ရွက်မွန်စာမျက်နှာ

Thursday, July 31, 2014

မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေး

မြစ်ကြောင်းကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာဟာ ကုန်းလမ်း၊ လေလမ်းကနေ သယ်ယူတာထက် အဆပေါင်း များစွာ ကုန်ကျစရိတ် သက်သာ ပါတယ်။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေမှာ ကားလမ်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးကို ဆက်ပြီး ထိန်းသိမ်းထားပါတယ်။ အသုံးပြုပါတယ်။ သယ်ယူ ပို့ဆောင်ရေး စဉ်ဆက်မပြတ် ချောမွေ့နေစေဖို့ မြစ်ကြောင်း ထိန်းသိမ်းရေးကို ဂရုစိုက်ပါတယ်။ တနှစ်ပတ်လုံး ထိန်းသိမ်း ပြုပြင်ပါတယ်။

မြစ်ကြောင်းတွေကို ထိန်းသိမ်းဖို့အတွက် မြစ်တခုလုံး ဖြတ်သန်းစီးဆင်းလာတဲ့ နေရာတလျှောက်မှာ မြစ်ကြောင်းကောမှာ ကို ထိခိုက်စေတဲ့ လုပ်ငန်းမှန်သမျှကို စည်းကမ်းရှိတဲ့၊ ဥပဒေကို နားလည်တဲ့ အစိုးရတွေက ခွင့်မပြုပါဘူး။ ဥပမာအားဖြင့် စက်ကိရိယာတွေ၊ ဓာတုပစ္စည်းတွေကို အသုံးပြုပြီး ရွှေကျင်တာ၊ သတ္ထုတူးဖော်တာ၊ မြစ်ကြောင်းကိုပိတ်ပြီး ဆည် ဆောက်တာ စတာမျိုးတွေကို ခွင့်မပြုပါဘူး။
ဆည်ဆောက်တာမျိုး မဟုတ်ပေမယ့် စိုက်ပျိုးရေးအတွက် မြစ်ရေကို အလွန်အကျွံ့ကဲ့ ယူတာမျိုးကိုလည်း ခွင့်မပြုပါဘူး။ တချိန်ထဲမှာ မြစ်ကြီးထဲကို စီးဝင်နေတဲ့ တခြားသော မြစ်လက်တက်၊ ချောင်းလက်တက်တွေထဲမှာလည်း မြစ်ချောင်းတွေ ပျက်စီးစေနိုင်တဲ့ လုပ်ငန်းမျိုးတွေ မှန်သမျှ လုပ်ကိုင်ခွင့် မပေးပါဘူး။ မြစ်ကြီးထဲမှာ ရေအလုံအလောက် စီးဆင်းနိုင်ဖို့ မြစ်လက်တက် ချောင်းလက်တက်တွေထဲက စီးဝင်လာတဲ့ ရေကလည်း အရေးကြီးတာကြောင့်ပါ။ အကယ်၍ မြစ်လက်တက် ချောင်းလက်တက်တွေကိုယ်တိုင် ရေနည်းလာမယ် ဆိုရင် အဓိက မြစ်ကြောင်းကြီးပါ ရေနည်းလာမှာ ဖြစ်တာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ထိခိုက်လာတော့မှာ ဖြစ်ပါတယ်။

မြစ်ကြောင်းကို ပျက်စီးလာတယ် ကောလာတယ်ဆိုတဲ့နေရာမှာ လူတွေလုပ်တဲ့ ကိစ္စများကြောင့် ကြောင့်ဖြစ်တဲ့ ပြဿနာ တွေ ရှိနေသလို၊ သဘာဝအလျှောက် နုံးမြေသဲမြေ ပို့ချတာကြောင့် မြစ်ကြောင်းပြောင်းတာ မြစ်ကြောင်းတိမ်ကော လာတာ တွေလည်း ရှိပါတယ်။ သဘာဝကြောင့် မြစ်ကြောင်းကောလာတာတွေကို ပြုပြင်ထိမ်းသိမ်းရတာ ယေဘုယျအားဖြင့် ဒီလောက် မခက်ခဲဘူးလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ လူလုပ်လို့ ဖြစ်ရတဲ့ မြစ်ကြောင်းပြောင်းတာ ကောတာကို ထိန်းသိမ်းရတာ ငွေပိုကုန်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက မြစ်ကြောင်းတလျှောက်မှာ စက်ယန္တရားကြီးတွေကို အသုံးပြုပြီး အလုပ်လုပ်တာကြောင့် ပိုဆိုးတယ်လို့ သိရပါတယ်။ အဲသလို စက်ယန္တရားတွေ၊ ဓာတုပစ္စည်းတွေကို အသုံးပြုတာကြောင့် တဖက်မှာ မြစ်ကြောင်းထဲက သဘာဝအတိုင်း တည်ရှိနေတဲ့ ငါးမျိုးစိတ်တွေ မျိုးတုံးလာရသလို ဒေသခံ တွေအနေနဲ့ ရေကို စိတ်ချလက်ချ အသုံးပြုဖို့ ခက်ခဲလာပါတယ်။

