ရွက်မွန်စာမျက်နှာ

Wednesday, February 25, 2015

ဗမာ ဆိုသည်မှာ ပျူ့သား ပျူ့မြေး (၁)

ကျ
နော်တို့ ကျောင်းသားဘဝမှာ သင်ဖူးကြားဖူး ခဲ့တာက မြန်မာအစ ကျောက်ဆည်က ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲဒီ မြန်မာအစ ကျောက်ဆည်က စာတန်းကို ရေးသားခဲ့သူကတော့ ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်လူမျိုး ပါမောက္ခ ဂျီအိပ်ခ်ျလုစ် ဖြစ်ပါတယ်။ မြန်မာရာဇဝင်မှာတော့ မြန်မာအစ တကောင်းကလို့ ဆိုထားပါတယ်။ အယူအဆ နှစ်မျိုး ဖြစ်နေခဲ့ပါတယ်။ တကောင်းဆိုတာ ပျူမြို့ဟောင်းတခုပါ။

၁၉၃၁ ခုနှစ်လောက်ကစပြီး ပါမောက္ခလုစ်ရဲ့ မြန်မာအစ ကျောက်ဆည်ကဆိုတဲ့ အယူအဆဟာ တဖြည်းဖြည်း သြဇာ ကြီးမားလာခဲ့ပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆက ဒီလိုပါ။ အေဒီ ၈၃၂ ခုမှာ ပျူတွေရဲ့ နိုင်ငံကို ယူနန်နယ်က နန်စော တွေ ဝင်တိုက်လို့ အလုံးစုံပျက်သုန်းတယ်လို့ ဆိုပါတယ်။ အဲသလို ပျက်သုန်းသွားတာကြောင့် မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသကြီး တခုလုံးဟာ လစ်လပ်နယ်မြေကြီး ဖြစ်သွားခဲ့တယ်။ အဲဒီ လစ်လပ်နေတဲ့ နေရာကြီးကို ဝင်ရောက် သိမ်းပိုက် သူများကတော့ ယူနန်နယ်က မြင်းစီး မန်လူရိုင်း တွေဖြစ်တယ်။ မန်လူရိုင်းမျိုးနွယ်ဆိုတာက နန်စော လက်အောက်ခံ လူမျိုးငယ် တမျိုး ဖြစ်ပါတယ်။ နန်စောတွေ စစ်တိုက်ထွက်ရင် အတူလိုက်ပါပြီး စစ်တိုက်ပေးရတဲ့သူတွေ လည်း ဖြစ်ပါတယ်။ အဲဒီ မန်လူရိုင်း မျိုးနွယ်တွေဟာ အပြာရောင် ဘောင်းဘီရှည်ဝတ်ပြီး ပန်းရောင်ခေါင်းပေါင်းကို ပေါင်းတယ်။ ခေါင်းပေါင်းစကို ဦးခေါင်းနောက်မှာ တွဲလွဲချထားတယ်လို့ ဆိုပါတယ်။ အဆိုပါ မန်လူရိုင်းမျိုးနွယ်တွေဟာ နန်စောတွေနဲ့ အတူ စစ်လိုက်တိုက်ရင်း မြန်မာပြည် လွင်ပြင်ကြီးကိုလည်း ရောက်ဖူးသိဖူးထားတယ်လို့ ပါမောက္ခလုစ်က ဆိုပါတယ်။

အေဒီ ၈၃၂ ပျူနိုင်ငံပျူလူမျိုးတွေ အပျက်မှာ နန်စော လက်အောက်မှာ မနေလိုတော့တဲ့ မန်အရိုင်းနွယ်တွေဟာ ကနေ့ ခေတ် ရှမ်းပြည်ကိုဖြတ်ပြီး ကျောက်ဆည်ဒေသကနေ မြန်မာပြည်လွင်ပြင်ကို ဝင်လာတယ်။ အခြေချတယ်။ အေဒီ ၈၅ဝ လောက်မှာ အခြေတကျ ဖြစ်ဟန်ရှိတယ်။ နောက် ပုဂံပြည်ကြီးကို တည်ထောင်တယ်။ ဒါဟာ လုစ်ရဲ့ မှန်းဆချက် ဖြစ်ပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအတိုင်း ပြောရမယ်ဆိုရင် အနော်ရထာမင်းဟာ မန်လူရိုင်း အဆက်အနွယ် ဖြစ်နေပါတယ်။ မန် ဆိုတဲ့ အမည်ကနေတဆင့် မြန်မာ ဆိုတာ ဖြစ်လာတယ်လို့ လုစ်က ပြောခြင်းဖြစ်ပါတယ်။ ပျူတွေ မရှိတော့ဘူး မျိုးတုံးသွားပြီ ဆိုတဲ့ သဘောကိုလည်း လုစ်က ပြောပါတယ်။

