ရွက်မွန်စာမျက်နှာ

Saturday, November 16, 2013

လူမျိုးရေး ဘာသာရေး ပဋိပက္ခနဲ့ ဖွံ့ဖြိုးတိုးတက်မှု

ဋိပက္ခတွေတည်ရှိနေတဲ့ တိုင်းပြည်တပြည်ဟာ တိုးတက်ဖွံ့ဖြိုးဖို့ ခက်ခဲတယ်လို့ ပြီးခဲ့တဲ့ အပတ်က တင်ပြခဲ့ပါတယ်။ ပဋိပက္ခတွေကို လက်နက်ကိုင် အကြမ်းဖက် ပဋိပက္ခနဲ့ လက်နက်ကိုင်တိုက်ပွဲ မဟုတ်တဲ့ ပဋိပက္ခဆိုပြီးတော့လည်း ယေဘုယျအားဖြင့် ပြောခဲ့ပါတယ်။ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဟာ လက်နက်မဲ့ ပဋိပက္ခအမျိုးအစားလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်လာပြီဆိုရင် လက်နက်ကိုင်ပြီး စစ်တိုက်တဲ့အဆင့် ဗုံးခွဲတဲ့အဆင့်အထိ ရောက်လာ တတ်ပါတယ်။ လက်နက်ကိုင် စစ်တိုက်တဲ့ အဆင့်ကို မရောက်ရင်တောင် လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း အကြမ်းဖက်တဲ့ အဆင့်အထိ ရောက်ရှိသွားတတ်ပါတယ်။ ဆိုလိုတာကတော့ စစ်တိုက်တာမျိုး မဟုတ်ပေမဲ့ တုတ်၊ ဓား ရရာ လက်နက်တွေနဲ့ တိုက်ခိုက် သတ်ဖြတ်တာ မီးရှို့ဖျက်ဆီးတာမျိုးတွေကို ကြုံရနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ တိုင်းပြည်တပြည် ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးများအကြား အချင်းချင်း အပြန်အလှန် နားလည်မှုတွေ၊ လေးစားမှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှသာ တိုင်းပြည်တည်ငြိမ်ပြီး နိုင်ငံသားများ အတွက် တိုးတက်မှုကို ဆောင်ကျဉ်းနိုင်မှာ ဖြစ်ပါတယ်။ အဲသလိုမှ မဟုတ်ဘဲ တိုင်းရင်းသား လူမျိုးများ အချင်းချင်းအကြားမှာ ယုံကြည်မှုကင်းမဲ့နေရင်၊ မယုံသင်္ကာမှုတွေ တည်ရှိနေရင် လူမျိုးရေး ပဋိပက္ခ ဆိုတာကလည်း ကပ်ပါလာလေ့ ရှိတဲ့အတွက် တိုင်းပြည်အတွင်းမှာ တည်ငြိမ်မှုရှိဖို့ ခက်ခဲပါတယ်။ အဲဒါရဲ့ အကျိုးဆက်အဖြစ် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ဆိုတာကလည်း မလွယ်ကူပါဘူး။ ခြုံပြီးပြောရမယ်ဆိုရင် တိုင်းရင်းသား လူမျိုးများအကြား ယုံကြည်မှု တည်ဆောက်ခြင်းဟာ အလွန်ပဲ အရေးကြီး ပါတယ်။ တိုင်းရင်းသား လူမျိုးများလို့ ဆိုတဲ့နေရာမှာ မြန်မာ၊ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ကယား၊ ပအို့ဝ်၊ ပလောင်၊ လားဟူ၊ လီဆူး၊ ဝ အစရှိတဲ့ လူမျိုးများသာ တိုင်းရင်းသားမဟုတ်ပါဘူး။ မြန်မာပြည်ဖွား တရုတ်အနွယ်ဝင်တွေနဲ့ မြန်မာပြည်ဖွား အိန္ဒိယအနွယ်တွေလည်း ဒီအထဲမှာ အကြုံးဝင်ပါတယ်။

