ရွက်မွန်စာမျက်နှာ

Thursday, February 26, 2015

ဗမာ ဆိုသည်မှာ ပျူ့သား ပျူ့မြေး (၂)

ကြား ထဲမှာ ဖြတ်ပြောရရင် မြန်မာပညာရှင် ဆရာကြီး ဦးဖိုးလတ်ဟာ ဟိုတုန်းက ယူနန်ပြည်နယ်က တရုတ်သမိုင်း ပညာရှင်တွေနဲ့ တွေ့ပြီး ဆွေးနွေးခဲ့ရဘူးပါတယ်။ အဲဒီ တရုတ်သမိုင်းပညာရှင်များ အဆိုအရ ရှေးခေတ်တုန်းက ယူနန်နယ်မှာ လောလော၊ ပိုင် စတဲ့ တိဗက်ဗမာ အုပ်စုဝင်တွေလည်း နေထိုင်ဖူးတယ်လို့ ဆိုပါတယ်။ နန်စော သည် ပင်လျှင် ရှမ်းမျိုးနွယ် မဟုတ်ဘဲ တိဗက်ဗမာ အနွယ်ဝင်တွေလို့ တရုတ်သမိုင်းဆရာများက ပြောပါတယ်။ ကျနော်တို့ တသက်လုံး သိလာခဲ့တာက နန်စော ဆိုတာ ရှမ်းဆက်တွေလို့ပဲ သိခဲ့တာကိုး။ ရှေးတုန်းက တိဗက်တွေနဲ့ နန်စောတွေ ပေါင်းပြီး တရုတ်ပိုင်နက်ထဲက နယ်တွေကို လစ်ရင်လစ်သလို တိုက်ခိုက်လုယက်ကြတယ်လို့ ဆိုပါတယ်။ တရုတ်မှတ်တမ်း တွေမှာ တိဗက်တွေကို စစ်တိုက် ကောင်းတယ်လို့ ရေးထားပါတယ်။

ပါမောက္ခလုစ်ရဲ့ အဆိုအရ ပျူဆိုတာ သတ်သတ်၊ ဗမာနဲ့မတူဘူး။ ပျူတွေပျက်သွားခါမှ မန်လူမျိုး မြင်းစီးလူရိုင်းတွေ ကျောက်ဆည်နယ်ထဲကို ယူနန်ကနေ ထိုးဝင်လာပြီး မြို့ရွာတည်တယ်။ နောက် ပထမမြန်မာနိုင်ငံ တည်ထောင်တဲ့ အနော်ရထာ ဆိုတာ ပျူမဟုတ်တော့ဘူး မန်လူမျိုးအဆက်တွေ နောက်တော့ မြန်မာလို့ ခေါ်ကြတယ် စသဖြင့် လုစ်က ကျောက်ဆည်စာတမ်းမှာ ပြောခဲ့ပါတယ်။ သုတေသီ ဘုန်းတင့်ကျော် အဆိုအရ ဘယ်တရုတ်မှတ်တမ်းမှာမှ မန်တွေ ယူနန်နယ် ကနေ ပြောင်းရွှေ့သွားတယ်၊ ပျူတွေရဲ့ဒေသဟောင်း ကျောက်ဆည်ကိုရောက်တယ်၊ နောက်မြန်မာဆိုတာ ဖြစ်လာတယ်လို့ ဖော်ပြမထားဘူး။ မှတ်တမ်း တင်မထားပါဘူး။ လုစ်ကိုယ်တိုင် အဓိကထား ကိုးကားတဲ့ မန်ရှုမှတ်တမ်း မှာလည်း မန်တွေဟာ နန်စော လက်အောက်ခံ တွေဆိုတာ တရုတ်တွေကိုယ်တိုင် သိထားပါတယ်။ ဒါပေမဲ့ မန်တွေ ကျောက်ဆည် ရောက်လို့ မြန်မာ ဖြစ်သွားတယ်ဆိုတာ မန်ရှုမှတ်တမ်း ကိုယ်၌သည်ပင်လျင် ဖော်ပြထားခြင်း မရှိပါဘူး။

