မဲ ပေးသည် ဆိုလျှင်ဖြင့် လက်ဖြင့်သာ မဲပေးကြပါလိမ့်မည်။ မည်သည့်အတွက်နှင့် ခြေထောက်ဖြင့် မဲပေးကြသည်လား မေးခွန်းထုတ်စရာ အကြောင်းရှိပါသည်။ အမှန်မှာတော့ "ခြေထောက်ဖြင့် မဲပေးခြင်း" (foot voting) သို့မဟုတ် (Vote with their feet) ဆိုသည်မှာ နိုင်ငံရေးသိပ္ပံ ပညာရပ်တွင် တွေးမြင်ယူဆချက် တခုမျှသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြည်သူများက သူတို့မကြိုက်သည့် အခြေအနေတစ်ရပ်မှ သူတို့ပို၍ အကျိုးရှိမည်ဟု ယူဆသည့် အခြေအနေတရပ်သို့ ထွက်ခွာသွားကြခြင်း သာ ဖြစ်ပါသည်။ ဤသဘောတရားကို အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဆိုင်ရာ သီအိုရီ (theory of membership organization) အဖြစ် မကြာခဏ ရည်ညွှန်းသုံးစွဲလေ့ ရှိပါသည်။
တနည်းအားဖြင့် နိုင်ငံရေးလွတ်လပ်ခွင့်များ ပို၍ မြင့်မားလာစေရန် အသုံးချကြသည့် နည်းနာတခု၊ သို့မဟုတ် ပြည်သူလူထု များက သူတို့ ကြိုက်နှစ်သက်သည့်၊ သူတို့နေထိုင်လိုသည့် အစိုးရအုပ်ချုပ်မှုစနစ် (regime) တခုကို ရွေးချယ်ကြခြင်းပင် ဖြစ်သည်။ ကျွန်တော့် အသိမိတ်ဆွေ တဦးကတော့ သမိုင်းဖြစ်ရပ်နှင့် ယှဉ်၍ "သူ့ကျွန်ခံပြီ" ဟုပင် လွန်လွန်ကျူးကျူးပြော ဆို ခဲ့သေးသည်။ "ကိုယ့်ကို အုပ်ချုပ်တဲ့ဘုရင်ကမှ မကောင်းတော့ သူ့ကျွန်သွားခံကြရတာပေါ့" ဟု အတိတ်ဖြစ်ရပ်များကို ရည်ညွှန်း ပြောခဲ့ဖူးသည်။
သူဆိုလိုသည်က ကျွန်တော်တို့ ကုန်းဘောင်ခေတ် နှောင်းပိုင်းကာလများပင် ဖြစ်သည်။ အင်္ဂလိပ်က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၅) တွင် ရခိုင်၊ တနင်္သာရီကမ်းရိုးတန်း တို့ကို သိမ်းပိုက်ခဲ့ပြီ။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၅၂) အပြီး တွင်တော့ မြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် အောက်မြန်မာနိုင်ငံ တဝှမ်းကို သိမ်းပိုက်ထားခဲ့ပြီ။ တချိန်တည်းမှာ ပင် အောက် မြန်မာနိုင်ငံကို စီးပွားဖြစ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီး အဖြစ်လည်း အသွင်ပြောင်းခဲ့သည်။ ဆူးအက်တူးမြောင်း ပေါက်လာသည့်အတွက်ကြောင့်လည်း ဥရောပနှင့် ကုန်ကူးသန်း ရောင်းဝယ်ရေး ပို၍ ချောမွေ့လာခဲ့သည်။ ဤအခြေအနေ တွင် အထက်မြန်မာနိုင်ငံ (မြန်မာမင်းအုပ်ချုပ်ရာ ဒေသ) မှ အောက်မြန်မာနိုင်ငံသို့ လူအမြောက် အများ ပြောင်းရွှေ့အခြေချ ကြသည်။ ဗြိတိသျှတို့ကလည်း လုပ်သားမလုံလောက်၍ အိန္ဒိယနိုင်ငံမှ လယ်ကူလီ အလုပ်သမား အများအပြားပင် တင်သွင်းနေရသေး သည်။ ဝေါ်လင်းစကီး ရေးသားသည့် "မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (၁၉၅၁-၆၀)" စာအုပ်တွင် ထိုစဉ်က အခြေအနေများကို ရှင်းပြထားသည်ကို တွေ့ရသည်။ ယခင်က အောက်မြန်မာနိုင်ငံတွင် စစ်ပွဲ ရှိနေခဲ့သည်။ သတ်ဖြတ်မှုများ၊ တနယ်ရပ်ကျေးသို့ ထွက်ပြေးရမှုများ ရှိနေရာမှ ယခုအခါ စိုက်ပျိုးရေးဖြစ်ထွန်းတိုးတက်လာမှုကြောင့် ပြောင်းရွှေ့အခြေချမှုများ ရှိလာသည်ဟု ဆိုထားသည်။ ၁၈၃၅ ခုနှစ်မှစ၍ ၁၇ နှစ်အတွင်း တနင်္သာရီတိုင်း၏ လူဦးရေမှာ ၂ ဆ တိုးတက်လာခဲ့သည်။ J. Russell Andrus ၏ အဆိုအရ အောက်မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၈၅၆ ခုနှစ်တွင် ခန့်မှန်း ၁.၅ သန်းသာ ရှိရာမှ ၁၈၈၅ ခုနှစ်တွင် ၄ သန်းအထိ တိုးတက်လာသည်ဟု ဆိုထားပါသည်။ ထိုအချိန်တွင် မြန်မာမင်း အုပ်ချုပ်သည့် အထက်မြန်မာနိုင်ငံ၌ နန်းတွင်းအာဏာလုပွဲများ ဖြစ်နေခဲ့သည်။ သီးနှံ ၂ နှစ်ဆက်တိုက် ပျက်ပြီး၊ ဆန်ပိုလျှံ သည်ဟူ၍ မရှိတော့။ ငတ်မွတ်ဘေးကြီး ဆိုက်နေသည်။ မင်းသြဇာ မသက်ရောက်နိုင်သည့် ဒေသများတွင် သူခိုးဓားပြ များ သောင်းကျန်းကြသည်။ ပြည်သူများ ဆင်းရဲတွင်းနက်နေသည့် ကာလ၌ ထီဖွင့်ပွဲများလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေကြ သည်။ ပို၍တိုးပြီး ကြွယ်ဝလာသည့် အောက်မြန်မာနိုင်ငံ၏ ဆွဲဆောင်အားကြောင့် မိသားစုသောင်းနှင့် ချီ၍ နယ်စပ်ဖြတ်ကာ ဗြိတိသျှ ပိုင်နက်အတွင်း ဝင်လာခဲ့ကြသည်ဟု ဦးသန့်မြင့်ဦး၏ သူ၏ "ခြေရာပျောက်မြစ်- ကိုယ်တိုင်ရေး မြန်မာ့သမိုင်း" စာအုပ်တွင် ဖော်ပြခဲ့ဖူးသည်။ ရေကြည်ရာ-မြက်နုရာ သို့ ဤနည်းအားဖြင့် ရွှေ့လာကြသည်မှာ အဆန်းတော့ မဟုတ်လှပေ။ လူတို့၏ သဘာဝပင် ဖြစ်ပါသည်။
ယခုလည်း ဤသို့ ခြေထောက်ဖြင့် မဲပေးနေသလား ထင်စရာ အကြောင်းရှိလာသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက်၊ အစိုးရအသစ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်လုပ်ဆောင်လာ ခဲ့သည်။ လွတ်လပ်မှုများလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုရေတွင်းတူး၊ ရေကြည်သောက်၍ မဖြစ်နိုင် ကြောင်းလည်း အစိုးရ ခေါင်းဆောင်ပိုင်းက ဖော်ပြထားပြီး ဖြစ်ပါသည်။ သို့တိုင်အောင် မြန်မာ့စီးပွားရေးက ဦးမော့မလာ သလို၊ မပြောင်းလဲသေးသည့် အခြေအနေများလည်း ရှိနေခဲ့ပြန်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံမှ လုပ်သားလူရွယ်များစွာ လှိမ့်၍ ထွက်နေသေးသည်ကို တွေ့မြင်နေရသောကြောင့်ပင်။
ထိုမျှမက နောက်ပြန်မဆုတ်သည့် ရေရာသည့် အခြေအနေ မရှိသေး။ ဤသို့ဖြင့် သြစတြေလျ အခြေစိုက် မြန်မာ့စီးပွားရေး လေ့လာနေသူ ပညာရှင် ရှောင်တာနဲ (Sean Turnell) ကပင် မြန်မာနိုင်ငံကို "ကြက်ဥမှ ပေါက်၍ ကြက်ကလေး အဖြစ် မခေါ်နိုင်သေး" (Don't Count Burma Chicken yet) ဟူ၍ သုံး သပ်ထားသည်ကို တွေ့ရသေးသည်။ မြန်မာ့ အပြောင်း အလဲများက အကန့်အသတ် ရှိနေသေးသည်။ နောက်ကြောင်းပြန် နိုင်သေးသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကလည်း များစွာ နောက်ကျန်နေသေးသည် ဟု သုံးသပ်ထားသည်။
တလောက မော်လမြိုင် ပွဲရုံတန်းသို့ရောက်၍ ကုန်သည်ကြီးများနှင့် တွေ့ဖြစ်သည်။ သူတို့ဒေသ စီးပွားရေးအခြေအနေကို စူးစမ်းမိသည်။ သူတို့က ကားအဝင်အထွက် ရှင်းနေသည့် အခြေအနေကို ကြည့်ပါဟု ညွှန်းသည်။ သိပ်လှုပ်ရှား သက်ဝင် ရှိ မနေသည့်သဘော။ မြန်မာပြည်ဖက်က ထိုင်းသို့ ပို့ကုန်က များများစားစား မရှိလှပါ။ ကြက်သွန်နီ၊ ဆန်၊ ငရုပ် အနည်းငယ် မျှသာ။ ဤထွက်ကုန်များကလည်း ထိုင်းတို့ စားသည်မဟုတ်။ ထိုင်းနိုင်ငံရောက် မြန်မာများ ဝယ်ယူစားသုံးကြသည်သာ။ အကန့်အသတ် ရှိသည်။ ရာဘာထွက်ကုန်ဆိုလျှင် တရုတ်တို့က အောက်ခြေအထိ လက်ဝါးကြီးအုပ်၍ လိုက်လံဝယ်ယူနေ သည်။ "ခင်ဗျားတို့ဗျာ ကားတန်း အတက်နေ့ဆိုရင် လာကြည့်စေချင်တယ်" ကုန်သည်ကြီး တဦးက ပြောပြသည်။ မြဝတီ နှင့် မော်လမြိုင်က ကားတန်း အတက်တရက်၊ အဆင်းတရက် ပြုထားသည့် အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်သည်။ "အတက်နေ့မှာ ကျနော်တို့ကားတွေမှာ ပြည့်နေတာက လူတွေ၊ (အိမ်နီးချင်းနိုင်ငံတွင် အလုပ်သွားလုပ်ကြမည့် လူများကို ရည်ညွှန်းခြင်း ဖြစ်သည်) အိပ်မက်တွေနဲ့ ပြုံးပျော်ပြီး တက်သွားနေလိုက်ကြတာ။ ပြန်ဆင်းလာတော့ ကားတွေမှာ ထိုင်းက ထုတ်ကုန်ပစ္စည်းတွေ၊ ဘိလပ်မြေ၊ ဂတ်စ်အိုး၊ လူသုံးကုန် အစုံပဲ" ကုန်သည်တဦးက