ရွက်မွန်စာမျက်နှာ

Thursday, June 5, 2014

အိန္ဒိယ၊ မြန်မာနှင့် ဒီမိုကရေစီအမြစ်တွယ်ခြင်း

ဗြိ
တိသျှတွေလက်အောက်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတော့ ၁၉၄၇ ခုနှစ်။ နောက်တနှစ်ဖြစ်တဲ့ ၁၉၄၈ မှာတော့ မြန်မာပြည် လွတ်လပ်ရေးရပါတယ်။ မရှေးမနှောင်းဆိုသလို အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရကြပါတယ်။ အင်္ဂလိပ်ကိုလိုနီ လက်အောက်မှာ မြန်မာကော အိန္ဒိပါ အင်္ဂလိပ်တွေရဲ့ ပါလီမန်ဒီမိုကရေစီကို မြည်းစမ်းခွင့် ရခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီရဲ့ အားကောင်းချက်၊ အးနည်းချက်တွေကို ထိတွေ့ခွင့်ရခဲ့ပါတယ်။ ကိုလိုနီခေတ် လွန်လာပြီးတဲ့ နောက်ပိုင်း အိန္ဒိယမှာ ဒီမိုကရေစီ အမြစ်တွယ်ခဲ့ပြီး ဒီမိုကရေစီကျင့်စဉ်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မြန်မာပြည်မှာတော့ ဘာကြောင့် အခုအထိ ဒီမိုကရေစီက ရှင်သန်ဖို့ ဝေးနေဆဲ ဖြစ်ရပါသလဲ။ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ ဖြစ်တယ်လို့ ပြောလိုပါတယ်။

တခါတရံ အိန္ဒိယရဲ့ နိုင်ငံရေးကို ဆွေးနွေးရတာ တော်တော်လေး ငြင်းရခုန်ရပါတယ်။ နိုင်ငံကလည်းကြီး၊ အသွေးအရောင် ကလည်းစုံ၊ ရှေးရိုးစွဲ အယူအဆတွေကလည်း နေရာအတော်များများမှာ ကျန်ရှိနေသး၊ လူလူချင်း ဇာတ်အနိမ့်အမြင့် ခွဲတာတွေလည်း ဆက်ရှိနေကြသေးတာကိုး။ ဒါပေမဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှု အားကောင်းတာကလည်း လက်တွေ့မြင်နေရ ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီ ဖြစ်တည်ပုံကို ငြင်းခုန်ကြတဲ့ လူပုဂ္ဂိုလ်များ အသီးသီးမှာလည်း မတူကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေ၊ ချဉ်းကပ်ပုံတွေ ရှိကြပါတယ်။ ဟိန္ဒူ လူများစု နိုင်ငံဖြစ်တာမို့ တချို့နေရာတွေမှာ အစွန်းရောက် ဟိန္ဒူတွေရဲ့ ဒီမိုကရေစီအပေါ်မှာ မြင်ပုံမြင်နည်းတွေကလည်း ချန်ထားလို့ မရတဲ့ ကိစ္စလို့ ဆိုရမှာပါပဲ။
မဟတ္တမဂန္ဒီ၊ ဂျဝါဟာလာနေရူး၊ အမ်ဘက်ကာ၊ နမ်ဗောဓီရိပတ်၊ ဗွီဒီဆာဗက်ကာ စတဲ့ အဲဒီခေတ်က လူထုခေါင်းဆောင် တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးဟာ သူတို့ခေတ်နဲ့အတူ ခေတ်ကိုထင်ဟပ်နိုင်တဲ့ အရာတွေအတွက် လေ့လာရေး၊ စူးစမ်းရေးတွေ လုပ်ဖို့ အခွင့်အရေးများ ရခဲ့တာကလည်း အရေးကြီးတဲ့ အချက်များထဲက တချက်ဖြစ်ပါတယ်။ ခေတ်သစ် ပညာရေးစနစ်နဲ့ ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးတို့ကိုလည်း ထိတွေ့ခွင့်ရခဲ့ပြန်ပါတယ်။ အဲဒီကာလများက ခေတ်သစ် ပညာရေး စနစ်နဲ့ ခေတ်သစ်နိုင်ငံရေး ဆိုတာ ပြောရရင် အနောက်တိုင်းသားများရဲ့ ချဉ်းကပ်မှု အယူအဆများက ပိုလို့ လွှမ်းမိုးထား ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်က ခေါင်းဆောင်အများစုဟာ အိန္ဒိယလွတ်လပ်ရေးတော့ အနောက်တိုင်း အမြင်အတိုင်း သူတို့ တိုင်းပြည်ကို ခေါင်းဆောင်ခဲ့တာမဟုတ်ပါ။ သူတို့ရေ သူတို့မြေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်ခဲ့တာကလည်း အရေးကြီး တဲ့ နောက်တချက်လို့ ဆိုနိုင်ပါတယ်။