နောက်တချက်က ပါမောက္ခလုစ်ပြောသလို ဗမာတွေဟာ အနော်ရထာခေတ် ရောက်မှ မွန်တွေဆီက စာရေးခြင်း အတတ်နဲ့ ထေရဝါဒ ဗုဒ္ဓြွဘာသာကို ရခဲ့တယ် ဆိုတာကိုလည်း ဘုန်းတင့်ကျော်က အထောက်အထားများနဲ့ ငြင်းပါတယ်။ သထုံကို အနော်ရထာတိုက်ပြီး ပိဋိကတ်သုံးပုံ ပင့်ဆောင်တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ခေတ်ပြိုင်အထောက်အထား အတိအကျ ရှာမတွေ့ဘူး ဆိုတာကိုလည်း သူ့စာအုပ်မှာ ရှင်းပြထားပါတယ်။ တွေ့ရှိရလောက် အထောက်အထားများအရ သထုံကို ဂျွမ်းစစ်သည် ခေါ် ကျွမ်းစစ်သည် ခေါ် ခမာတွေ (ကနေ့ ကမ်ဘောဒီးယားတွေ) ဝင်တိုက်လို့ သထုံဘုရင် မနူဟာ ပဲခူးကို ရှောင်တယ်။ တခါ ပဲခူးအထိ ခမာတွေ လိုက်တိုက်လို့ ပဲခူးပျက်ပြီး ပုဂံအထိ တက်ပြီး ခိုလှုံရတယ်လို့ ဆိုထားပါတယ်။
ပျူစာလို့ခေါ်တဲ့ ရှေးဟောင်းဗမာစာ အရေးအသားနဲ့ ပတ်သက်လို့ သူ့စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အေဒီ ၄ ရာစု ပျူမြို့ဟောင်း ဟန်လင်းမြို့တွေ့ ကျောက်စာတခုမှာ အခုလို ရေးထိုးထားပါတယ်။ ဟန်လင်းမြို့ဟောင်းဟာ ရွှေဘိုမြို့နဲ့ မလှမ်းမကမ်းမှာ ရှိပါတယ်။

ဗံး ဒဝိံတိံမ္လိံ ဥ သး န္ဂုက္နော ဥ ပ္လိ ဗံး တုဗဟိ ဥ တု ယံ

ရှေးပျူစာလို့ ပြောနိုင်သလို ရှေးကျလှတဲ့ ဗမာစာ လို့လည်း ဆိုနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့

မြတ်သော ဒဝိန်တိန်မြိန် ၏ သား နဂုကနော ၏ေ မြး မြတ်သော တုဗဟိ ၏ တိုက် (သင်္ချိုင်းတိုက်) လေ
ဒါက အေဒီ ၄ ရာစု တုန်းက ပျူစာလို့ ပြောနေတဲ့ အရေးအသား အခုခေတ် နှစ်ပေါင်း ၁၆ဝဝ ကျော်ကြာပြီးမှ တည်ရှိနေတဲ့ မြန်မာစကားနဲ့ သဒ္ဒါလည်းတူတယ် စကားလုံး အသုံးအနှုန်းလည်း တချို့တူနေပါတယ်။