ပြောပြပါသည်။ ကျွန်တော်တို့က လူ တွေ တင်ပို့နေရသည့် အခြေအနေပင်။ မဲဆောက်ရှိ မိမိ အသိတဦးကလည်း ဤသတင်းကို အတည်ပြုပါသည်။ "အခု နိုင်ငံ ကူး လက်မှတ်တွေ အလွယ်ရတော့ သွားသူတွေ ပိုများလာတယ်။ မဲဆောက်မှာ မြန်မာလုပ်သားတွေကို နေရာအနှံ့ပို့ဖို့ ဗင် ကားငယ် (လူ ၁၄ ဦးခန့်ဆန့်သည်) အစင်း ၄၀ လောက်၊ ဘတ်စ်ကားကြီး ၂၀ လောက်ရှိတယ်။ အတက်နေ့ဆိုရင် မြန်မာ လုပ်သားတွေနဲ့ မလောက်ဘူး။ ကားစောင့်နေကြရတဲ့ လူတွေပါ ရှိတယ်" ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ ရေးများ ဖြစ်ပေါ်နေသော်လည်း ဤမျှတိုင် ရွှေ့ပြောင်းလုပ်သားများ စွန့်စားထွက်နေခြင်းမှာ မည်သည့်အတွက်ကြောင့်ပါ နည်း။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြန်၍ မေးခွန်းထုတ်ရန် လိုအပ်ပါသည်။
အကြောင်းများစွာ ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးက မတက်လာသေး။ သို့မဟုတ် အလုပ်အကိုင်နေရာချထားမှု မလုံလောက်သေး။ သို့မဟုတ် နေရာကွက်ကျား ဖိနှိပ်မှုများ ရှိနေသေးသည်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် အိမ်နီးချင်း နိုင်ငံများ၏ မက်လုံးများက ပို၍ ဆွဲဆောင်မှု ရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခ တစ်လ လျှင် ကျပ် (၅၈၀၀၀) မျှသာ ရှိနေသည့် အချိန်တွင် ထိုင်းနိုင်ငံ၌ တနေ့လုပ်ခ ဘတ် (၃၀၀) [၁၀-ဒေါ်လာမျှ] ပေးနေပါ သည်။ သို့မဟုတ် အိမ်ပြန်ပို့ငွေ (remittance) များကလည်း အလုပ်ဖြစ်နေနိုင်သောကြောင့် ဖြစ်နိုင်ပါသည်။ သြစတြေလျ မှ ဒေါက်တာ ရှောင်တာနဲ နှင့် အဖွဲ့ ၂၀၀၂/၂၀၀၃ တွင် လေ့လာချက်အရ မြန်မာရွှေ့ပြောင်းလုပ်သားများက မြန်မာပြည်သို့ အိမ်ပြန်ပို့ငွေသည် တစ်နှစ်လျှင် ဒေါ်လာသန်း ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားပါသည်။ ထိုပမာဏမှာ မြန်မာနိုင်ငံ ဂျီဒီပီ တန်ဖိုး၏ ၅% မျှပင် ရှိနေသည်။ ဤသို့ အိမ်ပြန်ပို့ငွေများဖြင့်ပင် ရှင်သန် အသက်ဆက်နေကြရသူ အများအပြားလည်း ရှိ နေကြပါသည်။ အိမ်ပြန်ပို့ငွေများအတွက် ကောင်းကျိုးများ ရှိသလို၊ ဆိုးကျိုးများလည်း ရှိနေပါသည်။ ဦးဏှောက်၊ လုပ်သား အင်အားစုများ ဆုံးရှုံးကြရပါသည်။ ယာယီမဟုတ်၊ ရေရှည် ဆုံးရှုံးသွားမှုများပင် ဖြစ်ရန် အကြောင်းရှိပါသည်။
