၂ဝ၁ဝ
ခုနှစ်ရွေးကောက်ပွဲအပြီး အစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ပေမယ့် တိုင်းပြည်အတွင်းမှာ အလုပ်လက်မဲ့တွေ များနေဆဲပါ။ ပြည်တွင်းမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင် ကောင်းကောင်း မရှာဖွေနိုင်တဲ့ အကျိုးဆက် အဖြစ် အရွယ်ကောင်း မြန်မာနိုင်ငံသားတွေ အိမ်နီးချင်း တိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ် နေကြတာ နှစ်ပေါင်း နှစ်ဆယ်ကျော် မကတော့ပါဘူး။ အဲသလို အိမ်နီးချင်းနိုင်ငံတွေကို မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ အထွက် များလာတာကြောင့် မိမိပြည်တွင်းမှာ မိရိုးဖလာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ တစတစ တိမ်ကော လာနေတာကို နောက်ဆက်တွဲ ပြဿနာတခု အနေနဲ့ မြင်နေရပါတယ်။ ဘယ်လိုပတ်သက် နေတယ်ဆိုတာကို ဆက်ရှင်းပါ့မယ်။
အိမ်နီးချင်း တိုင်းပြည်တွေမှာ သွားပြီး အလုပ်လုပ်တဲ့အခါမှာ ရရှိတဲ့ ဝင်ငွေဟာ မြန်မာပြည်တွင်းမှာ အလုပ်လုပ်လို့ ရတဲ့ ဝင်ငွေထက် ဘာပဲပြောပြော ပမာဏက ပိုပြီးများပါတယ်။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုကို ပြန်လည် ထောက်ပံ့နိုင်ပါ တယ်။ ဒါ့ကြောင့်လည်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက လူငယ်တွေ လူလတ်တွေဟာ ဆိုင်ရာဆိုင်ရာ ဆက်စပ်မှုများအရ နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်ဖို့ မလွှဲမရှောင်သာ အကြောင်းက ဖန်လာရပါတယ်။ ယေဘုယျ အားဖြင့် ပြောရမယ်ဆိုရင် ငွေကြေးအရ တစုံတရာ အတိုင်းအတာထိ တတ်နိုင်တဲ့ သူများကတော့ ဂျပန်တို့၊ တောင်ကိုရီးယားတို့၊ စင်္ကာပူတို့ အစရှိတဲ့ နိုင်ငံများကို သွားဖို့ကြိုးစားကြပါတယ်။ ငွေကြေးအနည်းအပါးပဲ တတ်နိုင်သူများကတော့ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ အလုပ်ရဖို့ ကြိုးစားကြပါတယ်။ ငွေကြေး လုံးလုံး မတတ်နိုင်သူများ ကတော့ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားတွေရဲ့ ရောင်းစားခံရတာ ဒါမှမဟုတ် လုပ်အားခ အတော်လေးနိမ့်ပါးတဲ့ အလုပ်များကိုသာ လုပ်ကိုင်ကြရပါတယ်။ သုတေသန လုပ်သူများအဆိုအရ ထိုင်းနိုင်ငံ တနိုင်ငံထဲမှာပဲ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ နှစ်သန်းကနေ သုံးသန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားကို အလုပ်ထွက်လုပ်တဲ့သူတွေ များလာတာနဲ့ ရိုးရာယဉ်ကျေးမှု လုပ်ငန်းတွေ တိမ်ကောလာတာဟာ ဘယ်လိုများ ဆက်စပ်နေ သလဲဆိုတာကို ဆက်ပြောပါ့မယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ ဦးစီးပြီး အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပပြု လုပ်ခဲ့ ပါတယ်။ ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရ တက်လာတယ်ဆိုရင် တိုင်းပြည်ဟာ အရင်ကထက် တည်ငြိမ်လာ နိုင်တဲ့ အတွက် ၂ဝ၁၁ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် နိုင်ငံခြားသားဧည့်သည်တွေ တဖြည်းဖြည်းနဲ့ ပိုမိုများပြား လာလိမ့်မယ်လို့ ဧည့်ကြိုလုပ်ငန်း လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးငယ်တွေက မျှော်လင့်ထားကြပါတယ်။ အဲတာနဲ့ တဆက်ထဲ ဆိုသလို နိုင်ငံခြားသား ဧည့်သည်တွေကို အမှတ်တရ လက်ဆောင် ပစ္စည်းရောင်းတဲ့ အရောင်းဆိုင် ပိုင်ရှင်များ အနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံခြားသားတွေ ကြိုက်တတ်တဲ့ ရိုးရာပစ္စည်းလေးတွေ၊ ရိုးရာ အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေ စတာတွေကို ဆိုင်မှာ အမယ်စုံစုံနဲ့ ဖောဖောသီသီ တင်ပြီး ရောင်းနိုင်အောင် ကြိုးစားလာကြပါတယ်။
ဒီနေရာမှာ တည်းခိုခန်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ကြိုးနီစနစ်နဲ့ လက်ဝါးကြီးအုပ် စနစ်ဟောင်း သံသရာကြောင့် အခက်အခဲတချို့ ရှိနေဆဲ ဖြစ်ပေမယ့် ရိုးရာလက်ဆောင် ပစ္စည်းရောင်းသူတွေလောက် ပြဿနာ မတက်လှပါဘူး။ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းနေတဲ့ ဆိုင်တွေအနေနဲ့ ဘာပြဿနာကို အရင်ဆုံး ရင်ဆိုင် လာရသလဲဆိုတော့ သူတို့ လိုခြင်သလောက် ပမာဏာရှိတဲ့ ရိုးရာပစ္စည်းတွေကို မှာယူရာမှာ အခက်အခဲတွေ တွေ့ကြရတာ ဖြစ်ပါတယ်။ အဲတာနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ ကိစ္စရပ်တွေထဲက ဥပမာ တခုကို ပြောလိုပါတယ်။
အညာဖက်က ယက်လုပ်တဲ့ ဖျဉ်ကြမ်းထည်တွေ၊ ဖျဉ်ကြမ်း လွယ်အိတ်တွေ၊ စားပွဲခင်းတွေ၊ လိုက်ကာတွေ၊ စောင်တွေ (တင်းတိမ်) အစရှိတာတွေအပြင် ဖျဉ်ကြမ်းနဲ့ ယက်လုပ်တဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေကို အလည်လာသူ နိုင်ငံခြားသားတွေ နှစ်သက်ကြတယ် ဝယ်အားများတယ်လို့ သိရပါတယ်။ အဲတာကြောင့် အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေက ကြိုတင်ပြီး ဖျဉ်ကြမ်းထည် ရက်လုပ်တဲ့ ရွာတွေမှာ အလုအယက် မှာယူကြပါတယ်။ သို့သော်လည်း မြို့ပေါ်က ဆိုင်တွေအနေနဲ့ သူတို့ မှာသလောက် ဖျဉ်ကြမ်းထည်တွေ မရရှိကြပါဖူး။
အထက်အညာဖက်မှာ မုံရွာနယ်ကစလို့ အမရပူရ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ သဲတောဝမ်းတွင်း၊ ကျောက်ပန်းတောင်း၊ ပုံဂံညောင်ဦး အစရှိတဲ့ နယ်တွေက ရွာတွေမှာ ဖျဉ်ကြမ်းထည်မျိုးစုံ ရက်လုပ်တာဟာ ရိုးရာလုပ်ငန်း တခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဖျဉ်ကြမ်းထည် ရက်လုပ်တဲ့သူ တစတစ ရှားပါးလာနေတယ်လို့ သိရပါတယ်။ တောရွာတွေမှာ ဖျဉ်ကြမ်းထည် လိုက်လံ ဝယ်ယူသူတွေရဲ့ အဆိုအရ ဟိုတုန်းက ရွာတရွာမှာ လက်ယက္ကန်းစင် ၅ဝ ရှိခဲ့တယ်ဆိုရင် အခုအချိန်မှာတော့ အဲသလို လက်ယက္ကန်းစင် ၅ စင်တောင် အနိုင်နိုင် ဖြစ်နေ တယ်လို့ ကြားသိရပါတယ်။ တချိန်တုန်းက ရိုးရာယဉ်ကျေးမှုအရ ဖျဉ်ကြမ်းထည် ယက်လုပ်တဲ့ လုပ်ငန်းဟာ အခုအချိန်မှာ စတင်ပြီး တိမ်ကော လာနေတယ်လို့တောင် ဆိုရမလို ဖြစ်နေပါပြီ။ အဲတာအပြင် ဖျဉ်ကြမ်းထည် ယက်လုပ်ဖို့ လိုအပ်တဲ့ ရိုးရာဝါဂွမ်းကို စိုက်ပျိုးတဲ့ တောင်သူကလည်း အတော်လေး နည်းလာတယ်လို့ သိရပြန်ပါတယ်။
ဝါဂွမ်းစိုက်သူရော၊ ဖျဉ်ကြမ်းထည် ယက်သူပါ အခုလို ရှားပါးလာတာဟာ တခြားကြောင့် မဟုတ်ပါဖူး။ ဒေသခံများ အဆိုအရ အဲဒီ ရိုးရာလုပ်ငန်းတွေ လုပ်ကိုင်ခြင်းဟာ မိသားစု စားဝတ်နေရေးကို ဟိုအရင်တုန်းကလို ဖူလုံအောင် မဖြေရှင်းနိုင်တော့တဲ့ အတွက် အိမ်နီးချင်း နိုင်ငံတွေမှာ ထွက်ပြီး တစတစ အလုပ်လုပ်ရာကနေ လုပ်သားတွေ ရိုးရာ ပညာရှင်တွေ ရှားပါး လာရတယ်လို့ သိရပါတယ်။ ဖျဉ်ကြမ်းထည် ယက်လုပ်တဲ့ ရွာများက ရွာသားတွေ ဘယ်နိုင်ငံ တွေကို အများဆုံး ထွက်ပြီး အလုပ်လုပ်ကြသလဲ ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံကို ထွက်ပြီး အလုပ်လုပ်ကြတာက အများစုလို ဖြစ်နေပါတယ်။ တချို့ကတော့ အိန္ဒိယနိုင်ငံက မီဇိုရမ်းပြည်နယ်ဖက်ကို ထွက်ပြီး အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။
အခုဆိုရင် အထက်အညာ ဒေသရဲ့ ရိုးရာလက်မှု လုပ်ငန်းဖြစ်တဲ့ ဖျဉ်ကြမ်းထည် လုပ်ငန်းဟာ အတော်လေး ကျဆင်းလာ နေပါတယ်။ ဒီလိုသာ ရိုးရာဖျဉ်ကြမ်းထည် ယက်လုပ်သူတွေ ပြည်တွင်းအလုပ်အကိုင် ဝင်ငွေနည်းပါးမှု၊ ရှားပါးမှုကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာ အခုထက်ပိုပြီး သွားရောက် အလုပ်လုပ်ကိုင် နေကြမယ် ဆိုရင်တော့ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ ဖျဉ်ကြမ်းထည် ယက်လုပ်တဲ့ ရိုးရာလုပ်ငန်းတခု တိမ်ကောသွားမှာတောင် စိုးရိမ်ရပါတယ်။
လူမျိုးတမျိုး လူ့အဖွဲ့အစည်းတခု တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်တဲ့နေရာမှာ မိမိမှာ ရှိထားပြီးသားဖြစ်တဲ့ ရိုးရာ လုပ်ငန်းတွေ တိမ်ကောမသွားစေဘဲ ပိုမိုတိုးတက်လာအောင်လည်း ကူညီဖို့လိုပါတယ်။ တချို့ နိုင်ငံတွေမှာဆိုရင် ရိုးရာလုပ်ငန်းတွေကို အမြတ်တနိုး တန်ဖိုးထားတဲ့အတွက် ငွေကြေးအမြောက်အများ သုံးစွဲပြီး ရိုးရာလုပ်ငန်းတွေ မတိမ်ကော မပပျောက်အောင် ကာကွယ် ပေးထားပါတယ်။ အဲတာအပြင် ရိုးရာလုပ်ငန်းတွေက ထွက်ရှိလာတဲ့ ထွက်ကုန်ပစ္စည်းတွေကို ဈေးကွက်ဝင်အောင်လည်း ဖန်တီးပေးပါတယ်။ နမူနာပေးပြီး ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံမှာ ရိုးရာကီမိုနိုဝတ်စုံ ယက်လုပ်တာကို တိမ်ကောမသွားအောင် အစိုးရအပါအဝင် အဖွဲ့အစည်းကြီးတွေက ကူညီထောက်ပံ့ပေး ပါတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ထိုင်းရိုးရာပိုးထည်နဲ့ ချည်ထည်လုပ်ငန်း ကွယ်ပျောက်မသွားအောင် တာဝန်ရှိသူ တွေက လိုအပ်သလို ကူညီပါတယ်။ အဆိုပါ နိုင်ငံတွေမှာ စက်မှုလုပ်ငန်းတွေ တိုးတက်လာနေပေမယ့် ရိုးရာယဉ်ကျေးမှုကို တိုက်ရိုက်ထင်ဟပ်နေတဲ့ လုပ်ငန်းတွေ တိမ်ကော မသွားအောင် ကူညီပေး နေတာကို ထောက်ပြခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ရိုးရာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ အခုလက်ရှိအစိုးရမှာ ဘယ်လို အစီအစဉ်များ ရှိသလဲဆိုတာ သေသေချာချာ မေးမြန်းဖို့လိုပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း သမ္မတကြီး ဦးသိန်းစိန်က အခုလက်ရှိ အစိုးရရဲ့ ကျန်နေတဲ့ နောက်ဆုံးလပေါင်း ၃ဝ သက်တန်းအတွင်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဇောင်းပေးပြီး ဆောင်ရွက်မယ်လို့ ပြောသံကြားလိုက်ပါတယ်။ ကျေးလက်ကလုပ်ငန်း ဆိုတာတွေဟာ များသောအားဖြင့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့သလို ရိုးရာဖျဉ်ကြမ်းထည်တွေ ယက်လုပ်တဲ့ ကျေးလက်ကလူတွေ အိမ်နီးချင်း တိုင်းပြည်တွေဆီကို အမြောက်အများ ထွက်ခွာပြီး အလုပ်လုပ်နေ ကြတဲ့အတွက် နောင်မှာ အထက်အညာ ဒေသရဲ့ ရိုးရာဖျဉ်ကြမ်းထည် လုပ်ငန်း တိမ်ကောမသွားအောင် အကူအညီပေးဖို့ အလွန်အရေးကြီးတယ်လို့ ပြောလိုပါတယ်။ ဒီနေရာမှာ ရိုးရာ ဖျဉ်ကြမ်းထည် လုပ်ငန်းကို မြင်သာအောင် ဥပမာပေးပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်တန်းက ဖျဉ်ကြမ်းထည် လုပ်ငန်းမှသာ မဟုတ်ပါဖူး အခြားသော မတူကွဲပြားတဲ့ မိမိတိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ ရိုးရာလုပ်ငန်းများ ကိုလည်း တိမ်ကောမသွားအောင် ကူညီအားပေးဖို့ လိုအပ်ပါတယ်။ ရိုးရာလုပ်ငန်းများက ထုတ်လုပ်တဲ့ ထွက်ကုန်တွေ အပေါ်မှာ မိသားစုတွေ ရပ်တည်နေနိုင်အောင် ဆောင်ရွက်ပေးမယ် သို့မဟုတ် ဘောဂဗေဒ စကားနဲ့ ပြောရရင် စနစ်ကျတဲ့ ဈေးကွက်တခု ဖန်တီး ပေးနိုင်မယ်ဆိုရင် ရိုးရာလက်မှုပညာရှင်တွေ တိုင်းတပါးကို ထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေတာ အရေအတွက်အားဖြင့် နည်းသွားမှာဖြစ်ပါတယ်။ မိမိတိုင်းပြည်ရဲ့ ရိုးရာယဉ်ကျေးမှုကိုလည်း တဖက်မှာ ကာကွယ်ထိန်းသိမ်း ရာ ရောက်ပါတယ်။
အချုပ်အနေနဲ့ ပြောလိုတာကတော့ ကနေ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် စက်မှုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေရင်းကနေ ရိုးရာယဉ်ကျေးမှု လုပ်ငန်းနဲ့ ထွက်ကုန်တွေကိုလည်း ပျောက်ကွယ်မသွားအောင် ဆောင်ရွက်နေတာ တွေကို မြင်ရပါတယ်။ ဒါကြောင့် ဒီလိုမျိုး ကိစ္စတွေကိုလည်း အတုယူဖို့လိုအပ်ပါကြောင်း။
ဇော်မင်း
၂ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:
Post a Comment