ရွက်မွန်စာမျက်နှာ

Saturday, November 23, 2013

ဖွံ့ဖြိုးရေးနဲ့ ကျောက်မီးသွေး

မြန်မာပြည်မှာ လျှပ်စစ်စွမ်းအင် ထုတ်ဖို့အတွက် ကျောက်မီးသွေးအသုံးပြု စွမ်းအင်စက်ရုံတွေ ထပ်ဆောက်မယ်လို့ သတင်းတွေ ကြားရတော့ အတော်လေး ရင်လေးမိပါတယ်။ ကျောက်မီးသွေးကို လောင်ကျွမ်းစေပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီး လူတွေရဲ့ ကျန်းမာရေးကိုလည်း အကြီးအကျယ် ထိခိုက် စေတာမို့ ကနေ့ခေတ်မှာ နိုင်ငံအတော်များများ မလုပ်လိုတဲ့ ကိစ္စဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားတွေ လိုအပ်သလောက် ရလာရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာပေါ့လို့ ဆိုနိုင်ပေမယ့် နောက်ဆက်တွဲ အပျက်သဘောကြီးမားတဲ့ လုပ်ရပ်မျိုးတွေကို ရှောင်ရှားဖို့ လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရင်းလုပ်ရင်း နောင်မှာပြန်ပေးရမယ့် ဆိုးကျိုးက များလွန်းနေတယ် ဆိုရင် လုံးဝမလုပ်သင့်ဘူးလို့ ပြောလိုပါတယ်။

ကျိုင်းတုံ တာချီလိတ်နယ်မှာ ဆောက်ထားတဲ့ ကျောက်မီးသွေးအသုံးပြု လျှပ်စစ်စွမ်းအားထုတ် စက်ရုံက ထွက်လာတဲ့ မီးခိုးတွေနဲ့ ကျောက်မီးသွေးပြာမှုံတွေရဲ့ ဆိုးကျိုးကို အခုဆိုရင် ဒေသခံရှမ်းလူမျိုးတွေ ခံစားနေရပါတယ်။ တခါတရံ လေသင့်ရင် ထိုင်းနိုင်ငံ ဖက်ကိုပါ အဲဒီကျောက်မီးသွေးပြာမှုံတွေ မီးခိုးတွေ ရောက်လာတတ်တာမို့ မယ်ဆိုင်ဒေသတဝိုက်က ထိုင်းနိုင်ငံသား တွေဆီက ကန့်ကွက်သံ ဝေဖန်သံတွေလည်း ကြားရပါသေးတယ်။ အထူးသဖြင့် ဒေသခံရှမ်းတောင်သူတွေ လက်ရှိရင်ဆိုင် နေရတာကတော့ ကျောက်မီးသွေးပြာမှုံတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်လာပါတယ်။ စိုက်ပျိုး ရေး ထိခိုက်လာတယ် ဆိုတာ ဝင်ငွေကို လျှော့ပါးလာစေတယ်ဆိုတဲ့ အညွှန်းကိန်းလို့ ဆိုနိုင်ပါတယ်။

အရင်ကလည်း တင်ပြခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံက မဲ့တဖွတ်လို့ ခေါ်တဲ့ အကြီးစားစက်မှုဇုံ ဒေသအတွင်းမှာ စက်ရုံကြီးတွေ လည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ကျောက်မီးသွေးအသုံးပြု စွမ်းအင်စက်ရုံကနေ ထုတ်ပါတယ်။ ကျောက်မီး သွေး ပြာမှုံတွေ မီးခိုးတွေကြောင့် ရေရှည်မှာ ဘာဖြစ်လာသလဲဆိုတော့ အဲဒီ ဧရိယာတဝိုက်က စိုက်ပျိုးရေးလုပ်ငန်း ကျဆင်းလာခြင်းပဲ ဖြစ်ပါတယ်။ နောက်တချက်က ရွာသူရွာသားတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ ဒေသခံ ထိုင်းလယ်သမားတွေက ဒီကိစ္စကို အကြီးအကျယ် ကန့်ကွက်တော့ စက်ရုံပိုင်ရှင် ကုမ္ပဏီက ကျောက်မီးသွေး ပြာမှုံကို စစ်ယူတဲ့ ကိရိယာတမျိုး စက်ရုံခေါင်းတိုင်တွေမှာ တပ်ဆင်လိုက်ပါတယ်။ စက်ရုံကနေ မီးခိုးတွေနဲ့ ကျောက်မီးသွေးပြာမှုံ ထွက်တာကို လူတွေ မမြင်ရတော့ပါဘူး။ ဒါကြောင့် အဲဒီဧရိယာအတွင်းမှာ လေတွေသန့်သွားပြီ စိုက်ပျိုးထားတဲ့ အပင်တွေ ပေါ်ကို ပြာမှုံ ကျတာတွေလည်း ရပ်သွားပြီလို့ ပထမတော့ လူတွေကထင်ပါတယ်။ လက်တွေ့မှာတော့ မဟုတ်ပြန်ပါဘူး။

