအောင်မင်း အဆိုအရ ပြောရမယ်ဆိုရင် ရုံးတော်မှာ အမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါမျိုးဟာ ရာဇဝတ်မှုမြောက် နေတာကိုး။

အစိုးရဟာ နှစ်ဖက်ခွထားတဲ့ လုပ်ထုံးလုပ်နည်းကို ကျင့်သုံးနေတယ်လို့ ထောက်ပြသူများ ရှိနေတာကို အထက်မှာ ပြောခဲ့ပြီးပါပြီ။ ထင်မယ်ဆိုလည်း ထင်လောက်ပါတယ်။ လူတွေအနေနဲ့ အစိုးရကို ခေတ်အဆက်ဆက် အယုံအကြည်မှ မရှိခဲ့တာကိုး။ သို့သော်လည်း ဒီနေရာမှာ ကျနော့်အနေနဲ့ ပြောင်းပြန်စဉ်းစား မိပါတယ်။ အတိတ်တုန်းက အစိုးရစစ်တပ် အပါအဝင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေဖက်က ရာဇဝတ်မှု ကျူးလွန်ခဲ့သူ မည်သူမဆို သက်ဆိုင်ရာ မိသားစုများက အခုလိုအချိန်မှာ တရားစွဲဆိုမယ်ဆိုရင် စွဲလို့ရနိုင်တယ်လို့ ဝန်ကြီးဦးအောင်မင်းက ABSDF ကိုကြားခံထားပြီး သွယ်ဝိုက်ပြောတာမျိုးကော မဖြစ်နိုင်ဘူးလား။ ဘာဖြစ်လို့တုန်းဆိုတော့ ဝန်ကြီးဦးအောင်မင်းက ABSDF တခုထဲကိုသာ တရားစွဲလို့ ရနိုင်တယ်၊ အစိုးရစစ်တပ် အပါအဝင် ကျန်တဲ့ လက်နက်ကိုင်တပ်များ ရာဇဝတ်မှု ကျူးလွန်ခဲ့တာကို တရားစွဲလို့ မရဘူးလို့ အတိအလင်း ပြောမထားတာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ နိုင်ငံသားပေါင်း အနည်းဆုံး သုံးထောင်လောက် ဟာ လမ်းမတွေပေါ်မှာ အစိုးရစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ တချို့တွေကတော့ ထောက်လှမ်းရေး စစ်ကြောရေး စခန်းတွေမှာ အသတ်ခံခဲ့ရတယ်။ တချို့တွေကတော့ ထောင်တွေထဲမှာ၊ အလုပ်ကြမ်း စခန်းတွေမှာ နှိပ်စက်ခံရရင်း သေဆုံးခဲ့ ကြပါတယ်။ တချို့သော နိုင်ငံသားများကတော့ တိုင်းရင်းသား ရှေ့တန်းနယ်မြေတွေမှာ အစိုးရစစ်တပ်ရဲ့ ရမ်းကားမှုကြောင့် သေဆုံးခဲ့ ရပါတယ်။ ဥပမာ တခုလောက် ပြောရရင် ချင်းပြည်နယ် ထဲမှာ အစိုးရစစ်တပ်က ခရစ်ယန်ဘုရားကျောင်းကို မီးရှို့ပြီး ရွာသားတချို့ကို သတ်ဖြတ်ခဲ့တာမျိုးတွေလည်း အကြုံးဝင်ပါတယ်။ အဲတာတွေ အားလုံးဟာ တရားဥပဒေ မျက်စေ့နဲ့ကြည့်ရင် ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ မိမိရဲ့ မိသားစုဝင်တွေ အဲသလို အသတ်အဖြတ်ခံရပြီး ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာ ကျန်တဲ့ မိသားစုဝင်တွေက အခုလို ခေတ်ပြောင်းကာလမှာ တရားစွဲမယ်ဆိုရင် ရနိုင်တာပေါ့။ ဝန်ကြီး ဦးအောင်မင်းလည်း ဒီသဘောကို ပြောထားတာပဲ မဟုတ်လား။ နောက်တချက် ကိုးကားရမယ်ဆိုရင် ဟိုတလောတုန်းက လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်း ကိုယ်တိုင် လည်း အတိအလင်း ပြောထားတာ ရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး ဆိုတာဖြစ်ပါတယ်။ အားလုံး မှတ်မိကြမယ် ထင်ပါတယ်။