မြန်မာပြည်မှာ မြစ်ကြောင်းတွေပြောင်းလာတာ၊ ကောလာတာ အားလုံးသိပါတယ်။ အထူးသဖြင့် နွေမှာဆိုရင် အတော် လေးကို ပြဿနာတက်ပါတယ်။ ဥပမာအားဖြင့် မကွေးဖက်၊ မြင်းခြံဖက်၊ မန္တလေးဖက်တွေမှာ နွေဆိုရင် အထက်က ပို့ချလာတဲ့ သဲတွေကြောင့် ရေက အတော်လေး တိမ်လာပါတယ်။ ရေစူးလေးပေ လောက်သာ ရှိတဲ့ ဝမ်းပြား မော်တော်ဘုတ် တွေတောင် သွားရလာရ ခက်ခဲလာပါတယ်။ အဲသလို မြစ်ကြောင်းအတွင်းမှာ သွားရလာရ ခက်ခဲလာတော့ လူတွေက ကုန်းလမ်းကို ပိုပြီးအားထား လာရပါတယ်။ ကုန်လမ်းကို အားထားရတော့ ကူးသန်းသွားလာ ရတာ ဈေးနှုန်းမြင့်မားမှုနဲ့ ရင်ဆိုင်ရပြန်ပါရော။ လိုအပ်တာထက် ငွေပိုကုန်ပါတယ်။ မြစ်ကြောင်းတလျှောက် နေထိုင်တဲ့ သူတွေဟာ မြစ်ကို အမှီပြုပြီး ခရီးသွားဖို့ ကုန်စည်သယ်ယူပို့ဆောင်ဖို့ အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။

အမေရိကန်နိုင်ငံမှာ နာမည်အကြီးဆုံး မြစ်တွေထဲက မြစ်ကြီးတခုကတော့ မစ်စစ္စပီမြစ်ကြီး ဖြစ်ပါတယ်။ ကမ္ဘာမှာ အဓိကကျတဲ့ မြစ်ကြီးများထဲက တခုလည်း ဖြစ်ပါတယ်။ မြောက်အမေရိကတိုက်မှာ တတိယမြောက် အရှည်ဆုံးမြစ် ဖြစ်ပါတယ်။ မစ်စစ္စပီ မြစ်ကြီးကို အမီပြုပြီး စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့တာဟာ သမိုင်းကြောင်းအရ နှစ်ပေါင်း နှစ်ရာကျော်ခဲ့ပါပြီ။ ဒီမြစ်ကြီး မြစ်ဖျားခံရာ ကနေ မက္ကဆီကို ပင်လယ်ကွေ့ထဲ စီးဝင်တဲ့အထိ မိုင်ပေါင်း ၂၃၅ဝ ကျော်ပါတယ်။ မစ်စစ္စပီမြစ်ဟာ ကနေဒါနိုင်ငံထဲက ပြည်နယ်နှစ်ခုနဲ့ အမေရိကန် နိုင်ငံအတွင်းက ပြည်နယ်ပေါင်း ၃၁ ပြည်နယ်ကို ဖြတ်သန်းပြီး စီးဆင်းပါတယ်။ အမေရိကန် မြို့ကြီးပေါင်း ၅ဝ ကျော်ဟာ မြစ်ရေကို မှီခိုသုံးစွဲရပါတယ်။ မြစ်အထက်ပိုင်းမှာ ဆိုရင်လည်း လူဦးရေ ၁၈ သန်းဟာ မြစ်ရေကို မှီခိုရပါတယ်။

အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ ပြည်တွင်းစိုက်ပျိုးရေး ထုတ်ကုန်တွေရဲ့ ၉၂% ကို သယ်ယူပို့ဆောင်ရာမှာ ဒီမြစ်ကြီးကို အသုံးချရ ပါတယ်။ နိုင်ငံခြားပို့တဲ့ စိုက်ပျိုးရေးထုတ်ကုန်ရဲ့ ၆ဝ% ကို ပင်လယ်ဆိပ်ကမ်းတွေကို တင်ပို့ရာမှာလည်း ဒီမြစ်ကြီးကိုပဲ အသုံးပြုနေရပါတယ်။ မြစ်ကြောင်းတလျှောက် သယ်ယူပို့ဆောင်တဲ့ အဓိကကုန်ပစ္စည်းတွေကတော့ ကောက်ပဲသီးနှံမျိုးစုံ၊ သံ၊ သံမဏိ၊ ရော်ဘာ၊ စက္ကူ၊ သစ်၊ ကော်ဖီ၊ ကျောက်မီးသွေး စတာတွေ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် မစ်စစ္စပီမြစ်ကြီးဟာ အမေရိကန်နိုင်ငံအတွက် ဘယ်လောက် အရေးပါတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အဲဒီ မြစ်ကြီး မြစ်ကြောင်းပြောင်းသွားအောင် မြစ်ကြောင်းကောသွားအောင် လုပ်မှာကို အမေရိကန်အစိုးရက ခွင့်မပြုပါဘူး။ သက်ဆိုင်ရာ ပြည်နယ်အစိုးရများကလည်း ခွင့်မပြုပါဘူး။ ကမ္ဘာမှာ အတိုးတက်ဆုံး နိုင်ငံတခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကားလမ်းတွေ၊ လေဆိပ်တွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ မြစ်ကြောင်းကို ဆက်ပြီးအသုံးပြုနေတာလည်း ကနေ့ အထိပါ။ မြစ်ကြောင်းက သယ်ပို့ရတာ အထက်ကပြောခဲ့သလို ဈေးချိုတာကြောင့် ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း မစ်စစ္စပီမြစ်ကြီး သဘာဝအတိုင်း အနယ်ပို့ချတာ သဲနုန်းတွေ ပို့ချတာတွေကိုလည်း ပြုပြင်ထိန်းသိမ်းပေးပါတယ်။ သဘာဝ ကြီးက ဖန်တီးပေးထားတဲ့ အသုံးဝင်မှုကို ဖျက်ဆီးပစ်တာမျိုးမရှိသလို၊ ပျက်စီးသွားမဲ့ ဘေးအန္တရယ် ပေါင်းစုံကနေလည်း ကာကွယ် ထိန်းသိမ်းပေးပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကြီးရဲ့ အသုံးဝင်မှုကို မြန်မာအစိုးရ အဆက်ဆက် ထိန်းသိမ်းကာကွယ်တာမျိုး လုပ်ပါသလား။ တခေတ်တခါကတော့ တနိုင်တပိုင် လုပ်ခဲ့တာမျိုး ရှိပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ ဧရာဝတီမြစ်ဟာ အုပ်ချုပ်သူ အစိုးရများရဲ့ ပစ်ထားခြင်းကို ရင်ဆိုင်နေရပါတယ်။ မိုင်ပေါင်း တထောင်ကျော်ရှည်လျှားတဲ့ မြစ်ကြီးအတွင်း ကူးသန်း သွားလာမှု၊ သယ်ယူပို့ဆောင်မှုတွေကို ကားလမ်း၊ ရထားလမ်းလောက် ဂရုစိုက်တာမျိုးလည်း မတွေ့ရပါ။

ကချင်ပြည်နယ်ထဲမှာ ဆိုရင် ရွှေတူးတဲ့ စက်ဖောင်တွေရဲ့ ဒဏ်ကြောင့် မြစ်ကြောင်းပြောင်းလာတဲ့ အခြေအနေကို ဘယ်အာဏာပိုင်ကမှ စိုးရိမ်တယ် ဆိုတာမျိုးလောက်တောင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