ဂန္ဒီကြီးက အကြမ်းမဖက်ရေး မျိုးစေ့ကိုချပြီး လွတ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်သူ၊ နေရူးက အကောင်အထည် ဖော် လိုက်ပါသူ နောက်ထပ်ခေါင်းဆောင်၊ အမ်ဘက်ကာကတော့ နေရူးတို့နဲ့အတူ အကောင်အထည်ဖော် လိုက်ပါသူ လည်း ဖြစ်ပါတယ်။ အမ်ဘက်ကာဟာ ဇတ်နိမ့်တွေရယ်၊ အဲဒီဇတ်နိမ့်တွေထက် နိမ့်သေးတယ်ဆိုတဲ့ ဒါးလစ်လို့ခေါ်တဲ့ အောက်တန်း အကျဆုံးလူတန်းစားလို့ သတ်မှတ်ခံရတဲ့ လူအများရဲ့ ခေါင်းဆောင်ဆိုရင်လည်း မမှားပါဘူး။

နမ်ဗောဓီရိပတ်ကတော့ လက်ဝဲ ခေါင်းဆောင် ကွန်မြူနစ်တဦး ဖြစ်ပါတယ်။ ဗွီဒီဆာဗက်ကာ ကတော့ နောက်ပိုင်းမှာ ဟိန္ဒူ အမျိုးသားရေး အစွန်းရောက် ဖြစ်လာခဲ့ပါတယ်။

ဗွီဒီဆာဗက်ကာက အင်္ဂလန်မှာ ကျောင်းတက်နေတုန်း နေရူးကလည်း အင်္ဂလန်မှာ ပညာသင်နေပါတယ်။ အဲဒီကာလ တုန်းက ဗွီဒီဆာဗက်ကာက ကျောင်းတက်နေရင်း အင်္ဂလိပ်ကိုလိုနီ ဆန့်ကျင်ရေး ကိစ္စအများအပြား လုပ်ပါတယ်။ နေရူးက ပညာ သင်ကြားတာကလွဲလို့ အင်္ဂလိပ်ကိုလိုနီစနစ် ဆန့်ကျင်ရေး ကိစ္စတွေမှာ မပါဝင်ခဲ့လို့ သူ့ကို ဗွီဒီဆာဗက်ကာ လူ့မလိုင် သက်သက်ဆိုပြီး အကြီးအကျယ် ဝေဖန်ပါတယ်။ ဗွီဒီဆာဗက်ကာဟာ အယူအဆရေးရာမှာ ပြင်းထန်သူလို့ ဆိုနိုင်ပါတယ်။ လီနင်ကို အလွန်အားကျသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်မှာကျောင်းတက်နေတုန်း ပြင်သစ်မှာ နိုင်ငံရေး ခိုလှုံနေတဲ့ ရုရှားကွန်မြူနစ် ခေါင်းဆောင် လီနင်ကို သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကွန်မြူနစ် ဖြစ်မလာဘဲ အမျိုးသားရေး အစွန်းရောက် ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ စကားစပ်မိလို့ ပြောရရင် အခုအိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် အသစ်ဖြစ်တဲ့ နာရန်ဒြရာမိုးဒီရဲ့ ပါတီဟာ ဘီဂျေပီ ပါတီဖြစ်ပါတယ်။ ဘီဂျေပီပါတီဟာ ဗွီဒီဆာဗက်ကာ မျိုးစေ့ ချပေးခဲ့လို့ ပေါ်ပေါက်လာခဲ့ရတဲ့ ဟိန္ဒူအမျိုးသား ဦးစားပေးရေး ပါတီဖြစ်ပါတယ်။

