ရွက်မွန်စာမျက်နှာ

Friday, January 31, 2014

နိုင်ငံရေးစီးပွားရေး မညီမျှမှုများနှင့် နိုင်ငံသားတို့ဆန့်ကျင်မှု

ပြီး
ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်ကာလကစလို့ နိုင်ငံအတော်များများက ပြည်သူတွေရဲ့ တောင်းဆိုသံ ဆန္ဒပြသံတွေဟာ ကမ္ဘာတဝှမ်းမှာ ကျယ်လောင်သထက် ကျယ်လောင်လာခဲ့ပါတယ်။ ဆန္ဒပြတောင်းဆို တာတွေကလည်း တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တောင်းဆိုကြတာရှိသလို စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ အတွက် မညီမမျှဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တောင်းဆိုတာတွေကိုလည်း မြင်ရပါတယ်။

တူနီးရှားနိုင်ငံ ကနေ အီဂျစ်နိုင်ငံကို ဖြတ်သန်းပြီး အာရပ်ကမ္ဘာ တခွင်လုံးမှာတော့ ဒီမိုကရေစီသံတွေက ပဲ့တင်ထပ်နေပါတယ်။ အာရပ်နွေဦးဆိုပြီးတော့ တင်စားခဲ့ပါတယ်။ အလားတူပါပဲ စပိန်၊ ဂရိ၊ အီတလီ အပါအဝင် ဥရောပနိုင်ငံများမှာလည်း စီးပွားရေးအကျပ်အတည်းများ ဒဏ်ကြောင့် ပြည်သူတွေရဲ့ ဆန္ဒပြသံတွေကို တကမ္ဘာလုံး ကြားနေရပါတယ်။ လွန်ခဲတဲ့ နှစ်နှစ်ကျော်ကလည်း အမေရိကန်ပြည်သူတွေ ဆန္ဒပြကြရင်း ဆန္ဒပြပွဲတွေဟာ အမေရိကန်နိုင်ငံ ငွေကြေးဈေးကွက်တည်ရှိရာ နယူးရောက် မြို့တော်က ဝေါလ်လမ်းမ အပေါ်ထိ ကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒါအပြင် ဆန္ဒပြပွဲတွေဟာ အမေရိကန်နိုင်ငံရဲ့ တခြားသော မြို့တော်တွေ အထိပါ ကူးစက်သွားခဲ့တာ မှတ်မိကြမယ်လို့ ထင်ပါတယ်။ ယူကရိန်းနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားများက သူတို့နိုင်ငံကို ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ဖို့ တောင်းဆိုနေပါ တယ်။ ဒါပေမယ့် လက်ရှိအစိုးရက ရုရှားနဲ့ အကျိုးတူစီးပွားရေး လုပ်ငန်းတွေ ရှိနေတာကြောင့် ယူကရိန်းပြည်သူတွေ တောင်းဆိုနေတာကို လစ်လျှူရှုထားပါတယ်။ ထိုင်းနိုင်ငံမှာလည်း လက်ရှိအစိုးရကို မတရားတဲ့ ဥပဒေတွေပြဌာန်းမှုနဲ့ လူထုကလမ်းပေါ်ထွက် ဆန္ဒပြနေပါတယ်။ အစိုးရယန္တရားတခုလုံး ရပ်ဆိုင်းသွားအောင် ဆန္ဒပြမယ်လို့ ကြွေးကြော်ထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း စီးပွားရေးအရ ဖိနှိပ်မှုကြောင့် လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် လူတချို့သေဆုံးခဲ့ရတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။
အခုလတ်တလောမှာ အဓိထားပြီး ဆွေးနွေးလိုတာကတော့ စီးပွားရေးလက်ဝါးကြီးအုပ်မှု ကြီးထွားသထက် ကြီးထွား လာတာကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ကိစ္စများ ဖြစ်ပါတယ်။ တိုင်းပြည်တခုမှာ စီးပွားရေးတိုးတက်လာတယ်၊ ချမ်းသာလာတယ်၊ ဂျီဒီပီဆိုတဲ့ ကိန်းဂဏန်း မြင့်တက်လာနေတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ယေဘူယျ သတ်မှတ် ကြပါတယ်။ သို့သော်လည်း ဒီနေရာမှာ မေးရမယ့် မေးခွန်းတွေက တန်းစီပြီးပေါ်လာပါတယ်။ နိုင်ငံအနေနဲ့ ကတော့ ကိန်းဂဏန်းများအရ စီးပွားရေး တိုးတက် လာတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် အဲသလို ချမ်းသာလာတာကို အမှန်တကယ် ခံစားစံစားရတဲ့ နိုင်ငံသားက အများစုလား ဒါမှမဟုတ် အနည်းစုလား ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ စီးပွားရေးပညာရှင်တွေက ဂလိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်တဲ့ ကမ္ဘာရွာဖြစ်စဉ်ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ အချင်းချင်း နီးနီးကပ်ကပ် ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားကြရင်း တိုးတက်ပြီး အကျိုးဖြစ်ထွန်း လာမယ်လို့ တွက်ချက်ခဲ့ကြပါတယ်။ ဒါပေမယ့် တဖက်မှာ ပြန်ကြည့်တော့လည်း တချို့နိုင်ငံတွေမှာ ဓနအရ ချမ်းသာတိုးတက် လာပေမယ့် နိုင်ငံသားပြည်သူ အများစုကြီးဟာ အဲသလို ကြွယ်ဝမှုကို အမှန်တကယ် မခံစားရဖူး ဆိုတာကို တွေ့လာရပါတယ်။ ဆိုလိုတာကတော့ ချမ်းသာ ကြွယ်ဝမှုဟာ လူနည်းစုလက်ထဲမှာပဲ ရောက်နေတယ်၊ လူနည်းစုက ထိန်းချုပ်ထားတယ်လို့ ထောက်ပြလာကြပါတယ်။ ချမ်းသာကြွယ်ဝမှုကို လူနည်းစုကပဲ ထိန်းချုပ်ထားတဲ့ အတွက် ရေရှည်မှာ မညီမမျှမှုတွေ ဆက်လက်ပေါ် ပေါက်လာပါတယ်။ အဲတာနဲ့ ပတ်သက်လို့ နာမည်ကျော် စီးပွားရေး ပညာရှင်တဦးဖြစ်သူ မြန်မာပြည်မှာလည်း လာရောက် ဟောပြောပို့ချဖူးသူဖြစ်တဲ့ ပါမောက္ခ ဂျိုးဆက်ဖ် စတိဂလစ်က အခုလို ပြောဖူးပါတယ်။

