ရွက်မွန်စာမျက်နှာ

Wednesday, October 23, 2013

လယ်သမားအစစ်နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

ခုလက်ရှိ အစိုးရတက်လာ ကတည်းက သမ္မတဦးသိန်းစိန် မကြာခဏပြောခဲ့တာ တခုရှိပါတယ်။ အဲတာက ဘာတုန်း ဆိုတော့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်မယ်လို့ ပြောခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လိုဘယ်ပုံ တိုးတက်အောင် ဆောင်ရွက်မယ်ဆိုတာကိုတော့ သမ္မတ ဦးသိန်းစိန် ထံကရော တာဝန်ရှိတဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေ ဆီကရော တိတိပပ အာမခံပြီး ပြောကြားထားတာတော့ အခုအထိ မကြားရ သေးပါဘူး။

ဘာပဲပြောပြော လယ်ယာစိုက်ပျိုးရေးကို အခြေခံနေရဆဲ ဖြစ်တဲ့ တိုင်းပြည်မှာ လယ်ယာစိုက်ပျိုးရေးကို တိုးတက်ဖွံ့ဖြိုး အောင် အသားပေး ဆောင်ရွက်မယ်ဆိုတာ ကြားရတော့ ဝမ်းသာစရာဖြစ်ပါတယ်။ လူအများစုက လယ်ယာမြေ ထွက်ကုန်အပေါ်မှာ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝှိုက်ပြီးဖြစ်ဖြစ် မီခိုနေကြရတာကိုး။ ဒါပေမယ့် လက်တွေ့အခြေ အနေတွေကို ပြန်ကြည့်လိုက်တဲ့ အခါမှာတော့ ဘယ်မြို့နယ်မှာ လယ်တွေကို သိမ်းပြန်ပြီ၊ ဘယ်မြို့နယ်မှာတော့ လယ်တွေကို တပ် ဖူလုံရေး အတွက် နယ်မြေခံ စစ်တပ်က သိမ်းပြန်ပြီ၊ ဘယ်နယ်မှာတော့ လယ်တွေကို စီးပွားရေး ကုမ္ပဏီကြီးတွေက ထိုက်တန်တဲ့ လျှော်ကြေး မပေးဘဲ သိမ်းလိုက်ပြန်ပြီဆိုတဲ့ အသံတွေကို အရင်အစိုးရ လက်ထက်ကစလို့ ဆက်တိုက် ဆိုသလို ကြားနေရပါတယ်။ မြေယာအပေါ်မှာ အသက်မွေးရတဲ့ လယ်သမားတွေဆီက ထွန်ယက်စိုက်ပျိုးနေတဲ့ မြေတွေကို အခုလို လက်လွတ်စပါယ် သိမ်းယူနေတာဟာ လယ်ယာ စိုက်ပျိုးရေးကို မြှင့်တင်မယ်ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။

လယ်ယာမြေနဲ့ ပတ်သက်လို့ ရှေးတုန်းကကထဲက မြန်မာ့လူ့အသိုင်းဝိုင်းမှာ လက်ခံအသိအမှတ် ပြုထားတဲ့ ရိုးရာဓမ္မသတ် တခု ရှိပါတယ်။ အဲတာကတော့ မိဘဘိုးဘွား လက်ထက် ကတည်းက ဓားမဦးချ လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေဟာ ရိုးရာအရ အဲဒီ လယ်သမား မိသားစုက ပိုင်ဆိုင်ပါတယ်။ ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ဓားမဦးချ လုပ်ခဲ့တယ် ဆိုတာကို ရှင်းပြရမယ်ဆိုရင် လယ်သမားကိုယ်တိုင် မြေရိုင်းကို ခုတ်ထွင်ပြီး လယ်ယာမြေအသစ် ဖော်တာ၊ စိုက်ပျိုးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီခေတ်တွေတုန်းက လယ်သမားတဦး ပိုင်ဆိုင်တဲ့ ဓားမဦးချ လယ်ယာမြေမျိုးကို သက်ဦးဆံပိုင်ဖြစ်တဲ့ ဘုရင်ကတောင် အလွတ်မဲ့သိမ်းယူလို့ မရပါဘူး။ စာရွက်ပေါ်မှာ ရေးထားတဲ့ ဥပဒေမဟုတ်ပေမယ့် အုပ်ချုပ်သူကော အုပ်ချုပ်ခံသူပါ ဒီအချက်ကို ရိုးရာအရ အလိုလိုနားလည် သဘောပေါက်ပြီး လိုက်နာပါတယ်။ ဒါပေမယ့် စစ်အစိုးရ အဆက်ဆက်လက်ထက်မှာတော့ မြေဆိုတာ နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် မြေပေါ်မြေအောက် ရေပေါ်ရေအောက် လေထု အားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ တည်ရှိတဲ့ တသီးပုဂ္ဂလ ပိုင်ဆိုင်မှု ဆိုတာမျိုးဟာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ပြောခဲ့ပြန်ပါတယ်။