မြစ်ကြောင်းရေလမ်း ဆိုတာ ပြောရမယ်ဆိုရင် သဘာဝအတိုင်း အခမဲ့ဆိုသလို ရရှိထားတဲ့ အခွင့်အလမ်းပါ။ မြစ်ကြောင်းကို ထိန်းသိမ်းရတဲ့ လုပ်ငန်းဟာ ကားလမ်းအသစ်တခု ဖောက်သလို ကုန်ကျစရိတ်များပါ။ မြစ်ထဲကနေ သွားလာရတာ ဈေးချိုပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အစိုးရက ဘာကြောင့် မြစ်ကြောင်းတလျှောက် ကုန်ပစ္စည်း သယ်ပို့ရတဲ့ လုပ်ငန်းတွေ အဆင်ပြေလာအောင် မဆောင်ရွက်တာလဲ၊ ဘာကြောင့် မြစ်ကြောင်းထိန်းသိမ်းရေးကို အားတက်သရော မဆောင်ရွက် တာလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ရှေ့တပါတ် ရွေးကောက်ပွဲမှာ အာဏာရရေးအတွက် လုံးပမ်းနေကြရလို့ မေ့နေကြတာလား။ ဒါမှမဟုတ် မြစ်ကြောင်းအတွင်း ကုန်စည်ကူးသန်း သယ်ယူပို့ဆောင်တဲ့ ကိစ္စတွေကို အရေးကြီးတဲ့ ကဏ္ဍအဖြစ် နားမလည်တာလား။ ဒါမှမဟုတ် စိတ်ကို မဝင်စားတာလား။ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ ဧရာဝတီလို အသုံးဝင်တဲ့ မြစ်ကြီးတွေ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းချိုသာတဲ့ မြစ်ကြောင်းအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဟာ မြန်မာပြည်မှာ တဖြည်းဖြည်း တိမ်ကောလာသလို ဖြစ်နေပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံဟာ အခုဆိုရင် စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာသလို လမ်းပမ်း ဆက်သွယ်ရေးမှာလည်း ကုန်လမ်း၊ လေလမ်း တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမြစ်ကြောင်း ရေလမ်းခရီးကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မြစ်ကြောင်းရေလမ်းခရီးက ကုန်းလမ်း၊ လေလမ်းတွေထက် ဈေးသက်သာတာကို ကောင်းကောင်း သဘောပေါက်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ အဓိကအားဖြင့် ကုန်ပစ္စည်းတွေကို တင်ပို့ရာမှာ ချောင်ဖရာမြစ် ဟာ အရေးပါတဲ့ မြစ်တစင်းလည်း ဖြစ်ပါတယ်။ ချောင်ဖရာဖြစ်ဟာ အရှည်အားဖြင့် မိုင်ပေါင်း ၂၃ဝ ကျော်သာ ရှိပါတယ်။ မြောက်ဖက်နေ တောင်ဖက်ကို စီးဆင်းလာပြီး ဘန်ကောက်ကို ဖြတ်လို့ ပင်လယ်ထဲကို စီးဝင်ပါတယ်။ မစ်စစ္စပီမြစ်ကြီးနဲ့ နှိုင်းစာရင်တော့ အတော်လေး သေးငယ်တဲ့မြစ်လို့ ဆိုရမှာပါ။

ချောင်ဖရာမြစ် စီးဆင်းလာတဲ့ လမ်းတလျှောက်ဟာ ထိုင်းနိုင်ငံရဲ့ ဝမ်းပိုက်လို့ ဆိုနိုင်ပါတယ်။ အဓိကအားဖြင့် စပါးထွက်တဲ့ နေရာတွေ ဖြစ်လို့ပါ။ အဲသလို ထွက်လာတဲ့ စပါးတွေကို နိုင်ငံခြားတင်ပို့ဖို့ ဘန်ကောက်ပင်လယ်ဆိပ်ကမ်းကို တင်ပို့ဖို့ လိုပါတယ်။ ကားလမ်းတွေ ခေတ်မီနေပေမဲ့ ကားလမ်းတွေကို အသုံးမပြုဘဲ ချောင်ဖရာမြစ်ထဲကနေ ဘန်ကောက်ကို စပါးတွေဆန်တွေ သယ်ယူပါတယ်။ မြစ်ကြောင်းက သယ်ယူပို့ဆောင်ရတာ ဈေးချိုလို့ပါ။ အဲတာအပြင် နိုင်ငံခြားကို တင်ပို့မဲ့ တခြားသော ထုတ်ကုန်တွေကိုလည်း မြစ်ကြောင်းကနေပဲ သယ်ယူပြီး ဘန်ကောက်ဆိပ်ကမ်းကို ပို့ပါတယ်။ ဘိလပ်မြေ၊ သစ်၊ သံ၊ ကားအပိုပစ္စည်း အစရှိတဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ချောင်ဖရာမြစ်အတွင်း နွေရာသီမှာ မြစ်ရေနည်းသွားလို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းသွားတယ်ဆိုတာ တခါမှ မရှိခဲ့ဘူးပါ။ ဘာကြောင့်ပါလဲ။ မြစ်ကြောင်းကို ထိန်းသိမ်း ထားလို့ဖြစ်ပါတယ်။ မှန်ပါတယ်။ ကုန်စည်ပို့ဆောင်တဲ့ နေရာမှာ မြစ်ကြောင်းကို အသုံးပြုတာ ဈေးနှုန်းချိုသာ တာကြောင့်ပါ။

