လူ့ အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်မှု တရပ်ပေါ်ပေါက်လာအောင် ဆောင်ရွက်တဲ့နေရာမှာ အစိုးရတခုထဲနဲ့ ဆောင်ရွက် လို့ မဖြစ်နိုင်ပါဖူး။ နေရာပေါင်းစုံ ထောင့်ပေါင်းစုံကနေ နိုင်ငံသားတို့ရဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်တာကို လက်ခံဖို့ ခွင့်ပြုဖို့ ကလည်း လိုပါသေးတယ်။ အဲသလို ပူးပေါင်းဆောင်ရွက် ကြတဲ့နေရာမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို တင်ပြလိုပါတယ်။ အထူးသဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အဆင့် အစိုးရလုပ်ငန်းများမှာ အမျိုးသမီးများရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားလာဖို့ လိုအပ်ပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍဟာ အစိုးရမဟုတ်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေမှာသာ အားကောင်းလာနေတာ တွေ့ရပါတယ်။ အစိုးရ အဆင့်အဆင့် အတွင်းမှာ အတော်ကလေးကို နည်းပါးပါသေးတယ်။
အခုမြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်နဲ့ သက်ဆိုင်ရာ လွှတ်တော်တွေလည်း ပေါ်ပေါက်လာခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ ပြောရရင် အခုအစိုးရဟာ သက်တမ်းအနေနဲ့ လပေါင်း ၃ဝ လောက်ဘဲ ကျန်ပါတော့တယ်။ အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်တဲ့ အခါမှာ သမ္မတနဲ့ ဒုတိယ သမ္မတနှစ်ဦး ရှိတာကို တွေ့ရပါတယ်။ အားလုံးဟာ အမျိုးသားတွေ ချည်းပဲဖြစ်နေပါတယ်။ တခါ ဝန်ကြီးဌာနများရဲ့ ဖွဲ့စည်းပုံကို ပြန်ကြည့်လိုက်တဲ့ အခါမှာ ဝန်ကြီး၊ ဒုတိယဝန်ကြီး စုစုပေါင်း ၆၅ ဦးခန့် ရှိတာကို တွေ့ရပါတယ်။ အဲဒီ ၆၅ ဦးထဲမှာ အမျိုးသမီး ဝန်ကြီးဘယ်နှစ်ယောက် ပါဝင်သလဲ ဆိုတာကို ကြည့်လိုက်တော့ အမျိုးသမီး နှစ်ဦးကိုသာ ဒုတိယဝန်ကြီးအဖြစ် တာဝန် ပေးအပ်ထားတာကို တွေ့ရပါတယ်။ အဲဒီ အမျိုးသမီး ဒုတိယဝန်ကြီး နှစ်ဦးမှာ တဦးက ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖြစ်ပြီး နောက်တဦးကတော့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဖြစ်ပါတယ်။ အမျိုးသမီး တဦးတလေမှ ဝန်ကြီးအဆင့်အတန်းနဲ့ တာဝန်ထမ်းဆောင်နေတာ မတွေ့ရပါဖူး။ အဲတာအပြင် ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့၊ ဘဏ္ဍာရေးတို့ အပါအဝင် တခြားအရေးပါတဲ့ ဝန်ကြီးဌာနတွေမှာလည်း ဒုတိယဝန်ကြီးတွေဟာ အမျိုးသားတွေချည်းပဲ ဖြစ်နေပါတယ်။
တခါ ပြည်သူ့လွှတ်တော်ကို ကြည့်မယ်ဆိုရင်လည်း လွှတ်တော်နှစ်ရပ်ပေါင်းမှာ အမျိုးသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရေအတွက်က ၄၉၄ ယောက်ရှိနေပေမယ့် အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကတော့ အယောက် ၂ဝ ဝန်းကျင်သာ ရှိတာကို တွေ့ရပါတယ်။ နောက်တချက်ကတော့ တပ်မတော် အရာရှိများဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ လွှတ်တော်မှာ ၂၅% ပြည်သူ့ကိုယ်စားလှယ်အဖြစ် အလိုအလျှောက် နေရာယူထားပါတယ်။ အဲဒီတပ်မတော် အရာရှိများထဲမှာကော အမျိုးသမီး တပ်မတော်အရာရှိ ဘယ်နှစ်ယောက် ပါသလဲ ဆိုတာကို ကြည့်လိုက်တော့ တဦးမှ မပါဘူး ဖြစ်နေပါတယ်။