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကထဲက လယ်ယာမြေပိုင်ဆိုင်မှုဟာ အင်မတန်ရှုတ်ထွေးတဲ့ ပြဿနာကြီး တခု ဖြစ်နေတာ အခုအထိပါပဲ။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ပြောရမယ်ဆိုရင် လယ်သူလုပ်သူဟာ လယ်လုပ်ခွင့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်တယ်လို့ ဆိုမထားပါဖူး။ ဒါကြောင့် လယ်သမားဟာ သူထွန်ယက်စိုက်ပျိုး နေတဲ့ လယ်ယာမြေကို မပိုင်ဆိုင်ပါဘူး။ အဲတာကြောင့် လယ်ယာမြေကို ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပေါင်နှံခြင်း စသဖြင့် တရားဝင်အားဖြင့် ပြုလုပ်ခွင့် မရပါဖူး။ လုပ်တယ်ဆိုရင်လည်း အာဏာပိုင်အဆင့်ဆင့်ကို ပေးကမ်းပြီးမှ နားလည်မှု နဲ့ လုပ်ရတဲ့ သဘောသာ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်တုန်းက ဆင်းရဲသားလယ်သမားတွေ အေºကွးတင်တဲ့ အခါမှာ လယ်ယာမြေကို ငွေတိုး ချေးစားတဲ့ ချစ်တီး တွေဆီမှာ ပေါင်နှံရင်းက နောက်ဆုံး လယ်ယာမြေပါ ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေ ရှိတဲ့အတွက် လွတ်လပ်ရေး ရတဲ့ အချိန်မှာ နိုင်ငံသား လယ်သမားတွေရဲ့ လယ်မြေတွေ အရင်ကလို ငွေတိုးချေးစားတဲ့ နိုင်ငံခြားသားတွေ လက်ထဲ မရောက်အောင် ဆိုပြီး ကာကွယ်တဲ့ အနေနဲ့ မြေယာဆိုတာ နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်လို့ ဥပဒေပြုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကနေ့ခေတ်မှာ ဆင်းရဲတဲ့ လယ်သမားတွေကို ငွေတိုးချေးစားတဲ့ နိုင်ငံခြားသား ဆိုတာလည်း မရှိတော့ပါဖူး။ ချစ်တီးတွေ လည်း ပြည်တော်ပြန်သွားတာ ကြာလှပါပြီ။ တကယ်ငွေတိုးချေးစား နေသူတွေဟာ မြန်မာနိုင်ငံသား ချမ်းသာသူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်နဲ့ မဆီလျှော်တော့တဲ့ လယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဆိုပါရစေ။ တိုတိုနဲ့ လိုရင်း ပြောရရင် အမှန်တကယ် လယ်လုပ်သူတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရရှိဖို့ တရားမျှပြီး ခိုင်ခန့်တဲ့ ဥပဒေ တွေ ပြဌာန်းဖို့ လိုအပ်နေပါပြီ။

နောက်တချက်ကတော့ လယ်သမားတွေအနေနဲ့ သူတို့ထွန်ယက်နေတဲ့ မြေပေါ်မှာ သူတို့ စိုက်ပျိုးလိုတဲ့ သီးနှံကို စိုက်ပျိုးခွင့် ရှိရပါလိမ့်မယ်။ အဲသလိုမှ မဟုတ်ဘဲ အာဏာပိုင်တွေက စိတ်ကူးရတဲ့ အတိုင်း ဟိုသီးနှံစိုက်ပါ ဒီသီးနှံစိုက်ပါ ဆိုပြီး အတင်းအကြပ် စိုက်ခိုင်းတာမျိုးဟာလည်း မလိုလားအပ်တဲ့ ဖိနှိပ်မှုလို့ ဆိုပါရစေ။ လယ်သမားဟာ သူ့မြေပေါ်မှာ ဘယ်အချိန် ဘယ်သီးနှံ စိုက်ပျိုးရမယ်ဆိုတာကို နားလည်သူတွေ ဖြစ်ပါတယ်။ အဲတာအပြင် ထွက်ရှိလာတဲ့ သီးနှံကို အစိုးရက ကာလ ပေါက်ဈေးထက် ဈေးနှိမ်ပြီး အတင်းအကျပ် မရောင်းမနေရ ရောင်းခိုင်းတာမျိုးဟာလည်း လယ်သမား တွေအဖို့ နစ်နာလှ ပါတယ်။ လယ်ယာစိုက်ပျိုးရေးကို တိုင်းပြည်နဲ့အဝှမ်း ဖွံ့ဖြိုးတိုးတက် လိုတယ်ဆိုရင် လယ်သမားတွေကို အစိုးရက မဖြစ်မနေ ကူညီရပါလိမ့်မယ်။

