ရွက်မွန်စာမျက်နှာ

Thursday, December 12, 2013

အခွန်စနစ်နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

ဒီ မိုကရေစီ နိုင်ငံရေးစနစ်အောက်မှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတဲ့ တိုင်းပြည်တပြည် တိုးတက်ဖွံ့ဖြိုးလာဖို့ ဆိုတဲ့ နေရာမှာ ကြီးသည်ငယ်သည်မဟူ အမျိုးမျိုး အထွေထွေသော စီးပွားရေးလုပ်ငန်းရှင်တွေဟာ တိုင်းပြည်ကို အခွန်ဆောင်ဖို့ လိုပါတယ်။ အလားတူဆိုသလို အလုပ်လက်မဲ့တွေကလွဲလို့ အလုပ်လုပ်နေတဲ့ နိုင်ငံသားတိုင်းဟာလည်း အခွန်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အများစုဖြစ်တဲ့ သာမန်နိုင်ငံသား တဦးချင်းစီရဲ့ ဝင်ငွေဟာ အိမ်နီးချင်းနိုင်ငံများက လူတွေနဲ့ နိုင်းစာလိုက်ရင် အလွန်နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ အဲတာကြောင့် သာမန်လူတွေအတွက် အလုပ်ရှိတယ် ဆိုရင် တောင် ထမင်းနပ်မှန်အောင် ရုန်းနေရတာမို့ အခွန်ဆောင်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါဘူး။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ တဖက်မှာလည်း တိုင်းသူပြည်သားတွေ ဝင်ငွေနိမ့်ပါးနေချိန်မှာ အကြောင်းကြောင်းကြောင့် ချမ်းသာ လာသူများကော နိုင်ငံတော်ကို သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း မှန်မှန်ကန်ကန် အခွန်ပေးဆောင်ရဲ့လား ဆိုတာ စိစစ်ဖို့လိုပါတယ်။

ပြောရမယ်ဆိုရင် အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေဟာ စီးပွားရေးလုပ်ငန်း အောင်မြင်လာတာနဲ့အမျှ သတ်မှတ် ထားတဲ့ ဥပဒေများနဲ့အညီ နိုင်ငံတော်ကို အခွန်မှန်မှန် ပေးဆောင်ဖို့ လိုပါတယ်။ အဲသလို ပေးဆောင်တဲ့ အခွန်တော် ငွေများကို အစိုးရက လူထုအတွက် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ လုပ်ငန်းတွေအတွက် ပြန်လည် သုံးစွဲရပါတယ်။ အကယ်၍ စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ နိုင်ငံတော်ကို အခွန်တော်ငွေ မှန်မှန်ကန်ကန် မပေးဆောင်ဘဲ ပျက်ကွက်နေတယ် ဆိုရင်တော့ နိုင်ငံရဲ့ဘဏ္ဍာတိုက်ထဲမှာ ဝင်ငွေနည်းပါးနေမှာ ဖြစ်တဲ့အတွက် နိုင်ငံသား တွေ လိုအပ်တဲ့ အခြေခံ ကိစ္စရပ်များကို ဆောင်ရွက်ဖို့ ဆိုတာကလည်း ခက်ခဲနေမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်လို့ ဆိုတဲ့နေရာမှာ လူပုဂ္ဂိုလ်တဦးချင်းစီကို ရည်ညွှန်းသလို လူတဦးချင်း ပိုင်ဆိုင်တာမျိုးမဟုတ်ဘဲ ဦးပိုင်လို စုဖွဲ့ထားတဲ့ အဖွဲ့များလည်း အကြုံးဝင်ပါတယ်။ အဲသလိုဆိုတော့ မေးရမှာက ဦးပိုင်ကကော နိုင်ငံတော်ကို အခွန် မှန်မှန်ကန်ကန် ဆောင်သလား ဆိုတာပါ။

