ရွက်မွန်စာမျက်နှာ

Wednesday, February 26, 2014

စားကျက်မြေနဲ့ သမ္မတကြီးပြောတဲ့ နွားနို့

မှတ် မိနေတဲ့ ကိစ္စတခု ရှိပါတယ်။ အဲတာက ဘာတုန်းဆိုတော့ ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်မှာ စားကျက် မြေ ကိစ္စနဲ့ ပတ်သက်လို့ အပြန်အလှန် ငြင်းခုံ ဆွေးနွေးတာတွေ ဖြစ်ခဲ့ပါတယ်။ အဆိုတင်တဲ့ဖက်က မြန်မာနိုင်ငံဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ် တည်ဆောက် တော့မှာမို့ စားကျက်မြေဆိုတာ လိုအပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် စားကျက်မြေတွေကို လယ်ယာမြေအဖြစ် အသွင်ပြောင်းဖို့နဲ့ စက်မှုဇုံတွေအဖြစ် အသွင်ပြောင်းဖို့ လိုအပ်တယ်လို့ တင်ပြလာ ပါတယ်။ အဲသလို တင်ပြလာတဲ့ အဆိုဟာ ဆွေးနွေးဖို့တောင် မလိုအပ်ဖူးလို့ ကန့်ကွက်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကန့်ကွက်တဲ့ဖက်က ရှုံးနိမ့်သွားတဲ့အတွက် ဒီအဆိုဟာ လွှတ်တော်အတွင်းမှာ မပြီးပြတ်သေးဘဲ ဆက်လက် ဆွေးနွေးဖို့ ရှိလာပါတယ်။

စားကျက်မြေတွေကို အသွင်ပြောင်းဖို့ တင်ပြလာတဲ့ သူတွေကို မေးခွန်းတခု မေးလိုပါတယ်။ အဲတာကတော့ မြန်မာနိုင်ငံ ဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ် သွားတော့မယ်ဆိုတာ ဘယ်ကာလ ဘယ်နှစ်အပိုင်းအခြားကို ဆိုလိုသလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်ကာလ ရောက်ရင် ကျွဲနွားကို သုံးစရာမလိုတော့ဖူးလို့ အတိအလင်း တင်ပြ တာမျိုးကိုတော့ မတွေ့ရပါဖူး။ ပကတိ အခြေအနေအတိုင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အခုအထိ လယ်ယာစိုက်ပျိုး ရေး ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်နေတုန်းပါပဲ။ လယ်ယာစိုက်ပျိုးရေးမှာလည်း ကျွဲနွားကို အခြေပြုပြီး စိုက်ပျိုး နေရဆဲ တိုင်းပြည်လည်း ဖြစ်ပါတယ်။ ကျွဲနွားကို အခြေပြုထားရဆဲ ဖြစ်တာကြောင့် ကိုယ်ခိုင်းစားရတဲ့ ကျွဲနွားတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဖို့လည်း တဖက်မှာ လိုလာပြန်ပါတယ်။ အဲတာကြောင့် ကျွဲနွားတွေကို အစာကျွေိးု့အတွက် စားကျက်မြေဆိုတာ မရှိမဖြစ်လိုအပ် နေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။
နောက်တချက်ကတော့ ခေတ်မီပြီး စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာတောင် လယ်မြေတွေကို ကျွဲနွားတွေနဲ့ မထွန်ယက် တော့ပေမဲ့ စားကျက်မြေဟာ အရေးကြီးတဲ့ မြေအမျိုးအစား ဖြစ်နေဆဲပါ။ ဘာဖြစ်လို့တုန်းဆိုတော့ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းအမျိုးအစား အများအပြားကြားမှာ နွားနို့နဲ့ နို့ထွက်ပစ္စည်း အသီးသီးဟာ မရှိမဖြစ်တဲ့ စားသောက်ကုန် တွေထဲက တခုဖြစ်ပါတယ်။ ပထမအဆင့် နွားနို့ ထုတ်လုပ်ဖို့အတွက် နို့စားနွားတွေ လိုအပ်ပါတယ်။ တခါ အဲဒီ နို့စားနွား တွေကို ကျွေးမွေးဖို့အတွက် မြက်ဟာ အဓိကကျတဲ့ တိရိစ္ဆာန်အစာ ဖြစ်ပါတယ်။ မြက်ကို မြေကြီးပေါ်မှာသာ စိုက်ပျိုးရ ပါတယ်။ စက်ရုံကနေ ထုတ်လို့မရပါဘူး။ အဲသလို မြက်စိုက်ဖို့အတွက် မြေကြီးလိုလာ ပြန်ပါတယ်။ အဲဒီမြေကြီးကတော့ စားကျက်မြေပါ။ ဒါကြောင့် စက်မှုထွန်းကားတဲ့ တိုင်းပြည်တွေမှာတောင် စားကျက်မြေကို သတ်သတ်မှတ်မှတ် ထားရှိပြီး ဘယ်သူမှ ကျူးကျော်လို့ မရအောင် ဥပဒေတွေနဲ့ အကာအကွယ်ပေး ထားတာတွေ့ရပါတယ်။