နောက်တချက်ကတော့ ကနေ့ကာလမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား အပေါင်းဟာ ဘယ်တုန်းနဲ့ကမှ မတူအောင် နိုင်ငံတကာမှာ ပျံ့နှံ့ နေထိုင်နေကြပါတယ်။ မြောက်အမေရိက၊ ဥရောပက နိုင်ငံတွေ အပါအဝင် သြစတေးလျှ၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေမှာ အနှံ့အပြား အခြေခြ နေထိုင်နေကြပါတယ်။ အစိုးရဟောင်းတုန်းက ရာဇဝတ်မှု ကျူးလွန်ထားခဲ့ သူတွေ၊ အစိုးရသစ်လက်ထက်မှာ ရာဇဝတ်မှု ကျူးလွန်ထားခဲ့သူတွေ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေက ရာဇဝတ်မှု ကျူးလွန်ထားသူတွေ အကယ်၍ ထိုထိုသော နိုင်ငံတွေကို အကြောင်း အမျိုးမျိုးနဲ့ သွားရောက်ခဲ့ရင် ဟိုနိုင်ငံမှာ ရောက်နေတဲ့ နစ်နာခဲ့တဲ့ မိသားစုဝင်တွေက တရားစွဲမယ်ဆိုရင် တရားစွဲလို့ ရပါတယ်။ အင်္ဂလန်မှာ ဆေးလာကုတဲ့ တချိန်တုန်းက ချီလီနိုင်ငံရဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး ပင်နိုရှေး အင်္ဂလန်မြေပေါ်မှာ တရားစွဲခံရတဲ့ သာဓကကလည်း ရှိခဲ့တယ် မဟုတ်လား။ ဝန်ကြီးဦးအောင်မင်း ပြောသလို ရာဇဝတ်မှုကတော့ ရာဇဝတ်မှုပါပဲ။ စစ် ရာဇဝတ်မှုက ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါတွေကို ဖျောက်ဖျက်ပစ်လို့ မရစကောင်းပါဘူး။

ကျနော် ထင်ပါတယ်။ မကြာခင်ကာလတွေမှာ ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရတဲ့ မိသားစုတွေက ကျူးလွန်တဲ့သူတွေ အပေါ်မှာ တရားဥပဒေကြောင်းအရ တရားစွဲတာတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ မြန်မာပြည်က ရှေ့နေရှေ့ရပ်များလည်း နားလို့မှမရနိုင်အောင် အလုပ်များကြ ပါလိမ့်မယ်။ အစိုးရစစ်တပ်ကပဲ ဖြစ်ဖြစ် လက်နက်ကိုင် သူပုန်အဖွဲ့ကပဲ ဖြစ်ဖြစ် ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ အနေနဲ့ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာကို လက်တွေ့ ရင်ဆိုင်ကြရပါလိမ့်မယ်။ မကျူးလွန်ခဲ့သူတွေ အဖို့ကတော့ ဒါတွေအတွက် ပူပင်စရာ မလိုပါဘူး။ ရာဇဝတ်မှု ကျူးလွန်တာဟာ ကျူးလွန်တာပဲ၊ နိုင်ငံရေးအရ သဘောထားခြင်း မတိုက်ဆိုင်လို့ တိုက်ရခိုက်ရတာမျိုးနဲ့ မတူဘူးဆိုတာကို ABSDF ကိုကြားခံထားပြီး လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းလည်း နောင်မှာ ဒီသဘောထားအတိုင်း အစဉ်တစိုက် ဆက်လက်ရပ်တည် ပေးလိမ့်မယ်လို့ ယူဆပါတယ်။