ဗံး ဆိုတာကတော့ မြတ်သော သို့မဟုတ် ဘုန်းကြီးသော သို့မဟုတ် မင်းကြီး လို့ ဆိုပါတယ်။ တိဗက်စကားမှာတော့ တဗင်း ဆိုတာ ဘုရင်၊ မင်းကို ဆိုလိုတာပါတဲ့။ အဲဒီကနေ ဆင်းသက်ပြောင်းလဲတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီစာတန်းမှာ ပါနေတဲ့ နာမည်တွေကတော့ အဲဒီခေတ် ဘုရင်မျိုးဘုရင်နွယ်တွေ ယူသုံးတဲ့ သက္ကတ အမည်တွေပါ။ နန္ဒသူတို့၊ သီဟသူရတို့ နရပတိစည်သူ စသဖြင့် နောက်ပိုင်းဗမာဘုရင်တွေ ယူသုံးတဲ့ သဘောမျိုးနဲ့တူပါတယ်။ ဥ ကတော့ အိ၊ ဤ၊ ၏၊ အာ၊ အား၊ ဟု ဆိုတဲ့ အနေနဲ့ သုံးတယ်လို့ ဆိုပါတယ်။ အဲဒီ ရှေးကျောက်စာမှာပါတဲ့ စာလုံးပုံစံတွေက အချွန်အတက်တွေ အကွေးအကောက်တွေ စသဖြင့် ပါနေတော့ အခုခေတ် မြန်မာစာ စာလုံးအဝိုင်းပုံနဲ့တော့ အတော်ကြီးကိုကွာပါတယ်။ အခု ကျနော်အထက်မှာ ရေးပြထားသလို အတိအကျ စာလုံးဝိုင်း သက်သက်တွေ မဟုတ်ပါ။ ကျောက်စာကျွမ်းကျင်သူ တဦးဦး က ဦးဆောင်ပြီး ရှင်းမပြဘူးဆိုရင် သာမန်လူတွေ နားလည်ဖို့ ခက်ပါတယ်။ သို့သော် ကျွမ်းကျင်သူများ အကူအညီနဲ့ နှစ်ပေါင်း ၁၆ဝဝ ကျော်ခဲ့ပြီ ဆိုပေမယ့် သဲလွန်စ ကောက်ယူနိုင်တာကို မြင်ရပါတယ်။

အဲတာမျိုးကို ဆရာလုစ်တို့၊ ဆရာဗလက်ဒင်တို့ မလုပ်နိုင်ခဲ့ပါ။ ဥပမာ စာလုံး တလုံးစီ ဒါက က ဖြစ်မယ်၊ ဒါဟာ သ ဖြစ်မယ် ဖော်တာလောက်ကလွဲလို့။ နောက် အဲဒီ ခေတ်တွေတုန်းက ကျောက်စာထိုးရင် မြန်မာစာ သာမက ပါဠိစာတွေ အသုံးတွေ ကလည်း အတော်များများကြီးကို ရောနှောပါနေပါတယ်။ ဒါကြောင့် ပါဠိစကားကိုလည်း နားလည်ဖို့ လိုသလို ရှေးတုန်းက တိဗက်စကား အသုံးအနှုံးကိုလည်း နားလည်ကျွမ်းကျင်ဖို့ လိုပါသေးတယ်။ ဘာကြောင့်တုန်းဆိုတော့ ကိုယ်တွေက တိဗက် ကနေ ဆင်းသက် လာခဲ့တာ ဖြစ်လို့ပါ။

နောက် ရှေးအသုံးအနှုန်းများကိုလည်း သိဖို့လိုပါတယ်။ ဥပမာ မြေးကို အဲသည်ခေတ်က မြေးလို့ မရေးဘဲ ပ္လိ လို့ ရေးတာမျိုး။ လေ ကို လေလို့ မရေးဘဲ ယံ လို့ရေးတာမျိုးတွေကို နိုင်ငံခြားသားပညာရှင်တွေ ဖော်ဖို့ ခက်ပါလိမ့်မယ်။ သား ဆိုတဲ့ အသုံးကိုတော့ သး လို့ရေးတာကြောင့် သိလွယ်ပါတယ်။ တု ကိုတော့ တိုက် သို့မဟုတ် သင်္ချိုင်းတိုက်လို့ ဖော်ပြ ပါတယ်။ စကားလုံးတွေ ရွှေ့လျားလာတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပုဂံခေတ်ကျောက်စာ တခုမှာ ပါတဲ့ ရွာသစ်တခု ရဲ့ နာမည်ဟာ တပေည်လျှင် ဆိုတဲ့ စာလုံးပေါင်းအမည်နဲ့ ရေးထိုးထားတယ်။ အဲဒီရွာကို အခုခေတ်မှာ ဒီပဲရင်း လို့ စာလုံးပေါင်းပါတယ်။ အတော်လေးကွာသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝဝ၃ တုန်းက အတိုက်ခိုက်ခံရတဲ့ နေရာပါ။ အထက်အညာ အရပ်မှာ ဒီပဲရင်းရွာကို စကားပြောရင် ဒဗရင်း လို့ပဲ အခုအထိ အသံထွက်နေ တုန်းပါ။ ဥပမာ နောက်တခုလောက် ပြော ရရင် အခု အချိန်အထိ ကမ်းနီ ရွာကို ဂနီ၊ ဂဏီ၊ ဃဏီ ဆိုတဲ့အသံမျိုး အသံထွက်ပါတယ်။ 


