ရွက်မွန်စာမျက်နှာ

Friday, November 8, 2013

ပဋိပက္ခများ ပြေငြိမ်းခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

တိုင်း ပြည်တပြည်မှာ ပဋိပက္ခတွေ ရှည်ကြာနေတယ်ဆိုရင် ဘယ်လို နိုင်ငံရေးစနစ်တွေ ပြောင်းပြောင်း၊ ဘယ်လို အစိုးရမျိုးပဲ တက်တက် နိုင်ငံတိုးတက် ဖွံ့ဖြိုးလာဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပဋိပက္ခ တွေကြောင့် တိုင်းပြည်ဟာ တည်ငြိမ်မှု မရှိတဲ့အတွက် အများအစုသော နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းများ နိမ့်ကျသထက် နိမ့်ကျလာတာဟာ ရှောင်လွဲလို့ မရတဲ့ အတွက် ဖြစ်ပါတယ်။ တဖက်မှာ ပြန်ကြည့်ရင်လည်း တိုင်းပြည်ဟာ ပဋိပက္ခတွေနဲ့ နပမ်းလုံးနေရပေမယ့် အခွင့်အရေးရ လူနည်းစုတွေကတော့ ချမ်းသာသထက် ချမ်းသာလာတာ ကိုလည်း တွေ့ရပြန်ပါတယ်။

ပဋိပက္ခလို့ ဆိုတဲ့ နေရာမှာ ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ရှိနေပါတယ်။ ပထမ တမျိုးကတော့ လက်နက်ကိုင် အကြမ်းဖက်ခြင်း မရှိတဲ့ လက်နက်မဲ့ပဋိပက္ခ ဖြစ်ပြီး ဒုတိယ အမျိုးအစားကတော့ လက်နက်ကိုင် အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာရတဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တချို့ နိုင်ငံတွေမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ မရှိတော့ပါဖူး။ တချို့ နိုင်ငံများမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုကို ရင်ဆိုင်ရပြန် ပါတယ်။ မြန်မာပြည်မှာတော့ အကြမ်းဖက်တဲ့ ပဋိပက္ခရော အကြမ်းမဖက်တဲ့ ပဋိပက္ခပါ နှစ်ခုစလုံး ဖြစ်ပွားနေတာကို မြင်ရပါတယ်။ မြို့ကြီးပြကြီးတွေနဲ့ မြန်မာလူမျိုး အများစုနေထိုင်နေတဲ့ ဒေသတွေမှာ အကြမ်းမဖက်တဲ့ ပဋိပက္ခတွေကို ဆက်တိုက်ရင်ဆိုင်နေရပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေကိုတော့ အထူးသဖြင့် တိုင်းရင်းသား နယ်မြေတွေမှာ ဆက်လက်မြင်တွေ့ နေရပါတယ်။

ဥပမာ တခုလောက် တင်ပြရမယ်ဆိုရင် ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ အခုဆိုရင် ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲဆိုတာကို ဖြတ်သန်းပြီး အစိုးရကို ရွေးကောက်တင် မြှောက်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံသား အချင်းချင်း လက်နက်ကိုင်ပြီး အပြန်အလှန် တိုက်ခိုက်နေတယ် ဆိုတာ မရှိတော့ပါဖူး။ လက်နက်ကိုင် တိုက်ပွဲတွေ မရှိပေမယ့် ကမ္ဘောဒီးယား နိုင်ငံဟာ နိုင်ငံရေးအရ တည်ငြိမ်တယ်လို့ ပြောရခက် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပထမအကြိမ်ကထဲက အာဏာရထားတဲ့ အစိုးရဟာ နောင်ရွေးကောက်ပွဲ အဆက်ဆက်မှာလည်း နိုင်ခြင်တာကြောင့် အတိုက်ခံပါတီတွေ အားကောင်း မလာနိုင်အောင် ပညာသားပါပါနဲ့ နှိပ်ကွပ်ပါတယ်။ တချို့သော နာမည်ကြီး ကမ္ဘောဒီးယား အတိုက်ခံ ခေါင်းဆောင်တွေ ဆိုရင် တိုင်းပြည်ထဲကနေ ထွက်ပြေးပြီး ပြင်ပနိုင်ငံတွေမှာ နေထိုင်နေရတာ ရှိပါတယ်။ တချိန်ထဲ မှာလည်း အာဏာရအစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်တဲ့ ပညာရှင်မျိုးတွေ၊ သတင်း မီဒီယာတွေ ကိုလည်း နှိပ်ကွပ်ပါတယ်။