“မညီမမျှမှုတွေ ပေါ်ပေါက်လာတာဟာ သံသရာစက်ဝိုင်း လှည့်သလို ပြုမှုနေတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ဘယ်လို သံသရာစက်ဝိုင်းလဲဆိုတော့၊ ကြွယ်ဝချမ်းသာ သူတွေဟာ သူတို့ရဲ့ ဓနအင်အားကို အသုံးပြုပြီး ဥပဒေတွေ စည်းမျဉ်းတွေကို သူတို့ ဖြစ်စေခြင်သလို ပုံသွင်းယူပါတယ်။ အဲသလို ပုံသွင်းယူတာဟာ သူတို့ရဲ့ လက်ရှိ ကြွယ်ဝမှုကို ကာကွယ်ဖို့အတွက်နဲ့ ဒီထက်ပိုပြီး ချမ်းသာဖို့အတွက် ဖြစ်ပါတယ်။ ကျိကျိတက် ချမ်းသာလာတာနဲ့အမျှ သူတို့ရဲ့ သြဇာကလည်း ကြီးထွား လာပါတယ်။ တခါ အဲသလို ကြီးထွားလာတဲ့ သြဇာနဲ့ ချမ်းသာကြွယ်ဝမှုကို ရေရှည်မှာ ဆက်ထိန်းထားနိုင်ဖို့ အတွက် ဓနအင်အားကို အသုံးပြုပြီး လုပ်ဆောင်ပြန်ပါတယ်။ ဒီလိုမျိုးတွေ ထပ်ပြန်တလဲလဲ ဖြစ်လာနေတဲ့အခါမှာ မညီမမျှမှုဆိုတဲ့ ကိစ္စဟာ တစတစ ပိုပြီး ကြီးထွား လာပါတယ်”။