နောက်တခုလောက် ဖြတ်ပြောရရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့ဘူးတာတခု ဖတ်ဖူးပါတယ်။ အဲတာကတော့ အလွန်ရှေးကျတဲ့ ကာလတုန်းက ရှေးဗမာတွေဟာ ရေ ကို ရေ လို့ မခေါ်ပါဘူးတဲ့။ ဘယ်လိုခေါ်သလဲဆိုတော့ တံ လို့ ခေါ်ကြောင်း ပြောပြဖူးပါတယ်။ အဲဒါကြောင့် ဗမာစကားမှာ ရှိနေတဲ့ တံတား၊ တံလျှောက်၊ တံထွေး၊ တံလျှပ်၊ သက်တံ(တန့်) စတဲ့ စကားလုံးတွေကို ကြည့်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။ ရေနဲ့ပတ်သက်နေတာကို ဆိုလိုတာပါ။
ဆက်ပြောရရင် ပျူနဲ့ပတ်သက်လို့ အေဒီ ၈ဝ၅ ခု ထန်မင်းဆက် တရုတ်သံအဖွဲ့ မှတ်တမ်းမှာ တမ္ပဝတီ လို့ခေါ်တဲ့ တတိယ ပုဂံနေပြည်တော် အကြောင်း အခုလို မှတ်တမ်း တင်ထားပါတယ်။ မြို့ရိုးဟာ လေးထောင့်မဟုတ်ဘဲ အဝိုင်းပုံဖြစ်တယ်။ အနီ၊ အပြာ၊ အဝါ၊ အညို၊ ပန်းရောင်၊ အစိမ်းရောင် စဉ့်အုတ်များနဲ့ မြို့ရိုးကို လှပစွာ တည်ဆောက်ထားတယ်။ ကျုံးပတ်လည် ရှိတယ်။ ကျုံးအပြင်ကနေ တပတ်ပတ်မယ်ဆိုရင် မနက်ကနေ ညနေအထိ လမ်းလျှောက်ရတဲ့ မြို့ကြီးလို့ ဆိုထားပါတယ်။ ပုဂံမြို့ဟောင်း ဧရိယာထဲမှာ ရှေးဟောင်းစဥ့်ဖိုပျက်တွေ ရှိနေသေးတာကို ဓာတ်ပုံအထောက်များနဲ့ တွေ့ရပါတယ်။ နောက် တမ္ပဝတီမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ကျောင်းပေါင်း ၁ဝဝ ကျော် ရှိတယ်လို့ မှတ်တမ်း တင်ပါတယ်။

