ရွက်မွန်စာမျက်နှာ

Friday, February 27, 2015

ဗမာဆိုသည်မှာ ပျူ့သား ပျူ့မြေး (၃) -- နိဂုံး

နန် စောတိုက်တာကြောင့် ပျူတွေပျက်သုန်းကုန်လို့ မန်အရိုင်းမျိုးတွေ ဝင်လာပြီး ပုဂံကိုတည်ထောင် နောက်ပိုင်းကျမှ မန်ကနေတဆင့် မြန်မာဖြစ်လာတယ်ဆိုရင် ဒါကို အိမ်နီးချင်းဖြစ်တဲ့ ရခိုင်ဘုရင်တွေ မသိဘဲနေမှာ မဟုတ်ပါ။ တရုတ်တွေ လည်း မသိဘဲနေမှာ မဟုတ်ပါ။ သိတယ်ဆိုတာကလည်း ဟိုဖက်ဒီဖက် စစ်တိုက်ရင်တိုက် မတိုက်တဲ့ အခါမျိုးမှာလည်း ရောင်းဝယ် ဖောက်ကား သွားလာနေကျတာကိုး။ လုစ်ပြောသလို အေဒီ ၈၃၂ မှာ ပျူတွေ မပျက်စီးဘဲ အင်အား ကောင်းကောင်းနဲ့ ဆက်လက်တည်ရှိခဲ့တယ် ဆိုတာကိုလည်း ဘုန်းတင့်ကျော်က သက်သေ ပြနိုင်ခဲ့ ပါတယ်။ နောက် ပျူ ဆိုတာ လုစ်ပြောသလို လူမျိုးသတ်သတ် ဗမာနဲ့မတူ ၊ ဗမာ မြန်မာ ဆိုတာ ယူနန်နယ်က မန်အရိုင်း တွေကနေ ဆင်းသက် လာတာသာဖြစ်တယ် ဆိုတာဟာလည်း တကယ်တန်း မှာတော့ လုစ် ခိုင်ခိုင်လုံလုံ သက်သေမပြနိုင်ခဲ့ဘူး ဆိုတာကို ဒီစာအုပ် နှစ်အုပ်မှာ တွေ့ရ ပါတယ်။ ဗြဟ္မာ၊ ဗြမ္မာ၊ မြမ္မာ၊ ဗမာ၊ မြန်မာ အသုံးနဲ့ ပတ်သက်ရင် ရှင်မဟာသီလဝံသနဲ့ ဒုတိယ ကျော်အောင် စံထားဆရာတော်တို့ဟာ စာရေးတိုင်း မြန်မာကို မြမ္မာလို့ စာလုံးပေါင်းရေးတယ်လို့ ဆိုပါတယ်။ ရှေးမူကို ထိမ်းသိမ်းတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

နောက်တခု စိတ်ဝင်စားဖို့ကောင်းတာက မြစေတီကျောက်စာပါ။ အဲဒီ မြစေတီကျောက်စာကိုလည်း လုစ်က ဗမာစာနဲ့ မတူတဲ့ ပျူစာလို့ သတ်မှတ်ခဲ့ပါတယ်။ ဆရာလုစ်ကော ဆရာဗလက်ဒင်ပါ အဓိပ္ပါယ် မဖော်နိုင်ခဲ့ပါဘူး။ ကျနော် ဝါကျ တခုနှစ်ခုလောက် ဦးဘုန်းတင့်ကျော် စာအုပ်ထဲမှာ ပါတဲ့အတိုင်း ဥပမာအနေနဲ့ ထည့်ရေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက် တာနဲ့ ဒီ ဘာသာစကား အသုံးအနှုန်းနဲ့ သဒ္ဒါဟာ ဘယ်လိုဆင်းသက် သွားလာတယ် ဘယ်သူတွေနဲ့ ဆက်စပ်နေတယ် ဆိုတာ ရှင်းရှင်းကြီး မြင်ရပါတယ်။

ယံ    တိံပြိး        ရိမဓနဗူ   ဥ   မိ   ဗိံး  သိံး
ယင်း တိုင်းပြည်   ရိမဒ္ဒနပူရ် ဟု မည် ဗိမ့် သည်


ဗူဓ     အရီမေဒေယ   ဒံဗး
ဗုဒ္ဓ     အရိမေတေယျ ထံပါး


နောက်ထပ်လည်း ရှိပါသေးတယ်။ ဥပမာ
ရွာ ကို ရော လို့ကျောက်စာမှာ ထိုးထားတယ်
သား ကို သး လို့ထိုးတယ်။ မယား ကို မယး လို့ထိုးတယ်။ ကျေးဇူး ကိုတော့ ကျေးဇော တဲ့။


