ရွက်မွန်စာမျက်နှာ

Tuesday, February 18, 2014

တဂိုးနဲ့ လူသားဆန်မှု

ရာဘင်ဒြာနတ် တဂိုးဟာ အများသိထား ပြီးတဲ့အတိုင်း အိန္ဒိယနိုင်ငံသား ဘင်္ဂါလီစာပေပညာရှင် တဦးပါ။ တဂိုးဟာ သူ ရေးသားခဲ့တဲ့ ‘Gitanjali’ ကဗျာရှည်ကြီး အတွက် ၁၉၁၃ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်အပ်နှင်းခြင်း ခံရပါတယ်။ မြန်မာပြည်မှာတော့ ဂီတဥင်္ဇလီလို့ လူသိများပါတယ်။ သူဟာ ကဗျာများနဲ့ နာမည်ကြီးတယ် ဆိုပေမဲ့ ဝထ္ထုရှည်၊ ဝထ္ထုတို၊ အက်ဆေးများ၊ သီချင်းများလည်း အမြောက်အများ ရေးသားခဲ့သူ ဖြစ်ပါတယ်။ ပန်းချီပညာရှင်လည်း ဖြစ်ပါတယ်။ အဲဒါ အပြင် တဂိုးဟာ အတွေးအခေါ် ပညာရှင်တဦး အနေနဲ့လည်း ထင်ရှားပါသေးတယ်။

၂ဝရာစုအတွင်း ကမ္ဘာမှာ ထင်ရှားခဲ့တဲ့ တွေးခေါ်ပညာရှင်များ အထဲမှာ အရှေ့တိုင်းသားတွေဖြစ်တဲ့ တဂိုးနဲ့ မိုဟန်ဒက်စ်ဂန္ဒီ (မဟတ္တမဂန္ဒီ) တို့လည်း ပါဝင်ပါတယ်။ သို့သော် ဂန္ဒီကြီးကို လူအများက အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေး၊ လွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် ပိုလို့သတ်မှတ်ကြ ပါတယ်။ သူတို့နှစ်ဦးဟာ တဦးနဲ့တဦး ပုဂ္ဂိုလ်ရေး အရလည်း အလွန်ရင်းနှီးတဲ့ သူများဖြစ်ပါတယ်။ တဂိုးဟာ ဂန္ဒီကြီးကို အလွန်လေးစားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးကြားမှာ အတွေးအခေါ်အရ အတော်လေး ကွဲပြား ခြားနားမှုတွေ ရှိနေပါတယ်။
အထူးသဖြင့် အမျိုးသားရေးဝါဒ၊ မျိုးချစ်စိတ်၊ ယဉ်ကျေးမှုခြင်း အပြန်အလှန် ကူးလူးဆက်ဆံခြင်း၊ ဆင်ခြင်တုံတရားရဲ့ အခန်းကဏ္ဍနဲ့ သိပံ္ပပညာ၊ စီပွါးရေးစနစ်၏ သဘောသဘာဝနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အစရှိတဲ့ ကိစ္စရပ်တွေမှာ တဂိုးနဲ့ ဂန္ဒီဟာ ချဉ်းကပ်ပုံခြင်း တဦးနဲ့တဦး အလွန်ကွဲပြားပါတယ်။ သည်ကဏ္ဍတွေကို ချဉ်းကပ်တွေးခေါ်တဲ့ နေရာမှာ တဂိုးဟာ ဟိန္ဒူရိုးရာအတိုင်း အခြေခံပြီး တွေးခေါ်စဉ်းစားတဲ့ လမ်းစဉ်ကို သိပ်ဦးစားမပေးပါဘူး။ တနည်း ပြောရရင်တော့ တဂိုးဟာ စဉ်းစားတွေးခေါ်ပုံ ခေတ်မှီတယ် ခေတ်ရှေ့ရောက်တယ်လို့ ဆိုရမှာပေါ့။ ဂန္ဒီကတော့ ဒုက္ခများမြောင် ရင်ဆိုင်နေရတဲ့ ဆင်းရဲ သား တိုင်းသူပြည်သား အများစုကို ရှေးခေတ် ဟိန္ဒူယဉ်ကျေးမှု ချဉ်းကပ်ပုံအရ ရင်ဝယ်သားများလို သဘောပိုက်ပါတယ်။ တဂိုးကတော့ သည်နေရာမှာ ဂန္ဒီနဲ့မတူပါဘူး။ သူက လူထုကို အရွယ်မရောက်သေးတဲ့ ကလေးများသဖွယ် သဘောမထား သင့်ဘူးလို့ ငြင်းခုန်ပါတယ်။ သို့သော် နှစ်ဦးစလုံးဟာ လူသားဆန်မှုကို အလေးထားသူတွေ ဖြစ်ပါတယ်။