အဲသလိုဆိုတော့ အနော်ရထာလက်ထက် အေဒီ ၁ဝ၄၄ ကျမှ မွန်တွေဆီက စာရတယ်၊ သာသနာရတယ်ဆိုတာ မှန်ကန်ပါ့ မလား။ နှစ်ပေါင်း ၂၄ဝ နှစ်လောက် ကွာနေပါတယ်။ ဟန်လင်းမြို့ဟောင်းတွေ့ ကျောက်စာအရဆိုရင်ပဲ ပျူစာခေါ် ရှေးဟောင်း ဗမာစာ အသုံးပြုနေတာ နှစ်ပေါင်း ၁၆ဝဝ လောက် ရှိနေပါပြီ။ ဆရာလုစ်က ပြောထားပါသေးတယ်။ တမ္ပဝတီ တတိယ ပုဂံပြည်ဆိုတာ မရှိဘူး။ ယုံတမ်းစကားသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဦးကုလားနဲ့ မှန်နန်းမှာ အဲတာတွေ ပါနေတော့ ဒါကို ပါးစပ်ရာဇဝင် ဖြစ်နေလို့ မကိုးကားထိုက်ဘူးလို့ ဆိုပြန်ပါတယ်။ ဒါပေမဲ့ တရုတ် ထန်မင်းဆက် မှတ်တမ်း က ရှိတယ်လို့ ပြောထားတော့ ပါမောက္ခလုစ် ပြောတာက လွဲမနေပေဘူးလား။ နောက် တရုတ်မှတ်တမ်းအရ ပျူတို့ တိုင်းပြည်ကို ဗြဟ္မာပြည်၊ ဗရမ္မာပြည်၊ ပျူ ဆိုတဲ့ အမည်သုံးမျိုးတွင်ကြောင်း ဖော်ပြထားပါတယ်။

နောက်တခုက သီရိခေတ္တရာ ခေါ် သရေခေတ္တရာ ဆိုတဲ့ ကနေ့ခေတ် ပြည်မြို့အကြောင်းပါ။ သရေခေတ္တရာ ပျူမြို့ဟောင်း မှာ ဘာတွေ့တုန်းဆိုတော့ အေဒီ ၂ အေဒီ ၃ ရာစု ကျောက်စာတခုပါ။ သီဟဝိကြမမင်းရဲ့ ကျောက်အရိုးအိုး ကျောက်စာပါ။ ဖတ်လို့လွယ်တဲ့ စာတန်းတခုနှစ်ခုကို ဘုန်းတင့်ကျော် စာအုပ်ထဲကအတိုင်း တင်ပြပါတယ်။

သီဟဝိကြမ                ဗံး   သိ   နး
သီဟဝိကြမ               မင်း သေ နှစ်

တ္ဒးဗံး                              ဥ                   ရုက္လေး         ယံ
ထိပ်တင်မင်း (တော်ဘုရား)  ၏                 ရုပ်ကြွင်း        လေ
 

ဆိုတော့ ရှေးပျူ ရှေးဗမာစာ အရေးအသားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆ဝဝ၊ ၁၇ဝဝ ကတည်းက စနေပြီလို့တောင် အကြမ်းဖျဉ်းပြောနိုင်ပါသေးတယ်။

လုစ်ရဲ့ ကျောက်ဆည်စာတန်းမှာ ပျူတို့တိုင်းပြည် အေဒီ ၈၃၂ ခုမှာ နန်စောတိုက်လို့ အပြီးတိုင်ပျက်၊ နန်စော လက်အောက်ခံ မန်လူရိုင်းတွေ အေဒီ ၈၃၅ လောက်မှာ မြင်းစီးဝင်လာကြ ကျောက်ဆည်ကိုရောက် အေဒီ ၈၅ဝ လောက်မှာ အခြေတကျ ဖြစ်ဟန်ရှိ။ နောက် ပုဂံပြည်ကြီးတည်၊ အနော်ရထာလက်ထက်မှာ မွန်တွေဆီက စာနဲ့ ဗုဒ္ဓဘာသာကိုရတယ်လို့ ဆိုပါတယ်။ မန်ရှုမှတ်တမ်း အရသည်ပင်လျှင် မန်အရိုင်း တွေဟာ နန်စောလက်အောက်မှာ အေဒီ ၈၆၄ အထိ အမှုထမ်း နေဆဲဖြစ်ပါတယ်။ အေဒီ ၈၆၂-၈၆၃ အန်နမ် (ဟနွိုင်) ကို သူတို့သခင် နန်စောနဲ့အတူ တိုက်နေရင်း အလုပ်ရှုပ်နေမှာပါ။ ပျဉ်ပြားမင်း စတုတ္ထပုဂံကို တည်တဲ့ အချိန်က အေဒီ ၈၄၉။ ဆိုတော့ကာ ပျဉ်ပြားမင်း နန်းတည်တာက နန်စော ဟနွိုင်သွားတိုက်တဲ့နှစ်ထက် ၁၃ နှစ်စောနေတယ်။ လုစ်ပြောတာတွေမှာ အဖြစ်အပျက်တွေကြား ခုနှစ်တွေ ရှေ့နောက်မညီဘူးဆိုတာ တွေ့ရပါတယ်။

