ရွက်မွန်စာမျက်နှာ

Friday, October 11, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေတည်ဝါဒ

မြန်မာနိုင်ငံတွင် ခုတလော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုသံများ ပို၍ ကြား လာရသည်။ ၂၀၁၅ ခုနှစ်၊ ပါတီစုံ ရွေးကောက်ပွဲကြီး နီးလာသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် တိုင်းရင်းသား အင်အားစုများနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်မည်၊ နိုင်ငံရေးအဆင့် ဆွေးနွေးပွဲများသို့ တက်လှမ်းမည် ဆိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ပို၍လွတ်လပ်ပွင့်လင်းစွာ ပြောရေးဆိုခွင့် ရှိသောကြောင့်လည်း ဖြစ်နိုင်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်က "ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင်ရဲဘူး မထိရဲဘူး ဆိုလို့ရှိရင် ကျွန်မတို့ သက်ရှိ ပြည်သူပြည်သားတွေဟာ သက်မဲ့ စာကြောင်းတစ်ခုကို ကြောက်နေရာ မရောက်ဘူးလား" ဟု သြဂုတ်လ ၈ ရက်နေ့က မေးခွန်းထုတ်ခဲ့သည်။ သူကပင် "ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလဲလျှင် လာမည့်ရွေးကောက်ပွဲသည် တရားမျှတစရာ အကြောင်းမရှိ" ဟုဆိုခဲ့သလို၊ "မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ပြုပြင်ပြောင်းလဲရေးသည် အခရာကျသည်" ဟုလည်း ဆိုခဲ့သည်။ တိုင်းရင်းသား အင်အားစု အချို့ကလည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နေရန် အကြောင်းမရှိ၊ အသစ်ပြင်ဆင်ရေးဆွဲရ တော့မည်ဟု ဆိုနေကြသူများလည်း ရှိပါသည်။ အထူးသဖြင့် ပြီးခဲ့သည့် ၈-လေးလုံး ၂၅ နှစ်၊ နှစ်ပတ်လည် အခမ်းအနား မှစ၍ ဤသို့တောင်းဆိုသံများ ပို၍ကျယ်လောင်လာခြင်းလည်း ဖြစ်သည်။ လွှတ်တော်ကိုယ်၌ပင်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အဖုအထစ်များ၊ မချောမွေ့သည်များကို မြင်ထားပုံရသည်။ အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်စိစစ်သုံးသပ်ရေး ပူးတွဲကော်မီတီတစ်ရပ်ကို ဖွဲ့စည်းထားခဲ့ပြီး၊ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တွေ့ရှိချက် များကို လွှတ်တော်သို့ ပြန်လည်တင်ပြပေးရမည်ဟု ဆုံးဖြတ်ထားသည်။

သို့ဆိုလျှင် မေးခွန်းများ ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင် အခြေတည်သည့် ဝါဒ၊ တနည်း Constitutionalism ရှိနေပါပြီလား။ ခိုင်မြဲနေပါပြီလားဟု မေးစရာရှိလာသည်။ Constitutionalism ခေါ် 'ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခြေခံတည်ဝါဒ' ဆိုသည်မှာ အစိုးရတရပ်၏ အာဏာ ဆင်းသက်လာရာလမ်းကြောင်းနှင့် ပတ်သက်သည့် အခြေခံ မူများ၊ ၎င်းအာဏာကို အခြေခံဥပဒေသဘောအရ ကန့်သတ်ထားမှုအကြောင်းများ၊ စသည့် ထွေပြားသော အယူအဆ၊ အမူအကျင့်များနှင့် ပတ်သက်၍ ဆိုလိုခြင်း ဖြစ်ပါသည်။ လူနည်းစုများ အပါအဝင် နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ အခြေခံ အခွင့်အရေးများ၊ အကျိုးစီးပွားများကို ကာကွယ်မှုပေးရန် အာဏာကို မည်သို့ ထိန်းချုပ်မည်နည်းဟူသည့်၊ ယန္တယားလုပ် ငန်းစဉ်များလည်း အပါအဝင် ဖြစ်သည်။ ပို၍ ရှင်းအောင် ပြောရလျှင် နိုင်ငံတော်အတွင်းရှိ အင်အားစုများက အာဏာရရှိ ရေးအတွက် ဤဥပဒေအခြေခံ မူဘောင်များအတွင်းမှသာ ဆောင်ရွက်ကြမည်လော၊ အငြင်းပွားမှုများကို ၎င်းမူဘောင်များ အတွင်းမှသာ ရှင်းကြမည်လော။ အထူးသဖြင့် အာဏာကိစ္စနှင့် ပတ်သက်၍ အခြားနည်းလမ်းများဖြင့် မကြံစည်၊ ဤဥပဒေ က ပြဌာန်းထားသည့် နည်းလမ်းမူဘောင်များ အတိုင်းသာ ရရှိရေးအတွက် လုံးပမ်းကြမည်လော။ အစိုးရ၏ လုပ်ပိုင်ခွင့်က ပြည်သူများ၏ လွတ်လပ်ခွင့်၊ အကျိုးစီးပွားများ မထိခိုက်မဆုံးရှုံးရလေအောင် မည်သို့ ကန့်သတ်ထားပါသနည်း။ နစ်နာချက် များကို ပြည်သူများကလည်း မည်သို့တင်ပြမည်နည်း။ မည်သို့ ကုစားပေးကြမည်နည်း စသည့်အချက်များ ပါဝင်ပါသည်။ ယေဘုယျအားဖြင့် constitutionalism (ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေတည်ဝါဒ) ဟု ဆိုလျှင် အနောက်တိုင်းဆန်သည့် လစ်ဘရယ် ဒီမိုကရေစီ အယူအဆ လွှမ်းမိုးမှု အဖြစ်သာ လက်ခံထားကြပါသည်။