ဘယ်လိုဖြစ်သတုန်းဆိုတော့ အဲဒီဒေသခံ လယ်သမားတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ ကျဆင်းမြဲ ကျဆင်းနေပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ တိုင်းထွာတွက်ချက်ပြမှ ဒေသခံတွေလည်း သဘောပေါက်ပါတယ်။ ကျောက်မီးသွေး ပြာမှုံနဲ့ မီးခိုးတွေကို စစ်ထုတ်တဲ့ ကိရိယာတွေ တပ်ထားပေမယ့် ပြာမှုံတွေဟာ လေထုထဲကို လွင့်ထွက်နေတုန်းပါ။ အရင်ကလို လူသာမန်မျက်စေ့နဲ့ မမြင်ရတဲ့အတွက် လေထုရော မြေထုပါသန့်သွားတယ်လို့ ထင်ခဲ့တာကိုး။ ကျောက်မီး သွေး ပြာမှုံတွေဟာ စပါးပင်၊ သရက်ပင်၊ အုန်းပင်၊ ဟင်းသီးဟင်းရွက်ပင် စတာတွေရဲ့ အရွက်တွေပေါ်မှာ တင်လာတာ ကြောင့် အပင်တွေ အောက်ဆီဂျင် ပြတ်လတ်လာသလို ကျောက်မီးသွေးပြာမှုံက ထွက်တဲ့ အခြားသော ဓာတုဓာတ်တွေ သင့်တာကြောင့် စိုက်ပျိုးရေး လုပ်ငန်းဟာ ဆုတ်ယုတ်ပြီး ဝင်ငွေကျဆင်းလာတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဆက်ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရက အဲဒီ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကို ဆက်လည်ပတ်ဖို့ ခွင့်ပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ မဲ့တဖွတ် အကြီးစားစက်မှုဇုံမှာ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကျတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေဟာ အလွန်အင်မတန် ချမ်းသာကြွယ်ဝတဲ့ အဖွဲ့အစည်းကြီးတွေ ဖြစ်တာကြောင့် ပါပဲ။ နောက်တချက် ကတော့ ငွေကြေးချမ်းသာတဲ့ ထိုင်းနိုင်ငံရေးသမား တချို့ကလည်း အဲဒီ စက်မှုဇုံအတွင်းမှာ တခု မဟုတ်တခု ရှယ်ယာ ပါထားတာကလည်း တကြောင်းလို့ ဆိုရမှာပါ။

အခုမြန်မာနိုင်ငံမှာ ထပ်ဆောက်မယ်ဆိုတဲ့ ကျောက်မီးသွေးအသုံးပြု လျှပ်စစ်စွမ်းအင်ထုတ် စက်ရုံတွေဟာ နိုင်ငံသားတွေ သုံးစွဲဖို့ ဆိုတာထက် စက်မှုဇုံတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်မယ်ဆိုတာကို ထွက်လာတဲ့ သတင်းတွေအရ ခန့်မှန်းလို့ ရပါတယ်။ စက်မှုဇုံလို့ ဆိုကထဲက နိုင်ငံခြားရင်းနှီးမြုတ်နှံမှုဆိုတာ လူတိုင်းနားလည်ပါတယ်။ တာဝန်သိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါတယ်လို့ ပြောလို့တောင် မဆုံးသေးဖူး နောက်ဆက်တွဲ ပြဿနာသောင်း ခြောက်ထောင် ရင်ဆိုင်ရမယ့် ကိစ္စတွေကို လက်ရပ်ခေါ်နေတာမျိုး ဖြစ်နေပြန်ပါတယ်။ နောင်မှာ အဲဒီ ကျောက်မီးသွေး အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်တဲ့ စက်ရုံတွေကြောင့် နိုင်ငံသားတွေ ကျန်းမာရေးအရလည်း နစ်နာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း ထိခိုက်ပါလိမ့်မယ်။ သို့သော် ရင်းနှီးမြုတ်နှံသူ ကုမ္ပဏီတွေကတော့ အချိန်တန်ရင် ငွေထုတ်ပိုက်ပြီး သူတို့နိုင်ငံသူတို့ ပြန်ကြမှာပါ။

