ရွက်မွန်စာမျက်နှာ

Wednesday, January 22, 2014

အသေးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

က
နေ့ခေတ်ကြီးမှာ ကမ္ဘာတလွှား ကျင့်သုံးနေတဲ့ စီးပွားရေးစနစ် စီးပွားရေးပုံစံဟာ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံအများအပြားဟာ ဘယ်လို နိုင်ငံရေးစနစ်နဲ့ပဲ တိုင်းပြည်ကို အုပ်ချုပ်အုပ်ချုပ် ဈေးကွက်စီးပွားရေး စနစ်ကို လုံးလုံးလျားလျား လစ်လျှူရှုဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ အာရှတိုက်အတွင်းမှာ ကြည့်လိုက်ရင် ကွန်မြူနစ် တစ်ပါတီနဲ့ စနစ်နဲ့ အုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ ဈေးကွက်စီးပွားရေးနဲ့ အညီ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာတာကို မြင်ရပါတယ်။ လာအိုလို ကွန်မြူနစ်အစိုးရ အုပ်စိုးပြီး လူဦးရေနည်းပါးတဲ့ နိုင်ငံမျိုး တောင်မှ ခါတိုင်းထက် စီးပွားရေး တိုးတက်လာနေတာ တွေ့ရပါတယ်။ ဒီမိုကရေစီကျင့်သုံးနေတဲ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံ တွေဟာလည်း စီးပွားရေးအရ တိုးတက်လာနေတာကို မြင်ရပါတယ်။ အာဏာရှင် တပိုင်းတစလို့ ပြောလို့ရတဲ့ စင်္ကာပူနိုင်ငံဟာလည်း စီးပွးရေးမှာ ထိပ်တန်းက ပြေးနေတယ်လို့တောင် ဆိုနိုင် ပါတယ်။ အာရှတိုက်က နိုင်ငံအတော်များများ စီးပွားရေး ကောင်းလာတဲ့ အချက်တွေကို လေ့လာကြည့်လိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တာကို တွေ့ရပါတယ်။

အခုကျနော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ တာစူနေဆဲ ကာလမှာ ရောက်ရှိနေတယ်လို့ လေ့လာသူ များက ဆိုပါတယ်။ အစိုးရအနေနဲ့ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့ ဖိတ်ခေါ်နေတာကိုလည်း တွေ့ရ ပါတယ်။ အထူးသဖြင့် အက်ဖ်ဒီအိုင် (FDI) လို့ ခေါ်တဲ့ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ပိုပြီးလိုလား တာကိုလည်း မြင်ရပါတယ်။ မှန်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ခြင်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို အထောက်အကူ ပြုတယ်ဆိုတာ ငြင်းလို့မရပါဘူး။ လက်ခံဖို့လိုပါတယ်။ ဒါပေမယ့် မေးစရာဖြစ်လာတာက ဘယ်လို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်မှာလဲ၊ ဘယ်လိုဘယ်လောက် အတိုင်းအတာနဲ့ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ရမလဲ၊ ဘယ်လိုလုပ်ငန်းမျိုးတွေကို ဦးစားပေး ဖိတ်ခေါ်မှာလဲ စတာတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ပေါ်လစီတွေ စည်းမျဉ်းတွေ ဥပဒေတွေ ချမှတ်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ သူတို့ချည်း သိမ်းကြုံးပြီး အမြတ်တွေ ယူသွားတာမျိုး မဖြစ်စေဘဲ ဒေသခံများနဲ့ မဖြစ်မနေ ဖက်စပ်လုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ အခိုင်အခန့် ရှိဖို့လိုတယ်လို့ ပြောချင်တာပါ။