အဲဒီတော့ ကမ္ဘောဒီးယား အာဏာရအစိုးရဟာ ဘာလုပ်နေသလဲ ဆိုတာ ပြန်ကြည့်လိုက်တဲ့ အခါမှာ နောက် တခါ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက်သာ လုံးပန်းနေတာကိုသာ မြင်ရပါတယ်။ နောက်တခါ ရွေးကောက်ပွဲမှာ နိုင်ဖို့အတွက် ငွေကလိုလာပါတယ်။ အဲသလို လိုအပ်တဲ့ ငွေကြေးပမာကို ရရှိဖို့အတွက် တိုင်းပြည်ရဲ့ သယံဇာတ ပစ္စည်းတွေကို မြန်မြန်နဲ့ များများကြီး ထုတ်ရောင်းပါတယ်။ လူထုအကြား နေ့စဉ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုထောက်ပံ့ရေး ကိစ္စတွေဟာ လစ်လျှူရှုထားခြင်း ခံလာရပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယား နိုင်ငံဟာ ကနေ့မှာ လက်နက်ကိုင် ပဋိပက္ခ တွေနဲ့ ကင်းဝေးလာတာ အနှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်ပေမဲ့ အာဏာရအစိုးရရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် နိုင်ငံနဲ့ ပြည်သူတွေဟာ တိုးတက်သင့်သလောက် မတိုးတက်နိုင်ပဲ ဖြစ်နေရပါတယ်။

ကမ္ဘောဒီးယား တိုင်းသူပြည်သား အများစုဟာ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ အရသာကို ကောင်းကောင်း မခံစားရ သေးပါဖူး။ သို့သော်လည်း တချိန်ထဲမှာ အာဏာရအစိုးရနဲ့ သူတို့ရဲ့ စီးပွားဖက် လူနည်းစုကတော့ ချမ်းသာ သထက် ချမ်းသာ လာနေပါတယ်။ ကိုယ့်ပြည်တွင်းမှာ အချင်းချင်း လက်နက်ကိုင်ပြီး တိုက်ပွဲတွေ ဖြစ်နေတာမျိုး မရှိတော့ပေမယ့် အာဏာရ အစိုးရက နည်းပေါင်းစုံကို အသုံးပြုပြီး ဖိနှိပ်ထားတဲ့ အတွက် ကမ္ဘောဒီးယား နိုင်ငံဟာ အတိုင်းအတာ တခုအရ မတည်ငြိမ်သေးဖူး ဆိုတာကို တွေ့ရပါတယ်။ အပြန်အလှန်အားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံမတည်ငြိမ်တဲ့ အတွက် နိုင်ငံသားတွေဟာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလှမ်းဝေးနေ ဆဲပါ။

အခု ကျနော်တို့ မြန်မာနိုင်ငံကို ကြည့်လိုက်တော့ လက်နက်မဲ့ ပဋိပက္ခကော လက်နက်ကိုင် ပဋိပက္ခရော နှစ်မျိုးစလုံး တည်ရှိ နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။ တချိန်တုန်းက စစ်အစိုးရလက်အောက်မှာ လက်နက်မဲ့ ပဋိပက္ခ ဆိုတာကတော့ ယုံကြည်မှုတခုအတွက် လက်နက်မကိုင်ဘဲ တိုင်းပြည်အရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နေသူတွေကို ရန်သူကြီးတွေလို သဘောထားပြီး အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို ဖြစ်ပါတယ်။ သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆတဲ့ အဖွဲ့အစည်းမျိုးတွေကို လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်ပေမယ့် ပြိုကွဲအောင် ဖြိုခွင်းပါတယ်။ လူတွေကို နှစ်ရှည်လများ ထောင်သွင်း အကျဉ်းခြပါတယ်။ တချိန်ထဲမှာလည်း ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး အတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း မရှိပေမယ့် တချို့သော တိုင်းရင်းသားနယ်မြေ တောတောင်တွေထဲမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခုအထိ အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ရခိုင်၊ မိတ္ထီလာနဲ့ နေရာအများအပြားမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးလူမျိုးရေး ပြဿနာ ဖန်တီးမှုတွေကြောင့်လည်း ပဋိပက္ခတွေကို ရင်ဆိုင်နေရဆဲပါ။ ပြောရရင် မြန်မာနိုင်ငံဟာ တည်ငြိမ်မှု မရှိသေးဖူးလို့ ဆိုရမှာပါ။ မတည်ငြိမ်တဲ့ အကျိုးဆက်အဖြစ် နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

သို့သော်လည်း အုပ်ချုပ်သူ အစိုးရအဆက်ဆက်နဲ့ သူတို့ရဲ့ စီးပွားဖက်တွေကတော့ နိုင်ငံရဲ့ သယံဇာတတွေကို အရင်အစိုးရလုပ်ခဲ့တာပါလို့ အကြောင်းပြပြီး အလုံးအရင်းနဲ့ ထုတ်ပြီးရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ အဲသလို ရောင်းလို့ရတဲ့ ငွေတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲခြင်း မပြုတာကိုလည်း မြင်နေရပါတယ်။ ယခင်ခေတ် အဆက်ဆက်ကထဲက တည်ရှိခဲ့တဲ့ မြေယာပြဿနာ ပဋိပက္ခတွေဟာလည်း အခုအချိန်အထိ ကြီးကြီးမားမား ဆက်လက် ဖြစ်ပွားနေဆဲပါ။