အချို့ပညာရှင်များကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် စာသား (text) များထက်ကို ကျော်လွန်၍ ကြည့်ရန် လိုအပ် သည်ဟု ဆိုပါသည်။ အချို့ အခြေခံဥပဒေက စာသားများသာ ဖြစ်နေနိုင်သည်။ နိုင်ငံရေး၊ လူမှုရေး လက်တွေ့ပကတိ အခြေ အနေများကို မထင်ဟပ်ပဲလည်း ရှိနေနိုင်သည်ဟု ထောက်ပြကြပါသည်။ ထိုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်လေ့ လာသူများက အမှန်တကယ် လက်တွေ့ မည်သို့အကောင်အထည် ဖော်နေသနည်းဟူသည့် ကိစ္စကိုပါ ပြန်၍ မေးခွန်းထုတ် ကြပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရသည့် နောက်ခံစဉ်းစားချက် နှင့် ဤစာသားများနောက်ကွယ်က သီအိုရီ အပေါ်ပါ ပြန်၍ ဆန်းစစ်လေ့ရှိကြပါသည်။ ဆိုလိုသည်မှာ နိုင်ငံတခု ဖြစ်တည်လာရာ လမ်းကြောင်း၊ သမိုင်းကြောင်းနှင့် ထို နိုင်ငံခေါင်းဆောင်များ၏ အယူဝါဒရေးရာ၊ မြော်မြင်ချက်များ စသည်တို့ အကျုံးဝင်ပါသည်။ အချို့ပညာရှင်များက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုသည်မှာ နိုင်ငံတခု၏ "ကိုယ်တိုင်ရေးသမိုင်းရုပ်ပုံ" (autobiography) ဟု ပင် ဆိုကြပါသည်။