တသီးပုဂ္ဂလအနေနဲ့ ထောက်ပြရမယ်ဆိုရင် အခုမြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်များအကြား သန်းကြွယ်သူဌေးတွေ တဖြည်းဖြည်းနဲ့ များပြားလာနေတယ်လို့ လေ့လာသူများက ဆိုပါတယ်။ ဒီထက် ပိုပြီး ထောက်ပြရမယ်ဆိုရင် သန်းကြွယ် သူဌေး အဆင့်ထက် ပိုမိုချမ်းသာတဲ့ ကုဋေကြွယ် သူဌေး တချို့တောင် မြန်မာပြည်မှာ ရှိလာနေပြီလို့ သိရပါတယ်။ သူတို့ ချမ်းသာတဲ့နှုန်းကို တွက်ချက်တဲ့ နေရာမှာ အမေရိကန် ဒေါ်လာနဲ့ တွက်ချက်ပြီး ပြောတာဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ ချမ်းသာတဲ့ သန်းကြွယ်သူဌေး မျိုးကို ဆိုလိုတာမဟုတ်ပါဖူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်သုံးဆယ် ကာလတုန်းက မြန်မာ ပြည်မှာ မြန်မာကျပ်ငွေ သိန်းငါးဆယ်၊ သိန်းတရာ ချမ်းသာတယ်ဆိုရင် တော်တော်ကြီး ချမ်းသာတယ်လို့ ပြောစမှတ်ပြုခဲ့ ကြပါတယ်။ နယ်မြို့လေးတွေက ဆယ်သိန်း၊ ဆယ့်ငါးသိန်းလောက် ချမ်းသာတဲ့ သူတွေဆိုရင် သူတို့နယ်တွေမှာ တကယ့် သူဌေး ပဂေးကြီးတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် အခုကာလမှာတော့ ချမ်းသာကြွယ်ဝမှုကို မြန်မာကျပ်ငွေနဲ့ မတိုင်းတာတော့ဘဲ အမေရိကန်ဒေါ်လာနဲ့သာ တိုင်းတာကြပါတယ်။

ကနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းရှင်များအပေါ် အခွန်ငွေကို ဘယ်လိုကောက်ခံသလဲ၊ သူတို့အနေနဲ့ ဘယ်လိုနှုန်းထားနဲ့ ပေးဆောင်နေသလဲ ဆိုတာကို နိုင်ငံသားအများစုကြီး အနေနဲ့ ရှင်းရှင်းလင်းလင်း သိခွင့်မရသေးပါဖူး။ မြန်မာနိုင်ငံက အချမ်းသာဆုံးလို့ နာမည်ကြီးနေတဲ့ စီးပွားရေးသမားကြီး တဦးရဲ့ နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ သူရဲ့နှစ်စဉ် ဝင်ငွေထဲက ဘယ်လောက် ရာခိုင်နှုန်းကို နိုင်ငံတော်ကို အခွန်တော်ငွေအဖြစ် ပေးဆောင်သလဲ ဆိုတာကတော့ ဘယ်သူမှ မသိကြပါဖူး။ ပေးဆောင်တယ် ဆိုရင်လဲ ဘယ်လောက် ရာခိုင်နှုန်းကို ပေးဆောင်တယ်ဆိုတာ လူသိခံရဲရမှာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေဟာ သူတို့ရဲ့ ဓနကြွယ်ဝမှု၊ ပိုင်ဆိုင်မှု အစုစု ဘယ်လောက် ရှိတယ်ဆိုတာကို နိုင်ငံတော်မှာ တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာပြောကြား ထားဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ငွေသား၊ ရွှေငွေရတနာ၊ မရွှေမပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ၊ လုပ်ငန်းလည်ပတ်နေတဲ့ စိုက်ထုတ်တားတဲ့ အရင်းအနှီးနဲ့ စီးပွားရေးလုပ်ငန်းက ရရှိတဲ့ဝင်ငွေ အစရှိတာတွေ ဖြစ်ပါတယ်။ မိမိရဲ့ ပိုင်ဆိုင်ချမ်းသာ ကြွယ်ဝမှုကို လူသိမခံရဲဖူးဆိုရင် ရာဇဝတ်မှု မကင်းတဲ့ တရားမဝင်လုပ်ငန်းတွေကနေ ချမ်းသာလာတာမို့ လူသိမခံရဲတာ လား (သို့မဟုတ်) လက်ရှိလုပ်ငန်းကနေ ဥပေဒကို လက်တလုံးခြား လုပ်ပြီး ချမ်းသာလာတာမို့ လူသိမခံရဲတာလား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ မြန်မာပြည်က သန်းကြွယ်သူဌေးတွေ အနေနဲ့ ဘာကြောင့် ဘယ်လိုလုပ်ငန်းတွေကြောင့် သန်းကြွယ်သူဌေး ဖြစ်လာတယ်၊ နိုင်ငံတော်ကို အခွန်တော်ငွေ ဘယ်လောက်ပေးသွင်း နေတယ်ဆိုတာကို တရားဝင် ကြေညာပြောကြားတာမျိုး အခုထိ မကြားဖူးသေးပါ။