အခုလတ်တလော အစိုးရတာဝန်ရှိသူတွေ ပြောပြောနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ အစိုးရအာဏာပိုင်တွေ အနေနဲ့ ဒေါ်လာသန်းပေါင်းများစွာကိုင်ပြီး လာရောက်ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်တာမျိုးပဲ ဦးစားပေးနေတာ တွေ့ရပါတယ်။ ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမှာကို ကြိုဆိုဖို့ လိုပါတယ်။ ဒါဟာ မှားယွင်းတယ်လို့ ပြောလို့မရပါဖူး။ ဒါပေမယ့် အစိုးရအနေနဲ့ သေသေချာချာ တွက်ချက်ဆန်းစစ်ရမယ့် အလုပ်တွေ ရှိလာပါတယ်။ ဒါတွေက ဘာတွေတုန်း ဆိုတော့ ဥပမာအားဖြင့် အမေရိကန် ဒေါ်လာသန်းပေါင်း ၂ဝဝ လောက် ကိုင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတခုဟာ မြန်မာနိုင်ငံသား ဘယ်နှစ်ဦးကို အလုပ်ပေးနိုင်မလဲ ဆိုတာ တွက်ချက်ပြီး သိထားဖို့လိုပါတယ်။

ဆိုလိုတာ ကတော့ ဒေါ်လာသန်းပေါင်း ၂ဝဝ လောက် ရင်းနှီးမြှုပ်နှံပေမယ့် မြန်မာနိုင်ငံသား တရာ၊ နှစ်ရာလောက်သာ အလုပ်ရမယ့် လုပ်ငန်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူပေါင်း တထောင် နှစ်ထောင်လုပ် အလုပ်အကိုင်ရနိုင်မယ့် လုပ်ငန်း မျိုးလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံသား ဘယ်ရွေ့ဘယ်မျှ အလုပ်အကိုင် ရနိုင်မယ်ဆိုတာ လုပ်ကိုင်မယ့် လုပ်ငန်းရဲ့ သဘော သဘာဝနဲ့ ပတ်သက်နေပါတယ်။ ဒီနေရာမှ ပြဿနာ တခုက ရှိလာပါတယ်။ အဲတာက ဘာလဲဆိုတော့ ငွေပင်ငွေရင်း များများနဲ့ လာရောက် မြှုပ်နှံပေမယ့် တချို့ လုပ်ငန်းတွေဟာ သဘောသဘာဝအရ မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြု ရတဲ့ လုပ်ငန်းမျိုး ဖြစ်နေတတ်သလို ခေတ်မီစက်ကိရိယာတွေကို အားပြုလုပ်ကိုင်တာကြောင့် လုပ်သားဦးရေများများ မလိုအပ်တာကို တွေ့ရပါတယ်။ တချို့ လုပ်ငန်းတွေကတော့ ရင်းနှီးမြှုပ်နှံမှု ကြီးမားသလို လုပ်သားဦးရေလည်း များများ စားစား လိုအပ်ပါတယ်။ အဲသလို လုပ်ငန်းမျိုးတွေဆိုရင် ပြည်တွင်းလုပ်သား အတော်များများကို အလုပ်ပေးနိုင်တာဖြစ်လို့ အကျိုးများစေတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးလို့ ဆိုနိုင်ပါတယ်။

နောက်တချက်ကတော့ တချိန်ထဲမှာ ကျနော်တို့ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမယ့် အချက်ကတော့ ဒေသခံ နိုင်ငံသား တဦးဦးနဲ့ ဖက်စပ်ပြီး ငွေပင်ငွေရင်း နည်းနည်းနဲ့ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ အသေးစားနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို လေးလေးနက်နက် စဉ်းစားဖို့ လိုပါတယ်။ အသေးစားလုပ်ငန်းမျိုးတွေမို့ သိပ်အလေးထားစရာ မလိုဖူးလို့ တချို့ကတော့ ထင်ကောင်းထင်ပါလိမ့်မယ်။

ဒါပေမယ့် အဲသလို အသေးစား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုး တွေကလည်း ဘယ်လောက်အထိ အလုပ်ဖြစ်သလဲ ဆိုတာကို တင်ပြ လိုပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံက အတွေ့အကြုံ တခုကို ပြောပြချင်ပါတယ်။ ထိုင်းနိုင်ငံမှာ ငွေအရင်းနည်းနည်းနဲ့ လာရောက် မြှုပ်နှံလုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း များစွာထဲက တခုကတော့ စားသောက်ဆိုင် လုပ်ငန်းဖြစ်ပါတယ်။ ဘာစားသောက် ဆိုင်တွေလည်း ဆိုတော့ ဥပမာပြောရရင် ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမန်၊ အာဂျင်တီးနား၊ ဂျပန်၊ ကိုရီးယား၊ တူရကီ၊ လက်ဘနွန် စတဲ့ စားသောက်ဆိုင်တွေ ဖြစ်ပါတယ်။

