ရွက်မွန်စာမျက်နှာ

Monday, January 6, 2014

ပြည်သူ့ဝန်ထမ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု

နိုင်ငံတခုမှာ အစိုးရယန္တရားတွေဖြစ်တဲ့ ဝန်ကြီးဌာနတွေ၊ ကော်ပိုရေးရှင်းတွေ၊ အမျိုးမျိုးအထွေထွေသော ဌာနတွေ ရုံးတွေ မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေဟာ အစိုးရဝန်ထမ်းတွေလို့ ပြောလို့ရပေမယ့် တဖက်မှာ ပြန်ကြည့် ရင်လည်း သူတို့ဟာ ပြည်သူ့တာဝန်ကို ထမ်းဆောင်နေရတဲ့ ပြည်သူ့ဝန်ထမ်း (သို့မဟုတ်) နိုင်ငံ့ဝန်ထမ်းတွေလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့တာဝန် ပြည်သူ့တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ယူထားတဲ့ ရာထူး အဆင့်အတန်းအတိုင်း အရည်အသွေး ပြည့်မီဖို့ အထူး လိုအပ်ပါတယ်။ အရည်အသွေး ပြည့်မီတဲ့ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်မှသာ တိုင်းပြည်တာဝန်ကို ချောမွေ့အောင် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ တချိန်တုန်းကတော့ အစိုးရဝန်ထမ်းဆိုရင် government servants ဆိုတဲ့ အခေါ်အဝေါ်နဲ့ သုံးနှုန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီဖက်ခေတ်မှာတော့ ဝန်ထမ်းဆိုတာ ပြည်သူတွေအတွက် တာဝန်ထမ်းဆောင် ရတာဖြစ်လို့ နိုင်ငံတကာမှာ civil servants ပြည်သူ့ဝန်ထမ်းများဆိုပြီး သုံးနှုန်းလာပါတယ်။

သက်ဆိုင်ရာ ဌာနတိုင်း ဌာနတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်း နိုင်တဲ့ အထိ အရည်အသွေးပြည့်ဝဖို့ လိုပါတယ်။ အဲသလိုမှမဟုတ်ဘဲ သက်ဆိုင်ရာလူကြီးတွေနဲ့ နီးစပ်လို့ အရည်အချင်း မပြည့်ဝဘဲနဲ့ ဌာနတွေရုံးတွေမှာ အရေးကြီးတဲ့ တာဝန်များကို ရယူထားတယ်ဆိုရင် ရေရှည်မှာ မိမိတိုင်းပြည်သာ နှစ်နာမှာ ဖြစ်ပါတယ်။ ဥပမာ တင်ပြရရင် ကျန်းမာရေးဌာနမှာ တာဝန်ယူနေရတဲ့ သူတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အတတ် ပညာ အသိပညာ များကို ကျွမ်းကျင်သူတွေ ဖြစ်ဖို့လိုပါတယ်။ အလားတူပါဘဲ ပညာရေးမှာ တာဝန်ယူရတဲ့ သူများအနေနဲ့ လည်း ပညာရေးနဲ့ ပတ်သက်လို့ နိုင်နင်းကျွမ်းကျင်သူတွေ ဖြစ်ဖို့လိုပါတယ်။ ထို့အတူ စိုက်ပျိုးရေး အားထားနေရဆဲ မြန်မာ ပြည်မှာ လယ်ယာစိုက်ပျိုးရေး ဝန်ထမ်းတွေ အရာရှိတွေဟာ သက်ဆိုင်ရာ ပညာရပ်များကို နားလည်ကျွမ်းကျင်သူများ ဖြစ်ဖို့ လိုပါတယ်။