အခုဆိုရင် စစ်အစိုးရတိုက်ရိုက် အုပ်ချုပ်တာမျိုးမဟုတ်ဘဲ အရပ်သား အသွင်ဆောင်တဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရမှာ အာဏာရယူထားတဲ့ ပါတီဟာ စစ်ဗိုလ်ဟောင်းများ ကြီးစိုးထားတဲ့ နိုင်ငံရေးပါတီ ဖြစ်နေပါတယ်။ တဖက်မှာလည်း လွှတ်တော်အတွင်းမှာ လက်ရှိတာဝန်ထမ်းနေဆဲ ဖြစ်တဲ့ စစ်ဗိုလ်များကလည်း ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၅ ရာခိုင်နှုန်း နေရာယူထားပြန်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဟာ အခုနှစ်နှစ်ကျော် ကာလအတွင်းမှာ ဆက်တိုက်တည်ရှိလာတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူးလို့ ထောက်ပြလိုပါတယ်။ ဒါပေမယ့် အာဏာရ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်များက ၂ဝ၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အလုံးလိုက်အခဲလိုက် အနိုင်ရအောင် ကြိုးစားရမယ်လို့ လှုံ့ဆော်တဲ့ အသံတွေ ထွက်လာတာကိုလည်း ကြားရပါတယ်။

လက်နက်မဲ့ ပဋိပက္ခကော၊ လက်နက်ကိုင် ပဋိပက္ခပါ ဆက်လက်တည်ရှိနေသေး တာမို့ မြန်မာနိုင်ငံဟာ နာတာရှည် လူမမာတဦးလို တည်ငြိမ်မှုမရှိသေးပါဖူး။ လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်သွားအောင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖက်ကရော အခြားသော သက်ဆိုင်တဲ့ အဖွဲ့အစည်းများကော ကြိုးပန်းနေတာကို တွေ့ရတော့ ဘာပဲပြောပြော ဝမ်းမြောက်မိပါတယ်။ သို့သော်လည်း အပြန်အလှန် နိုင်ငံရေး ကစားနေကြတာမဟုတ်ဘဲ ပဋိပက္ခတွေ ပြေငြိမ်းအောင် စစ်စစ်မှန်မှန် ဆောင်ရွက်ဖို့တော့ လိုအပ်တယ်လို့ ထောက်ပြလိုပါတယ်။ တဖက်မှာလည်း အဲဒီ ပဋိပက္ခများရဲ့ ဆိုးကျိုးကြောင့် တိုင်းပြည်ဟာ အစစအရာရာ ချွတ်ခြုံကြ နေပါတယ်။ ဒါတွေအားလုံးကို ပြန်လည်ကုစားဖို့ ဆိုရင် လက်ရှိအစိုးရဟာ နောင်လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တခုထဲအတွက် ကြိုးပန်းအားထုတ်မှာထက် ပဋိပက္ခပေါင်းစုံ ပြေငြိမ်းရေးအတွက် ပိုလို့ ကြိုးစားသင့်တယ်လို့ ပြောလိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး အယူအဆနဲ့ ပတ်သက်လို့ ဂုရုကြီးတဦးဖြစ်တဲ့ အိန္ဒိယနိုင်ငံသား ပါမောက္ခ အမာတရာစန်က ဒီလိုပြောခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်တည်နေတဲ့ ပဋိပက္ခမျိုးစုံကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပဋိပက္ခတွေ ဆက်လက် တည်ရှိနေခြင်း (သို့မဟုတ်) ပဋိပက္ခတွေ ဆက်လက်တည်ရှိနေဖို့ ခွင့်ပြုခြင်းဟာ နောက်ထပ် ဖိနှိပ်မှုမျိုးစုံကို ထပ်မံမွေးဖွား စေတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်တယ်လို့ ထောက်ပြပါတယ်။

အခုအာဏာရ အစိုးရဟာ မိမိအာဏာရရေးသာ ပထမဆိုပြီး ကမ္ဘောဒီးယား အစိုးရလို လမ်းစဉ်မျိုးကို လိုက်မယ် ဆိုရင်တော့ မြန်မာနိုင်ငံသားတွေအဖို့ တည်ငြိမ်အေးချမ်းခြင်းရဲ့ အရသာကို ခံစားရမှာ မဟုတ်သလို ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ ကောင်းကျိုးကိုလည်း ခံစားရဖို့ ဝေးနေဦးမှာ ဖြစ်ပါတယ်။ ပြန်ချုပ်ပြီး ပြောရမယ်ဆိုရင် ပဋိပက္ခမျိုးစုံ သက်ဆိုးရှည်နေရင် တိုင်းပြည် တည်ငြိမ်မှုမရှိနိုင်ပါဖူး။ တိုင်းပြည်မတည်ငြိမ်ရင် နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ဖို့ ဆိုတာကလည်း အိပ်မက်ရှည်ကြီး တခုလို ဖြစ်နေဦးမယ်ဆိုတာ ပြောလို ပါကြောင်း။

ဇော်မင်း
၎ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.