ရွက်မွန်စာမျက်နှာ

Tuesday, February 4, 2014

ဝက်သားဟင်း၊ ချဉ်ပေါင်၊ ကွန်ဖော့ဇုံနဲ့ ကျော်ကြားလိုသူများ

မွေးမြူရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဦးအုန်းမြင့်၏ ဟိုရက်တုံးက ပြောစကားသည် မိုက်ရိုင်းလွန်းသည်။ လူတွေကို လီးပဲဟု ပုဆိုးလှန်မပြယုံ တမယ်သာ ကျန်တော့သည်။ သူ့ကိုယ်သူ ဗိုလ်ချုပ်အုန်းမြင့် ဆိုပြီး ရည်ညွှန်းသည်။ အမှန်ဆိုရင် သူဟာ အရပ်သား ပြည်ထောင်စု ဝန်ကြီးသာ ဖြစ်သည်။ စစ်ဗိုလ်ချုပ် မဟုတ်တော့။ သို့သော် စစ်သွးစစ်မာန်ကား မကုန် သေး။ လူတွေကို စိန်ခေါ်နေသည်။ နိုင်ငံသားတွေကို စိန်ခေါ်နေသည်။ တိုင်းရင်းသား အပေါင်းကိုလည်း စိန်ခေါ်နေခြင်း ဖြစ်သည်။ စစ်ဗိုလ်ပဲဖြစ်ဖြစ်၊ အရပ်သား ဝန်ထမ်းပဲဖြစ်ဖြစ် ပြည်သူ့အစေခံသာ ဖြစ်သည်။ အခုတော့ ပြောနေသည့် လေပေါက်က မင်းတရားလေး တပါး အလားပင်ဖြစ်သည်။ ပြည်သူတို့ ဝန်ကြီးအရ ကံဆိုးလေစွ။ ဦးအုန်းမြင့်သည် မိကောင်းဖခင် သားသမီးမှ ဟုတ်ပါလေစ။

ဦးအုန်းမြင့်သည် သတ္တိကောင်းလွန်းလို့ အဲသလို ပြောသည်ဟုမထင်။ နောက်ကွယ်မှာ ထောက်ခံထားသူတို့ အရှိန်အဝါနဲ့ ပြောတာ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်ဘဝတုံးက သေနတ်ကိုင်ထားပြီး လက်နက်မရှိသူတွေကို ပါးတွေတဖြန်းဖြန်း ရိုက်ခဲ့ သလို လုပ်ချင်တာတွေလည်း လုပ်ခဲ့သည့် သူများဖြစ်သည်။ အခု အမှန်တကယ် သတ္တိရှိရင် လက်နက်မပါဘဲ တယောက် ထဲ လမ်းပေါ်ထွက်၍ စိန်ခေါ်ရဲသလော။ သူတို့ခေတ် ဗိုလ်ချုပ်ဆိုတာမျိုးက လက်ထဲမှာ လက်နက်မရှိရင် ရွာသိမ်ရွာမွှားက ရွာလူမိုက် လောက်တောင် စွာရဲတာမှ မဟုတ်တာ။

ဦးအုန်းမြင့်ကို ပြောလိုတာ ရှိပါသည်။ ခင်ဗျား သတ္တိထက်မနည်း ဗမာတိုင်း သတ္တိကောင်းပါသည်။ ခင်ဗျားတို့ စစ်တပ်က ရဲဘော်တယောက် ကျည်ဆံ ခွန်ရှယ် ရှစ်ဆယ်လောက်နဲ့ ရှေ့တန်းထွက်ရဲသလား။ မေးပါရစေ။ ကျည်ဆံအဲသလောက်နဲ့ ကချင်ကို သွားတိုက်ရဲသလား။ ဝအဖွဲ့ကို ခင်ဗျားတို့ မတို့ရဲ မထိရဲ ဖြစ်နေတာကို လူတိုင်းသိတယ်ဗျ။ ဖင်ခေါင်းကျယ်တာ ရိုးရိုးကျယ်ပါ။ ကန့်လန့်ကြီး မကျယ်ပါနဲ့။ ကျုပ်တို့ သည်ဖက်က တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ရှိသလောက် လက်နက်ခဲယမ်းနဲ့ ခင်ဗျားတို့ နိုင်ငံအဆင့် စစ်တပ်ကြီးကို တွန်းလှန်တိုက်ခဲ့တာ နှစ်ပေါင်း မနည်းတော့ပါ။