နောက်တချက်ကတော့ အခုအစိုးရသစ် တက်လာအပြီး နိုင်ငံတကာဆက်ဆံရေးအတွက် မြန်မာနိုင်ငံသား အမျိုးသမီး သံအမတ် ဘယ်နှစ်ယောက်များ ခန့်အပ်စေလွှတ်ထားသလဲဆိုတာ ကြည့်လိုက်ပြန်တော့ တဦးတလေမှတောင် မရှိဖူးဆိုတာ တွေ့ရပြန်ပါတယ်။ နောက်တချက်ကို ထောက်ပြရမယ်ဆိုရင် မြန်မာနိုင်ဟာ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာပြည်ရဲ့ တချို့သော ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတုန်းပါဘဲ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်ဖို့လိုလာပါတယ်။ ဒီနေရာမှာ ကြည့်လိုက်ရင် နိုင်ငံရဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး စတာတွေကို အလေးပေးဆောင်ရွက်နေတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆိုရင်လည်း ဦးဆောင်မှု ကဏ္ဍအဆင့်မှာ ဆောင်ရွက်နေသူတွေဟာ အမျိုးသားတွေပဲ ဖြစ်နေတာတွေ့ရပါတယ်။ အမျိုးသမီး တဦးတလေမှ ဦးဆောင်မှု နေရာတွေမှာ တာဝန်ယူ ဆောင်ရွက်နေတာမျိုး မတွေ့ရသေးပါဘူး။
အားမနာတန်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးများရဲ့ နိုင်ငံရေးမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု အခွင့်အရေးနဲ့ အခွင့်အလမ်းဟာ အတော်ကလေး နည်းပါးသေးတယ်လို့ ဆိုနိုင်ပါတယ်။ အခွင့်အလမ်း ဖွင့်မပေးတဲ့ လူ့အဖွဲ့အစည်းဟာ အခွင့်အလမ်း ဖွင့်ထားပေးတဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်းယှဉ်မယ်ဆိုရင် နယ်ပယ်တိုင်းလိုလိုမှာ တိုးတက်မှုနှုန်း နိမ့်ကျ နှေးကွေးလေ့ ရှိပါတယ်။
ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ်ပေါင်းမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၆၂၃ ဦးရှိပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဟာ ၈၇ ဦး ရှိနေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ဟာ တဖြည်းဖြည်း မြင့်တက်လာနေတယ် ဆိုတာကို မြင်နိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကိုယ်တိုင် ကျိုးစားမှုကြောင့် အရည်အသွေးမြင့်လာတာကြောင့် ဖြစ်သလို သူတို့လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေကို အားပေးတာ ကူညီတာ လမ်းဖွင့်ပေးတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။
အခု သမတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံကို စနစ်သစ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ သမ္မတဖြစ်ခါစာက လူသိရှင်ကြား ကြေညာထားတာ ရှိပါတယ်။ ဒါပေမယ့် ဘယ်လို စနစ်သစ်မျိုးနဲ့ ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပါဖူး။ လောလောဆယ်မှာတော့ ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ အစိုးရသစ် ဖွဲ့စည်းပုံကော ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးမှာပါ ယောက်ကျားတွေပဲ ကြီးစိုးနေတာကို မြင်ရပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသား တွေလောက် အရည်အချင်း မရှိဘူးလို့ အမျိုးသားတွေဖက်က သတ်မှတ်ထားလို့ အမျိုးသမီး ခေါင်းဆောင် အရေအတွက် နည်းနေရတာလား ဆိုတာက မေးစရာ ဖြစ်လာပါတယ်။ တကယ်တန်း ပြောရမယ်ဆိုရင် ယောက်ျား ကြီးစိုးရေးဝါဒဟာ စနစ်ဟောင်း အတွေးအခေါ်ဟောင်းသာ ဖြစ်ပါတယ်။ အတွေးအခေါ်ဟောင်းဖြစ်တဲ့ ယောက်ကျား ကြီးစိုးရေးဝါဒ လွှမ်းမိုးနေဆဲဖြစ်တဲ့ အစိုးရတရပ်က စနစ်သစ်နဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တကယ်လို့ အစိုးရကိုယ်တိုင်က အမျိုးသမီးတွေ အပေါ်မှာ ခွဲခြားဆက်ဆံတာမျိုး၊ ယောက်ကျားကြီးစိုးရေး ဝါဒကိုင်စွဲ တာမျိုး မရှိဘူးလို့ ဆိုရင်တောင်မှ အမျိုးသမီးတွေအပေါ်မှာ ကူညီတာ အားပေးတာ လမ်းဖွင့်ပေးတာမျိုး နည်းပါးနေသေးတယ်လို့ ပြောနိုင်ပါတယ်။