ကောင်းပါပြီ။ မြန်မာစီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးတွေ နိုင်ငံတော်ကို အခွန်မှန်မှန်ကန်ကန် မပေးဆောင်ဘူး ဆိုရင် အရေးယူ ခံရတာမျိုးကော ရှိသလားဆိုတာ လေ့လာကြည့်လိုက်တော့ အဲသလို အခွန်ငွေကို လိမ်လည်ပြီး လျှော့ပေးလို့ ဒါမှမဟုတ် အခွန်ရှောင်လို့ အရေးယူခံရတဲ့ သန်းကြွယ်သူဌေးဆိုတာ တဦးမှ မရှိသေးတာကိုလည်း တွေ့ရ ပါတယ်။ ဒီလိုဆိုရင် မြန်မာသန်းကြွယ်သူဌေးတွေ အားလုံးဟာ နိုင်ငံတော်ကို အခွန်မှန်မှန်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေလို့ ဆိုနိုင်ပါသလား။ တကယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးက သတ်မှတ်ထားတဲ့အတိုင်း အခွန်မှန်မှန် ဆောင်တယ်ဆိုရင် နိုင်ငံတော်ဟာ လက်ခံရရှိတဲ့ အခွန်တော် ငွေတွေကို ဘယ်နေရာ သုံးစွဲသလဲဆိုတာကလည်း ထပ်ပြီး မေးစရာ ဖြစ်လာပါတယ်။ အထူးသဖြင့် အစိုးရဟာ အခွန်ငွေတွေကို နိုင်ငံသားတွေအတွက် အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ သုံးစွဲသလား မသုံးစွဲဖူးလားဆိုတာ လူထုကို ပွင့်ပွင့်လင်းလင်း တင်ပြရမှာ ဖြစ်ပါတယ်။

နိုင်ငံသားတွေ အနေနဲ့ ဘာမှ ရှင်းရှင်းလင်းလင်း ထင်သာမြင်သာ မသိရဘူး သိခွင့်မရဘူးဆိုရင် အစိုးရအာဏာပိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပေါင်းပြီး ပုလင်းတူ ဗူးဆို့ ပေါင်းစားနေတယ်လို့ စွပ်စွဲရတော့မှာပါ။ ဒီမိုကရေစီကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်တိုင်းမှာ အခွန်ရှောင်တယ်၊ အခွန်ကို လိမ်လည်ပြီး လျှော့ဆောင် တယ် ဆိုတာ ဥပဒေကို ချိုးဖောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ရာဇဝတ်မှုမြောက် ပါတယ်။ အဲတာအတွက် ကြီးလေးတဲ့ နှစ်ရှည် ထောင်ဒဏ်မျိုးအထိ အပြစ်ပေးခံရလေ့ ရှိသလို ပိုင်ဆိုင်မှု တွေကိုလည်း နိုင်ငံတော်က သိမ်းယူခွင့် ရှိပါတယ်။

အခုမြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ တချိန်တုန်းက အာဏာရှင် စစ်ဗိုလ်ချုပ်များနဲ့ အလွမ်းသင့်သူတွေ ဖြစ်သလို စီးပွားဖက်တွေလည်း ဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုးဆုံးကတော့ စစ်ဗိုလ်ချုပ်များရဲ့ မိသားစုဝင်တွေ ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းရှင်ကြီး တွေဖြစ်နေခြင်းပါပဲ။ ဒါကြောင့် သူတို့ကို ဘယ်သူကမှ မထိရဲ မတို့ရဲတော့ပါ။ ထိုသူတွေဟာ နိုင်ငံတော်ကို မှန်မှန်ပေးသွင်းရမယ့် အခွန်တော်ငွေတွေကို ကိုယ်ကျိုးကြည့်ပြီး တဖက်လှည့်နဲ့ မပေးသွင်းဘဲ ပျက်ကွက် နေကြတယ်လို့ဆိုရင် လွန်မယ်မထင်ပါဘူး။ အခု မြန်မာနိုင်ငံမှာ လူထုရဲ့ ပညာရေး ကျန်းမာရေးဟာ ရုပ်ပျက် ဆင်းပျက် နိမ့်ကျနေပါတယ်။ ဒါတွေကို ပြန်လည်မြှင့်တင်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေနဲ့ သူတို့ရဲ့ နှစ်စဉ် ဝင်ငွေဟာ ဘယ်လောက်ရှိတယ်၊ ဓနကြွယ်ဝမှုအစုစု ဘယ်လောက်ရှိတယ် ဆိုတာ တရားဝင်ကြေညာဖို့ လိုပါတယ်။ ရှေ့အရင်နှစ်များက အခွန်တော်ငွေ မှန်မှန်မပေးဆောင်ခဲ့ဖူးဆိုရင် ပျက်ကွက်ခဲ့တဲ့ နှစ်များအလိုက် ပြန်လည်ပေးဆောင်ဖို့ လိုပါတယ်။ အခွန်တော်ငွေ ပေးဆောင်ခဲ့တယ် ဆိုပေမယ့် အာဏာပိုင်တချို့နဲ့ ပေါင်းပြီး မဖြစ်စလောက် ငွေကြေး ပမာဏ ကို အခွန်တော်ငွေ သဘောမျိုး ပေးဆောင်ခဲ့တယ် ဆိုရင်လည်း ဒါမျိုးတွေကို ပြန်ပြီး ဖော်ထုတ် အရေးယူဖို့လိုပါတယ်။