ကျနော်တို့ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး၊ ဦးကျော်ငြိမ်း စတဲ့ ခေါင်းဆောင် များ အပါအဝင် အခြားခေါင်းဆောင်များထဲမှာလည်း သူတို့နည်းသူတို့ဟန်နဲ့ နိုင်ငံတကာအမြင်၊ ဒီမိုကရေစီရေးအမြင်တွေ ရှိလိမ့်မယ်ဆိုတာ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဒီမိုကရေစီဝါဒသာ ခေတ်စားအောင်လုပ်ရမယ်လို့ အတိအလင်း ပြောခဲ့သူ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတော့ အဲသလို သဘောထား အမြင်ခြင်း မတူတဲ့ ခေါင်းဆောင်တွေဟာ တယောက်နဲ့ တယောက် တဦးနဲ့တဦး မတူတဲ့အမြင်တွေ၊ မကြိုက်တဲ့ အယူအဆတွေ၊ ကွဲလွဲမှုတွေကို ပါလီမန်မှာ ရှင်းကြပါတယ်။ စစ်တိုက်ပြီး ရှင်းမယ် ဆိုတဲ့အထိ ဖြစ်မလာခဲ့ပါဘူး။ အချင်းချင်းကြားမှာ လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင် စစ်ကြီးအပြီး အင်္ဂလိပ်ထားခဲ့တဲ့ လက်နက် အစုအပုံကြီးဟာ မြန်မာပြည်မှာထက် အိန္ဒိယမှာက အဆပေါင်းများစွာ များပြားလှပါတယ်။ အမျိုးသားရေး အစွန်း ရောက်တယ်ဆိုတဲ့ ဆာဗက်ကာလို ခေါင်းဆောင်မျိုးကတောင် လက်နက်ကိုင် တိုက်ဖို့ မလုပ်ခဲ့ ပါဘူး။ ကွန်မြူနစ်တွေကလည်း လက်နက်မကိုင်ပါဘူး။ ဆင်းရဲသားဇာတ်နိမ့်တွေရဲ့ ခေါင်းဆောင်များကလည်း လက်နက် ကိုင်ဖို့ မဆော်သြောခဲ့ပါဘူး။ အိန္ဒိယစစ်တပ်ဆိုရင်လည်း ဗိုင်းကောင်းကျောက်ဖိ၊ လူထုက ရွေးကောက်ပွဲမှာ မဲနဲ့ ရွေးချယ်ထားတဲ့ အရပ်သား ခေါင်းဆောင် တွေရဲ့ ဦးဆောင်မှုနောက်မှာပဲ တစိုက်မတ်မတ် လိုက်ပါတယ်။ အားလုံးသော အဖွဲ့အစည်းများဟာ မကျေနပ်တာတွေ၊ ပြဿနာတွေကို ပါလီမန်မှာပဲ ရှင်းကြပါတယ်။ သက်ဆိုင်ရာ ခေါင်းဆောင်တွေက အမျှော်အမြင်ရှိရှိ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပါတယ်။ ပြည်တွင်းလက်နက်ကိုင် စစ်မီးကြီး တောက်လောင်ဖို့အထိ မဖန်တီးခဲ့ကြတာကို မြင်ရပါတယ်။