နန်စော လက်အောက်မှာ မန်ကဲ့သို့ အရိုင်းမျိုးနွယ်တွေ စစ်ကောက်ရင် လိုက်သွားပြီး စစ်တိုက်ရပါတယ်။ မန်အရိုင်းမျိုးတွေ နေထိုင်တဲ့ ဒေသအကျယ်အဝန်းဟာ စတုရန်းမိုင် ၄ဝ လောက်ပဲ ရှိပါတယ်။ တရုတ်မှတ်တမ်းများအရ နန်စော စစ်ကောက်ရင် စစ်သား သုံးထောင် လေးထောင်ထက် ပိုပြီးမပို့နိုင်ပါ။ ပျူလူမျိုးတွေ အလုံးအရင်းလိုက် နေထိုင်တဲ့ အရပ်ဟာ ကျယ်ပြော ပါတယ်။ စတုရန်းမိုင် ၁ဝဝဝဝဝ တသိန်းလောက် ရှိပါတယ်။ အနော်ရထာမတိုင်ခင် အတော် စောစောပိုင်း တရုတ်မှတ်တမ်း များအရ ရှေးပျူနိုင်ငံမှာ ခံတပ်မြို့ ၉ မြို့၊ ဈေးမြို့ ၃၂ မြို့၊ လက်အောက်ခံ ကျေးရွာအများ အပြားနဲ့ သြဇာခံ တိုင်းရင်းသား အုပ်စုဝင်ဒေသများ ရှိနေပါတယ်။ အနော်ရထာ လက်ထက်မှာတော့ ပုဂံဟာ အင်ပိုင်ယာ သဘောမျိုး ဖြစ်လာတော့ ပိုပြီး ကျယ်ပြန့် လာပါတယ်။

အရှေ့ဖက်အကျဆုံး ခံတပ်မြို့က ကနေ့ သီပေါမြို့နားမှာ ရှိပါတယ်။ တောင်ဖက် အကျဆုံး ခံတပ်မြို့က မုတ္တမမှာ ရှိပါတယ်။ မြောက်ဖက်အကျဆုံး ခံတပ်က ကောင်းစင်မှာ (ဗန်းမော်နားမှာ) ရှိပါတယ်။ တရုတ်မှတ်တမ်းများအရ မန်တွေရဲ့ အရှင်သခင် နန်စောများ သည်ပင်လျှင် ယူနန်နယ်နဲ့ ထိစပ်နေတဲ့ ပျူနယ်စပ်ကျေးရွာများကို လစ်ရင်လစ်သလို လုယက် တိုက်ခိုက် တာကလွဲလို့ ပျူမြို့ တမြို့တလေကို အောင်မြင်တယ်လို့တောင် မရှိခဲ့ပါဘူး။ အဲတာအပြင် နန်စောရန်ကြောင့် ပျူမြို့တော်ကြီး ပျက်သုန်းခဲ့ရ တယ်လို့လည်း တရုတ်မှတ်တမ်းတွေထဲမှာ မပါပါဘူး။ အဲသလိုဆိုတော့ အေဒီ ၈၃၂ မှာ ပျူတွေ အပြီးတိုင် ပျက်စီးလို့ မြန်မာပြည် အလယ်ပိုင်းကြီးတခုလုံး လူသူရှားပါး လစ်လပ်သွားတယ်လို့ ပါမောက္ခလုစ် ဆိုခဲ့တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ဖြစ်နိုင်တယ် ဆိုရင်လည်း ခိုင်လုံတဲ့ အထောက်အထားပြနိုင်ရမယ်လို့ ဘုန်းတင့်ကျော်က ပြန်လည် ငြင်းချက်ထုတ် ချေပပါတယ်။ ဒီကိစ္စကို ဆရာလုစ်ဟာ အထောက်အထား အတိအကျ မပြနိုင်ဘဲ မန်ရှုမှတ်တမ်းကပဲ ဤကဲသို့ဆိုသည် ဆိုတာမျိုးနဲ့ ကျောက်ဆည် စာတန်းမှာ ရေးသားခဲ့တယ် ဆိုတာကို ဘုန်းတင့်ကျော်က ထောက်ပြနိုင် ခဲ့ပါတယ်။