တဂိုးဟာ မျိုးချစ်စိတ်ဆိုတာထက် လူသားဆန်မှုဆိုတာကို တိတိလင်းလင်း ပိုမိုဦးစားပေး သူဖြစ်ပါတယ်။ အဲသလို ဆိုလိုက်လို့ သူဟာ မျိုးချစ်စိတ်နည်းပါးပြီး လူသားဆန်မှုမှာပဲ မွေ့ပျော်နေတယ်၊ အိန္ဒိယပြည်ရဲ့ လွတ်လပ်ရေးကို ဂရုမစိုက်ဖူး ဦးစားမပေးဖူးလို့ ရုတ်တရက်တော့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယတိုက်ငယ် လွတ်လပ်ရေး အတွက် သူ့ဖက်က ဆောင်ရွက်ပံ့ပိုးခဲ့တာတွေ အများကြီးရှိပါတယ်။ တဂိုးရဲ့ အဲသည်လို တွေးပုံခေါ်ပုံတွေဟာ သူရဲ့ဖခင် ဆီက အမွေရခဲ့တယ်လို့ ဆိုနိုင်ကြောင်း ပညာရှင်အချို့က ထောက်ပြပါတယ်။ သူရဲ့ဖခင်ကတော့ ဒီဘန်ဒြာနတ် တဂိုး ဖြစ်ပါတယ်။

တဂိုးရဲ့ ဖခင်ကြီးဟာ သူ့တို့ခေတ် သူတို့အခါက “ဘရာမိုစမတ်” လို့ခေါ်တဲ့ ဘာသာရေး အယူအဆများ ပြန်လည်ပြုပြင်ရေး အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲသည့် အဖွဲ့ဟာ ဟိန္ဒူရှေးဟောင်း ကျမ်းစာများက တဆင့် မှီငြမ်းပြီး ပြဌာန်းထားတဲ့ ခေတ်ပြိုင် ဟိန္ဒူဓလေ့စရိုက် အကျင့်အကြံများကို လူသားချင်း ဖိနှိပ်ခွဲခြားတဲ့ အယူအဆများ အဖြစ် သတ်မှတ်ပြီး လက်မခံကြပါဘူး။ ဟိန္ဒူယဉ်ကျေးမှုဟာ မဇ္ဇျိမဒေသမှာ ထွန်းကားလာခဲ့တာ နှစ်ပေါင်း လေးထောင်လောက် သက်တန်း ရင့်ခဲ့ပြီမို့ အဆိုပါ “ဘရာမိုစမတ်” အဖွဲ့ဟာ သူတို့ရဲ့ ယူဆချက်တွေကို ရဲရဲတင်းတင်း တင်ပြနိုင်တာကလွဲလို့ ရှေးရိုးစွဲကြီးလှတဲ့ သာမန် ဟိန္ဒူလူများစုကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ ခေတ်ဟောင်းကို တော်လှန်လိုသူ ထိပ်ပိုင်း ပညာတတ် လူတစုရဲ့ ဆောင်ရွက် ချက် သဘောမျိုးသာ ရှိခဲ့ပါတယ်။