ဤသို့ အိမ်ပြန်ပို့ငွေများကလည်း ရင်းနှီးမြှုပ်နှံမှု အသစ်များ ဖြစ်လာစေရန်အထိတိုင် မဖြစ်သေးပါ။ ကျန်နေသည့် မိသားစု အသက်ဆက်ရုံမျှ၊ တဲအိမ်ကို သွပ်မိုးရုံမျှအဆင့်သာ ဖြစ်နိုင်ပါသေးသည်။ ပါမောက္ခ ရှောင်တာနဲ တို့၏ လေ့လာချက်တွင် အိမ်ပြန်ပို့ငွေကို မည်သို့ သုံးစွဲကြပုံကိုလည်း ဖော်ပြထားပါသည်။ အသက်ရှင်သန် ရပ်တည်ရေးအတွက် အသုံးချရသည်က များပါသည်။ ကြွေးဆပ်ရန်၊ ပညာရေး၊ ကျန်းမာရေး သုံးကြရသည်။ စီးပွားရေးလုပ်ငန်း ပြန်ထူထောင်နိုင်သည်က နည်းပါသည်။
အဖွဲ့အစည်း သီအိုရီ (Theory of membership organization) တွင် အဖွဲ့အစည်းတခု၏ တိုးတက်မှု၊ ကျရှုံးမှုကို တိုင်းတာ ရန် Exit (ထွက်ပေါက်)၊ Voice (ပြောရေးဆိုခွင့်)၊ Royality (သစ္စာရှိစွာ ဆက်လက်တည်မြဲနေခြင်း) တို့ဖြင့် တိုင်းတာကြပါ သည်။ ထွက်ခွာသွားခြင်း (Exit) တခုတည်းကိုသာ ရွေးချယ်နေကြမည်ဆိုလျှင် အကျသဘောကို ပြသနေပါသည်။ သတိ ပြုရမည့် အန္တရာယ် အချက်ပေးချက်လည်း ဖြစ်သည်။ သို့အတွက်ကြောင့် Voice (ပြောရေးဆိုခွင့်) ကို မြှင့်ပေးမည့် တုံ့ပြန် မှု ယန္တယား (feedback)၊ ဝေဖန်မှုများကိုလည်း ခွင့်ပြုရန် လိုအပ်ပါသည်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှ ပြောင်းရွှေ့လုပ်သား မည်မျှထွက်ခွာသွားကြသည်ကို ကိန်းဂဏန်း အတိအကျဖြင့် မသိရှိရပါ။ သို့သော် လက်တွေ့မျက်မြင် အနေအထားများအရ မရပ်စဲသွားသလို၊ ပို၍ တိုးတက်နေသည့်နှယ် ထင်မြင်ရ သည်။ မြန်မာနိုင်ငံ အစိုးရအဖို့ ပြောင်းရွှေ့လုပ်သားများအတွက် တိုး၍ ကူညီပေးနေသည်ကို မြင်တွေ့ရသလို၊ ဤပြဿနာ ကိုလည်း အသိအမှတ်ပြု၍ ဆောင်ရွက်နေသည်ကို မြင်တွေ့နေရပါသည်။ အချို့သော ပြည်နယ်/တိုင်းတို့က ရွှေ့ပြောင်း အလုပ်သမားများ ပြန်လာနိုင်ရေးကို ဦးစားပေး ကြိုးပမ်းမည်ဟု ဆိုပါသည်။ သမ္မတဦးသိန်းစိန် ကိုယ်၌ကပင်လျှင် လာမည့် ကျန်ရှိလ ၃၀ စီမံကိန်းများတွင် လူအများ အလုပ်အကိုင် ပိုမိုရရှိနိုင်ရေးကို ဦးစားပေးလုပ်ငန်းတရပ်အဖြစ် ထည့်သွင်းထား သည်ကို တွေ့ရှိရပါသည်။ အမှန်ဆိုလျှင် ထိုသူများကို လက်ဖြင့်သာ မဲဆန္ဒပေးစေလိုပါသည်။ ခြေထောက်ဖြင့် မဲပေးနေသူ များ မဖြစ်စေလိုကြောင်း။
အောင်သူငြိမ်း
အောက် ၂၊ ၂၀၁၃။
The Voice Daily တွင် ဖော်ပြပြီး ဖြစ်ပါသည်။

No comments:
Post a Comment