အဲသလို စားသောက်ဆိုင်မျိုးတွေ လာရောက်တည်ထောင် လုပ်ကိုင်ရာမှာ ရင်းနှီးရတဲ့ ငွေပမာဏာဟာ အလတ်စား စားသောက်ဆိုင်မျိုး ဆိုရင် ဒေါ်လာနှစ်သိန်း (သို့) သုံးသိန်း ဝန်းကျင်လောက်နဲ့ စတင်တယ်လို့ ဆိုပါတယ်။ ထိုင်းလူမျိုး လူလတ်တန်းစား တဦးအနေနဲ့ စစခြင်းမှာ ဒေါ်လာနှစ်သိန်းသုံးသိန်းကို တဦးထဲ အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာ မလွယ်ကူပါဖူး။ ဒါကြောင့် ဒီလိုကွက်လပ်ဖြစ်နေတဲ့ အသေးစား စီးပွားရေးလုပ်ငန်းမျိုးမှာ နိုင်ငံခြားက အသေးစား ရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့ ငွေကြေးတတ်နိုင်တာကြောင့် လာရောက် မြှုပ်နှံလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒေသခံ ထိုင်းနိုင်ငံသား တဦးဦးနဲ့တော့ ဖက်စပ် လုပ်ကိုင်မှု ရှိရပါတယ်။ ဒါကတော့ သူတို့ ဥပဒေကြောင့်ပါ။

ဒေါ်လာနှစ်သိန်းသုံးသိန်း ဝန်းကျင် ရင်းနှီးမြှုပ်နှံရာမှာ ဒေသခံလူဘယ်နှစ်ယောက်ကို အလုပ်ပေးနိုင်သလဲ ဆိုတာ ကြည့်ရအောင်ပါ။ အလတ်စား စားသောက်ဆိုင်တခုမှာ စားပွဲထိုးအနည်းဆုံး ခြောက်ယောက်ခန့် အလုပ်ခန့်ထားရပါတယ်။ အချက်အပြုတ် အတွက်က မီးဖိုထဲမှာ စားဖိုမှူး လေးဦးခန့် လိုအပ်ပါတယ်။ ပန်းကန်ဆေးဖို့ အတွက် အနည်းဆုံး လူတဦးလိုပါတယ်။ တခါ ဆိုင်သန့်ရှင်းရေး လုပ်ငန်းများအတွက် နောက်ထပ် အလုပ်သမား တဦးလိုပါတယ်။ တွက်ကြည့် လိုက်ရင် အဲဒီလို စားသောက်ဆိုင် တဆိုင်ဖွင့်ခြင်းအားဖြင့် ဒေသခံ ၁၂ဦး အလုပ်ရရှိပါတယ်။ တခါ စားသောက်ဆိုင် အတွက် လိုအပ်တဲ့ သားငါးအသီးအရွက် အစစကို ဝယ်ယူရာမှာလည်း ဒေသထွက် သားငါး ဟင်းသီးဟင်းရွက်တွေကို အများစုဆိုသလို ဝယ်ယူရတဲ့အတွက် တဖက်မှာ ဒေသခံ စိုက်ပျိုးရေး၊ မွေးမြူရေးသမား တွေအတွက်လည်း အလုပ် ဖြစ်စေပါတယ်။ မဖြစ်မနေ နိုင်ငံခြားက တိုက်ရိုက်မှာယူ တင်သွင်းရတဲ့ အသားငါးမျိုး ရှိကောင်းရှိ နိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းထွက် သားငါးနဲ့ အသီးအရွက်တွေကိုတော့ အများအားဖြင့် ဝယ်ယူအသုံးပြုလေ့ ရှိပါတယ်။ တခါ စားသောက်ဆိုင်ကိုယ်တိုင်က ဒါတွေကိုမြို့ပြင်အထိ သွားမဝယ်နိုင်တဲ့အတွက် သားငါးအသီးအရွက်တွေကို အိမ်တိုင်ယာ ရောက် (သို့) ဆိုင်တိုင်ယာရောက် လာပို့ပေးတဲ့ လုပ်ငန်းသမားတွေလည်း အလုပ်ရပြန်ပါတယ်။ အဲတာအပြင် နိုင်ငံခြား စားသောက်ဆိုင်တွေက ဝယ်ယူလေ့ရှိတဲ့ ပစ္စည်းမျိုး၊ အသားငါးမျိုးနဲ့၊ ဟင်းသီးဟင်းရွက် စတာတွေကို ရောင်းချတဲ့ ဆိုင်တွေပေါ်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ အလုပ်ရပြန်ပါတယ်။