နောက်တချက်ကတော့ တဦးနဲ့တဦး တဖက်နဲ့တဖက် မပြီးနိုင်မစီးနိုင် အပြန်အလှန်တရားစွဲ နေကြရင် တိုင်းပြည်အတွက် လိုအပ်တဲ့ အဖြေမှန်တခုကို ရအောင်ရှာနိုင်ပါ့မလားလို့ စဉ်းစားမိ ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ဖြစ်စဉ်ကိုကြည့်ရင် လူဖြူအုပ်စိုးသူတွေကို အုပ်ချုပ်ခံလူမဲတွေက အတိတ်ကကျူးလွန်ခဲ့တဲ့ ဖိနှိပ်မှုတွေ ရာဇဝတ်မှုတွေ အတွက် အမှုဖွင့် တရားရုံးတင်ပြီး တရားစွဲတာမျိုး မဟုတ်ပါဘူး။ တောင်အာဖရိကနိုင်ငံမှာတုန်းကတော့ လူမျိုးရေးခွဲခြား ဖိနှိပ်တဲ့ စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ ကြားကာလမှာ ကျူးလွန်ခံခဲ့ရသူတွေနဲ့ ကျူးလွန်သူ များ ကြားထဲမှာ ပြန်လည် ဝန်ချတောင်းပန်တဲ့ ဖြေသိမ့်တဲ့ လုပ်ငန်းစဉ်တခု ရှိခဲ့ပါတယ်။ Truth and Reconciliation Commission အမှန်တရားပြန်လည်ဖော်ထုတ်ရေး နဲ့ ပြန်လည် ရင်ကြားစေ့ရေး ကော်မရှင်လို့ လူသိများခဲ့ပါတယ်။ အဲဒီ ကော်မရှင်ကို အလယ်မှာထားပြီး သက်ဆိုင်ရာ နယ်မြေ အလိုက်ဒေသအလိုက် ကျူးလွန်ခဲ့သူတွေကလည်း သူတို့ကျူးလွန်ခဲ့တဲ့ လူများအပေါ် ဝန်ချတောင်းပန်ခဲ့ကြပါတယ်။ ကျူးလွန်ခံခဲ့ရ သူများကလည်း ခံစားချက်တွေ နာကျဉ်းချက်တွေ ရှိနေဆဲဖြစ်ပေမယ့် တိုင်းပြည်အတွင်း လူ့အဖွဲ့အစည်းအတွင်း ရေရှည် ငြိမ်းချမ်းရေးအတွက် တဖက်က ဝန်ချတောင်းပန် လာတာတွေကို နားထောင်ပေးခဲ့ပါတယ်။ ခွင့်လွှတ်တယ် ဒါပေမယ့် မမေ့ဘူး ဆိုတဲ့ ခံစားချက်ကတော့ ရှိနေဆဲပါ။

မြန်မာနိုင်ငံမှာလည်း ကျူးလွန်ခဲ့သူများနဲ့ ကျူးလွန်ခံခဲ့ရသူများ အကြားမှာ အလားသဏ္ဌာန်တူကော်မရှင် တခုခုဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် မကောင်းပေဘူးလားလို့ တွေးမိပါတယ်။ တည်နေတဲ့ အမုန်းတရားတွေ သိုနေတဲ့ အမျက်တွေ တတ်နိုင်သလောက် ပြေပြောက်စေဖို့ အဲသလို ကော်မရှင်မျိုးများဖွဲ့မယ်ဆိုရင် “မျက်ဖြေကော်မရှင်” လို့ ကျနော်ကတော့ အမည်ပေးလိုပါကြောင်း။

ဇော်မင်း
၁၅ ရက်၊ သြဂုတ်လ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.