ရွက်မွန်စာမျက်နှာ

Thursday, January 16, 2014

ထင်မှတ်မှားတွေ ပြောင်းစေဖို့

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခဲ့ပြန်ပါပြီ။ နှစ်သစ်ကို ကူးခဲ့ပြီဆိုပေမယ့် တချို့အရာတွေကတော့ အဟောင်းအတိုင်း ဆက်ရှိ နေဆဲပါ။ ဟောင်းနေသေးတဲ့ အဲဒီတချို့ အရာတွေထဲက တခုကတော့ ထင်မှတ်မှားနေဆဲ အတွေးနဲ့အမြင်တွေ ဖြစ်တာကို တွေ့လိုက်ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ထင်မှတ်မှားနေဆဲ အတွေးနဲ့အမြင်တွေကို ဆက်ပြီး လက်ခံသယ်ဆောင်နေ သူတွေ ရှိနေဆဲပါ။ ဘာတွေကို ထင်မှတ်မှားနေကြတာလဲ။ ပြောရရင် အတော်လေးတော့ များပါတယ်။ များလွန်းတဲ့ အတွက် လိုအပ်တဲ့ အချက်လောက်ပဲ ပြောပါ့မယ်။

မြန်မာပြည်ဟာ မြေပေါ်မြေအောက် သဘာဝ သယံဇာတ ပေါကြွယ်ဝတယ်တဲ့။ မြေဆီမြေနှစ်ကောင်းတာကြောင့် ဗူးစေ့ ပစ်ချချ၊ စပါးစေ့ပစ်ချချ အပင်ပေါက်တဲ့ တိုင်းပြည်တဲ့။ မြန်မာလူမျိုးတွေဟာ အိမ်နီးချင်းတိုင်းပြည်က လူမျိုးတွေထက် ပိုပြီး ဉာဏ်ကောင်းသတဲ့။ မြန်မာလူမျိုးတွေဟာ အင်မတန်စိတ်ထက်ပြီး တခြားလူမျိုးတွေထက် ပိုပြီးသတ္တိကောင်း ရဲရင့်သတဲ့။ အနှစ်နှစ်ဆယ်လောက် ကုန်းရုန်းလုပ်လိုက်ရင် အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေသလောက် လိုက်မီ လိမ့်မယ်တဲ့။ ပါတီနိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေးလောက် မသန့်စင်ဖူးတဲ့။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ ရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လိမ့်မတဲ့။

မြန်မာပြည်ဟာ သဘာဝသယံဇာတ ပေါများတယ်လို့ ဆိုတာဟာ ပဒေသရာဇ်ခေတ်နဲ့ ကိုလိုနီခေတ်က ရှိခဲ့တဲ့ လူဦးရေနဲ့ နှိုင်းစာရင်တော့ ဟုတ်သလိုလို ရှိပါတယ်။ အင်္ဂလိပ် အထက်မြန်မာပြည်ကို သိမ်းတဲ့အခါမှာ တပြည်လုံးမှာရှိတဲ့ လူဦးရေ ဟာ ငါးသန်းဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် အိမ်တွင်းသုံးစွဲဖို့ ဖူလုံတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာကို လှိုင်လှိုင်ကြီး ထုတ်ရောင်းဖို့အတွက် များများစားစားမရှိပါ။ ကိုလိုနီခေတ်က ရေနံ၊ ကျွန်းသစ်နဲ့ ဆန်စပါး တင်ပို့မှုဟာ အဲဒီခေတ် အတိုင်းအတာအရ များတယ်လို့ ဆိုနိုင်ပေမယ့် ကနေ့ခေတ်နဲ့ နိုင်းစာရင် မပြောပလောက်တော့။ ကနေ့ခေတ် နိုင်ငံတကာမှာ လိုအပ်နေတဲ့ အတိုင်းအတာအရ တင်ပို့ရမယ်ဆိုရင် မြန်မာပြည်မှာ အဲသလောက်တင်ပို့နိုင်တဲ့ အရင်းအမြစ် မရှိတာကို တွေ့ရပါတယ်။ အခုမြန်မာပြည်က သစ်တောတွေ ဘယ်လောက် အတိုင်းအတာ ပမာဏအထိ ရှိသေးသလဲ။ ကုန်သလောက် ဖြစ်နေပါပြီ။ သဘာဝဓာတ်ငွေ့တောင် ထိုင်း၊ တရုတ်ဈေးကွက်နဲ့တင် ပြတ်သွားပြီ မဟုတ် လား။ ကိုယ့်နိုင်ငံ အတွင်းက ပြည်သူတွေတောင် ဈေးချိုချိုနဲ့ လုံလုံလောက်လောက် သုံးစွဲခွင့်မှမရတာ လူတိုင်းသိနေတဲ့ ကိစ္စပါ။ ဖားကန့်က ကျောက်စိမ်းတွင်းတွေမှာ ကျောက်စိမ်းတွေ လှိုင်ဘောလယ် ထွက်နေတုန်းလို့ ထင်ပါသလား။ ပတ္တမြားနဲ့ တခြား အဖိုးတန် ကျောက်မျက်တွေလည်း အထွက်နည်းသထက် နည်းလာလို့ ထမင်းစားကျောက်တောင် ရှာရခက်လာတာမို့ မိုးကုတ်သူ မိုးကုတ်သားတွေ ညီးညူနေရပါတယ်။