ဒီလို အဖြစ်အပျက်မျိုးတွေ မညီမျှမှုတွေဟာ အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား မှာလည်း အလားတူ ဖြစ်ပွားနေပါတယ်။ ကျနော်တို့ရဲ့ ဒေသတွင်းကို ကြည့်ရအောင်ပါ။ ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ လူဦးရေ ၆၄ သန်းကျော် ရှိပါတယ်။ လေ့လာသူများရဲ့ အဆိုအရ ထိုင်းနိုင်ငံရဲ့ ဓနကြွယ်ဝမှု အစုစုဟာ လူ ၂ သန်းရဲ့ လက်ထဲမှာပဲ တည်ရှိနေတယ်လို့ ဆိုပါတယ်။ အဲသလို ဆိုတော့ လူဦးရေ ၆၂ သန်းရဲ့ ကံကြမ္မာဟာ လူ ၂ သန်းရဲ့ လက်ထဲမှာ ရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ တဖက်မှာပြန်ကြည့်ရင်လည်း ထိုင်းနိုင်ငံမှာ ကြွယ်ဝချမ်းသာမှုဆိုတဲ့ အကျိုးရလဒ်ကို ခံစားနေရတာက အဲဒီ လူ ၂ သန်းလို့ ပြောရင်လည်း မှားမယ် မထင်ပါဖူး။ တခါ လက်ရှိ အာဏာရ ထိုင်းအစိုးရ (အခုလက်ရှိမှာတော့ အိမ်စောင့်အစိုးရ တာဝန်ကိုယူထား) ကို ကြည့်မယ်ဆိုရင် အစိုးရထဲမှာ ရှိနေတဲ့ ဝန်ကြီးဦးရေ သုံးပုံတပုံဟာ မီလျှံနာလို့ ခေါ်တဲ့ သန်းကြွယ်သူဌေး အဆင့်အထိ ချမ်းသာ ကြွယ်ဝသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက အာဏာရ အစိုးရအဝန်းအဝိုင်း အတွင်းမှာ ထိပ်ပိုင်းကစလို့ တချို့သော ဝန်ကြီး ဝန်ကလေးများ၊ တချို့သော ပါလီမန်အမတ်များ ကြိကြိတက် ချမ်းသာတယ်ဆိုတာ အားလုံးအသိပါ။ ခရိုနီလို့ လူသိများတဲ့ သူတို့ရဲ့ စီးပွားဖက်တွေ ချမ်းသာနေတာဟာလည်း ကြောက်ခမန်းလိလိပါ။ သူတို့တတွေဟာ တရားနည်းလမ်းကျကျ ချမ်းသာလာတာလား မတရားတဲ့နည်းတွေနဲ့ ချမ်းသာတာလား ဆိုတာကလည်း ပြည်သူအားလုံးသိပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် သန်းကြွယ်သူဌေး အရေအတွက် အတော်လေး တိုးလာနေတယ်လို့ ကြားနေ ရပါတယ်။ ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်ပြီး ဘယ်လိုဘယ်ပုံ ချမ်းသာလာတယ် ဆိုတာကတော့ ဘယ်သူမှ တိတိကျကျ မသိပါဖူး။ ကိုယ့်တိုင်းပြည်မှာ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းနိုင်မယ့် သန်းကြွယ်သူဌေးတွေ ရှိတယ်ဆိုတာ ဂုဏ်ယူဖို့ ကောင်းပါတယ်။ သို့သော်လည်း တဖက်မှာ ပြန်ကြည့်ရင် သန်းကြွယ်သူဌေးတွေ များလာပေမယ့် မြန်မာနိုင်ငံသား အများစု ကတော့ ဆင်းရဲတွင်းထဲမှာ ရောက်နေပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တိုးတက်ဖွံ့ဖြိုးလာတယ် ဆိုတာ အခုအထိ မရှိသေးတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။ လူလတ်တန်းစား ဆိုတာ မြန်မာနိုင်ငံမှာ ကွယ်ပျောက်သွားခဲ့ ပါပြီ။ မြန်မာ နိုင်ငံသား လူဦးရေ ၅ သန်းကျော်ဟာ မိခင်နိုင်ငံကို စွန့်ခွာပြီး နိုင်ငံခြား တိုင်းပြည်တွေမှာ သူများမလုပ်လိုတဲ့ အောက်တန်း နောက်တန်းကျတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြရပါတယ်။ ဒါတွေဟာ အဖြစ်မှန်တွေပါ။