အဓိကဆိုလိုချင်တာကတော့ ပြည်တွင်းစစ်မီးကြီး တောက်လောင်တဲ့ အထိ မဖြစ်လိုက်တဲ့အတွက် ဒီမိုကရေစီကို ကျင့်သုံး ထိန်းသိမ်းရာမှာ ပိုမိုချောမွေ့စေခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီး မဖြစ်ခဲ့တဲ့အတွက် စစ်တပ်ဟာ နိုင်ငံရေးမှာ ဇာတ်လိုက် ဖြစ်လာဖို့ အကြောင်းမရှိတော့ပါဘူး။ နောက်တချက်ကလည်း ခေါင်းဆောင်တွေကိုယ်တိုင်က အဲဒီခေတ်ကို ထင်ဟပ်တဲ့ နိုင်ငံတကာ အမြင်နဲ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖြစ်တည်မှုကို ကောင်းကောင်းကြီး နားလည်သဘောက်ပေါက်ခြင်း ဖြစ်ပါတယ်။ နောက်ထပ် အတုယူဖွယ်ကောင်းတဲ့ အချက်တခုတော့ အိန္ဒိယ နိုင်ငံရေးခေါင်းဆောင်များဟာ အတော်လေး သည်းခံစိတ်ကြီးမားတာကို မြင်ရပါတယ်။ ပြည်တွင်းစစ်ဖြစ်ဖို့အထိ ဘယ်သူကမှ မလုပ်ခဲ့ပါဘူး။ နောက်တချက်က စစ်ဖြစ် လာတယ်ဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အရပ်သားနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို ကျော်တက်သွားနိုင်တယ် ဆိုတာကို အိန္ဒိယနိုင်ငံရေးသမားများ နားလည်နေပါတယ်။ ကျနော်တို့ ယဉ်ကျေးမှုမှာတော့ အဲသလို သည်းခံစိတ် ကြီးမားခြင်းဟာ မေတ္တာ၊ ကရုဏာနဲ့၊ ပညာတို့က မြစ်ဖျားခံလာတယ်လို့ ရှေးလူများက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖို့ ခြောက်လလောက် အလိုမှာ ရေတပ်အတွင်းမှာ တပ်တွင်းပုန်ကန်မှု တခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ဖြစ်တာကို နာမည်ကြီးသတင်းစာ အတော်များများက အမျိုးသားရေး လှုပ်ရှားမှုကြီးအဖြစ် ထောက်ခံရေးသား ကြပါတယ်။ ဒါပေမဲ့ နေရူးက တပ်တွင်းပုန်ကန်မှုကို အပြင်းအထန် ကန့်ကွက်ရှုံ့ချပါတယ်။ သူ့အယူအဆက လက်နက်နဲ့ ဖြေရှင်းတာကို လက်မခံပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ လက်နက်နဲ့ဖြေရှင်းတာကို လက်ခံလိုက်ရင် အနာဂတ်နိုင်ငံရေးမှာ အစရှိ အနောင်နောင်ဆိုသလို စစ်အာဏာသိမ်းတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်လာမှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ ကြိုမြင်လို့ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာတော့ လွတ်လပ်ရေးအတွက် လက်နက်နဲ့စလိုက်တာ အခုအထိ လက်နက်သံသရာထဲက ရုန်းမထွက် နိုင်ကြသေးပါဘူး။ လက်နက်အားကိုးတဲ့ စိတ်ကလည်း ကြီးကြီးမားမား ရှိနေတုန်းပါပဲ။ 


အိန္ဒိယနိုင်ငံရေးမှာလည်း လက်နက်ကိုင်တော်လှန်ရေးအတွက် ကြိုးစားခဲ့ဘူးပါတယ်။ အဲဒီ လက်နက်ကိုင် တော်လှန်ရေးရဲ့ ခေါင်းဆောင်ကတော့ ဆူဘတ်ချန်ဒရာဘို့စ် ဆိုတဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ အိုင်အန်အေ သို့မဟုတ် အိန္ဒိအမျိုးသား တပ်မတော်လို့ လူသိများခဲ့ပါတယ်။ ဂျာမဏီက ဟစ်တလာနဲ့ တွေ့ဆုံဆွေးနွေးဖူး ပါတယ်။ ဂျပန်ဆီက လက်နက် အကူအညီလည်း ယူခဲ့ပါသေးတယ်။ သို့သော် ကံကမကောင်းချင်တော့ ဘို့စ်ဟာ စစ်ကြီးအတွင်း ကွယ်လွန်ခဲ့ ပါတယ်။ ဂျပန်တွေလည်း အိန္ဒိယကို မသိမ်းပိုက်နိုင်သလို အိုင်အန်အေဟာလည်း ဘီအိုင်အေလို စန်းပွင့်လာဖို့ အခြေအနေ မရလိုက်ပါဘူး။ သို့သော်လည်း ဘို့စ်ဟာ ခေါင်းဆောင်ကောင်းဖြစ်တယ်၊ နေရူးတို့ကတော့ သက်တောင့်သက်သာ လိုင်းကနေပဲ လုပ်တယ် စသဖြင့် အငြင်းပွားမှု အိန္ဒိယမှာ ရှိနေတုန်းပါ။ တချို့ကတော့ ဘို့စ်တို့ လက်နက်ကိုင် တော်လှန်ရေး ကြောင့်သာ အိန္ဒိယ လွတ်လပ်ရေးရခဲ့ရင် စစ်အာဏာရှင် စနစ်ဆီကို ဦးတည်သွားနိုင်တယ်။ ကနေ့ အိန္ဒိယမှာ တည်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီမျိုး ထွန်းကာလာမှာ မဟုတ်ဘူးလို့လဲ အပြန်အလှန် ငြင်းခုန်ကြပါတယ်။