တရုတ်ပြည်မှာ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကြောင့် အခုအထိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လည်ပတ် နေပါသေးတယ်။ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပေမယ့် ဆိုးကျိုးအနေနဲ့ လေထုညစ်ညမ်းတာက ကြောက်ခမန်းလိလိပါ။ လေသင့်တဲ့ အချိန်မျိုး လူတွေ လမ်းပေါ်ထွက်ရင် ဆေးရုံ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေ ဝတ်ပြီး သွားရလာရ တာမျိုးအထိ ဖြစ်နေပါတယ်။ ၂ဝဝ၈ တရုတ်အိုလံပစ် တုန်းက နိုင်ငံတကာ ပရိတ်သတ်လာမှာဆိုတော့ လေထုသန့်ရှင်းနေအောင် ပီကင်းမြို့တော်နား တဝိုက်က ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တချို့ကို ယာယီပိတ်ခဲ့ရပါသေးတယ်။ ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေး ထိခိုက်တာကို တရုတ်အစိုးရ အနေနဲ့ နားလည် သဘောပေါက် တာကြောင့် ၂ဝ၂ဝ ခုနှစ် နောက်ပိုင်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ အားလုံး ကို အပြီးတိုင် ရပ်ဆိုင်းမယ်လို့ ရည်မှန်းထားတယ်လို့ ကြားရပါတယ်။

အနောက်နိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံဟာ စက်မှုတော်လှန်ရေး အစောဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံပါ။ ဒါကြောင့် ကျောက်မီးသွေးနဲ့ မကင်းခဲ့ပါဘူး။ ကျောက်မီးသွေး အသုံးပြု လျှပ်စစ်စွမ်းအင်ထုတ်တဲ့ စက်ရုံတွေ လက်ညိုးထိုး မလွဲတဲ့ နိုင်ငံမျိုး ဖြစ်ခဲ့ပါတယ်။ စစ်ကြိုခေတ် စစ်ပြီးခေတ် လန်ဒန်မြို့ကြီးဟာ နေ့နေ့ညည ကျောက်မီးသွေး မီးခိုးတွေနဲ့ အုံ့မှိုင်းနေခဲ့ပါတယ်။ ၁၉၅ဝ ခုနှစ်များမှာတော့ ကမ်းလွန်ပင်လယ်ပြင်ကနေ သဘာဝဓာတ်ငွေ့သိုက်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲသလို တွေ့အပြီး အင်္ဂလိပ်အစိုးရဟာ လျှပ်စစ်စွမ်းအင်ကို သဘာဝဓာတ်ငွေ့ကနေ ထုတ်လုပ်ခဲ့တာ အခုအထိ ဖြစ်ပါတယ်။ ညူကလီးယားကနေ လျှပ်စစ်စွမ်းအင် ထုတ်တဲ့ စက်ရုံများလည်း ရှိပါသေးတယ်။ ကျောက်မီးသွေးကို လောင်ကျွမ်းရာ ကနေ လျှပ်စစ်ဓာတ် ထုတ်ယူတာဟာ သဘာဝဓာတ်ငွေ့ကနေ တဆင့် ထုတ်ယူတာထက် ဈေးချိုပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာနဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ် စွမ်းအင် ထုတ်ယူတာကိုပဲ ဦးစားပေးခဲ့တာပါ။ စကားစပ်မိလို့ ပြောရရင် လန်ဒန်မြို့တော်က အခုလက်ရှိ နာမည်ကြီး အနုပညာပြခန်းကြီး (ဂယ်လာရီကြီး) တခုကတော့ တိတ်မော်ဒန်လို့ ခေါ်ပါတယ်။ အဲဒီမှာ ပန်းချီ၊ ပန်းပု အနုပညာ လက်ရာ မျိုးစုံကို သွားရောက် ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီ တိတ်မော်ဒန် အဆောက်အဦကြီးဟာ တချိန်တုန်းက ကျောက်မီးသွေး အသုံးပြု လျှပ်စစ်စွမ်းအင် ထုတ်တဲ့ စက်ရုံကြီးဖြစ်ပါတယ်။