မိမိတို့ အိမ်နီးချင်းနိုင်ငံများကို ကြည့်ကြပါစို့။ ထိုင်းနိုင်ငံဆိုလျှင် ၁၉၃၂ ခုနှစ်၊ စည်းမျဉ်းခံ ဘုရင်စနစ် ပြဌာန်းသည့်အချိန်မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၈ ကြိမ် ပြင်လာခဲ့ရသည်။ စစ်တပ်ကလည်း အကြိမ်ကြိမ် အာဏာထဲ ဝင်ရောက်စွက်ဖက် ခဲ့ကြသည်။ ဖိနပ်က တခြား၊ ခြေထောက်က တခြားဖြစ်ခဲ့သည့် အခြေအနေများ ရှိခဲ့သည်။ ဖိနပ်နှင့် မတော်၍ ဖနောင့်ကို လှီးခဲ့ရသည်များ ရှိခဲ့သည်ဟုလည်း ပညာရှင်အချို့က ဥပမာပေးကြပါသည်။ မည်သို့ပင် ဖြစ်စေ၊ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်၊ ဘုရင်စနစ်နှင့် ဘာသာရေးက အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေသည်။ အိမ်နီးချင်း မလေးရှားနိုင်ငံ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ၁၉၅၇ ခုနှစ်၊ စတင်ပြဌာန်းချိန်မှစတင်၍ ဤတခုတည်းသာ တည်မြဲလာခဲ့သည်။ သို့ဆိုလျှင် တည်ငြိမ်သည့် ဖွဲ့စည်းပုံ၊ ကောင်းမွန်သင့်မြတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ဆိုနိုင်ပါပြီလော။ သူတို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မလေးများနှင့် ဆာဘားပြည်နယ်၊ ဆာရဝတ်ပြည်နယ်သားများကို အလေးပေးထားသည်။ လွတ်လပ်ခွင့်များကို တင်းကျပ်ကန့်သတ်မှုများ ရှိနေသည်။ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားသည့် ပြဌာန်းချက်များလည်း ပါဝင်နေသေး သည်။ ထိုမျှမက အစ္စလမ်ဘာသာနှင့် ဘာသာရေးကျင့်သုံးမှုများကို အလေးပေးပြီး၊ အခြား ကိုးကွယ်ယုံကြည်မှုများ ပျံ့ပွား ရေးကိစ္စများကို ထိန်းချုပ်ထားသည်ကို တွေ့ရလိမ့်မည်။ မလေးနိုင်ငံ ဖွဲ့စည်းပုံက ဖက်ဒရယ်စနစ်ကို အခြေပြုသည်ဆိုသော် လည်း၊ အုပ်ချုပ်မှုစနစ်တွင် စော်ဘွားများနှင့် အုပ်ချုပ်သူ ကောင်စီများကို အသားပေးထားသည်ကိုလည်း တွေ့ရပါလိမ့်မည်။ ဖိလစ်ပိုင်နိုင်ငံ၏ ၁၉၈၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ကြည့်ပါကလည်း၊ ဖိလစ်ပိုင် အမျိုးသားရေးဝါဒကို ဖော်ကျူး ထားသည်ကို တွေ့ရပါလိမ့်မည်။ ထို့အပြင် မိသားစုဘဝ၊ ကလေးဖျက်ချမှုနှင့် လင်မယားကွာရှင်းပြတ်စဲခြင်းတို့ကို ဆန့်ကျင် သည့် အချက်များလည်း ထူးထူးခြားခြား ဖော်ပြထားပါသေးသည်။ ဖိလစ်ပိုင်လူမှု အဖွဲ့အစည်းနှင့် သမိုင်းကို တနည်းတဖုံ ထင်ဟပ်နေသည်ဟုလည်း ယူဆစရာ ရှိပါသည်။ သို့သော် နောက်ပိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အများအပြားတွင်တော့ နိုင်ငံတကာ စံတန်ဖိုးများနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ထင်ဟပ်ဖော်ပြလာခြင်းများကိုလည်း တွေ့နေရပါသည်။ အထူး သဖြင့် ကောင်းမွန်သည့်အစိုးရစနစ် (good governance) ကိစ္စများ ထည့်သွင်းလာခြင်းပင် ဖြစ်ပါသည်။