မြန်မာပြည်မှာတော့ လွတ်လပ်ရေးအတွက် လက်နက်ကိုင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ လွတ်လပ်တာနဲ့ တပြိုင်ထဲဆိုသလို ခေါင်းဆောင်တွေရဲ့ သဘောထားကွဲမှု တွေကနေတဆင့် ပြည်တွင်းစစ်ဆီကို ဦးတည်ခဲ့ရပါတယ်။ စစ်တပ် အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာလည်း ပြည်တွင်းစစ်နဲ့အတူ အရေးပါလာခဲ့ရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ကတော့ စစ်တပ်ဟာ နိုင်ငံရေးမှာ ပါလာတော့တာပါပဲ။ အဲသလို ပါလာတဲ့အတွက် နောင်မှာလည်း စစ်တပ်ကို နိုင်ငံရေးကနေ ခွာချလို့ မရနိုင်ဘဲ ဖြစ်လာပါတယ်။ လွတ်လပ်ရေးနဲ့အတူ လက်စွမ်းပြတော့တာပါပဲ။

ပြောစရာအချက် အလက်တွေက အမျိုးမျိုးအထွေထွေ ရှိနေသေးပေမယ့် အကျဉ်းချုပ်ပြီး ပြောရမယ်ဆိုရင် အင်္ဂလိပ် လက်အောက်ကနေ မရှေးမနှောင်း လွတ်လပ်ရေးတာခြင်း တူညီပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ်မတွယ်နိုင်ရတာ ဟာ နှစ်ရှည်လများ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ဖြစ်ပါတယ်။ အခုလည်း နေရာအနှံ့ ပြည်တွင်းစစ်ဖြစ်တာမျိုး မဟုတ် ပေမယ့် လက်နက်ကိုင် ပဋိပက္ခတွေ တောက်လောင်နေဆဲပါ။ သည်းခံစိတ်တရားကြီးမားမှု မရှိတာက အမျိုးသားရေးကို ပြိုကွဲစေခဲ့ ပါတယ်။ အမျိုးသားရေးပြိုကွဲခဲ့ရလို့ ပြည်တွင်းစစ်ကို ဦးတည်ခဲ့ရတယ်။ တခါ ပြည်တွင်းစစ် ကြာရှည်မှုက စစ်တပ်အာဏာသိမ်းဖို့ လမ်းစဖြစ်ခဲ့ရပတယ်။ ပြည်တွင်းစစ် ကြာရှည်မှုနဲ့ စစ်အာဏာသိမ်းမှုက အမျိုးသားရေး ပြိုကွဲမှုကို ဆက်လက်ရှည်ကြာ စေခဲ့ပါတယ်။ အဲတာတွေရဲ့ အကျိုးဆက်အဖြစ် ပါလီမန် ဒီမိုကရေစီဟာ အညှောင့်ပေါက်ကာစ ဘဝမှာပဲ သေဆုံးခဲ့ရပါတယ်။

အခု မြန်မာနိုင်ငံမှာ တည်ဆောက်နေပါတယ် ပြောတဲ့ ဒီမိုကရေစီ ရုပ်လုံးကြွအသက်ဝင်လာဖို့ နိုင်ငံရေး ခေါင်းဆောင် တွေပဲဖြစ်ဖြစ်၊ လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေပဲဖြစ်ဖြစ် သည်းခံစိတ်တရား ကြီးကြီးမားမား ထားရှိပြီး လုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြ တာတွေကို သည်းခံဖို့လိုပါတယ်။ ငါတို့အစိုးရကို ဆန့်ကျင်ရင် ဆော်ထည့်လိုက်မယ်၊ ဖမ်းပြီးထောင်ထဲထည့်ထားမယ် ဆိုတဲ့ စိတ်ထားမျိုးတွေ၊ လုပ်ရပ်တွေကို ရှောင်ရှားဖို့ လိုပါကြောင်း။

ဇော်မင်း
၂၆ ရက်၊ မေလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.