ပြည်သူတွေ မွဲငတ်နေသည်။ ဗိုလ်ချုပ်တွေ ချမ်းသာနေသည်။ ချမ်းသာနေရင်းက အေးအေးမနေ လူတွေကို စော်ကား မော်ကား ပြောသေးသည်။ ဝက်သားဟင်းနဲ့ ချဉ်ပေါင် လဲရတော့မည့် အခြေအနေ ရောက်ကောင်းရောက်နိုင်သည်။ ကိုယ်က ချဉ်ပေါင်၊ သူတို့က ဝက်သားဟင်း ဘာမှ မလဲရဲစရာမရှိ။ သည် ဝက်သားဟင်းနဲ့ ချဉ်ပေါင် လဲရဲတယ်ဆိုတဲ့ စကားဟာလည်း သူတို့ စစ်တပ်တွင်းမှာ ပေါ်ခဲ့တာဖြစ်သည်။ ဖိနှိပ်ဆိုးဝါးသည့် အရာရှိများကို အောက်ခြေရဲဘော်များက စိန်ခေါ်သည့် စကားဖြစ်သည်။ စစ်သားစစ်ဗိုလ်တိုင်း ဒီစကားစုကို နားလည်သည်။ အရာရှိဆိုး နောက်ကျည်ဆံထိမယ်လို့ ပြောတာဖြစ်သည်။ အရာရှိဆိုးကို ပစ်သတ်ပြီးရင် အဲသည့် ရဲဘော်ဟာ ကိုယ့်ကိုကိုယ်သတ်သေချင်သတ်၊ သို့မဟုတ်ပါက ထွက်မပြေးဘဲ အေးအေးသက်သာ အဖမ်းခံထောင်ကျခံဖို့ပဲ ဖြစ်သည်။ အဲတာကို ဝက်သားဟင်းနဲ့ ချဉ်ပေါင်လဲတယ်လို့ တပ်ထဲမှာ ပြောခြင်းဖြစ်သည်။

ဝန်ကြီး ဦးအုန်းမြင့် စော်ကားမော်ကား ပြောနေသည့် စကားများသည် မကြာတော့သည့် အနာဂတ်မှာ သူတို့ ဘယ် လမ်းကို ဘယ်လိုလျှောက်မည်ဆိုသည့် အချက်ပေးသံပင်ဖြစ်သည်။ ဒီလိုလူစားမျိုးတွေကို ဘယ်သူတွေက ကျေကျေ နပ်နပ်နဲ့ နောက်တခါ မဲထပ်ထဲ့မည်နည်း။ အရင်ကလည်း မဲခိုးလို့ ရွေးကောက်ပွဲ နိုင်ခြင်းဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ဒါကို နားလည်ပုံရသည်။ ဒါကြောင့် မဲခိုးတာ၊ မဲလိမ်တာ ညစ်တာတွေ၊ တခြားပါတီက အမတ်လောင်းတွေကို အပြစ်ရှာ ကြံပြီး ရွေးကောက်ပွဲကနေ ကန်ထုတ်မှာမျိုး စတာတွေကို ၂ဝ၁၅ မှာ သေချာပေါက် တွေ့ရဦးမည်။

ဦးအုန်းမြင့် အခုလို ပြောင်ကျကျ စော်ကားမော်ကား ပြောသည့်အပေါ် အဘဦးဝင်းတင်၏ ထောင်ကျမှာ ဂရုမစိုက်ဆိုသော တုန့်ပြန်မှုကို ကြိုဆိုသည်။ နောက်ထပ် အနည်းငယ်သော နိုင်ငံရေးသမားများ၏ မှတ်ချက်များကိုလည်း ကြိုဆို မှတ်တမ်း တင်ပါသည်။ ချောင်ပိတ်ရိုက်ပါက အလှမွေး ခွေးကလေးပင် ပြန်ကိုက်တတ်သည်။ ကျနော်တို့သည် ယဉ်ကျေးသော လူသားများ ဖြစ်သည်။ အဟိတ်တိရိစ္ဆြွာန်မဟုတ်။ ဒါကြောင့် ဖိနှိပ်လာပါ အသိညဏ်ရှိရှိ တွန်းလှန်သွားမည့် သူများ ဖြစ်သည်။ ဦးအုန်းမြင့် ခင်ဗျားတို့ တရုတ်ဗိုလ်ကျနေတာကို ကြိတ်ခံနေတာ နိုင်ငံသားတိုင်း သိသဗျ။ သတ္တိရှိရင် တရုတ် ဆန့်ကျင်ရေးလေး နည်းနည်းလောက် ပြောသင့်သည်။ လူတွေသဘောကျလို့ နောက်တပတ် ရွေးကောက်ပွဲမှာတောင် အမတ်ပြန်ဖြစ်နိုင်သည်။