ဆိုလိုတာကတော့ မြန်မာနိုင်ငံဟာ စက်မှုမထွန်းကားခင် ကာလမှာရော စက်မှုထွန်းကားပြီးတဲ့ ကာလမှာပါ စားကျက်မြေ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ စားကျက်မြေကို မြေလွတ်အဖြစ် သတ်မှတ်ပြီး စက်ရုံတွေ ဆောက်လိုက်မဟဲ့ ဆိုတဲ့ အမြင်ဟာ အလွန်အတွေးတိမ်ပြီး မှားယွင်းနေတဲ့လုပ်ရပ်လို့ ထောက်ပြလိုပါတယ်။ နောင်အနာဂါတ်မှာ စက်ရုံအလုပ်ရုံတွေ တည်ဆောက် လိုတယ်ဆိုရင် လယ်ယာမြေမဟုတ်တဲ့၊ စားကျက်မြေမဟုတ်တဲ့ မြေတွေပေါ်မှာသာ တည်ဆောက် သင့်တယ်လို့ အကြံပြု ပါရစေ။

မြန်မာနိုင်ငံမှာ ရှေးရိုးအစဉ်အဆက် ကထဲက စိုက်ပျိုးတဲ့မြေနဲ့ စားကျက်မြေကို သီးခြားစီ ခွဲခြားသတ်မှတ်ပါတယ်။ ယေဘုယျ အားဖြင့် ပြောရရင် စားကျက်မြေထဲမှာ ရွာထဲက ဘယ်သူရဲ့ ကျွဲနွားမဆို အစားစားဖို့ ကျောင်းပိုင်ခွင့်ရှိပါတယ်။ စားကျက်မြေ တွေဟာ ရိုးရာအားဖြင့် လူတဦးနှစ်ဦးထဲက ပိုင်ဆိုင်တာမျိုး မဟုတ်ဘဲ အများပိုင်ကျေးရွာပိုင် ဖြစ်လေ့ရှိ ပါတယ်။ ရွာမှာ အာဏာ အရှိဆုံးဖြစ်တဲ့ သူကြီးတောင် စားကျက်မြေထဲမှာ ကျူးကျော်ဝင်ရောက် ထွန်ယက်စိုက်ပျိုးတာမျိုး အိမ်ဆောက် တာမျိုး လုပ်ခွင့်မရှိပါဖူး။ ဘာကြောင့်လဲဆိုတော့ ရွာပိုင် စားကျက်မြေဆိုတာ မရှိတော့ရင် ကျွဲနွားတွေကို အစာကျွေးဖို့ အတွက် ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာကြောင့် ဖြစ်ပါတယ်။ ကျွဲနွားတွေကို အစာဝလင်အောင် မကျွေး နိုင်တော့ရင် လယ်ယာလုပ်ငန်း ဆုတ်ယုတ်ကျရှုံးတာကို ဆက်ပြီး ရင်ဆိုင်ရမှာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စားကျက် မြေဆိုတာ လယ်သမားတိုင်းအတွက် ထွန်ယက်စိုက်ပျိုးတဲ့မြေလို တန်းတူအရေးကြီးလှတဲ့ မြေအမျိုးအစား ဖြစ်ပါတယ်။ ဒီအခြေအနေဟာ လယ်ယာစိုက်ပျိုးရေးသုံး ကျွဲနွားအတွက်ပဲ ရှိပါသေးတယ်။ တကယ်လို့ မြန်မာပြည်မှာ နို့စားနွားသက် သက် စီးပွားဖြစ် မွေးမြူကြတော့မယ်ဆိုရင် စားကျက်မြေဟာ ရှိထားတာထက် ပိုလို့တောင် လိုလာပါဦးမယ်။