မြန်မာပြည်ဟာ ဘာစိုက်စိုက် အပင်ပေါက်တဲ့ တိုင်းပြည်ဆိုတာ ဟုတ်တယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် မှားယွင်းတဲ့ စီမံခန့်ခွဲမှုနဲ့ အနိုင်ကျင့်မှုတွေကြောင့် စိုက်ပျိုးရေးဟာ တိုးတက်လာသလား ဆုတ်ယုတ်လာ သလားဆိုတာ အားလုံးမြင်နေတာပဲ။ ဒါ့အပြင် လိုအပ်သလို အားပေးတာကူညီတာ မရှိဘဲ မြေသိမ်း ယာသိမ်း ကိစ္စတွေကြောင့် စိုက်ပျိုးရေးကဏ္ဍဟာ ပိုပြီးကျဆင်းလာခဲ့ပါတယ်။ နောက်တချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေကြီးတာ မိုးခေါင်တာကို နှစ်တိုင်းရင်ဆိုင်ရေလို့ ရှေးတုန်းကလို စိုက်တိုင်းပျိုးတိုင်း အောင်မြင်မယ်လို့ အာမမခံနိုင်တော့ပါ။

တချိန်က မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းက နေရာယူနိုင်ခဲ့ပါတယ်။ အဲတာကလည်း ပြောရမယ်ဆိုရင် အင်္ဂလိပ်ကိုလိုနီခေတ်က ပညာရေးစနစ်ရဲ့ အဆက်လို့ ဆိုရမှာပါ။ အဲဒီအချိန်တုန်းက အိမ်နီးချင်း တိုင်းပြည်တွေဟာ မြေရှင်ပဒေသရာဇ်ဆန်ဆန် စနစ်အောက်မှာပဲ ရှိနေသေးတော့ အင်္ဂလိပ်တွေ သယ်ဆောင်လာတဲ့ ခေတ်သစ်ပညာရေး စနစ်ကို လိုက်မမီတာတော့ အမှန်ပါပဲ။ ကိုယ့်တိုင်းပြည်မှာ ရှိခဲ့တဲ့ ကောင်းမွန်ခဲ့တဲ့ ပညာရေးစနစ်ကို ထိန်းသိမ်းတိုးတက်အောင် မလုပ်ဘဲ ဖျက်ချလိုက်တော့ မြန်မာတွေ ညဏ်ကောင်းတဲ့ အခံရှိပေမယ့် ပညာနည်းသွား ခဲ့ရပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေလည်း သူ့အချိန်သူ့အခါ ရောက်လာတော့ ကမ္ဘာနဲ့ ယှဉ်ဘောင်တန်းနိုင်တဲ့ ပညာတတ်တွေ ထုနဲ့ထည်နဲ့ ပေါ်ထွက်လာပါတယ်။ မြန်မာထက် ဉာဏ်နည်းလို့ နောက်ကျပြီး ကျန်ရစ်နေတာမျိုး မရှိပါဖူး။