ဒီနေရာမှာ တခုတင်ပြလိုပါတယ်။ အာရှုတိုက်အတွင်းမှာ ရှိတဲ့ ဂျပန်တို့ တောင်ကိုရီးယားနိုင်ငံ တို့ဟာ လူမျိုးကွဲ တိုင်းရင်း သား မရှိသလောက် နည်းပါးပါတယ်။ ဂျပန်နိုင်ငံမှာ ဂျပန်စကားပြောတဲ့ ဂျပန်လူမျိုးအများစုသာ ရှိသလို တောင်ကိုရီးယား နိုင်ငံမှာလည်း ကိုရီးယား ဘာသာစကားပြောတဲ့ ကိုရီးယားလူမျိုး အများစုသာ ရှိပါတယ်။ အဲသလို နိုင်ငံတွေကို အင်္ဂလိပ် လိုတော့ Homogeneous society လို့သတ်မှတ်ပါတယ်။ လူမျိုးကွဲဆိုတာ ရှိရင်တောင် အတော့်ကို အရေအတွက် နည်းပါးတယ်။ အဲတာကြောင့် ယေဘုယျအားဖြင့် လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခဆိုတာ မရှိသလောက်ပါဘဲ။ ကျနော်တို့ နိုင်ငံကတော့ ဂျပန်တို့ တောင်ကိုရီးယားတို့နဲ့ မတူပါဘူး။ မြန်မာပြည်ဟာ လူများစုဖြစ်တဲ့ မြန်မာစကားပြောတဲ့ မြန်မာ တိုင်းရင်းသား တမျိုးထဲသာ နေထိုင်တဲ့ တိုင်းပြည်မဟုတ်ပါဖူး။ နယ်မြေဒေသအလိုက် သက်ဆိုင်ရာ မိခင်ဘာသာ စကားများကို ပြောဆိုကြတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းမျိုးကို Heterogenous society လို့သတ်မှတ်ပါတယ်။ တိုင်းရင်းသားလူမျိုးများ ပေါင်းစုနေထိုင်တဲ့ နိုင်ငံမှာ လူမျိုးများအကြား လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်ဖို့လိုပါတယ်။ အဲဒါအတွက် အချင်းချင်းအကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများ အကြားမှာ လူဦးရေနည်းသည်ဖြစ်စေ များသည်ဖြစ်စေ တဦးနဲ့တဦးအကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အပြန်အလှန် လေးစားမှုနဲ့ နားလည်မှုဆိုတာ မရှိမဖြစ် အရင်ဆုံး လိုအပ်တဲ့ အရာများ ဖြစ်ပါတယ်။ အဲသလိုမှ မဟုတ်ဘဲ လူဦးရေများတဲ့ အုပ်စုက လူဦးရေနည်းပါးတဲ့ အုပ်စုတွေကို ဗိုလ်ကျမယ်၊ ဖိနှိပ်မယ်၊ အသာစီး ယူထားမယ်ဆိုရင် ယုံကြည်မှုတရပ်ကို တည်ဆောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဖူး။ ဆိုလိုတာကတော့ လူဦးရေများတဲ့ အုပ်စုက နိုင်ငံတော်ရဲ့ နိုင်ငံရေး ဦးဆောင်မှုမှာလည်း စိုးမိုးထားမယ်၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း တွေကိုလည်း နေရာတိုင်းမှာ ချုပ်ကိုင်ထားမယ်ဆိုရင် အဲသလို လုပ်ရပ်တွေဟာလည်း ဗိုလ်ကျဖိနှိပ်တဲ့ လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။ တခါ လူမျိုးရေး အရလည်း သက်ဆိုင်ရာ တိုင်းရင်းသားအုပ်စုဝင်တွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားတွေကိုလည်း တိမ်မြုတ် ပျောက်ကွယ် မသွားရအောင် လမ်းဖွင့်ပေးဖို့ လိုပါသေးတယ်။ နောက်တချက် ကတော့ လူမျိုးတမျိုးနဲ့တမျိုး အကြားမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်စေမယ့် လုပ်ရပ်တွေကိုလည်း ရှောင်ရှားဖို့ အထူးလိုအပ်ပါတယ်။