ဒီနေရာမှာ တချိန်တုန်းက အီသီယိုပီးယား နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ စားကျက်မြေကိစ္စကို တင်ပြလိုပါတယ်။ အီသီယိုပီးယား အစိုးရဟာ သူတို့နိုင်ငံကြီးကို ခေတ်မီပြီး စက်မှုထွန်းကားတဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ကြွေးကျော်ခဲ့ ပါတယ်။ အဲသလို ကြွေးကျော်ထားတဲ့အတိုင်း စားကျက်မြေတွေကို ပုံစံပြောင်း အသွင်ပြောင်းဖို့ ဆောင်ရွက်လာပါတယ်။ အဲဒီအချိန်က အီသီယိုပီးယား နိုင်ငံဟာ လူဦးရေအားဖြင့် သန်းပေါင်း ၈ဝ ဝန်းကျင်ရှိပါတယ်။ အခုဆိုရင် ဒီထက်များလာမယ် ဆိုတာ ပြောလို့ရပါတယ်။ နိုင်ငံလူဦးရေရဲ့ ၁ဝ% က တိရိစ္ဆာန်မွေးမြူရေးနဲ့ လုပ်ကိုင် စားသောက်တဲ့ မျိုးနွယ်အုပ်စုတွေ ဖြစ်ပါတယ်။ စားကျက်မြေအများစုဟာ စိမ်းစိုတဲ့ မြက်ခင်းတွေပေါက်ရောက်တဲ့ နေရာမျိုး မဟုတ်ပါဘူး။ ဆူးခြုံပုတ်နဲ့ အပင်ငယ်တွေသာ ပေါက်ရောက်တဲ့ အပူပိုင်းဇုံဒေသ ဖြစ်ပါတယ်။ စားကျက်မြေရဲ့ အကျယ် အဝန်းဟာ နိုင်ငံအကျယ်အဝန်းရဲ့ ၆ဝ% ရှိပါတယ်။ တိရိစ္ဆာန်မွေးသူတွေဟာ အများအားဖြင့် သိုး၊ ဆိတ်၊ နွား၊ ကုလားအုပ် စတာတွေကို မွေးမြူပြီး စားကျက်မြေ အတွင်းမှာ လှည့်လည် နေထိုင်ပါတယ်။

အဲသလို တိရိစ္ဆာန်တွေမွေးပြီး လှည့်လည်နေထိုင်တာဟာ ခေတ်မမီတော့ဖူးလို့ အီသီယိုပီးယား အစိုးရက ယူဆပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုပြီး စားကျက်မြေတွေထဲမှာ ဝါဂွမ်းစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်လာပါ တယ်။ ဝါဂွမ်းစိုက်ဖို့ စားကျက်မြေ အတော်များများကို သိမ်းယူ အသွင်ပြောင်းလိုက်တဲ့အတွက် တိရိစ္ဆာန်မွေးပြီး ဝမ်းကျောင်းရတဲ့ သူတွေအဖို့ စားကျက်မြေနေရာ လျှော့ပါးသွားပါတယ်။ နောက်တချက်ကတော့ နိုင်ငံခြား ဝင်ငွေတိုးလာအောင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကို တောရိုင်းတိရိစ္ဆာန်တွေ လိုက်လံပြသဖို့အတွက် စားကျက်မြေတွေကို နိုင်ငံပိုင်အဖြစ် ထပ်မံ သိမ်းယူပြန်ပါတယ်။ အဲသလို သိမ်းယူလိုက်တဲ့ စားကျက်မြေ ဧရိယာတွေထဲကို တိရိစ္ဆာန်မွေးတဲ့သူတွေ ဝင်ရောက် သွားလာခွင့် တိရိစ္ဆာန် ကျောင်းခွင့် မရတော့ပါဘူး။

နောက်ဆုံးမှာတော့ ဝါဂွမ်းစီမံကိန်းလည်း မအောင်သလို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ ဆီက ဝင်လာမယ့် ငွေကလည်း မှန်းထားသလို များများစာစား ဝင်မလာခဲ့ပါဖူး။ ဝါဂွမ်းစီမံကိန်းအတွက် ရည်မှန်းပြီး တည်ဆောက်ခဲ့တဲ့ စက်ရုံတွေလည်း အလုပ်မဖြစ်တော့တာကို တွေ့ရပါတယ်။ အီသီယိုပီးယားနိုင်ငံက အုပ်ချုပ်သူ အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဆိုတာ တကယ်တန်းတော့ အနောက်နိုင်ငံက တိုးတက်မှုတွေကို ပုံစံတူကူးချချင်တဲ့ စိတ်ကများနေတယ်၊ မိမိရေမြေနဲ့ ကိုက်ညီခြင်း ရှိမရှိ လေ့လာစမ်းစစ်ခြင်း မရှိဘူးလို့ လေ့လာသူများက ဆိုပါတယ်။ လက်တွေ့မှာ အီသီယိုပီးယား အစိုးရအနေနဲ့ ဦးစားပေး လုပ်သင့်တာက စားကျက်မြေကို အမီပြုပြီး အသက်မွေးရတဲ့ လူမျိုးအုပ်စုတွေ သက်သာချောင်ချိအောင် ဘဝနေထိုင်မှု အဆင်ပြေလာအောင် ဆောင်ရွက်ပေးသင့်တယ်လို့ တချို့ပညာရှင်တွေက ထောက်ပြပါတယ်။