တကယ်တော့ ဒီဟာတွေဟာ ပျူစာဖြစ်သလို ရှေးဟောင်း ဗမာစာ၊ မြန်မာစာလို့ ပြောရမှာပါပဲ။ ဆရာကြီး လုစ်တို့ ဆရာကြီး ဗလက်ဒင် တို့ မဖော်ထုတ်နိုင်ခဲ့တာကြောင့် ဗမာနဲ့ မတူတဲ့ ပျူစာ (သို့မဟုတ်) ယာယီပျူစာ လို့ သမုတ်ခံရ တာပေါ့။ အဲဒီခေတ် နှစ်ပေါင်း ထောင်ကျော်က စာလုံးတွေဟာ အခုခေတ်လို အဝိုင်းတွေမဟုတ်ဘဲ အချွန်တွေ၊ အကွေးတွေ၊ အမောက်တွေ၊ အပြတ်အတောက်တွေ၊ အတိုကောက်သဘောတွေ များလွန်းတော့ မျက်စိလည်မယ် ဆိုလည်း လည်လောက် ပါတယ်။ တချို့ နေရာတွေမှာ ဝ ကို ဝ လို မတွေ့ရပဲ ဂ ဆန်ဆန် ဗ ဆန်ဆန်မျိုး ထွင်းထားတာ လည်း ရှိပါသေးတယ်။ ည လား၊ သ လား၊ လ လား၊ တ လား၊ ယ လား၊ ဇ လား စသဖြင့် အခုခေတ်အမြင်နဲ့ ကွဲကွဲ ပြားပြား သိနိုင်ဖို့ ခက်ခဲတာကို ရှေးကျောက်စာတွေမှာ တွေ့ရ ပြန်ပါတယ်။ ဇ အက္ခရာ ဆိုရင် ဘယ်လိုပုံစံတုန်းဆိုတော့ အင်္ဂလိပ်စာလုံးအကြီး အီး န နဲ့ခပ်ဆင်ဆင်တောင် တူနေပါသေးတယ်။ နောက် ခေတ်ခြင်းအတူတူ နှစ်ချင်းအတူတူ မြို့ချင်းအတူတူ ကျောက်စာရေးထိုး ရာမှာတောင် စာလုံးပုံစံတွေဟာ တချပ်နဲ့တချပ် ကွာဟ နေတာတွေလည်း တွေ့ရ ပြန်တယ်။

ရှေးကျောက်စာတွေ စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်။ သို့သော် ကျောက်စာကို ဖင်မြဲမြဲထိုင်ပြီး ဇွဲကောင်းကောင်းနဲ့ လေ့လာမှသာ ပိုကောင်းပါလိမ့်မယ်။ ကျနော်တို့က ကိုယ်သိလိုတာကိုသိဖို့ ဖတ်တာလောက်ဆိုတော့ တလုံးစနှစ်လုံးစ လောက်ပဲ လေကျယ်နိုင်ပါတယ်။ ဒီထက်ပိုမသိနိုင်ပါဘူး။ နောက်လူငယ်တွေ လေ့လာစေချင်ပါတယ်။ ကိုယ့်နိုင်ငံ ဖြစ်တည်လာတဲ့ သမိုင်းကို အမှန်အတိုင်း သိစေချင်တာပါ။ အဲသလိုပဲ ဗမာပြည်က တခြားသော တိုင်းရင်းသား လူမျိုး တွေရဲ့ သမိုင်းကိုလည်း ဆက်စပ်လေ့လာ တိုက်ဆိုင်သွားမယ် ဆိုရင်တော့ ပိုစုံပြီး ပိုကောင်းတာပေါ့။ ဖြစ်ချင်တာကို တောင့်တတဲ့ သဘောပါ။ ပညာရေး သားလျှောနေတဲ့ ဒီလိုခေတ်မျိုးမှာ လူငယ်တွေ ဒါမျိုးတွေ ဝါသနာပါမပါ ဆိုတာ ကတော့ မပြောတတ်ပါ။

မြန်မာအစကျောက်ဆည်က အယူအဆမှာ ပါမောက္ခလုစ်ကတော့ အဓိက ဇတ်ကောင်ပါ။ သူ ထိမ်ချန်သွားတာတွေ မနည်းပါဘူး။ အပိုဆောင်းတွေ အသစ်ထွင် ထည့်သွင်းသွားတာလည်း အများကြီးပါပဲ။ အဲဒီခေတ် ၁၉၃၁ ကနေ ၁၉၅၇ အတွင်း သူလုပ်ခဲ့တဲ့ မြန်မာအစကျောက်ဆည်က ကိစ္စကို ဟိုတုန်းက တချို့သော မြန်မာပညာရှင်တွေအနေနဲ့ သူ့ အရှိန်အဝါ သြဇာက ကြီးလွန်း တာကြောင့် မချေပနိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။ ကတယ်တန်း ပုဂံပျက်တာ မွန်ဂို တာတာတွေ ဝင်တိုက်တဲ့ တရုတ်ပြေးမင်း နရသီဟပတေ့ လက်ထက်မှပါ။ ဒါတောင် ပုဂံပျက်ပြီး ပုဂံမင်းဆက်ပြတ် သွားပေမယ့် ပျူဗမာ၊ ပျူမြန်မာတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ ပျောက်မသွားခဲ့ပါ။ တချိန်မှာ ပြန်လည်ထွန်းတောက် လာတာပါပဲ။