အခု လတ်တလော ဖြစ်နေတဲ့ ဖြစ်ရပ်တခုကို မီးမောင်းထိုးပြလိုပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ ကချင်လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ အစိုးရရဲ့ တပ်များအကြား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ကာစမှာ မှတ်မိတဲ့ အဖြစ်အပျက်တခုကို ပြန်ပြောလိုပါတယ်။ အဲတာက ဘာတုန်းဆိုတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားတာနဲ့ တပြိုင်ထဲဆိုသလို ရန်ကုန်မြို့ တဖက်ကမ်း သံလျှင်မှာ နေထိုင်ပြီး ပညာသင်ယူနေတဲ့ ကချင်လူမျိုး ကျောင်းသား ၂ဝ ကျော်ကို ကချင်ပြည်နယ်ကို ပြန်ဖို့ အာဏာပိုင်တွေက မောင်းထုတ်တဲ့ ကိစ္စဟာ အလွန်ပဲ အရုပ်ဆိုး အကျည်းတန်တယ်လို့ ထောက်ပြလိုပါတယ်။ ဒီနေရာမှာ မေးစရာ ဖြစ်လာတာက အကယ်၍ အစိုးရနဲ့ ရှမ်းလူမျိုးတွေ၊ ချင်းလူမျိုးတွေ၊ ရခိုင်လူမျိုးတွေ အကြားမှာ အလားတူ ပြဿနာတွေ ပေါ်လာမယ် ဆိုရင် မြို့ကြီးတွေမှာ နေထိုင်နေတဲ့ တိုင်းရင်းသား လူမျိုးများကို မောင်းထုတ်ဦးမလား ဆိုတာပဲ ဖြစ်ပါတယ်။ အမှန်တကယ် ဖြစ်သင့်တာက နိုင်ငံရေးအရ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို နိုင်ငံရေးအရသာ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ လူမျိုးရေး ပြဿနာဖြစ်မယ့် ကိစ္စတွေကို ရှောင်ရှားဖို့ လိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားတယ် ဆိုတာကလည်း နိုင်ငံရေး မပြေလည်မှုတွေရဲ့ အကြောင်းအရင်းကနေ မြစ်ဖျားခံလေ့ ရှိတာကြောင့်ပါ။

မြန်မာလူမျိုး အများစု နေထိုင်နေတဲ့ မြို့ကြီးပြကြီးတွေမှာ လာရောက်နေထိုင်ကြတဲ့ တိုင်းရင်းသားတွေကို မောင်းထုတ် တယ် ဆိုတာ လူမျိုးရေးပဋိပက္ခကို ဖန်တီးတာနဲ့ အတူတူပဲလို့ ပြောလိုပါတယ်။ ဒါဟာ အုပ်စုအင်အား များတဲ့ လူမျိုးက လူဦးရေအရ အုပ်စုသေးတဲ့ လူမျိုးအပေါ်မှာ ဗိုလ်ကျစိုးမိုးခြင်း ဖြစ်တယ်လို့ ဆိုရမှာဖြစ်သလို နိုင်ငံရေးအရလည်း ဉာဏ်နည်းတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ နောက်တချက်ကတော့ အခုအစိုးရမှာ ဦးဆောင်နေတဲ့ ခေါင်းဆောင် အများစုဟာ လူဦးရေအရ အများစုလို့ သတ်မှတ်နိုင်တဲ့ မြန်မာလူမျိုးတွေ ဖြစ်နေပါတယ်။ ပြောရမယ်ဆိုရင် အခုလက်ရှိ အစိုးရဟာ တိုင်းရင်းသား လူမျိုးတွေနဲ့ အချိုးညီညီ စုပေါင်း ဖွဲ့စည်းထားတဲ့ အစိုးရမဟုတ်ဘဲ မြန်မာအများစုက အုပ်စီး ထားတဲ့ အစိုးရလို့ ဆိုနိုင်ပါတယ်။ အဲသလို အခြေအနေမျိုးမှာ သံလျှင်မှာ ကျောင်းလာတက်နေတဲ့ ကချင်ကျောင်းသား များကို ကချင်ပြည်နယ်ပြန်ဖို့ အတင်းအဓမ္မ ဖိအားပေးတယ်ဆိုတော့ ကချင်အမျိုးသားများဖက်မှာ ခံစားချက်ကောင်းပါ့ မလား။ ကိုယ်ခြင်းစာကြည်ဖို့ လိုပါတယ်။ ဒါဟာ မြင်သာအောင် ဥပမာပေးပြောတာပါ။ နောက်ထပ်လည်း များမြောင်လှတဲ့ ကိစ္စတွေ ရှိပါသေးတယ်။

တဖက်မှာ ပြန်ကြည့်ရင်လည်း မြန်မာလူမျိုး အများစုပါဝင်နေတဲ့ အစိုးရဟာ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ ကိုလိုနီ အရှင်သခင် ပုံစံမျိုးနဲ့ ဆက်ဆံနေတာလား ဆိုတာကလည်း မေးစရာဖြစ်လာပါတယ်။ လူဦးရေအရများတဲ့ အုပ်စုက လူဦးရေအရ နည်းပါးတဲ့ အုပ်စုတွေကို လက်အောက်ခံတွေလို သဘောထားပြီး အုပ်ချုပ်နေတာဟာ ကနေ့လိုခေတ်ကြီးမှာ မဖြစ်သင့်တော့ဘူးလို့ ဆိုချင်ပါတယ်။ တကယ်လို့များ ဒီဒေသအတွင်း တနေ့နေ့တချိန်ချိန်မှာ ကျနော်တို့ရဲ့ အိမ်နီးချင်း တိုင်းပြည်ဖြစ်တဲ့ တရုပ်နိုင်ငံက သူတို့လူဦးရေအရ၊ အင်အားအရ မြန်မာပြည်ကို သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ တရုတ်ရဲ့ လက်အောက်ခံလို သဘောထားပြီး ဆက်ဆံလာမယ်ဆိုရင် မြန်မာအမျိုးသားတို့ ဘယ်လို ခံစားရမလဲ ဆိုတာကိုလည်း သတိပြုဖို့ လိုပါတယ်။ ဆိုလိုတာက ကိုယ်ချင်းစာတတ်ဖို့ လိုကြောင်း ထောက်ပြလိုရင်း ဖြစ်ပါတယ်။