၁၉ဝ၈ ခုနှစ်က သူ့မိတ်ဆွေ တဦးဆီကို တဂိုးရေးသားခဲ့တဲ့ ပုဂ္ဂိုလ်ရေး စာတစောင်မှာ သည်လိုဖော်ပြခဲ့ပါတယ်။ “မျိုးချစ် စိတ်ဆိုတာ ကျနော်တို့ နောက်ဆုံး ကွန်းခိုရမဲ့ ဝိညာဉ်အဆောက်အဦ မဟုတ်ပါ။ ကျနော် ခိုလှုံရာကတော့ လူသားဆန်မှု ဆိုတာပဲ ဖြစ်ပါတယ်။ ဖန်ကွဲတစကို စိန်တတုံးရဲ့ တန်ဖိုးနဲ့တော့ ကျနော်ပေးဝယ်မည် မဟုတ်ပါ။ ကျနော်အသက်ရှင်သန် ရှိနေသမျှ ကာလပတ်လုံးမှာတော့ မျိုးချစ်စိတ်ဝါဒက လူသားဆန်မှုအပေါ် အနိုင်ယူမည့် ဘယ်လိုအရာမျိုးကိုမှ ကျနော် ခွင့်ပြု လိမ့်မည်မဟုတ်”။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝ၆ နှစ်က လူသားဆန်မှုအပေါ် ထားရှိခဲ့တဲ့ တဂိုးရဲ့ ရပ်တည်ချက်ပါ။ လူသားဆန်မှုဆိုတဲ့ အသုံးအနှုန်း၊ လူသားဆန်မှုဆိုတဲ့ ချဉ်းကပ်မှုကို ပြောတဲ့ အခါတိုင်း လူအတော်များများက သည် အယူအဆဟာ အနောက်တိုင်းက လာတယ်လို့ ထင်မြင်လေ့ ရှိပါတယ်။ လူသားဆန်မှုဆိုတာ အရှေ့တိုင်းသားတွေ ဂရုပြုလေ့ရှိတဲ့ အရေးအရာမဟုတ်ဘူးလို့လဲ ထင်ကြပါတယ်။ အထက်ပါ စာစုကို ပြန်ကောက်ရရင် တဂိုးဟာ မျိုးချစ်စိတ် ဝါဒကို မပြစ်ပယ်ပါဘူး။ ဒါပေမဲ့ လူသားဆန်မှုကို ဖောက်ဖျက် ဆန့်ကျင်မယ်၊ အနိုင်ယူမယ် ဆိုတဲ့အထိ မျိုးချစ်စိတ်ဝါဒ ပြင်းထန်တာမျိုးကိုလည်း လက်မခံဘူးဆိုတာ မြင်နိုင်ပါတယ်။

၁၉၁၆ ခုနှစ်မှာ တဂိုးဟာ ဂျပန်နိုင်ငံက ဖိတ်ကြားချက်အရ အဲသည်မှာ သွားရောက်ပြီး စာပေ၊ အတွေးအခေါ် စတာတွေနဲ့ ပတ်သက်လို့ ဟောပြောပွဲတွေ၊ ပို့ခြချက်တွေ နေရာအနှံ့ လုပ်ခဲ့ပါတယ်။ အဲသည့်အချိန်က ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတချို့မှာ စစ်ပွဲကြီးတခု ဆင်နွှဲနေတဲ့ အချိန်ဖြစ်ပါတယ်။ ၁၉၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၁၈ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ သမိုင်းမှာတော့ ပထမကမ္ဘာစစ်လို့ တွင်ခဲ့ပါတယ်။ စကားစပ်လို့ ပြောရရင် အဲသည့် စစ်ပွဲကြီးအတွင်းမှာ အိန္ဒိယလူမျိုးစုံ တပ်ရင်းတပ်ဖွဲ့တွေပါသလို ကရင်သေနတ်ကိုင်တပ်တွေနဲ့ မြန်မာသေနတ်ကိုင် တပ်တွေလည်း အင်္ဂလိပ်ကိုလိုနီ အစိုးရဖက်ကနေ ဝင်ပြီးတိုက်ပေးခဲ့ရ ပါသေးတယ်။ ရှေ့တန်းနယ်မြေကတော့ မက်ဆိုပိုတေးမီးယား စစ်မြေပြင်လို့ တချိန်က မြန်မာပြည်မှာ လူသိများခဲ့ပါတယ်။ အဲသည့်နေရာဟာ ကနေ့ခေတ် အီရတ်နိုင်ငံကို ပြောတာပါ။