ဒါကြောင့် အေဒီ ၉ ရာစုအတွင်းမှာ နန်စောရန်ကြောင့် ပျူတွေပျက်သုံးပြီး လူဦးရေနည်းတဲ့ မန်အရိုင်းတွေ လစ်လပ်နေတဲ့ မြေပြန့်လွင်ပြင်ကို ကျောက်ဆည်ကတဆင့် ဝင်ရောက်လာပြီးမှ ဗမာမြန်မာဆိုတာ စတင်ဖြစ်လာခဲ့တယ် အဲဒီရှေ့တုန်းက ဗမာ- မြန်မာဆိုတာ မရှိဘူးဆိုတဲ့ အယူအဆဟာ ဘယ်လိုမှ မခိုင်လုံကြောင်းပါ။ ဒါ့အပြင် ဆရာလုစ်ဟာ ၁၉၆၁ ခုနှစ် အမေရိကန်နိုင်ငံက ကော်နဲယ် တက္ကသိုလ်နဲ့ အဲဒီအကြောင်း ဆက်ဆံပြောဆိုတဲ့ အခါမှာ သူကိုးကားခဲ့တဲ့ ၁၈ ရာစု နောက်ပြန်ရေး မိတ္တူပွား တရုတ်မန်ရှုမှတ်တမ်းကို ပြီးပြည့်စုံတယ်လို့ မယူဆကြောင်း၊ ဆောင်ရွက်လက်စ ရေးလက်စ စာတန်းတစောင်ထက် မပိုကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ သူနေထိုင်စဉ်အတွင်း ဗမာအစ ကျောက်ဆည်က အယူအဆသစ် စာတမ်းရေးတုန်း ကတော့ မန်ရှုမှတ်တမ်းကို အဓိကထား ကိုင်ဆွဲပွဲထုတ်ခဲ့ပါတယ်။

ဆရာလုစ်ရဲ့ မြန်မာအစကျောက်ဆည်က အယူအဆကို ပယ်ချပေမယ့် တခြားသော မြန်မာ့သမိုင်းဆိုင်ရာ သုတေသန လုပ်ငန်းများအတွက်ကတော့ ကျေးဇူးတင်ဖို့ ရှိပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့ ဆိုပြီး ရှင်းရှင်းဘွင်းဘွင်းပဲ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းမှတ်တမ်းများကိုယ်တိုင် မှားနေရင် ပြဿနာရှိတယ် ဆိုတာကို မြင်နိုင်ပါတယ်။ လူဆိုတာက ကိုယ်ဘယ်ကလာတယ် ဆိုတာကို သိချင်တဲ့ သဘာဝရှိပါတယ်။ ကိုယ့်ရဲ့ ဘိုးဘေးတွေက ဘယ်သူ တွေလဲဆိုတာ သိချင်ပါတယ်။ ဒါတွေဟာသမိုင်းဖြစ်စဉ်တွေပါ။ ဒါကြောင့် ဗမာမှန်ရင် ပျူ့သား ပျူ့မြေးတွေလို့ တင်ပြရင်း ရှေးမြန်မာပညာရှိများ၊ နိုင်ငံခြားပညာရှင်များ၊ သုတေသီ ဘုန်းတင့်ကျော်နဲ့ ကျနော့်အယူအဆကို ပြန်လည် ချေပ၊ လမ်းတည့်ပေးခဲ့တဲ့ ကဗျာဆရာ ကိုတင်သစ် တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။

ဇော်မင်း
၂ဝ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၅ ခုနှစ်

1 comment:

Unknown said...

ပျူကရော ဘယ်က ဆင်းသက်လာတာလဲ အကို ကျွန်တော်ကြားဖူးတာတော့ ပျူက တိဘက်နဲ့ က ဆင်းသက်လာတယ်ဆိုတာ ကြားဖူးတယ် ပြီးတော့ မြန်မာစကားက Sino-tibetan ဘာသာစကားအနွယ်ဆို ဟုတ်ပါသလားဆရာ

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.