ရွက်မွန်စာမျက်နှာ

Tuesday, December 24, 2013

ဒီမိုကရေစီဖွံ့ဖြိုးမှုနဲ့ အဖွဲ့အစည်းအသင်းအပင်း ခိုင်မာမှု

မြန်မာပြည်အတွက် ရေရှည်မှာ အလိုအပ်ဆုံး အရာကိုပြောပါလို့ ဆိုရင် လိုအပ်တာတွေကတော့ အများကြီးပါ။ လိုအပ်ချက် ဆိုတာတွေကလည်း ပင်ကိုယ်သဘာဝအရ နွယ်ပင်များလို တခုနဲ့တခု ယှက်နွယ်နေလို့ ဖြစ်ပါတယ်။ အဲသလို လိုအပ်ချက် တွေ အများကြီး ရှိတဲ့အထဲမှာ အင်စတီကျူးရှင်းလို့ခေါ်တဲ့ အဖွဲ့အစည်းအသင်းအပင်းများ ခိုင်ခိုင်မာမာ တည်ရှိဖို့က အတော်ကြီးကို အရေးကြီးပါတယ်။ ဒီမိုကရေစီလူ့ဘောင်ကို ဖော်ဆောင်မယ်ဆိုရင် အဖွဲ့အစည်းအသင်းများ ခိုင်ခိုင်မာမာ တည်ရှိမှသာ အကောင်အထည်ပေါ် မှာ ဖြစ်ပါတယ်။ သက်ဦးဆုံပိုင်စနစ်မျိုး၊ အာဏာရှင်စနစ်မျိုးနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ သွားဦးမယ်ဆိုရင်တော့ စစ်တပ်ကလွဲလို့ အင်စတီကျူးရှင်းဆိုတာ ဘေးကိုဖယ်ထုတ် ခံရလေ့ရှိတာ ကြောင့် အားကောင်းဖို့ ခိုင်မာဖို့ မလွယ်ကူပါ။

အင်စတီကျူးရှင်းဆိုတဲ့ ဝေါဟာရကို အဖွဲ့အစည်းအသင်းအပင်းလို့ ဘာသာပြန်အသုံးပြုပေမယ့် လိုအပ်လာရင် "အသိုက် အဝန်း၊ အဝန်းအဝိုင်း၊ လောက၊ ထု" စသဖြင့်လည်း ခိုင်းနိုင်းသုံးစွဲလို့ ရပါသေးတယ်။ နောက်ထပ် ဆီလျှော်တဲ့ ဝေါဟာရ များ ရှိသေးရင်လည်း သုံးစွဲနိုင်ပါတယ်။ ကြည်းရေလေ တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာဟာ လက်နက်ကိုင် အဖွဲ့အစည်းအသင်းအပင်း (သို့) အင်စတီကျူးရှင်းတခု ဖြစ်ပါတယ်။ ဗုဒ္ဓြွဘာသာ သံဃာတော်ထုဟာလည်း တပ်မတော်လို အမိန့်အာဏာနဲ့ ဖွဲ့စည်းထားတာမျိုး မဟုတ်ပေမယ့် လူ့လောကထဲမှာ တည်ရှိနေတဲ့ အင်စတီကျူးရှင်း တခုပါပဲ။ ဥပမာ အားဖြင့် ဒီကိစ္စကို သံဃာလောကမှာ (သို့) သံဃာထုက လက်မခံဖဘူး စသဖြင့် လောကနဲ့ထုဆိုတဲ့ စကားလုံးများကို လည်း သုံးစွဲလို့ရပါတယ်။ နေရာနဲ့ အခြေအနေကိုလိုက်ပြီး ဝေါဟာရပြောင်းသွားပေမယ့် အဖွဲ့အစည်း အသင်းအပင်း သဘောသဘာဝအနေနဲ့ တည်ရှိနေတာကို ဖော်ပြတာမျိုးပါပဲ။