ထိုအချိန် ထိုကာလမှာပဲ ဂျပန်တို့ရဲ့ အနောက်နိုင်ငံများနဲ့ ယှဉ်ဘောင်တန်းပြီး စီးပွါးရေးနဲ့ စက်မှုလက်မှု တိုးတက်ဖွံ့ဖြိုး လာတာကို တဂိုးက အလွန်ချီးကြူးပါတယ်။ ဂျပန်နိုင်ငံဟာ ကျိန်စာသင့်နေတဲ့ ဘဝက လွတ်မြောက် သွားခဲ့ပြီ ဆိုပြီးတော့တောင် တင်စားခဲ့ပါတယ်။ သို့သော်လည်း အဲသည့်အချိန် ဂျပန်နိုင်ငံမှာ တွန်းတင်နေတဲ့ အမျိုးသားရေးဝါဒနဲ့ မျိုးချစ်စိတ်ဆိုတဲ့ ကိစ္စကိုတော့ တဂိုးက အနာဂတ်မှာ ပေါ်ပေါက်လာမဲ့ ကြီးမားတဲ့ ပြဿနာတခု အဖြစ် ရှုမြင်ပါတယ်။ အဲသည့်အချက်ကို ဂျပန်လူမျိုးတို့ အထူးသတိထားဖို့လိုကြောင်း ရောက်လေရာ နေရာတိုင်းမှာ ဟောပြောတိုင်း ထည့်သွင်းပြောကြားတဲ့ အတွက် သူ့ကိုဖိတ်ကြားတဲ့ ဂျပန်အိမ်ခံ အဖွဲ့အစည်းများ ကြီးစွာသော စိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။ နောက်ပိုင်းမှာ ဂျပန်တွေရဲ့ ဆက်ဆံရေးဟာ တဂိုးအပေါ်မှာ နွေးနွေး ထွေးထွေး မရှိတော့ပဲ အေးစက်စက် ဖြစ်လာခဲ့ပါတယ်။ ဒါကို သဘောပေါက်တဲ့ တဂိုးဟာ မကြာခင်မှာဘဲ ဂျပန်ကနေ အိန္ဒိယကို ပြန်လာခဲ့ပါတယ်။

၁၉၃၇ ခုနှစ် တရုပ်ပြည် နန်ကင်းမြို့ကို ဂျပန်တွေဝင်သိမ်းတုံးက တရုပ်လူမျိုး ကလေး၊ လူကြီး၊ အမျိုးသမီးမကျန် သိန်းနဲ့ချီပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတာတွေ ပြန်ကြားရတဲ့အခါမှာ အသတ်ခံရတဲ့ တရုပ်ပြည်သူများအတွက် တဂိုး အနေနဲ့ ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ သည်အကြောင်းနဲ့ ပတ်သက်လို့ တဂိုးရဲ့ ခံစားချက်ကို သူ့မိတ်ဆွေများဆီ ရေးတဲ့ စာတွေထဲမှာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံဟာ သူတို့ တွန်းတင်လာခဲ့တဲ့ အမျိုးသားရေးဝါဒနဲ့ မျိုးချစ်စိတ် ဆိုတာကို ဖြတ်သန်းရင်း ဖက်ဆစ်ဝါဒီ လက်ကိုင်ထားသူတွေ ဖြစ်လာခဲ့တာ ကွက်ကွက်ကွင်းကွင်း မြင်ရပါတယ်။ တချိန်ထဲမှာလည်း ဂျာမဏီနိုင်ငံမှာ ဟစ်တလာရဲ့ အမျိုးသားဆိုရှယ်လစ် အမည်ခံထားတဲ့ ဖက်ဆစ်ဝါဒလည်း အားကောင်းသထက် ကောင်းလာနေတာ မှတ်မိကြမှာပါ။ ၁၉၃၉ စက်တင်ဘာလမှာ ပိုလန်ကို ဂျာမဏီက ကျူးကျော်ပြီး ဝင်တိုက်ရင်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာခဲ့ပါတယ်။

တဂိုးရဲ့ လူသားဆန်တဲ့ တွေးခေါ်ဖန်တီးမှုတွေဟာ အိန္ဒိယတိုက်ငယ်ထဲက ပြည်သူတွေကို အများကြီး လမ်းကြောင်း ပေးနိုင်ခဲ့ပါတယ်။ သူဟာ ဟိန္ဒိုမိသားစုကနေ ပေါက်ဖွား ကြီးပြင်းလာသူပါ။ သို့သော် မွတ်စလင်အများစု နေထိုင်တဲ့ ဘင်္ဂလားဒက်ရှ်နိုင်ငံ လွတ်လပ်ရေးရတော့ ရွေးချယ်လိုက်တဲ့ နိုင်ငံတော်သီချင်းဟာ တဂိုး ရေးသားစပ်ဆိုခဲ့တဲ့ “ရွှေရောင်လွှမ်းတဲ့ ကျနော့်ရဲ့ ဘင်္ဂေါ” ဆိုတဲ့သီချင်းပဲ ဖြစ်ပါတယ်။

တဂိုးနဲ့ဂန္ဒီဟာ ခေတ်ပြိုင် တွေးခေါ်ပညာရှင်များ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ တဦးက ခေတ်မှီတယ်၊ တဦးက ရှေးရိုးဆန်တယ်။ သို့သော် တချိန်တည်းမှာလည်း တဂိုးက ပညာရှင်ဆိုပေမဲ့ သူ့ကိုယ်သူ နားလည်တဲ့ သဘောပေါက် ထားတဲ့ အချက်တချက် ရှိပါတယ်။ အဲတာက ဘာလဲဆိုတော့ သူဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး၊ လွတ်မြောက်ရေး အတွက် ဂန္ဒီကဲ့သို့ ခေါင်းဆောင်မှု ပေးနိုင်တဲ့သူ မဟုတ်ဖူး ဆိုတာပါပဲ။ ဒါပေမဲ့ တဂိုးဟာ ဂန္ဒီကို ပံ့ပိုးပေးဖို့ ဘယ်တော့မှ လက်တွန့် ခဲ့တဲ့ သူမဟုတ်ပါ။ မိုဟန်ဒက်စ်ဂန္ဒီကို နောက်ပိုင်းမှာ အိန္ဒိယ ပြည်သူတွေက မဟတ္တမဂန္ဒီလို့ ခေါ်ကြပါတယ်။ အဲသည့် ‘မဟတ္တမ’ (ကြီးမြတ်သော) ဆိုတဲ့ အသုံးအနှုံး ပိုမိုကျယ်ပြန့် ကျော်ကြားလာအောင် စာပေတွေကနေတဆင့် ထိထိ ရောက်ရောက် ဖန်တီးခဲ့သူကတော့ တဂိုးပဲဖြစ်ပါတယ်။ တဂိုးဟာ လွတ်မြောက်ရေးကို တန်ဖိုးထားသလို လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေသူများကို လေးစားပံ့ပိုးသူ ဖြစ်တာလည်း တွေ့ရပါတယ်။