ဆိုလိုတာကတော့ နိုင်ငံ့ဝန်ထမ်း ပြည်သူ့ဝန်ထမ်းဆိုတာ အင်္ဂလိပ်လိုပြောရရင် ဗြူရိုကရေစီတခုကို မောင်းနှင်ရတဲ့ ဗြူရို ကရက်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်မှာတော့ အင်္ဂလိပ်ကိုလိုနီ စနစ်ကြောင့် ဗြူရိုကရက်ဆိုရင် အဆိုးမြင် လေ့ ရှိပါတယ်။ အစိုးရရဲ့တာဝန်များထဲမှာ ဗြူရိုကရက်ကောင်းတွေ မွေးထုတ်ဖို့ ဆိုတာကလည်း အရေးကြီးတဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ဗြူရိုကရက်ကောင်းတွေနဲ့ လည်ပတ်မှသာ အစိုးရရဲ့ ယန္တရားဟာ ချောမွေ့မှာ လည်း ဖြစ်ပါတယ်။ ဗြူရိုကရက်ဆိုတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ နှစ်ပေါင်းများစွာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရမယ့် သူတွေ ဖြစ်ပါတယ်။ ငါးနှစ်တခါမှ ရွေးကောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ သဘောသဘာဝခြင်း ကွာခြားပါတယ်။ ပြည်သူ့ကိုယ်စားလှယ်လို့ ခေါ်တဲ့ ပါလီမန် အမတ်တွေဟာ ဒီတပါတ် ရွေးကောက်ပွဲမှာ အရွေးခံရပေမယ့် နောက်တခါ ရွေးကောက်ပွဲမှာ အရွေးခံခြင်မှ ခံရမှာပါ။ ဒါပေမယ့် ပြည်သူ့ဝန်ထမ်းတွေကတော့ ပင်စင်ယူတဲ့ အထိ သက်ဆိုင်ရာဌာန တွေမှာ နှစ်ရှည်လများ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရမယ့် သူတွေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ ဝန်ထမ်းတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် အတတ်ပညာ အသိပညာနဲ့ ရုံးလုပ်ငန်းတွေကို အထူး နားလည်ကျွမ်းကျင်သူတွေ ဖြစ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက နိုင်ငံ့ဝန်ထမ်းတွေဟာ အရည်အသွေးအရ အဆင့်အတန်းမြင့်မားတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်ကစလို့ အရပ်ဖက်ဌာနတွေ အားလုံးနီးပါးဟာ တဖြည်းဖြည်းနဲ့ စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်ခဲ့ရပြီး ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ လယ်ကွင်းထဲကို တခေါက်မှ မရောက်ဖူးတဲ့ သူတွေလည်း လယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီးတွေဖြစ်၊ ညွှန်ချုပ်တွေ၊ ညွှန်ကြားရေးမှူး ရာထူးတွေကို ယူလိုယူထား စသဖြင့် ကြုံတွေ့ခဲ့ကြရပါတယ်။ အလားတူပါပဲ ကျန်တဲ့ ဌာနအသီးသီး ရုံးအသီးသီးမှာလည်း သက်ဆိုင်ရာ အတတ်ပညာကို မတတ်ကျွမ်းတဲ့ စစ်ဗိုလ်များကိုသာ အစိုးရက နေရာပေး ခန့်အပ် ခဲ့ပါတယ်။ နဝတ၊ နအဖခေတ်မှာလည်း အလားတူပဲလို့ ဆိုနိုင်ပါတယ်။ တခါ စစ်ဗိုလ်မဟုတ်ပြန်ရင်လည်း ခန့်အပ်ထားတဲ့ ရာထူးပေးထားတဲ့ သူများဟာ စစ်တပ်အသိုင်းအဝိုင်းက သို့မဟုတ် စစ်ဗိုလ်ကြီးများရဲ့ သားသမီးများသာ ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ အခုလက်ရှိမှာလည်း စစ်ဗိုလ်လူထွက်များ အရပ်ဖက်ဌာနတွေမှာ နေရာဝင်ယူတာ ရှိနေတုန်းပါပဲ။

အရပ်သားပညာတတ် အများစုအဖို့ ထိပ်တန်းနေရာတွေကို ရဖို့ဆိုတာ မလွယ်ကူပါဖူး။ အဲတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အနာဂတ်ပျောက်သလို ဖြစ်နေတဲ့ အရပ်သား ပညာတတ်များဟာ တိုင်းပြည်ကို တစတစ စွန့်ခွာလာ ကြတာ အခုအထိပါဘဲ။ အဲသလို ပညာတတ်တွေ ပညာရှင်တွေ မိမိမူလ တိုင်းပြည်ကို စွန့်ခွာသွားတာမျိုးကို ဘောဂဗေဒ စကားအရ ဦးနှောက်ယိုစီးတယ်လို့ တင်စားကြပါတယ်။ မြန်မာပြည်ဟာ ဦးနှောက်ယိုစီးမှုကို ရင်ဆိုင်နေရတာ နှစ်ပေါင်း ၅ဝ နီးပါးရှိပြီလို့ ပြောနိုင်ပါတယ်။ အခုဆိုရင် ပညာတတ်တွေတင် နိုင်ငံရပ်ခြားကို ထွက်တာမဟုတ်တော့ဘဲ သာမန်လုပ်သား တွေလည်း ရွှေ့ပြောင်းလုပ်သားတွေအဖြစ် အိမ်နီးချင်းတိုင်းပြည်တွေမှာ အလုပ်သွားလုပ်ကြတာ သန်းဂဏန်း အထိရှိနေ ပါပြီ။

နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုရင်လည်း လာဘ်ပေးလာဘ်ယူ ကိစ္စမှာ တခြားဝန်ကြီးဌာနတွေနဲ့မခြား နာမည်ကြီးတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံခြားရေးဌာနမှာ အလုပ်ရဖို့ဆိုတာ သာမန် လူတွေအဖို့ ပညာတတ်ပြီး အရည်အချင်း ရှိရင်တောင် မလွယ်လှပါဖူး။ အဆင့်မြင့် နိုင်ငံခြားရေး ဝန်ထမ်း အတော်များများဟာ စစ်တပ်အသိုင်းအဝိုင်းက သူတွေသာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အဆက်ဆက်ဟာ စစ်ဗိုလ်လက်ရှိ ဒါမှမဟုတ်ရင်လည်း အငြိမ်းစားယူထားတဲ့ စစ်ဗိုလ်တွေသာ ဖြစ်ခဲ့ပါတယ်။ တခါ နိုင်ငံတကာမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်တွေ ဆိုရင်လည်း အများစုဟာ စစ်ဗိုလ်တွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီဖက်ခေတ် တလျှောက်လုံးမှာ အရပ်သား ပညာတတ် သံအမတ် ဆိုတာ ရှာမှရှားတယ်လို့ တောင် ဆိုနိုင်ပါတယ်။ တခါ သံအမတ်အောက် အဆင့်ဆင့် ရာထူးတွေအတွက် အလုပ်ရဖို့ ဆိုတဲ့နေရာမှာလည်း လာဘ်ပေးလာဘ်ယူက ပါလာပြန်ပါတယ်။ နိုင်ငံကောင်းကောင်းက မြန်မာသံရုံးတွေမှာ အလုပ်ရဖို့ဆိုရင် ပေးရတဲ့ဈေးက အတော်လေးမြင့်တယ်လို့ ဆိုကြပါတယ်။ တခုလောက် ဖြတ်ပြောရမယ်ဆိုရင် အဲသလိုမျိုး ဝန်ထမ်းလောကမှာ နေရာကောင်းကောင်း ရဖို့အတွက် အထက်လူကြီးကို လာဘ်ထိုးကြရတာကို မုန့်ပုံးကြိုးဖြတ်လို့ ခေါ်ပါတယ်။ မုန့်ပုံးပေါ်မှာ အော်ရီဂျင်နယ်အတိုင်း ကန့်လန့်ဖြတ်ပိတ်ထားတဲ့ ကြိုးမပြတ်ဘဲ မူလအတိုင်းဆိုရင် မုန့်ပုံးထဲမှာ ငွေဒါမှမဟုတ် အဖိုးတန် ပစ္စည်း တခုခု ပေါက်ဈေးအတိုင်း ထည့်သွင်းမထားဖူးလို့ သဘောရောက်ပါတယ်။ ကြိုးဖြတ်မထားလို့ အထဲမှာ မုန့် သက်သက်ပဲ ရှိနေရင် ဒါက ရိုးရိုးလက်ဆောင် သဘောပဲ သက်ရောက်ပါတယ်။ ဒါကြောင့် မုန့်ပုံးကြိုးဖြတ်ထားမှ အလုပ်ဖြစ်ပါတယ်။