နောက်တခုကတော့ ဘီစီ ၂ ရာစု ပုဂံနဲ့ အေဒီ ၃ ရာစု ပုဂံနိုင်ငံတို့ ရှိတယ် ဆိုတာကို ပါမောက္ခ Ferrend က တရုတ် မှတ်တမ်းများကို လေ့လာပြီး ဖော်ထုတ်ခဲ့ပါတယ်။ အဲတာကိုကျတော့ လုစ်က အများရှေ့မှာမို့လားမသိ အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမဲ့ လုစ်ရဲ့ ကျောက်ဆည်စာတန်း အလိုအရ ပုဂံက အေဒီ ၁ဝ၄၄ အနော်ရထာလက်ထက် ကျမှ ထွန်းကားတယ်လို့ ဆိုထားပါတယ်။ အေဒီ ၁ ရာစုမှာ ရေးသားပြီးစီးခဲ့တဲ့ တရုတ်မှတ်တမ်း Chein Hen Shu အရ တရုတ် နိုင်ငံကနေ ပုဂံပြည်ကို မလေးကျွန်းဆွယ်ကိုပတ်လို့ ရေလမ်းကနေ ခရီးသွားလာ ကူးသန်းရောင်းဝယ် တယ်လို့ ဆိုထားပါတယ်။ အဲဒီအကြောင်းကို ဆရာကြီး ဖာရဲမ်က ဖူကန်တူလူ သို့မဟုတ် ပုကံတူလူ စာတန်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဖူကန်တူလူ ဆိုတာက ဖူကန်သို့အဝင်တံခါးလို့ အဓိပ္ပါယ်ရပါတယ်။ တရုတ်ပြည်ကနေ သင်္ဘောနဲ့လာရင် အဲဒီ နေရာမှာ ပုဂံကိုသွားဖို့ သင်္ဘောပြောင်းစီးရပါတယ်။ ကနေ့ ထိုင်းနိုင်ငံတောင်ပိုင်းက တကွာပါ အရပ်မှာ ရှိပါတယ်။ ၂ဝဝ၄ ဆူနာမီ ဖြစ်တုန်းက အထိအခိုက်များတဲ့ နေရာထဲက တခုပါ။ ကျနော်ကတော့ ဖူးခက် ကျွန်းများလားလို့ တွေးမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖူးခက်ကျွန်းဟာ ရှေးတုန်းက သီရိလင်္ကာတို့ ကုလားပြည်တို့ကို သွားမယ်ဆိုရင် သင်္ဘော ပြောင်းစီးရတဲ့ နေရာလည်း ဖြစ်နေလို့ပါ။ နောက်စိတ်ဝင်စားဖို့ ကောင်းတာက ကနေ့ ထိုင်းလူမျိုး တွေဟာ ပုဂံကို ကျနော်တို့ အသံထွက်သလို (ပဂံ) လို့အသံမထွက်ဘဲ ပုကံ လို့ ခုထိ အသံထွက်နေတုန်းပါ။