တက္ကသိုလ် ကောလိပ်နဲ့ ကျောင်းပေါင်းစုံက ဆရာဆရာမတွေ ကျောင်းသားတွေဟာလည်း ပညာရေးအင်စတီကျူးရှင်းကို ကိုယ်စားပြုပါတယ်။ ဥပမာ ပညာရေးလောကမှာ လာဘ်ပေးလာဘ်ယူမှုတွေ များနေတယ်လို့ လောကဆိုတဲ့ စကားလုံးကို အသုံးပြုပြီး ပြောတယ်ဆိုပါစို့။ ဒါဟာ ပညာရေး အင်စတီကျူးရှင်း တခုလုံး၊ ပညာရေးအဖွဲ့အစည်းအသင်းအပင်း တခုလုံး ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း တက္ကသိုလ် တခုချင်းစီဟာလည်း အင်စတီကျူးရှင်းလို့လည်း ပြောနိုင် ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်တက္ကသိုလ်က သုတေသနလုပ်ငန်းတွေက တခြားတက္ကသိုလ်တွေက သုတေသန လုပ်တာတွေထက် သိပ်ကောင်းနေတယ်ဆိုပါစို့။ အဲသလို အခါမျိုးမှာလည်း "ဟာ ရန်ကုန်တက္ကသိုလ်က သုတေသန လုပ်တာ ကောင်းမှာပေါ့။ သူ့ အင်စတီကျူးရှင်းက နှစ်ပေါင်းရှစ်ဆယ်၊ ကိုးဆယ်လောက် ကထဲက အုတ်မြစ်ချ အခြေခိုင်လာ ခဲ့တာကိုး" စသဖြင့် ပြောနိုင်ပါတယ်။ ကနေ့လက်ရှိအခြေမှာ မြန်မာနိုင်ငံရဲ့ ပညာရေး အင်စတီကျူးရှင်းဟာ အားကောင်း ခိုင်မာရဲ့လား။ စောကြောစရာ ဖြစ်ပါတယ်။ တခါ တိုင်းပြည်အတွင်းမှာ တည်ရှိနေတဲ့ မတူကွဲပြားတဲ့ လယ်သမားသမဂ္ဂတွေ အသင်းအပင်းတွေဟာလည်း လယ်သမားထုဆိုတဲ့ အင်စတီကျူးရှင်းတစုံလုံးကို ကိုယ်စားပြုပါတယ်။ ကိုင်း ဒါဆိုရင် မြန်မာနိုင်ငံရဲ့ လယ်သမားအသင်းအပင်းတွေဟာ လွတ်လပ်အားကောင်းစွာ သူတို့ရဲ့ အရေးအရာတွေကို လုပ်ကိုင်နိုင် ရဲ့လား။ အချုပ်အချယ်တွေ အကန့်အသတ်တွေကို ရင်ဆိုင်နေရလို့ အားနည်းနေတဲ့ အင်စတီကျူးရှင်းလား ဆိုတာကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။

ကမ္ဘာပေါ်မှာ ရှေးတုန်းက အင်ပိုင်ယာကြီးတွေ တခုပြီးတခု ပေါ်ပေါက်ခဲ့ပါတယ်။ ရောမအင်ပိုင်ယာ၊ မွန်ဂိုအင်ပိုင်ယာ၊ ဘိုင် ဇင်တိုင်း အင်ပိုင်ယာ၊ ဗြိတိသျှအင်ပိုင်ယာ၊ ပြင်သစ်အင်ပိုင်ယာ စသဖြင့်စသဖြင့် ရှိခဲ့ပါတယ်။ မြန်မာမှာ ဆိုရင်တော့ ဘုရင့်နောင် အင်ပိုင်ယာက အကြီးမားဆုံး ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အင်ပိုင်ယာကြီးတွေဟာ နောက်ဆုံးမှာ ကျဆုံးခဲ့ကြရပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အင်ပိုင်ယာဖြစ်လာဖို့ သူတပါးရဲ့နယ်မြေ တိုင်းနိုင်ငံတွေကို ကျူးကျော် တိုက်ခိုက်သတ်ဖြတ်ရတဲ့ အလုပ်တွေကို လုပ်ရပါတယ်။ ကျူးကျော်ခံရတဲ့ သူတွေက တနေ့မှာ ပြန်တွန်းလှန်တော့ အင်ပိုင်ယာကြီးတွေ ပြိုလဲရပါတယ်။ အလားတူပါပဲ အဲဒီ အင်ပိုင်ယာကြီးတွေ အတွက် အလုပ်လုပ်ပေးခဲ့တဲ့ တချို့သော အင်စတီကျူးရှင်းတွေလဲ အဆိုပါ အင်ပိုင်ယာကြီးတွေနဲ့အတူ ကွယ်ပျောက်ခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းငါးဆယ်နီးပါး စစ်အာဏာရှင်စနစ် အုပ်ချုပ်မှု အောက်မှာနေခဲ့ရပါတယ်။ အဲဒီနှစ်ပေါင်း ငါးဆယ် အတွင်း အားကောင်းတဲ့ တခုထဲသော အင်စတီကျူးရှင်းကတော့ စစ်တပ်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့အမျိုးမျိုးသော အင်စတီ ကျူးရှင်းတွေကတော့ ပြိုကျပျက်စီးခဲ့ရပါတယ်။ အခုတော့ မြန်မာပြည်မှာ ဒီမိုကရေစီ ဖွံ့ဖြိုးဖို့ ဆောင်ရွက်နေတယ်လို့ အစိုးရကလဲပြေပါတယ်။ စစ်တပ်ကလည်း ပြောပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း ဒီမိုကရေစီကို လိုလားကြောင်း ပြောပါတယ်။ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုတာ ပါးစပ်ကနေသာ ကြားကောင်း အောင် ပြောနေတာမဟုတ်ဘဲ အဖွဲ့အစည်းအသင်းအပင်းတွေ အင်စတီကျူးရှင်းတွေ အားကောင်းလာအောင် ခွင့်ပြုဖို့ လိုလာပါတယ်။ အုပ်ချုပ်တဲ့ အစိုးရနဲ့ အာဏာရှိနေဆဲဖြစ်တဲ့ စစ်တပ်တို့ဟာ ဒီမိုကရေစီကို တန်ဖိုးထား မြှင့်တင်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ဖို့လိုပါတယ်။ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ မအပ်စပ်တဲ့ ကိစ္စတွေကို သွယ်ဝိုက်၍ သော် လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ပြုမူတာမျိုးကို ရှောင်ရှားရပါလိမ့်မယ်။ အခုမြင်နေရတာက တပ်မတော်ဟာ တည်ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြုပြီး အရပ်ဘက် နိုင်ငံရေးပါတီများနဲ့ ဒူးချင်းတိုက် နိုင်ငံရေးကို ဝင်ကစားနေတဲ့ အင်စတီကျူးရှင်းမျိုး ဖြစ်နေတာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ တပ်မတော်ကလွဲလို့ အားကောင်းတဲ့ အင်စတီကျူးရှင်း တခုမှပေါ်ပေါက်မလာသေး တာကလည်း တိုင်းပြည်အတွက် နစ်နာတယ်လို့ ထောက်ပြလိုပါတယ်။