သူများနိုင်ငံတွေမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေရဲ့ ဆိုးကျိုးကို သိတာကြောင့် ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံတွေဟာ ဈေးချိုမှန်းသိပေမယ့် ပိတ်ပြစ်ခဲ့ကြပါတယ်။ တချို့နိုင်ငံတွေကတော့ တဖြည်းဖြည်းနဲ့ ပိတ်ဖို့ ကြိုးစားနေပါတယ်။ ဒီလို အချိန်မျိုးမှာ မြန်မာနိုင်ငံက ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်ထုတ် စက်ရုံတွေ ထပ်ဆောက်ဦးမယ်ဆိုတော့ စဉ်းစားလိုက်ရင် အတော် ကြောချမ်းဖို့ ကောင်းပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လာ ရင် စဉ်းစဉ်းစားစား ဆောင်ရွက်ဖို့ လိုပါတယ်။ ဖွံ့ဖြိုးဖို့တော့ လုပ်တာပဲ ဒါပေမယ့် ရေရှည်မှာ နိုင်ငံသားတွေ နစ်နာတယ် ဆိုရင် ဒီလို ဖွံ့ဖြိုးမှုလုပ်ငန်းဟာ မလုပ်သင့်ဖူးလို့ ပြောခြင်ပါတယ်။ သူများနိုင်ငံတွေက ဖြစ်ခဲ့တဲ့ ဒါမှမဟုတ် ဖြစ်နေဆဲ ကိစ္စတွေကို သင်ခန်းစာယူ လေ့လာဖို့ လိုအပ်တယ် လို့လည်း ထောက်ပြလိုပါတယ်။

ကျနော်တို့ နိုင်ငံမှာ အခုလက်ရှိ သဘာဝဓာတ်ငွေ့တွေ ထွက်နေပါတယ်။ တနင်္သာရီကမ်းလွန်မှာလည်း ထွက်နေတယ်၊ ရခိုင်ကမ်းလွန်မှာလည်း ထွက်နေတယ်။ နိုင်ငံသားတွေ အနေနဲ့ သဘာဝဓာတ်ငွေ့ကို ချက်ပြုတ်တဲ့ နေရာမှာလည်း ဈေးချိုချိုနဲ့ သုံးစွဲခွင့်မရဖူး။ သဘာဝဓာတ်ငွေ့ကနေတဆင့် ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်အနေနဲ့လည်း လုံလုံ လောက်လောက် သုံးစွဲခွင့်မရပြန်ပါဖူး။ လျှပ်စစ်ဓာတ်အား ဈေးချိုချိုနဲ့ မသုံးစွဲနိုင်တဲ့ နိုင်ငံတခုဟာ စက်မှုလက်မှု တိုးတက် ဖွံ့ဖြိုးလာစရာ အကြောင်း မရှိပါဖူး။ တချိန်ထဲမှာလည်း ဈေးချိုပေမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေဟာ လည်း ရေရှည်အတွက် အန္တရာယ် ရှိနေတယ်ဆိုတာကိုလည်း သတိထားဖို့ လိုပါတယ်။

ကိုယ့်မှာရှိထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ အဲဒီကတဆင့် ရလာမယ့် လျှပ်စစ်စွမ်းအင်ကို ကိုယ့်နိုင်ငံသားတွေ သုံးပါစေ။ ရေရှည်မှာ ကုန်ထုတ် စွမ်းအားမြင့်တက် လာတာကို တွေ့ရပါလိမ့်မယ်။ အဲတာရဲ့ အကျိုးဆက်အဖြစ် နိုင်ငံသား တဦးချင်း စီရဲ့ ဝင်ငွေလည်း တဖြည်းဖြည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ သမ္မတကြီးတို့ ပြောပြောနေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိုလည်း တဖက်မှာ အကောင် အထည်ဖေါ်ရာ ရောက်ပါတယ်။ တိုတိုနဲ့လိုရင်း ဘိုလိုညှပ်ပြောရရင် နိုးလျှပ်စစ် နိုးဖွံ့ဖြိုးရေး ပါပဲ။ ဒါပေမယ့် ကျောက်မီးသွေး အန္တရာယ်ကိုတော့ သတိထားဖို့ ထပ်လောင်းပြောလိုပါကြောင်း။

ဇော်မင်း
၁၈ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.