အခုအစိုးရကို အရပ်သားအစိုးရလို့ ပြောဆိုခေါ်ဝေါ်နေပေမယ့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ တသက်လုံးစစ်မှုထမ်းခဲ့တဲ့ စစ်ဗိုလ်လူထွက် ဖြစ်နေတာကို တွေ့ရပါတယ်။ သံတမန်တာဝန် ထမ်းဆောင်ရတဲ့ ပြည်သူ့ဝန်ထမ်း ကြီးငယ်လတ်တွေဟာ စစ်ဗိုလ်တွေနဲ့ စစ်တပ် အသိုင်းအဝိုင်းက သူများသာ ဖြစ်နေဆဲပါ။ ကျနော်တို့ မြန်မာစကားပုံတခုက ပညာရဲရင့်ပွဲလယ်တင့်လို့ ဆိုထားပါတယ်။ မိမိနဲ့ နီးစပ်သူတွေကို အရေးပါတဲ့ အရေးကြီးတဲ့ ဌာနတွေမှာ ရာထူးတွေပေးထားပေမယ့် ဝမ်းစာမပြည့်ဝလို့ ပညာမရဲရင့်တဲ့အခါမှာ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းပြီး တိုင်းပြည်အကျိုးကို မဆောင်ရွက်နိုင်တော့ပါဖူး။ ဥရောပက နိုင်ငံကြီးတခုမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တဦးဟာ လူကြားထွက်ရတဲ့ ပွဲလမ်းတွေရှိရင် အင်္ဂလိပ်လို အသင့်ရေးလာတဲ့ စာရွက်ပိုင်း လေးကိုကြည့်ပြီး မိန့်ခွန်းတိုလေး ပြောပါတယ်။ သူတင်ကိုယ်တင် အမေးအဖြေ လုပ်ရမယ့် ကိစ္စမျိုးတွေကို ရှောင်ရှား ပါတယ်။ သူဟာ တချိန်တုန်းက တပ်မတော်အဆင့်မြင့် အရာရှိဟောင်း တဦးဖြစ်ပါတယ်။ ဒီနေရာမှာ ပြောလိုတဲ့ နောက်တချက်က စစ်ဗိုလ်ဖြစ်လို့၊ တယ်မတော် အရာရှိဟောင်းဖြစ်လို့ ဘယ်အရပ်ဖက် ဌာနတွေမှာမှ ခေါင်းဆောင် မဖြစ်ထိုက်ဖူးလို့ မဆိုလိုပါ။ တပ်ကနေ အနားယူပြီးတဲ့နောက်ပိုင်း ဆိုင်ရာဆိုင်ရာ ပညာရပ်တွေကို သင်ယူလေ့လာ လိုက်စားလို့ ကျွမ်းကျင်သူ ဖြစ်လာခဲ့ရင် အရပ်ဖက်ဌာနတွေမှာလည်း ဦးဆောင်သူ ဖြစ်နိုင်ပါတယ်။ အခုထောက်ပြ နေတာက မိုးကျရွှေကိုယ် ဦးဆောင်မှုမျိုးကို မဖြစ်သင့်ဖူးလို့ ဝေဖန်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလက်ရှိ အစိုးရအနေနဲ့ တိုင်းပြည်ကို အမှန်တကယ် တိုးတက်လိုတယ် ဖွံ့ဖြိုးလိုတယ် ဆိုရင် နိုင်ငံရဲ့ ယန္တရားကို လည်ပတ်ပေးနေတဲ့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကို အရည်အချင်းအလိုက် နေရာပေးတာမျိုးဖြစ်အောင် ပြင်ဆင်သင့်ပြီလို့ ပြောလိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်ရေးစစ်ရာကို နားလည်တဲ့ ဗိုလ်ချုပ်ကြီးတဦး ဖြစ်သင့် တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဖူး။ အလားတူပဲ သဘာဝအရ အရပ်သား ပညာတတ်များ ဦးစီးရမယ့် နေရာဌာန တွေမှာ စစ်ဗိုလ်တွေကို စေလွှတ်ပြီး ခေါင်းဆောင်ခိုင်းတဲ့ ယဉ်ကျေးမှုကိုလည်း ရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ တချိန်ထဲမှာ လည်း အခုလက်ရှိ တိုင်းပြည်ကို လည်ပတ်နေတဲ့ သက်ဆိုင်ရာ ဌာနများအသီးသီးက နိုင်ငံ့ဝန်ထမ်း အဆင့်ဆင့်ကိုလည်း အရည်အသွေးမြှင့် သင်တန်းတွေ ပေးဖို့ အထူးလိုအပ် နေပါတယ်။ ပြောရမယ်ဆိုရင်တော့ အခုတင်ပြခဲ့တဲ့ ကိစ္စတွေ အားလုံးရဲ့ ရေသောက်မြစ် ပြဿနာကတော့ ပြည်သူကိုယ်စားပြု နိုင်ငံရေးစနစ် ပျောက်ကွယ်ခဲ့ခြင်း၊ တိုင်းပြည်ပညာရေး အဆင့်အတန်း ကျဆင်းလာခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းနဲ့ ဘက်လိုက်ခြင်းဆိုတဲ့ အရာများကြောင့် ဖြစ်ပါကြောင်း။

ဇော်မင်း
၂၃ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၃ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.