အမှန်တကယ် ဖြစ်သင့်တာက တပ်မတော်ဟာ ကိုယ်တိုင်နိုင်ငံရေး ဝင်ကစားနေတဲ့ အဖွဲ့အစည်းမျိုး ဖြစ်မယ့်အစား ဒီမို ကရေစီ ပိုမိုထွန်းကားလာအောင် တဖက်တလမ်းကနေ မှန်မှန်ကန်ကန် လုပ်အားထည့်ဝင် ပေးနေတဲ့ အဖွဲ့အစည်း အသွင်ကိုသာ ဆောင်သင့်ပါတယ်။ ကနေ့လို ခေတ်မျိုးမှာ အင်စတီကျူးရှင်းတွေတော့ ရှိပါရဲ့၊ ဒါပေမယ့် ဒီမိုကရေစီဆန်တဲ့ ဒီမိုကရေစီကို အသားပေးတဲ့ အင်စတီကျူးရှင်းမျိုးတွေ မဟုတ်ဖူးဆိုရင် ရှေးခေတ်အင်ပိုင်ယာကြီးများ ပြိုလဲခဲ့သလို အဖြစ်မျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။ မပြိုလဲခဲ့ဘူး ဆိုရင်တောင် အားနည်း ချိနဲ့သွား နိုင်ပါတယ်။ တခါ အပြန်အလှန်အားဖြင့် တိုင်းပြည်ရဲ့ အရေးပါတဲ့ အင်စတီကျူးရှင်းတိုင်း ဒီမိုကရေစီခွန်အားနဲ့ ဒီမိုကရေစီဝိညာဉ် နည်းပါးနေမယ်ဆိုရင် တိုင်းပြည် ကိုယ်၌ မြောင်းထဲကနေ တက်ရဦးမှာ မဟုတ်ပါ။ တပ်မတော်ရဲ့ အဓိက အလုပ်က ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်အားထည့်ဝင်ဖို့ လိုသလို ဒီမိုကရေစီ နိုင်ငံတော်ကိုလည်း ကာကွယ်ပေးဖို့ပါပဲ။ တိုက်ရိုက်နိုင်ငံရေး ကိစ္စတွေမှာ မပါဝင်သင့်ပါ။ တပ်မတော် အင်စတီကျူးရှင်းက တခြားတခြားသော အင်စတီကျူးရှင်းတွေ အပေါ်မှာ အခြေခံဥပဒေကို အကြောင်းပြုပြီး အသားစီးယူ ထားသလို ပြုမူမယ်ဆိုရင် မြန်မာ့လူ့ဘောင်ထဲမှာ အမျိုးမျိုး အထွေထွေသော အဖွဲ့အစည်းအသင်းအပင်းများ အုတ်မြစ် ခိုင်မာလာဖို့ဆိုတာ မရေရာလှပါ။