တိုင်းပြည်မှာ သန်းºကွယ်သူဌေးတွေ များလာပေမယ့် နိုင်ငံသားအများစု ဆင်းရဲတွင်းနက်နေရတာဟာ စီးပွားရေးအခွင့်အလမ်း မညီမျှလို့ ဖြစ်ရတာပါ။ ဒီလိုရင်ဆိုင်နေရတာကို အစိုးရအနေနဲ့ လစ်လျှူရှုထားမယ်ဆိုရင် ရေရှည်မှာ မြန်မာ့လူ့အဖွဲ့အစည်း အတွက် ဆိုးကျိုးတွေကို သယ်ဆောင်လာပါလိမ့်မယ်။ မဟတ္တမဂန္ဓီ တခါက ပြောခဲ့ဖူးပါတယ်။ ဆင်းရဲမွဲတေခြင်းဟာ မကောင်းတာမှန်သမျှကို သယ်ဆောင်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆင်းရဲမွဲတေခြင်းဟာ ကြောက်စရာ အကောင်းဆုံး အကြမ်းမှုကြီးလို့ ထောက်ပြခဲ့ခြင်းပါ။ အခုလက်ရှိ အစိုးရအနေနဲ့ နောက်ထပ် ရွေးကောက်ပွဲတခုကို မသွားခင်မှာ စီးပွားရေးအခွင့်အလမ်း၊ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တိကျတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေကို ပြဌာန်းသတ်မှတ်ဖို့ လိုပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေကို ဖောက်ဖျက်တဲ့ သူများကိုလည်း မျက်နှာမလိုက်ဘဲ လက်မတွန့်ဘဲ အရေးယူဖို့လည်း ထောက်ပြလိုပါတယ်။

အစိုးရအနေနဲ့ ပြုပြင့်သင့်တာတွေကို မပြုပြင်ဘဲ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်ဆိုရင် စီးပွားရေးမညီမျှတဲ့ ပြဿနာဟာ ကြီးသထက် ကြီးလာမှာပါ။ အဲတာရဲ့ အကျိုးဆက်အဖြစ် ဆင်းရဲမွဲတေမှု ဒဏ်ကို ခါးစီးခံနေရတဲ့ နိုင်ငံသားတွေရဲ့ ကြီးကြီးမားမား ဆန့်ကျင်မှု အုံကြွမှုကို အစိုးရအနေနဲ့ ဆက်ပြီးရင်ဆိုင် ရပါလိမ့်မယ်။ နိုင်ငံသားတွေ လမ်းပေါ်တက် ဆန္ဒပြတယ်ဆိုတာ နိုင်ငံရေးသမားတချို့ ပြောသလို အပေါစားနိုင်ငံရေး မဟုတ်ပါဖူး။ အားယားနေလို့ လမ်းပေါ် ထွက်တာလည်း မဟုတ်ပါဘူး။ နိုင်ငံသားတွေ လမ်းပေါ်တက် ဆန္ဒပြတယ်ဆိုတာ နိုင်ငံရေးအရ ဖိနှိပ်ထားတာကြောင့်ရယ်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတာကြောင့်ရယ်၊ စီးပွားရေးအရ နစ်နာလွန်းတဲ့အတွက်ရယ်ကြောင့် ပြကြတာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သူဌေးမဖြစ်ရကောင်းလားဆိုပြီး ဒေါသထွက်လို့ အစိုးရကို ဆန္ဒပြခြင်း မဟုတ်ဖူး ဆိုတာကို နားလည်ဖို့လိုပါတယ်။

နိုင်ငံသားတွေက အစိုးရကို ဆန့်ကျင်ဆန္ဒပြတာကို အစိုးရက အင်အားသုံးပြီး ဖိနှိပ်မယ်၊ ဖြိုခွင်းမယ်၊ ဖမ်းဆီးထောင်ချ မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ် ဖြစ်တာမို့ နိုင်ငံတကာရဲ့ ပြစ်တင်ရှုံ့ခြတာကိုလည်း ရင်ဆိုင်ရမှာ ဖြစ်သလို ပြည်သူတွေရဲ့ အယုံအကြည် ကင်းမဲ့မှုကိုလည်း ဆက်လက်ရင်ဆိုင်ရ ပါလိမ့်မယ်။ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တာဟာ နိုင်ငံရေးအရ ဖိနှိပ်လွန်းတယ်ဆိုတဲ့ အချက်တခုထဲကြောင့်သာမကဘဲ စီးပွားရေး အခွင့်အလန်း မညီမျှမှုကြောင့် ဆင်းရဲတွင်း နက်လွန်းရင်လည်း လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသလေ့ ရှိပါတယ်။ နိုင်ငံရေး ဖိနှိပ်မှုနဲ့ နိုင်ငံရေးအခွင့်အရေး မညီမျှမှု၊ စီးပွားရေး မညီမျှမှု စတာတွေကိုပါ တချိန်ထဲ ရင်ဆိုင်နေရတယ် ဆိုရင်တော့ နိုင်ငံသားများ လမ်းပေါ်တက်လာမယ်ဆိုတာ မမေ့သင့်ကြောင်း။

ဇော်မင်း
၉ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.