ပုခက်လွှဲတဲ့ လက်များပိုင်ရှင် အမျိုးသမီးတွေ ဘာကြောင့် နိုင်ငံရေး ဦးဆောင်မှု နေရာတွေမှာ လိုအပ် ပါသလဲ။ ယေဘုယျ အားဖြင့် တင်ပြရမယ်ဆိုရင် အမျိုးသမီးတွေဟာ အိမ်ထောင်မှု ထိမ်းသိမ်းရေးမှာ သဘာဝအလျှောက် တာဝန်ကို ထမ်းဆောင်ခဲ့ရတာ လူ့သမိုင်းအစကထဲကလို့ ပြောနိုင်ပါတယ်။ အဲတာကြောင့် အမျိုးသမီးတွေဟာ မိသားစုရဲ့ လိုအပ်ချက်၊ သားသမီး ကလေးသူငယ်တွေရဲ့ လိုအပ်ချက်၊ အိမ်တွင်းငွေကြေး စီးဆင်းမှု စီမံခန့်ခွဲမှု၊ ဆွေမျိုးများနဲ့ ဆက်ဆံရေး စတာတွေနဲ့ ပတ်သက်လို့ အမျိုးသား ယောက်ကျားတွေ မမြင်တဲ့၊ ဂရုမပြုမိတဲ့ အချက်တွေကို သိမြင်နားလည်သူတွေ ဖြစ်ကြပါတယ်။ တိုင်းပြည်တခု တည်ဆောက်တယ် ဆိုတာဟာ အိမ်ထောင်တခု တည်ဆောက်တဲ့ သဘောနဲ့ အခြေခံအားဖြင့် တူညီပါတယ်။ ဒါ့ကြောင့် ကျားကျားလျားလျား ကိစ္စတွေမှာပဲ အထူးပြု အာရုံစိုက်နေတဲ့ ယောက်ျား တွေဟာ တခါတရံ လူ့အဖွဲ့အစည်းရဲ့ အခြေခံ လိုအပ်ချက်တွေကို အရေးကြီးတယ်လို့ မထင်ကြပါဘူး။ အဲဒီ အားနည်းချက် ကွက်လပ်တွေကို အမျိုးသမီးတွေက နားလည်တာကြောင့် တချို့နယ်ပယ်တွေမှာ သူတို့သာ ခေါင်းဆောင်မှုကို ရရှိမယ်ဆိုရင် ယောက်ျားတွေထက် ပိုပြီး တိုးတက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။
အဲတာတွေကမှ တဆင့်တက်ပြီး နောင်မှာ အမျိုးသမီးတွေဟာ သမ္မတအဖြစ်၊ ဝန်ကြီးချုပ်အဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အစရှိသဖြင့် တာဝန်တွေကို ဆက်လက်ယူသွားနိုင် ကြပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း အမျိုးသမီးတွေ တိုင်းပြည်တာဝန်ကို ထိပ်တန်းကနေ ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ အခုလည်း ရှိနေဆဲပါ။
အစ္စရေးနိုင်ငံက ဝန်ကြီးချုပ် ဂိုလ်ဒါမေယာ ဆိုသူဟာ အိမ်ထောင်ရှင်မ ဘဝကနေ ဝန်ကြီးချုပ်ဖြစ်လာသူပါ။ အဲဒီအချိန်တုန်းက ရန်သူတွေ ပတ်ပတ်လည် ဝိုင်းနေတဲ့ အစ္စရေးနိုင်ငံကို စနစ်တကျ ဦးဆောင်မှုပေးခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ အိမ်နီးချင်း တိုင်းပြည်များဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒက်ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံများမှာ အမျိုးသမီး ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့တိုင်းပြည်တွေကို ဦးဆောင်မှု ပေးနိုင်ခဲ့တာလည်း အားလုံးမှတ်မိကြမှာပါ။ အခုလက်ရှိအနေနဲ့ဆိုရင် ထိုင်းနိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ သားသည်မိခင် အိမ်ထောင်ရှင်မတွေ ဖြစ်ပေမယ့် နိုင်ငံတော်အဆင့် တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ သူတွေဖြစ်ကြောင်း သက်သေပါပဲ။
မြန်မာနိုင်ငံဟာ စနစ်သစ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး စက်မှုနိုင်ငံတော်ကြီး ဖြစ်သည်အထိ ဆောင်ရွက်မယ်လို့ လက်ရှိအစိုးရအနေနဲ့ လူသိရှင်ကြား ကြေညာထားပါတယ်။ စနစ်သစ်လို့ ဆိုထားတဲ့အတွက် စနစ်ဟောင်းထဲမှာ အိပ်ပျော် မနေဖို့တော့ လိုအပ်တယ်လို့ ဆိုပါရစေ။ စနစ်သစ်ထဲမှာ နိုင်ငံရေး နယ်ပယ်အပါအဝင် အခြားသော နယ်ပယ်များမှာလည်း အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင် လုပ်ကိုင်ဆောင်ရွက်မှုကို ပြည့်ပြည့်ဝဝ လမ်းဖွင့်ပေးထားဖို့ လိုပါတယ်။ အားပေး ထောက်ခံဖို့လည်း လိုပါတယ်။ အမျိုးသမီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို ပိတ်ဆို့ထားတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှုနှုံး နှေးကွေးလေ့ ရှိတယ်လို့ နိုင်ငံတကာက ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်များက ထောက်ပြထားပါကြောင်း။
ဇော်မင်း
၂၇ ရက်၊ သြဂုတ်လ၊ ၂ဝ၁၃ ခုနှစ်

No comments:
Post a Comment