မကြာသေးခင်ကပဲ သမ္မတကြီးက အရက်မသောက်ဘဲ နွားနို့သောက်ကြဖို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လတ်ဆတ်သန့်ရှင်းတဲ့ နွားနို့ကို ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ လွယ်လွယ်ဝယ်လို့ ရပါသလား။ ဒါပေမဲ့ အရက် မျိုးစုံ ကတော့ နေရာတိုင်းမှာ ဝယ်လို့ရနေတာလဲ အားလုံးအသိပါ။ ကလေးတွေ ကာယဗလ ဖွံ့ဖြိုးဖို့ နွားနို့နဲ့ နို့ထွက်ပစ္စည်း အသီးသီးဟာ အရေးကြီးပါတယ်။ ကောင်းပါပြီ။ ဒါကြောင့် နိုင်ငံနဲ့အဝှမ်း နွားနို့လှိုင်လှိုင်ကြီး ထုတ်လုပ်ဖို့ဆိုရင် နို့စားနွား တွေ အမြောက်အများ လိုအပ်မှာ ဖြစ်သလို စားကျက်မြေတွေလည်း အများကြီး လိုလာလိမ့်မယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒီလို အခြေအနေ မျိုးမှာ ရှိထားပြီးသား စားကျက်မြေတွေကို စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် အသွင်ပြောင်းမယ်ဆိုတာ သင့်တော်၏မတော်၏ နည်းလည်ဖို့ လိုပါတယ်။ စက်မှုဖွံ့ဖြိုးလာဖို့ တခြားလုပ်စရာ မရှိတော့ ဘူးလား။ စားကျက်မြေတွေကို သိမ်းယူ အသွင်ပြောင်းမှ စက်မှုတိုးတက် မှာလား။ နဖူးပေါ်လက်တင်ပြီး သေသေချာချာ စဉ်းစားတွက်ချက်ပါဦးလို့ ပြောလို ပါတယ်။ သူများနိုင်ငံတွေမှာ မှားခဲ့တာတွေကို ကိုယ့်အလှည့်မှာ မမှားအောင် မနစ်နာ အောင် သင်ခန်းစာ ယူတတ်တဲ့ စိတ်ဆန္ဒရှိဖို့ အထူးလိုအပ်ပါတယ်။

တိုင်းနိုင်ငံတခု ဖွံ့ဖြိုးတိုးတက်လာဖို့ အစိုးရကော နိုင်ငံသားတွေပါ ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ဆောင်တဲ့ လုပ်ရပ် ဟာ ရေတိုအတွက်သာ အကျိုးရှိပြီး ရေရှည်မှာ လူများစုအတွက် အကျိုးမဲ့နေတယ်ဆိုရင် တတိုင်းပြည်လုံးအတွက် နစ်နာတယ်လို့ ဆိုနိုင်ပါတယ်။ စက်မှုဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျနော်တို့ နိုင်ငံဟာ ဘယ်လောက် အထိ ပြင်ဆင်ထား သလဲ။ နည်းပညာတွေ ရှိပြီလား၊ လျှပ်စစ်စွမ်းအင်ကော ဈေးချိုချိုနဲ့ ပုံမှန်ရပြီလားဆိုတာလည်း ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ်။ အကောင်းဆုံး အကြံပေးလိုတာကတော့ သမ္မတကြီးပြောသလို နွားနို့သောက်ကြဖို့ဆိုရင် မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ စားကျက်မြေတွေကို ဆက်လက် တည်ရှိခွင့်ပေးဖို့နဲ့ သိမ်းယူထားတဲ့ စားကျက်မြေတွေကိုလည်း သက်ဆိုင်ရာလူထု လက်ထဲကို အမြန်ပြန်အပ်ဖို့ လိုအပ်ပါကြောင်း။

ဇော်မင်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.