သုတေသီဖုန်းတင့်ကျော်က အိန္ဒိယ၊ တရုတ်၊ ပါရှန်၊ အာဖဂန်၊ ရခိုင်၊ ဗမာ မှတ်တမ်းတွေ၊ နောက် ရှေးဗမာ ကျောက်စာတွေကို ကိုးကားပြီး ပျူနိုင်ငံ လို့ခေါ်တဲ့ ဗြဟ္မာနိုင်ငံ၊ ဗြမ္မာ၊ ဗြုမ်မာ၊ ဗြုမာ၊ ပြူမှာ၊ ပြူ၊ ပျူ၊ ပု၊ ပုကံ စသဖြင့် ပြောင်းလဲခြင်း ကို အဆင့်လိုက် ဖော်ပြသွားတာ အတော်စိတ်ဝင်စားဖို့ကောင်း ပါတယ်။ တရုတ်မှတ်တမ်းများ အရလည်း အဲသည်တုန်းက ဗမာပြည်ကို ဗြဟ္မာ၊ မြမ္မာ၊ ပျူ ဆိုပြီး နာမည်သုံးမျိုးနဲ့ ဖော်ပြ မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံခေတ်ကနေ၊ ပင်းယ၊ အင်းဝ ခေတ်တွေအထိ ကျောက်စာတွေမှာလည်း မိမိနိုင်ငံနဲ့ လူမျိုးအမည်ကို ဗြဟ္မာ၊ မြန်မာ၊ မြံမာ၊ မြံမ္မာ၊ မြဟ္မ၊ မြဟ္မာ ဆိုပြီး အနက်တူ အသံကွဲ အမျိုးမျိုး ရေးထိုးဖော်ပြခဲ့ပါတယ်။ ကျောက်စာတချပ်နဲ့တချပ် အမည်စာလုံးပေါင်း ဖော်ပြတာခြင်း မတူပါ။ ကနေ့ ပုဂံလို့ သိနေတဲ့ မြို့တော်ကို ကျောက်စာများပါ နောက်ထပ် ခေါ်ဝေါ်တဲ့ အမည်တွေက ပြုဂါမ၊ ပျူဂါမ၊ ပုဂမ္မ၊ ပုကံ၊ ပုဂံ စတာတွေ ဖြစ်ပါတယ်။ ဂမ္မ၊ ဂါမ ဆိုတာ ပါဠိစကားမှာ ဈေးမြို့လို့ ဆိုလိုပါတယ်။
ပုဂံမြို့ အဆက်ဆက်ဟာ ဘီစီ ၂ ရာစု ကတည်းက ဖြစ်တည်ခဲ့တဲ့ ပျူမြို့တွေ ဖြစ်တယ်ဆိုတာကို သက်သေပြ သွားနိုင်ပါတယ်။ ရခိုင်မင်းသမီး ဧချင်းမှာ ရခိုင်ကိုလာတိုက်ချိန် စစ်သည်တသိန်းပါတဲ့ အလောင်းစည်သူမင်းကို ပျူတသိန်းမင်း (ပုတသိန်းမင်း) အဖြစ်ဖော်ပြပါတယ်။ တပင်ရွှေထီး လက်ထက်အထိ ရခိုင်တွေက ဗမာဖက်ကဘုရင်တွေကို ပျူမင်းလို့ မှတ်တမ်းတင်ပါတယ်။ အဲဒီ ခေတ်အထိ ပျူတွေပျက်မသွားသေးဘူး ဆိုတာ ရခိုင်ဖက်က သိနေတဲ့သဘောပါပဲ။ တရုတ်မှတ်တမ်းအရ မုဆိုးဖို သို့မဟုတ် ရွှေဘိုသား အလောင်းမင်းတရား ဦးအောင်ဇေယျ တရုတ်ဘုရင်ဆီ ပိုတဲ့ စာလွှာမှာ သူဟာ ပျူမျိုးပျူနွယ် ဖြစ်ကြောင်း ဖော်ပြပါတယ်။ ယူနန်နယ်က ဆင်းသက်လာတဲ့ မန်လူမျိုး အဆက်အနွယ်လို့ မဖော်ပြခဲ့ပါဘူး။

ဇော်မင်း
ဆက်လက် ဖော်ပြပါမည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.