ဒါကြောင့် နိုင်ငံအတွင်း စားသောက်ဆိုင်လုပ်ငန်းမှာ လာရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံတဲ့ အသေးစား နိုင်ငံခြားလုပ်ငန်း ပိုင်ရှင် အားလုံးရဲ့ စုစုပေါင်း မြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်းနှစ်ရာ (သို့) သန်းသုံးရာ ရှိတယ်ဆိုပါစို့။ တခြားသူတွေ မပါသေးဘဲ စားသောက်ဆိုင်လုပ်ငန်းကနေ တိုက်ရိုက်အားဖြင့် ဒေသခံလူပေါင်း ၁၂ဝဝဝ တသောင်းနှစ်ထောင် အလုပ်ရရှိ နိုင်တယ် ဆိုတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အထက်မှာ ပြောခဲ့သလို စိုက်ပျိုးရေးနဲ့မွေးမြူရေး သမားတွေပါ အကျိုးအမြတ် ရလာမှာကို တွေ့ရပါတယ်။ ဒေါ်လာသန်းနှစ်ရာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီး တခုဟာ ဒေသခံလူဦးရေ ၁၂ဝဝဝ ကို တချိန် ထဲမှာ အလုပ်ပေးနိုင်ဖို့ဆိုတာ သေချာပါ့မလား။ အထက်မှာ ပြောခဲ့သလို နည်းပညာမြင့်မားတာကြောင့် လူများများ လုပ်သားများများ မလိုတဲ့ လုပ်ငန်းမျိုး ဖြစ်နေတယ်ဆိုရင် လူဦးရေ တရာ၊ နှစ်ရာ၊ သုံးရာလောက်ပဲ အလုပ်ရနိုင်တဲ့ ရင်းနှီး မြှုပ်နှံမှုမျိုးလည်း ရှိနိုင်တယ် ဆိုတာကို ထောက်ပြလိုရင်း ဖြစ်ပါတယ်။

ပြန်ကောက်ရမယ်ဆိုရင် စီးပွားရေးကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီး မြှုပ်နှံတာမျိုးရှိဖို့ လိုအပ်သလို၊ အသေးစား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ခြင်အောင်လည်း ဆွဲဆောင်ဖို့လိုတယ် ဖိတ်ခေါ်ဖို့ လိုတယ်လို့ တင်ပြခြင်း ဖြစ်ပါတယ်။ အခု ကိစ္စမှာက စားသောက်ဆိုင် လုပ်ငန်းတခုထဲကိုသာ ပြောပြခြင်း ဖြစ်ပါတယ်။ တခြားသော အသေးစား လုပ်ငန်းတွေလည်း အမြောက်အများ ရှိပါသေးတယ်။ ဥပမာ ပြောရရင် အသေးစား တည်းခိုခန်း လုပ်ငန်းမျိုး၊ ဝန်ဆောင်မှု လုပ်ငန်းအဖုံဖုံ စသဖြင့် အမျိုးအစား များပြားလှတဲ့ နောက်ထပ်အသေးစားလုပ်ငန်း အများအပြား ရှိနေပါသေးတယ်။ ဒါကြောင့် အသေးစား လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလေးအနက် ထားပြီး ဖိတ်ခေါ်ဖို့ လိုအပ်ပါကြောင်း။

ဇော်မင်း
၁၃ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.