နောက်တချက်ကတော့ ဘာသာရေး သာသနာရေးဆိုင်ရာ အင်စတီကျူးရှင်းတွေဟာ မူလသဘာဝအရ သက်ဆိုင်ရာ အလုပ်ကိုသာ ဇောက်ချ လုပ်ဖို့လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီး ဖြစ်ဖြစ် ဆုံးဖြတ်ချက်ပေးတဲ့ နေရာမျိုးကို ဝင်ယူဖို့ကြိုးစားတာဟာ လုံးဝမသင့်တော်ပါ။ မဖြစ်သင့်ပါ။ တိုင်းပြည်ရေးရာတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့လုပ်ငန်းမျိုးကို အစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လုပ်ရမှာ ဖြစ်ပါတယ်။ အဲသလို လုပ်ဖို့အတွက်လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ (စကားချပ်။ ။ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမပါ) ကျင်းပပေးပြီး လူထုမဲဆန္ဒနဲ့ ရွေးချယ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူထုကိုယ်စားလှယ် တွေ လူထုအတွက် အလုပ်လုပ်တာက ပိုပြီးသဘာဝကျပါတယ်။ လူထုကိုယ်စားလှယ်တွေ အလုပ်လုပ်လို့မရအောင် တပ်မတော်လို အင်စတီကျူးရှင်းတွေက ကန့်ထားတာမျိုး ရှိနေရင်တော့ ဒါဟာ ရေရှည်အတွက် နောက်ထပ်ဆုံးရှုံးရဦးမယ့် လုပ်ရပ်လို့ သတ်မှတ်ရမှာပါ။

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေအတွင်းမှာ အရေးအကြီးဆုံးကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ အဲတာအတွက် တပ်မတော် အင်စတီကျူးရှင်းရဲ့ သဘောထားကို လူထု ရှေ့မှောက်မှာ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့လိုပါတယ်။ အခုအထိကတော့ ဘာမှမကြားရသေးတော့ လူမြင်ကွင်းက အတန်ကြာ ပျောက်ကွယ်နေတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ နာမည်ဆိုးထွက်တဲ့ ဟိုဗိုလ်ချုပ် ဒီဗိုလ်ချုပ် စတာမျိုးကို မကြိုက်ရင်သာ ရှိမယ် တိုင်းသူပြည်သားတွေရဲ့ သဘောသဘာဝမှာ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်း တခုလုံး ကို မုန်းလို့ဖျက်ပစ်ရမယ်ဆိုတဲ့ စိတ်မျိုးမရှိတာကတော့ သေချာပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံတိုင်းနိုင်ငံတိုင်းအတွက် မရှိမဖြစ်တဲ့ အင်စတီကျူးရှင်းဆိုတာ နိုင်ငံသားတိုင်း နားလည်သဘောပေါက်ပြီးသားပါ။

တချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားတွေက အာဏာရှင် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတိုနဲ့ သူ့ရဲ့နောက်လိုက် ဗိုလ်ချုပ်တချို့ကိုသာ ဖိနှိပ်ရက်စက်လွန်း အားကြီးလို့ မကြိုက်ခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှား တပ်မတော် ဟာ အခုဆိုရင် နိုင်ငံရေးကနေ ကင်းကင်းနေတဲ့အတွက် လူထုနဲ့ ဆန့်ကျင်ဖက် နေရာမှာ မရှိတော့ပါဖူး။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုလက်ရှိ နိုင်ငံရေးမတည်ငြိမ်ပါဘူး။ အစိုးရနဲ့ အစိုးရဆန့်ကျင်ရေး အုပ်စုတွေ လမ်းပေါ်မှာ အားပြိုင်နေပါ တယ်။ ဒါပေမယ့် ထိုင်းစစ်တပ်ဟာ တဖက်ဖက်မှာရပ်ပြီး ဘက်လိုက်နေတာမျိုး မရှိပါ။ ကြားနေပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံရဲ့ ပညာရေးလောက (သို့) ပညာရေးအင်စတီကျူးရှင်းက ပညာရှင်များအနေနဲ့ကလည်း လက်ရှိမတည်ငြိမ်မှုကို ပြေလည်စေဖို့ ပွင့်ပွင့်လင်းလင်း မညှာတမ်း အကြံပေးတာ ထောက်ပြတာ ဝေဖန်တာတွေ လုပ်ပါတယ်။ ဒီမိုကရေစီ ဘောင် ကို မကျော်ဖို့ မသွေဖီဖို့ အထူးသတိပေးပါတယ်။ နောက်ဆုံးချုပ်ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတခုမှာ တပ်မတော် ဆိုတဲ့ အင်စတီကျူးရှင်း အားကောင်းဖို့ လိုသလို အမျိုးမျိုးအထွေထွေသော အင်စတီကျူးရှင်းများလည်း အားကောင်း မောင်းသန် ဖြစ်ဖို့ လိုအပ်ပါကြောင်း။

ဇော်မင်း
၉ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.