ဒီမိုကရေစီတိုင်းပြည်တွေက သာမန်ပြည်သူတွေ အပေါ်မှာ အခွန်ကောက်ခံတာနဲ့ ပတ်သက်လို့ ယေဘုယျအားဖြင့် တင်ပြ လိုပါတယ်။ နားလည်လွယ်အောင် အကြမ်းဖျဉ်းသဘော ပြောပါ့မယ်။ သာမန်လူတဦးရဲ့ ဝင်ငွေဟာ တနှစ်မှာ ဒေါ်လာ တသောင်း ဆိုပါစို့။ ဒေါ်လာလေးထောင်ကို ကင်းလွတ်ခွင့်ပေးပြီး ကျန်တဲ့ ဒေါ်လာခြောက်ထောင် အပေါ်မှာ နှစ်ဆယ် ရာခိုင်နှုန်းနဲ့ ဒေါ်လာ တထောင့်နှစ်ရာကို အခွန်ငွေအဖြစ် ကောက်ခံပါတယ်။ ဒါကြောင့် လူတဦးရဲ့ အခွန်ပေးပြီး တနှစ်လုံးစာဝင်ငွေဟာ ဒေါ်လာရှစ်ထောင်နဲ့ရှစ်ရာ ဖြစ်ပါတယ်။ ကျန်းမာရေးအာမခံနဲ့ သက်ကြီးစုငွေကိစ္စတွေအတွက် နောက်ထပ် စုစုပေါင်း ဒေါ်လာ တထောင့်ငါးရာလောက် ထပ်ပေးရသေးတော့ တကယ်တန်း တနှစ်လုံးစာ အသားတင် ဝင်ငွေဟာ ခွန်နှစ်ထောင့်သုံးရာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရဝန်ထမ်း ဟုတ်ဟုတ်မဟုတ်ဟုတ် အသက်ကြီးလို့ အလုပ်က အနားယူတဲ့အချိန်မှာ သက်ကြီးစုငွေကို အစိုးရကပြန်ပေးပါတယ်။ တနှစ်လုံးဝင်ငွေ ဒေါ်လာ တသောင်းအောက် ဝင်သူများကိုတော့ ဝင်ငွေ နည်းပါးသူလို့ သတ်မှတ်ပြီး ကျန်းမာရေးအာမခံနဲ့ သက်ကြီးစုငွေလို ဟာမျိုးကလွဲလို့ အခွန် ကောက်ခံခြင်း မရှိပါဘူး။ တခါ တနှစ်ကို ဒေါ်လာလေးသောင်း ဝင်တဲ့သူများကတော့ နှစ်ဆယ်ရာနှုန်းထက် အခွန်ကို ပိုပေးရပါတယ်။ တနှစ်ကို ဒေါ်လာတသိန်း ဝင်တဲ့သူများ အတွက်လည်း ရာနှုန်းပိုမြှင့် ထားပါတယ်။ ဝင်ငွေများလာရင် များလာသလို အခွန်ကောက်တဲ့ နှုန်းထားကလည်း မြင့်တက်လာပါတယ်။ ဒါက နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အခွန်အခ နှုန်းထား အပေါ်မှာ မူတည်ပါတယ်။ တနှစ်တနှစ် ဒေါ်လာသန်းနဲ့ ချီပြီး ဝင်ငွေရှိတဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေဆိုရင် ပေးရတဲ့ အခွန်နှုန်းထားက အတော်ကြီးမြင့်မားပါတယ်။ ဥပဒေနဲ့ နည်းနာတွေနဲ့ အခိုင်အခန့် လုပ်ထားတဲ့ နိုင်ငံတွေမှာ တောင် အခွန်ရှောင်တာ၊ ဝင်ငွေလိမ်ပြပြီး အခွန်လျှော့ပေးတာ အစရှိတဲ့ ပြဿနာတွေကို မကြာခဏ ကြုံတွေ့ရပါတယ်။ ဒါပေမယ့် အရေအတွက်အားဖြင့် နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်လို အခွန်ကောက်ခံခြင်းနဲ့ ပတ်သက်လို့ နှစ်ဖက် လက်ဝါးရိုက် လုပ်လေ့ရှိတဲ့ နိုင်ငံမှာ နှစ်စဉ်ရရှိရမယ့် အခွန်တော်ငွေဟာ မှန်မှန်ကန်ကန် မရရှိဘူးဆိုတာ ကျိန်းသေပေါက် ပြောနိုင်ပါတယ်။

တိုင်းပြည်မှာ သန်းကြွယ်သူဌေးတွေ တိုးပွားလာတယ် များလာတယ် ဆိုပေမယ့် နိုင်ငံသားအများစုဟာ သတ်မှတ်ထားတဲ့ အဆင့်အတန်း တခုအထိ ပညာမသင်ယူနိုင်ဘဲ ဆင်းရဲတွင်းကလည်း နက်သထက်နက် လာတယ်ဆိုရင် နိုင်ငံရေးစနစ်နဲ့ စီမံခန့်ခွဲရေးစနစ်တွေ အကြီးအကျယ် မှားယွင်းနေပြီး တည်ဆဲ ဥပဒေများ မခိုင်ခံ့တာ အားနည်းတာကြောင့် ဖြစ်ရတာလို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး မှားယွင်းနေတာကို ပြန်ပြီး ပြုပြင်ထိန်းကျောင်းဖို့ အခုအာဏာရ အစိုးရမှာ အဓိက တာဝန်ရှိပါ တယ်။ ခေါင်းရှောင်ဖို့ မကြိုးစားသင့်ပါ။ မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံတဲ့ စနစ်ကို ခေတ်နဲ့အညီဖြစ်အောင် ခိုင်ခန့်အောင် စနစ်တကျ ပြန်လည်ပြုပြင်ပြီး ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ အခွန်တော်ကို ကောက်ခံဖို့ အထူးလိုအပ်လှပါ ကြောင်း။

ဇော်မင်း
၅ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၃ ခုနှစ်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.