ဥပမာ အနေနဲ့ ပြောရရင် လယ်သမားတွေ စိုက်ပျိုးချိန်မှာ ငွေလိုတဲ့အခါ အတိုးနှုန်း သက်သာစွာနဲ့ အစိုးရက ငွေချေးဖို့ ကူညီရမှာဖြစ်သလို လိုအပ်တဲ့ သီးနှံမျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စတာတွေကိုလည်း လယ်သမားတွေ ဈေးနှုန်းချိုချိုနဲ့ သုံးစွဲနိုင်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကနေ တက်လာတယ်ဆိုတဲ့ အစိုးရ မျိုးဟာ နိုင်ငံသားတွေကို အုပ်ချုပ်ဖို့သက်သက် မဟုတ်ဘဲ လိုအပ်တဲ့ အကူအညီတွေကိုလည်း ကူညီရှာဖွေပေးဖို့ တာဝန်ရှိတယ် ဆိုတာကို မီးမောင်းထိုးပြ လိုရင်း ဖြစ်ပါတယ်။ နောက်တချက်ကတော့ လယ်သမားတွေရဲ့ လိုအပ်ချက်ကို သိနိုင်ဖို့ တင်ပြနိုင်ဖို့ လယ်သမားတွေရဲ့ အသံကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ လယ်သမား အသင်းအပင်းတွေ ပေါ်ပေါက်လာ ဖို့လည်း အရေးကြီးပါတယ်။ အတုဆိုတာကလည်း နေရာတိုင်းမှာ ရှိနေတော့ လယ်သမားနာမည်ခံထားတဲ့ သမဂ္ဂ၊ အသင်းအပင်း အတုမျိုးတွေကိုလည်း သတိထားဖို့ လိုပါသေးတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရပါတယ်။ လွတ်လပ်ရေး ရတဲ့ အချိန်တုန်းက ဝန်ကြီးချုပ် နေရူးအပါအဝင် အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ သူတို့တိုင်းပြည်ကို စက်မှုတိုးတက် ထွန်းကားဖို့ အားသန်ခဲ့ပါတယ်။ စက်မှုလက်မှု တိုးတက်ဖို့ စီမံကိန်းတွေ မြောက်များစွာ ချမှတ်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေ ကမ္ဘာကြီးကို နယ်ချဲ့နိုင်ခဲ့တာ စက်မှုထွန်းကားတာကြောင့် ဆိုတဲ့ အစွဲက အဲဒီ ခေါင်းဆောင်တွေ စိတ်ထဲမှာ ကိန်းအောင်းနေ ပါတယ်။ ဒါကြောင့် အနာဂတ်မှာ စက်မှုထွန်းကားမှ ဖြစ်မယ်ဆိုတဲ့ စိတ်က အလွန် အားသန်ခဲ့ပါတယ်။ အဲသလို စက်မှုထွန်းကားဖို့ ဇောင်းပေးလုပ်နေတုန်း လယ်ယာစိုက်ပျိုးရေး တိုးတက်မှုကို တဖက်မှာ လစ်လျူရှုခဲ့သလို ဖြစ်ခဲ့ ရပါတယ်။ တကယ်တန်းမှာတော့ အိန္ဒိယလူ့အဖွဲ့အစည်းဟာ စိုက်ပျိုးရေးကို မီခိုနေရဆဲ ဆိုတာ သတိလစ်သွားခဲ့ပါတယ်။ ၁၉၆၄ နေရူးကွယ်လွန်ပြီးနောက်ပိုင်း ပြန်လည်ဆန်းစစ်တဲ့ အခါမှာ စက်မှုလည်း ထင်သလောက် တိုးတက်မလာသလို လယ်ယာစိုက်ပျိုးရေးလည်း ခေတ်နောက်ကျနေဆဲ ဖြစ်တာကို သွားတွေ့ပါတယ်။ အဲတာကြောင့် လယ်ယာစိုက်ပျိုးရေးကို ပြန်ပြီးဦးမော့လာအောင် လုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်