ယနေ့နိုင်ငံရေး အခြေအနေသည် အကဲဆတ်သည်၊ မာယာများသည်ဟူသော အကြောင်းပြချက်ဖြင့် ငြိမ်သက်နေသော အားကောင်းမောင်းသန်အရွယ် နိုင်ငံရေး လှုပ်ရှားသူများကိုတော့ အားမရပါ။ ပွင့်ပွင့်လင်းလင်း ပြောခြင်းဖြစ်သည်။ အခု ချက်ခြင်း လမ်းပေါ်တက်၍ ဆန္ဒပြရမည်ဟု မဆိုလိုပါ။ ဆိုရေးရှိကဆို ပြောရေးရှိက ပြောဆိုတဲ့ အဆင့်လောက်ကိုတောင် မလုပ်လိုတော့ဘူးလား။ ကိုယ့်လူတွေ ပရောဂျက် ပရိုပိုဆယ်တွေမှာ ပျော်မွေ့နေကြ ပြီလော။ ဒါမှမဟုတ် တည်ရှိနေသော ကွန်ဖော့ဇုံလေး ပျက်စီးသွားမှာကို စိုး၍လော။ ကာယကံရှင်များသာ သိပေလိမ့်မည်။

ယူနီဖောင်းမဝတ်တော့သော်လည်း စစ်ဗိုလ်ချုပ်စိတ် မကုန်သေးသော ဦးအုန်းမြင့်၏ ဗိုလ်ကျလွန်းသော မိုက်ရိုင်းလွန်သော ပြောဆိုမှုအပေါ် ဖေ့စ်ဘွတ်ခ် သုံးနေသော သံဃာတော်များထံမှ ဘာမှတ်ချက်မှ လောက်လောက် လားလား ထွက်မလာ သေးတာကိုလည်း သတိထားမိသည်။ တလောက မျိုးစောင့်ဖို့ မန္တလေးမှာ သံဃာတော် အပါးပေါင်း သုံးသောင်း တက် ရောက်ခဲ့သည်။ အခု ဦးအုန်းမြင့် ကိစ္စမှာ အနည်းဆုံး သံဃာတော် သုံးပါးလောက်ထံမှ ရပ်တည်ချက် ကောင်းကောင်းဖြင့် မှတ်ချက်ပေးတာမျိုး လောက်တော့ ဖြစ်သင့်သည်။

ဦးပဉ္ဇင်းတို့ လောကီကိစ္စတွေမှာ ပါမည်ဆိုပါကလည်း တရားတဲ့ဖက်က ထဲထဲဝင်ဝင် ပါကြပါဟု တိုက်တွန်းလိုသည်။ ဖိလစ်ပိုင် ခရစ်ယန် ဘုန်းတော်ကြီးတွေ ဒီမိုကရေစီအတွက် အသက်ပါ စွန့်လွှတ်ခဲ့တာတွေ ရှိသည်။ ဒါတွင်မကသေးပါ တောင်အမေရိက တိုက်က နိုင်ငံတွေမှာလည်း အရေအတွက် မနည်းလှသော ခရစ်ယန်ဘုန်းတော်ကြီးတွေ အာဏာရှင် တွေကို ဆန့်ကျင်ရင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့သည်။ မြန်မာနိုင်ငံမှာ ရွှေဝါရောင်တုံးက ပါဝင်ခဲ့သော ထောင်ကျ ခံခဲ့ရသော အသတ်ခံခဲ့ရသော သံဃာတော် အရှင်သူမြတ်များကို လေးစားပါသည်။