နောက်တချက်ကတော့ ဘာသာရေး ပဋိပက္ခဖြစ်အောင် မီးမွှေးတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ တနှစ်ကျော်က အစပြုခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်းက ပြဿနာဟာ နောက်ဆုံးလမ်းဆိုက်တော့ မွတ်စလင် ဆန့်ကျင်ရေး နှိပ်ကွပ်ရေးဖြစ်လာခဲ့ ပါတယ်။ မြန်မာပြည် အတွင်းမှာ မြန်မာနိုင်ငံသား အများစုဟာ ဗုဒ္ဓြွဘာသာဝင်တွေ ဖြစ်တာကြောင့် ဘာသာရေး ပဋိပက္ခဖြစ်လာလို့ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်တာတွေ ဖြစ်လာခဲ့ရင် ဗုဒ္ဓဘာသာဝင်တွေ အနိုင်ရ အသာစီးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသလိုသာ ဖြစ်လာခဲ့ရင် ဒီပြဿနာဟာ မြန်မာပြည်တခုထဲမှာပဲ ပြီးသွားမှာ မဟုတ်ပါ။ ကျန်တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဆန့်ကျင်ရှုတ်ချမှုကို ခံရလိမ့်မယ် ဆိုတာကိုလည်း သတိချပ်ဖို့လိုပါတယ်။ ရှေးတရုတ် စစ်သေနင်္ဂ ဗျူဟာ ပညာရှင် ဆွန်ဇူးရဲ့ အဆိုအမိန့် တခုကို ဒီနေရာမှ တင်ပြလိုပါတယ်။ သူထောက်ပြတာက ဒီလိုပါ။ အကြမ်းဖက် စစ်တိုက်တယ်ဆိုတာ အောင်ပွဲကို မြန်မြန်ဆန်ဆန် ရယူလိုတာကြောင့် ဖြစ်တယ်။ ဒါပေမယ့် အကြမ်းဖက်စစ်တိုက်တဲ့ လုပ်ရပ်ဟာ ရေရှည်ဖြစ်နေတယ်ဆိုရင် တိုင်းပြည် တပြည်အတွက် အမြတ်မထွက်ဘဲ အရှုံးတွေကိုသာ သယ်ဆောင် လာတယ်လို့ ဆိုထားခြင်းပါပဲ။

မြန်မာနိုင်ငံဟာ တရုတ်လို၊ အိန္ဒိယလို လူဦးရေအရ သန်းပေါင်း တထောင်ကျော်တဲ့ နိုင်ငံနှစ်ခုအကြားမှာ တည်ရှိတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ ဘင်္ဂလားဒက်ရှ် နိုင်ငံဟာလည်း နိုင်ငံသေးပေမယ့် လူဦးရေအရ မြန်မာနိုင်ငံထက် သုံးဆကျော် လူဦးရေများတဲ့ တိုင်းပြည်ဖြစ်တယ် ဆိုတာကိုလည်း တပြိုင်ထဲမှာ မေ့မထားသင့်ပါ။ မြန်မာနိုင်ငံဟာ သေးငယ်တဲ့အပြင် မတူကွဲပြားတဲ့ လူမျိုးအုပ်စုဝင်များ မီတင်းနေထိုင်တဲ့ တိုင်းပြည် ဖြစ်တာကြောင့် ကိုယ့်အချင်းချင်းကြားမှာမှ စည်းစည်း လုံးလုံး မရှိဘူးဆိုရင် ရှေ့ရေးရင်လေးစရာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ စစ်စစ်မှန်မှန် ဖွံ့ဖြိုးတိုးတက် လိုတယ်ဆိုရင် အချင်းချင်းအကြားမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဉာဏ်ရှိရှိ အသိရှိရှိနဲ့ ရှောင်ရှားဖို့ လိုအပ်လှပါကြောင်း။

ဇော်မင်း
၁၁ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.