လွတ်မြောက်မှု (သို့) လွတ်လပ်ခြင်းကို တဂိုးအနေနဲ့ ဘယ်လောက်တန်ဖိုး ထားသလဲဆိုတာကို သူရဲ့နာမည်ကျော် ကဗျာ ဖြစ်တဲ့ ဂီတÌင်္လီမှာ တွေ့မြင်နိုင်ပါတယ်။ လူသားဆန်မှုနဲ့ လွတ်လပ်ခြင်းဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလို့ ဆိုနိုင်ပါတယ်။

“စိတ်ကမကြောက်ပဲ ခေါင်းကို မတ်စွာထားနိုင်သော အရပ်၌လည်းကောင့်း့  ”
“ပညာသည် လွတ်လပ်ရာ အရပ်၌လည်းကောင့်း့  ”
“စကားသည် နက်ရှိုင်းသော သစ္စာအတွင်းမှလာသော အရပ်၌လည်းကောင့်း့  ”
“့  ”
“့  ”
“ထိုလွတ်လပ်သော နိဗ္ဗာန်၌ တပည့်တော်တို့၏ တိုင်းပြည်သည် နိုးကြားနိုင်ပါစေ အရှင်ဘုရာ့း့ ”

နိုင်ငံအတွက် ဒီမိုကရေစီနဲ့ လွတ်လပ်မှုတို့ ထွန်းကားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်နေတဲ့ နေရာမှာ ကျနော်တို့ဟာ လောဘတခုခုကြောင့် လူသားဆန်မှုဆိုတဲ့ အချက်ကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ မျက်ကွယ် မပြုသင့်ဘူး၊ မပြုထိုက် ဘူးလို့ ထောက်ပြလိုပါတယ်။ ငါတို့ အယူဝါဒသည်သာ အကောင်းဆုံး အမြတ်ဆုံး၊ ငါတို့ အယူဝါဒဟာ တခြားသော အယူ ဝါဒတွေထက် သာလွန်တယ် စစ်မှန်တယ်၊ ငါတို့ အယူဝါဒနဲ့ ဆန့်ကျင်ဖက် အယူဝါဒတွေကို ခေါင်းမထောင်နိုင်အောင် နှိမ်နင်းရမယ်ဆိုတဲ့ စိတ်ထားမျိုးတွေ ကိန်းအောင်းလာမယ်ဆိုရင် ဒါဟာ လူသားဆန်မှုကို ချိုးဖောက်ဖို့ စတင်ခြင်းလို့ ဆိုနိုင်ပါတယ်။

လူသားဆန်မှုကို မျက်ကွယ်ပြုရင် နောက်ဆက်တွဲအဖြစ် လွတ်လပ်မှုလည်း ဆုံးရှုံးပါလိမ့်မယ်။ လူသားဆန်မှုဟာ ကျနော်တို့ကို မျက်ကန်း ဖြစ်သွားစေမယ့် အခြေအနေကနေ ဆယ်တင် ကယ်မနိုင်ပါတယ်။ လူသားဆန်မှုဟာ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို ပိုပြီး အရောင်တင်ပေးပါတယ်။ လူသားဆန်မှုကို မျက်ကွယ်ပြုရင် စစ်မှန်တဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မဖန်တီးနိုင်ပါဖူး။ လူသားဆန်မှုဟာ ပညာညဏ်အလင်းနဲ့ ခရီးသွားဖော် ဖြစ်တာမို့ ကျနော်တို့ သားမြေးမြစ်တွေ အတွက်လည်း အနာဂတ်မှာ ကောင်းကျိုးကို ဖန်တီးပေး ပါလိမ့်မယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် လူသားဆန်မှုကို အလေးထားမြတ်နိုးတဲ့ မြန်မာတဂိုးများ ဆထက်တပိုး တိုးပွားပါစေကြောင်း။

ဇော်မင်း
၂၈ ရက် ဇန်နဝါရီလ ၂ဝ၁၄ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.