သို့သော် ချွင်းချက်တခုတော့ ရှိပါတယ်။ အဲတာကတော့ ဘန်ကောက်အထက်ပိုင်း ဒေသတွေမှာ စက်မှုဇုန်တွေ ရှိတာကြောင့် စက်မှုဇုန်ထဲက စွန့်ပစ်ပစ္စည်းတွေဟာ ချောင်ဖရာမြစ်ထဲကို စီးဝင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေမှာ ပါဝင်နေတဲ့ ဓာတုဗေဒဓာတ် တွေကြောင့် မြစ်အောက်ပိုင်း ရေဟာ အဆိပ်သင့်ခြင်းခံရပါတယ်။ ချောင်ဖရာမြစ်အောက်ပိုင်းက ငါးတွေဟာ လူတွေစားသုံးရင် ရေရှည်မှာ အန္တရာယ် ရှိလာပါတယ်။ ငါးတွေမှာ ပြဒါးဆိပ်သင့်တာမျိုး ဖြစ်လာတာကြောင့် အဲသလို ငါးမျိုးကို နေ့တိုင်း တနှစ်ကျော်လောက် စားသုံးမယ်ဆိုရင် ကင်ဆာရောဂါ ရနိုင်တယ်လို့ ဆိုပါတယ်။ အလားတူပဲ မြစ်အောက်ပိုင်းရေကို လူတွေ သောက်သုံးဖို့လည်း အန္တရာယ်ရှိနေပါတယ်။ ဒီကိစ္စကိုလည်း ထိုင်းအစိုးရ ကွယ်ဝှက် မထားပါဘူး။ မြစ်အောက်ပိုင်းက လူများ အနေနဲ့ အဲသလို ငါးမျိုးတွေ မစားသုံးဖို့၊ မြစ်ရေကို မသောက်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနကိုယ်တိုင်က ထုတ်ပြန်ကြေညာ ထားပါတယ်။ ကျန်းမာရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အန်ဂျီအိုများ ကလည်း ဒီလိုအန္တရယ်တွေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ပညာပေးပါတယ်။ အဆိပ်သင့်နေတဲ့ မြစ်ရေကြောင့် မြစ်အောက်ပိုင်းမှာ တည်ရှိတဲ့ ဒူးရင်းခြံတွေ၊ သံပုရာခြံတွေ ပျက်စီးကုန်တာမျိုးလည်း ရှိပါသေးတယ်။

အောက်ဖက်ဒေသဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကို ရင်ဆိုင်နေရပါတယ်။ တဖက်မှာလည်း ချောင်ဖရာမြစ်ကို ကောမသွားအောင် မြစ်ကြောင်းပြောင်းမသွားအောင် ထိန်းသိမ်းနိုင်တာကတော့ တော်သေးတယ်လို့ ဆိုရမှာပါ။ သူများ နိုင်ငံတွေမှာ ဖြစ်ပျက်နေတာတွေကို သင်ခန်းစာယူပြီး မြန်မာပြည်က မြစ်များကိုလည်း ထိန်းသိမ်းပြုပြင်ဖို့ မမေ့အပ်ဘူးလို့ ပြောလိုပါကြောင်း။

ဇော်မင်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.