ဒါကြောင့် လယ်ယာစိုက်ပျိုးရေး တိုးတက်လာဖို့အတွက် "မြစိမ်းရောင်တော်လှန်ရေး" ဆိုတဲ့ လှုပ်ရှားမှုကို အိန္ဒိယ ခေါင်းဆောင်တွေ ဖန်တီး ခဲ့ပါတယ်။ လယ်သမားတွေမှာ လိုအပ်နေတဲ့ ကိစ္စအဝဝကို ကူညီခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်အထိ ကာလကို မြစိမ်းရောင်တော်လှန်ရေး ကာလလို့ ခေါ်ပါတယ်။ အိန္ဒိယအစိုးရက လယ်သမားတွေ လိုအပ်တာမှန်သမျှ ငွေကြေး၊ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ နည်းပညာ စသဖြင့် အားတက်သရော ကူညီခဲ့လို့ ပြည်တွင်းစားသုံးမှု အတွက် ဖူလုံ ရုံသာမက ပိုလျှံလာတဲ့အတွက် ၁၉၇၉ ခုနှစ်ကစလို့ နိုင်ငံခြားကို သီးနှံများ စတင်တင်ပို့ ရောင်းချ နိုင်ခဲ့ပါတယ်။ မြစိမ်းရောင် တော်လှန်ရေး သတ်မှတ်ကာလ ပြီးဆုံးသွားတာတောင် တချို့နယ်တွေမှာ ဆိုရင် အစိုးရက နှစ်ပေါင်းသုံးဆယ် ဆက်တိုက် ဆိုသလို လယ်သမားတွေကို ဓာတ်မြေသြဇာ အခမဲ့ ထောက်ပံ့ခဲ့ပါတယ်။ ဒီနေရာမှာ ဘာတွေ့ရသလဲဆိုရင် အိန္ဒိယအစိုးရဟာ လယ်ယာမြေတွေကို တသီးပုဂ္ဂလ စီးပွားရေးကုမ္ပဏီတွေ လက်ထဲကို ထိုးမအပ်ခဲ့ဘဲ လယ်သမား စစ်စစ်တွေ ပိုပြီးတိုးတက် လာအောင် ကူညီခဲ့တာကို မြင်ရပါတယ်။ အဲဒီအကျိုးဆက်ကြောင့် လယ်သမားတွေ တိုးတက်လာတဲ့အခါမှာ စိုက်ပျိုးရေး မှာလည်း တိုးတက်လာတဲ့ ရလဒ်တွေကို တပါထဲ တွေ့ရပါတယ်။ လယ်သမားတွေ ဝင်ငွေတိုးလာပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အတိုင်းအတာ တခုအထိ လျှော့ချလာနိုင်ပါတယ်၊

ဒါကြောင့် လယ်ယာစိုက်ပျိုးရေး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုတယ်ဆိုရင် မြေယာအပေါ်မှာ ထွန်ယက်စိုက်ပျိုး အသက်မွေး နေတဲ့ လယ်သမား စစ်စစ်မှန်မှန်တွေ မြေယာကို ပိုင်ဆိုင်နိုင်မှသာ တိုးတက်မယ်လို့ ဆိုပါရစေ။ လယ်သမား အတုတွေလက်ထဲ မြေယာတွေ ရောက်သွားခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေး အမှန်တကယ် ဖြစ်ထွန်းတိုးတက်လာဖို့ ဆိုတာ ယုံနိုင်စရာ မရှိပါကြောင်း။

ဇော်မင်း
၂၁ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၃ ခုနှစ်

1 comment:

kay said...

ဒေါ်စု တလောက ပြောတာလည်း သတိထားမိတယ်။ တချိန်မှာ ကမ္ဘာကြီးမှာ မလွဲမသွေ..စားနပ်ရိက္ခာပြတ်လပ်မူ ဖက်ကို လှည့်လာရတဲ့ အချိန်မှာ..မြန်မာပြည်လို စိုက်ပျိုးရေးမှာ အခြေခံ အားသန်ခဲ့တဲ့ နိုင်ငံတခု အနေနဲ့..ကိုယ့်အားသာချက်ကို ကို်ယ်သိပြီး အသင့်ဖြစ်နေရမယ် ဆိုတဲ့ သဘောမျိုး ။ ခုတော့..လယ်တွေ သိမ်း။ လယ်သမား ယာသမားတွေ လည်း.. မျက်နုရာ ကနေ..မျက်ကြမ်းရာ တွေဆီ ပြေးကြ နဲ့..။

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.