မြန်မာတွေဟာ ဒီအနီးနား တဝိုက်မှာ အရဲရင့်ဆုံး သတ္တိအကောင်းဆုံး လူမျိုးလို့ တချို့ကပြောပါတယ်။ ယိုးဒယားလို့ ခေါ်တဲ့ ထိုင်းနိုင်ငံဟာ ငယ်နိုင်မို့လို့ ဘယ်အချိန် တက်သိမ်းသိမ်း သိမ်းနိုင်တယ်လို့ ထင်နေသူတွေ ရှိနေပါသေးတယ်။ အာသံ ၊ မဏိပူရ တို့ကိုလည်း တချိန်တုန်းက သိမ်းပိုက်သြဇာပေးနိုင်ခဲ့တာကြောင့် အခုအထိ မာနတက်နေသူတွေလည်း ရှိပါသေး တယ်။ ယေဘုယျ အားဖြင့် ပြောရရင် ဓားခေတ် လှံခေတ်မှာ လူဦးရေများတဲ့သူက နိုင်လေ့ရှိပါတယ်။ ထိုင်း၊ အာသံ၊ မဏိပူရ တို့ဟာ အဲဒီခေတ်တုန်းက မြန်မာနဲ့ယှဉ်ရင် လူဦးရေနည်းပါတယ်။ ၁၉၉၆ ခုနှစ် အင်ဖားတက္ကသိုလ်က စစ်တန်းအရ တပြည်နယ်လုံး စုစုပေါင်းလူဦးရေဟာ နှစ်သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာဘုရင်တွေ သွားတိုက်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝ၊ ၃ဝဝ ကျော်တုန်းက မဏိပူရဆိုတဲ့ မြို့ပြနိုင်ငံလေးမှာ လူဦးရေနည်းပါးတယ်ဆိုတာ မှန်းလို့ရ ပါတယ်။ ကိုယ့်ထက် လူဦးရေများတဲ့ မွန်ဂိုတာတာတွေ ဝင်တိုက်တော့ ပုဂံပြည်ကြီးတောင် ပျက်ခဲ့ရတယ် မဟုတ်လား။ ကမ္ဘာ့စစ်သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ စစ်ဘုရင် အလက်ဇန္ဒြားဟာ တိုက်ရည်ဝ စစ်သည်သုံးသောင်းနဲ့ အိန္ဒိယကို ဝင်တိုက် မယ်ဆိုပြီး လုပ်ပါတယ်။ ကုလားဘုရင်တွေက တပ်ပေါင်းစုဖွဲ့ပြီး စစ်သည်တသိန်းနဲ့ နယ်စပ်မှာ ခံထားတော့ မတိုက်နိုင်လို့ ပြန်ဆုတ်သွားရပါတယ်။ ချိန်ထိုးကြည့်နိုင်ဖို့ ပြောတာ ဖြစ်ပါတယ်။

မြန်မာတွေ ကုန်းရုန်းလုပ်လိုက်ရင် အနှစ်နှစ်ဆယ်အတွင်း ထိုင်း၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေကို အမီလိုက်နိုင်မယ်လို့ နိုင်ငံရေးခေါင်းဆောင် တချို့က ပြောပါတယ်။ မထင်ပါခင်ဗျားလို့ ပြောပါရစေ။ ထိုအနှစ် နှစ်ဆယ်အတွင်းမှာလည်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေက မြန်မာပြည်ကို အားနာလို့ စောင့်ခေါ်နေမှာ မဟုတ်ပါဖူး။ ထို့ထက်ထို ပိုပြီးတိုးတက် အောင် သူတို့လည်း လုပ်နေကြမှာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ စိတ်ဓာတ်ကျစရာ မလိုပါဖူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ သလို ပြဲနေအောင် လုပ်မှ တန်ခါကျမယ်ဆိုတဲ့ စကားအတိုင်း အလုပ်လုပ်ဖို့ လိုပါတယ်။ လူတစုက ထိန်းချုပ်ထားတဲ့ စနစ်ကို ဆက်ပြီးကျင့်သုံးနေမယ် ဆိုရင် လူတစုသာ ချမ်းသာကောင်းစားပြီး လူအများစုကတော့ မွဲနေဦးမှာပါ။ အဲဒါ ကြောင့် နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ ဖြစ်ဖြစ် လူတစု အုပ်စုတစုက လက်ဝါးကြီးအုပ် ထိန်းချုပ်တဲ့ စနစ်ကို ဖျက်သိမ်းဖို့ လိုပါတယ်။