သို့ဆိုလျှင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများတွင်လည်း ဤအချက်များကို ပြန်၍ စဉ်းစားရခြိမ့် မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃-ခု ရှိခဲ့ဘူးသည်။ ၁၉၄၇၊ ၁၉၇၄ နှင့် ယခု ၂၀၀၈ ဥပဒေတို့ ပင် ဖြစ်ပါသည်။ အမေရိကန်လို နိုင်ငံများတွင်တော့ တစ်ချိန်က ခေါင်းဆောင်ကြီးများ၏ မြော်မြင်ချက်များကို အလေးထား စဉ်းစားလေ့ရှိကြပါသည်။ ကျနော်တို့၏ ဘိုးဘေးများ (our great great gandfathers) က မည်သို့ မျှော်မှန်းခဲ့ကြသည် ဟု ကိုးကားပြောလေ့ ရှိကြပါသည်။ ခေတ်သစ်မြန်မာနိုင်ငံတော် ပေါ်ထွန်းသည့်အချိန်က ခေါင်းဆောင်များ၏ မြော်မှန်းချက် အိပ်မက်များကို ကြည့်မည်ဆိုလျှင်ဖြင့်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် ရေးထိုးခဲ့သည့် "မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်း" နှင့် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်တို့ကို ကြည့်ရလိမ့်မည် ဖြစ်ပါသည်။ "ငါတို့သည် တစ်မျိုး ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။... ငါတို့ နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တစ်ဦးတစ် ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီး ငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူ သော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝန်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူ အပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတ မြန်မာနိုင်ငံတော် တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့ အပိုင်ရပြီ" ဟု ဖော်ကျူးထားခဲ့ကြသည်။ သို့သော် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပြည်ထောင်စု သဘော ထက် တစ်ပြည်ထောင်သဘော ပိုကဲနေသည်ဟု ဝေဖန်ပြောဆိုသူများလည်း ရှိခဲ့ပါသည်။
သို့သော် ၁၉၆၂ ခုနှစ်၊ နောက်ပိုင်းတွင်တော့ နိုင်ငံ့ခေါင်းဆောင်များက ဆိုရှယ်လစ်ရေးဖက်သို့ တိမ်းလာခဲ့သည်။ "ကျွန်ုပ်တို့ ၏ ယုံကြည်ချက်" အဖြစ် ဖော်ပြခဲ့ရာ၌ "ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းရင်းသားလုပ်သားပြည်သူများ ဖြစ်ကြကုန်သော ကျွန်ုပ်တို့သည်-- ဤကမ္ဘာ၌ လူသားတို့၏ အားနည်းချက်များကို အမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင် စာနာမှု၊ ညှာတာထောက်ထားမှု၊ စသည့် ကောင်းမြတ်သော တရားများကို မျက်ကွယ်ပြု၍ မတရားသဖြင့် ခြယ်လှယ်ကြ သော ဝိသမလောဘသမားများ၏ ဝိသမစီးပွားရေးစနစ်ဆိုးများ တည်ရှိနေသရွေ့ ကာလပတ်လုံး လူသားအပေါင်းသည်၊ လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယုံကြည်သည်" ဟု ဖော်ပြခဲ့ကြသည်။ ဝိသမလောဘတရားများ ချုပ်ငြိမ်းစေမည့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်ရမည်ဟုလည်း ဖော်ပြခဲ့ကြသည်။ ဤသီအိုရီများက ၁၉၇၄ ဖွဲ့စည်းပုံတွင် ထင်ဟပ်နေပေလိမ့်မည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မူ မြန်မာ့သမိုင်းတလျှောက်တွင် မည်သည့်အခါမျှ မရှိခဲ့သော တပ်မတော်ဟု အခန်းကဏ္ဍဟူ၍ ကဏ္ဍတစ်ရပ်အဖြစ်ပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ထိုမျှမက၊ နိုင်ငံတော်အခြေခံမူ (၆) ချက်အဖြစ် ဖော်ပြရာ၌ "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်" ဟု အချက် ၆-တွင် ဖော်ပြထားသည်။
သို့ဆိုလျှင် မိမိ၏အမြင်တွင် နိုင်ငံတခု ဖြစ်တည်လာရာ လမ်းကြောင်း၊ သမိုင်းကြောင်းနှင့် ထို နိုင်ငံခေါင်းဆောင်များ၊ တိုင်း ပြည်တည်ထောင်ခဲ့ကြသူ ဗိသုကာများ၏ မြော်မြင်ချက်များ၊ ၎င်းနိုင်ငံ၏ "ကိုယ်တိုင်ရေးသမိုင်းရုပ်ပုံ" (autobiography) နှင့် ပတ်သက်၍ပင် အကျေအလည် ညှိနှိုင်းကြရန် ရှိနေသည် ဆိုကြပါသည်။ ထိုမျှမက လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မည်သို့မည်ပုံ အကောင်အထည်ဖော်နေသနည်း၊ အာဏာရယူရေးကိစ္စများကို အစိုးရသာမက၊ ကျန်ပါတီ၊ အဖွဲ့အစည်းများ ကလည်း ယခု မူဘောင်အတွင်း၊ ပေးထားချက်အတွင်းမှသာ စဉ်းစားကြသည်လော... ဆက်၍ စဉ်းစားရန် ရှိနေပါသည်။

နောက်တပတ်တွင် နိုင်ငံအများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေများ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ လှိုင်း ၄-ခုကို ဆက်၍ ဆွေးနွေးလိုပါသည်။ ဆက်ရေးပါမည်။ 



မဇ္ဈိမသတင်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။
အောင်သူငြိမ်း (စက် ၃၀၊ ၂၀၁၃)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.