သို့သော် တဖက်မှာလည်း ဘာမှ ကျားကုတ်ကျားခဲ့ မလုပ်ဘဲ လောကီအသိုင်းအဝိုင်းတွင် လောကီကိစ္စများကို ဝင်စွက် ဖက်ရင်း နာမည်ကြီးလိုတဲ့ သံဃာတော်များကို တွေ့ရတော့လည်း စိတ်ပျက်မိသည်။ လူတွေထဲတွင်သာ မဟုတ် သံဃာ လောက မှာလည်း ကွန်ဖော့ဇုံလို့ ပြောရမဲ့ သက်တောင့်သက်သာ အရပ်မျိုး၌နေရင်း ထင်ပေါ်ကျော်ကြားလိုသည့် ဦးပဉ္ဇင်း အရေအတွက်ကလည်း မြင့်တက်လာသည်ဟု ဆိုနိုင်သည်။ နိုင်ငံတကာကနေ အကယ်၍ ဒီလိုဖြစ်နေတာတွေကို တွေ့မြင် ရ၍ မင်းတို့ မြန်မာပြည်က ထေရဝါဒ ဘုန်းတော်ကြီးတွေကလည်း တိဗက် ဘုန်းတော်ကြီးတွေရဲ့ အကျင့်အကြံ ကိုတောင် မမီပါ့လားလို့ အပြောအဆို ခံရနိုင်သည်။ အခုလို ဦးအုန်းမြင့် ကိစ္စမျိုး၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်မှာမျိုး၊ မြေယာသိမ်းခံ တောင်သူများရဲ့ တိုက်ပွဲ၊ တရုတ်က မြစ်ဆုံဆည် ပြန်ဆောက်ဖို့ အကဲစမ်းနေတာမျိုးကို တန်ပြန်ဖို့ စသဖြင့် အဲတာမျိုးတွေ မှာ ဝင်ရောက်ပူးပေါင်း ဆောင်ရွက်မဲ့ သံဃာတော်မျိုး မြန်မာပြည်မှာ ရှိသေးရဲ့လားလို့ စဉ်းစားမိသည်။ အမျိုးစောင့်မယ့် ဆရာတော်များ နောက်ပိုင်းမှာ ဦးသန်းရွှေ၊ ဦးအောင်သောင်း၊ ဦးသိန်းစိန်၊ ဦးအုန်းမြင့်တို့ရဲ့ နောက်လိုက်များ ဖြစ်နေမယ် ဆိုရင်တော့ ထင်ထားတာနဲ့ မကွာလှတာမို့ နှမြောတသခြင်းတော့ ဖြစ်လိမ့်မည်မဟုတ်ပါ။

ပြည်ထောင်စုဝန်ကြီးအဆင့်က အဲသလို အဆင့်အတန်းမရှိ ပြောတာကို လက်ရှိအစိုးရက အရေးယူဖို့လိုသည်။ ဝန်ကြီးနေရာနဲ့ မတန်သောကြောင့် ဖယ်ရှားသင့်သည်။ ဦးဌေးဦးက သူ့လူကိုသူ ကာကွယ်တဲ့ စကားပြောသည်။ ဒီလို ကာကွယ်တာဟာ နိုင်ငံရေးမှာ သူခိုးဒါးရိုးကမ်းတာဘဲလို့ ဆိုရလိမ့်မည်။ အဲသလို ပြောချင်တိုင်းပြော လွှတ်ထားပေး မယ်ဆိုရင် နောင်မှာ မလိုလားအပ်တဲ့ သည့်ထက် ကြီးမားတဲ့ ပြဿနာတွေကို ရင်ဆိုင်ရလိမ့်မည်။

ဒီစာကို ဒေါသဖြစ်လို့ ရေးတာဖြစ်သည်။ ဒေါသနဲ့ ရေးတာကြောင့် မှားတာ ကြမ်းတာ ပါလိမ့်မည်။ သို့သော် ထိုမှားတာ ကြမ်းတာတွေကို ကျနော် ပြန်မပြင်ပါ ပြန်မနုတ်ပါ။ တခါတလေ ဒေါသနဲ့ ရေးထားတာကို အရှိအရှိအတိုင်း လူတွေဖတ် စေချင်၍ပင် ဖြစ်သည်။ လောကုတ္တရာ ကိစ္စတွေကို ဆောင်ရွက်ရမယ့် သာသနာ့ဝန်ထမ်း ဦးပဉ္ဇင်းတွေတောင် ဖေ့စ်ဘွတ် ကနေ ထင်တာတွေ မြင်တာတွေ ရေးတင်နေတာ၊ ကျနော့်လို လူသာမန် ဒေါသဖြစ်၍ ရေးတင်သောစာသည် မည်သူ့ကိုမှ အဆိပ်အတောက် ကြီးစွာဖြစ်လိမ့်မည် မဟုတ်ဟု ယူဆသည်။

ဇော်မင်း
၂ ရက်၊ ဖေဖဝါရီလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.