ပါတီနိုင်ငံရေးဟာ အမျိုးသား နိုင်ငံရေးလောက် မသန့်စင် မမွန်မြတ်ဆိုပြီး ပြောသူတချို့လည်း ရှိပါတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်လို့ ဆိုမှတော့ မတူကွဲပြားတဲ့ နိုင်ငံရေးပါတီတွေ တိုင်းပြည်မှာ ရှိဖို့လိုပါတယ်။ အခုခေတ်မှာတော့ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေး လုပ်တာကိုပဲ ခေါ်တာလို့ ပြောရမှာပါ။ အမျိုးသားနိုင်ငံရေးဆိုတာ အလွန်အင်မတန် အဓိပ္ပါယ် မရှင်းလင်းတဲ့ စကားလုံးပါ။ ကိုလိုနီခေတ်က တိုင်းပြည်ကို မတရားအုပ်ချုပ်နေတဲ့ လူမျိုးခြားနယ်ချဲ့တွေကို ဆန့်ကျင်ကြတဲ့အခါတုန်းမှာ အဲသလိုမျိုး လှုပ်ရှားမှုတွေကို အမျိုးသားနိုင်ငံရေးလို့ သတ်မှတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုခေတ်မှာ လူမျိုးခြားက ကိုယ့်တိုင်းပြည်ကို ကျွန်လုပ်အုပ်ချုပ်နေတာလည်း မဟုတ်တော့ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ် ဆိုတဲ့ အသုံးအနှုန်းဟာ မဆီလျှော်တော့ဘူးလို့ ပြောပါရစေ။ နာမည်ကြီး ဗိုလ်ချုပ်ဟောင်း တဦးကတော့ အမျိုးသားနိုင်ငံရေးပဲ လုပ်တော့မယ်လို့ မီဒီယာမှာ ဖွင့်ပြောသွားတာ တွေ့ရပါတယ်။ ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်း ပြောခဲ့ဖူးပါတယ်။ ဆိုက်ကားဆရာကလည်း ဆိုက်ကားနင်း၊ ဈေးသည်ကလည်း ဈေးရောင်း၊ ဆရာဝန်ကလည်း ဆေးကု၊ ကျောင်းဆရာက စာသင်၊ လူတိုင်းလူတိုင်း မိမိရဲ့ သက်ဆိုင်ရာ အလုပ်ကို လုပ်နေတာကိုက နိုင်ငံရဲ့အရေးကို လုပ်နေတာ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ တိုတိုပြောရရင် ပါတီနိုင်ငံရေးပဲဆိုဆို အမျိုးသားနိုင်ငံရေးလို့ပဲ ကြွေးကြော်ကြွေးကြော် အလုပ်လုပ်တဲ့ နေရာ မှာ ရိုးသား ဖြောင့်မတ်ဖို့ အရေးကြီးပါတယ်။

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမယ်ဆိုတဲ့ အယူအဆဟာလည်း ရာနှုန်းပြည့် မမှန်ဘူးလို့ ပြောပါရစေ။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုတ်နှံမှုက ဘယ်တော့မှ အလုံးအရင်းနဲ့ လာမှာလဲဆိုတာ မေးစရာပါ။ နိုင်ငံတကာ ငွေကြေးဈေးကွက်မှာလည်း ကိုယ်ကမပါနိုင်သေး၊ ဥပဒေတွေကလည်း မျှော့ကြိုးလိုလုပ်ထား၊ လမ်းပန်း ဆက်သွယ်ရေးကလည်း ခေတ်မမီ၊ အင်တာနက်ကလည်းနှေး၊ လျှပ်စစ်စွမ်းအင်ကလည်း နေရာတိုင်းမှာ ဈေးချိုချိုနဲ့ မရ သေး၊ နေရာကောင်း အကွက်ကောင်း မြေဆိုတာကလည်း လူတစုလက်ထဲမှာ၊ လက်နက်ကိုင် ပဋိပက္ခတွေကလည်း ရှိနေဆဲ။ ဒီလို နိုင်ငံမျိုးမှာ စက်ရုံအလုပ်ရုံထောင် ကုန်ချောပစ္စည်း ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်ကို တင်ပို့မယ့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက လာမှာမဟုတ်သေးပါ။ ကိုယ့်ဆီက သဘာဝသယံဇာတကို ထုတ်ယူမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးသာ လာပါလိမ့်မယ်။ ဒါကြောင့် အတိုင်းအတာတခုအထိ စီးပွားရေး ဦးမော့လာစေခြင်ရင် သိမ်းယူထားတဲ့ လယ်မြေ ယာမြေတွေအားလုံး သက်ဆိုင်ရာ လယ်သမားတွေဆီ ပြန်ပေးဖို့လိုသလို တိုင်းရင်းသားပိုင် အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေ အားကောင်းလာအောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးဖို့ လိုပါတယ်။ အချုပ်ပြောရ ရင်တော့ ထင်မှတ်မှားနေတဲ့ အတွေးဟောင်း အယူဟောင်းတွေကို စွန့်လွှတ်ဖို့ လိုပါကြောင်း။

ဇော်မင်း
၆ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.