ကျနော်တို့လည်း ငယ်ငယ်တုန်းကစလို့ တက္ကသိုလ်ရောက်တဲ့အထိ ပါမောက္ခလုစ်ရဲ့ အယူအဆကိုသာ ထိတွေ့ခဲ့ရတာ ဆိုတော့ မြန်မာအစကျောက်ဆည်က ဆိုတာပဲမှန်တယ်၊ အနောက်တိုင်းက သိပံ္ပနည်းကျတဲ့ သုတေသနစနစ်မျိုးကနေ ပေါ်ထွက်လာခဲ့တဲ့ ရလဒ်လို့ ထင်ခဲ့ပါတယ်။ ဗမာမိဘဘိုးဘွားတွေ ပြောပြောနေတဲ့ မြန်မာအစ တကောင်းက ဆိုတဲ့ အယူအဆဟာ ပုံပြင်ဆန်တယ်လို့တောင် ထင်ခဲ့မိပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် လောက်အထိ ပါမောက္ခလုစ်ရဲ့ ကျောက်ဆည် အယူအဆကိုပဲ လက်ကိုင်ထားနေဆဲပါ။ ဒါပေမဲ့ သုတေသီ ဘုန်းတင့် ကျော်ရဲ့ “နှစ်ပေါင်း နှစ်ထောင် ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း” စာအုပ်နှစ်အုပ်တွဲကို လေ့လာအပြီးမှာတော့ ပါမောက္ခ လုစ်ရဲ့ မြန်မာအစ ကျောက်ဆည်က အယူအဆဟာ လုံးလုံးမှားနေကြောင်း သိခွင့်ရလိုက်ပါတော့တယ်။

ဒီစာကို ရေးရတဲ့ အကြောင်းက ဒီလိုပါ။ ၂ဝ၁၅ ဖေဖေါ်ဝါရီလ ၁၁ ရက်ထုတ် ဆဲဗမ်းဒေးသတင်းစာအွန်လိုင်းမှာ ဆောင်းပါး ရှင် ချမ်းငြိမ်းရဲ့ "နှစ်တရာမက ထောင်သောင်းချီ၍" ဆိုတဲ့ ဆောင်းပါးကို ဖတ်အပြီးမှာ ပျူနဲ့ပတ်သက်လို့ အမှန်အတိုင်း သိကြစေဖို့ ဆန္ဒရှိလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးက ဗိုလ်ချုပ်နှစ်တရာပြည့် အထူးဆောင်းပါးပါ။

ဆောင်းပါးထဲမှာ “အင်အားနည်း၍ ပပျောက်တော့မည် ပျူလူမျိုး” တွေကိုလည်း အနော်ရထာဘုရင်က ပစ်ပယ်မထား ဆိုတဲ့ စာကြောင်း တကြောင်း ပါလာပါတယ်။ ကျနော် တင်ပြလိုတာက ပျူကိစ္စပါ။ ဗိုလ်ချုပ်နှစ်တရာပြည့်နဲ့ မသက်ဆိုင်ပါ။
အင်အားနည်း၍ ပပျောက်တော့မည့် ပျူလူမျိုးလို့ ဆိုလိုက်တဲ့အတွက် စာဖတ်သူတွေကြားမှာ ပျူဟာသတ်သတ်၊ ဗမာ မြန်မာဟာ သတ်သတ်၊ မတူဘူးဆိုတဲ့ အယူအဆ ထပ်ပြီးအမြစ်တွယ်သွားမှာ စိုးရိမ်မိပါတယ်။ ပါမောက္ခလုစ် ပြောခဲ့သလို ပျူလူမျိုးဟာ ပျက်သုဉ်းသွားတာမဟုတ်ဘဲ ဆက်ပြီးတည်ရှိနေခဲ့ပါတယ်။ နောက်ပိုင်း အဆက်ဆက်မှာတော့ ပျူဆိုတဲ့ အမည်အစား ဗမာ၊ မြန်မာ အသုံးအနှုန်းက ပိုပြီး အသုံးတွင်ကျယ်လာတာကြောင့် အခုခေတ်မှာ မြန်မာဆိုပြီး ဆက်လက် တည်ရှိနေတာကို စာဖတ်သူများ သိစေချင်ပါတယ်။ ဒါကြောင့် သုတေသီ ဘုန်းတင့်ကျော်ရဲ့ စာအုပ်များက ပြောပြတဲ့ ပျူဗမာ ပျူမြန်မာ သမိုင်းကို ကျနော်က တဆင့်ပြန်ပြော ပြန်တင်ပြရခြင်းပါ။

သုတေသီ ဘုန်းတင့်ကျော်ရဲ့ ပျူဗမာနဲ့ ပတ်သက်တဲ့ စာတန်းကို ရန်ကုန်တက္ကသိုလ် အမရဆောင်၊ သမိုင်းသုတေသန ဦးစီးဌာနမှာ ၂ဝဝ၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ ဖတ်ကြားပါတယ်။ အဲဒီမှာ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းက အခုလို ပြောပါတယ်။ “အခုစာတမ်းဖတ်ပွဲမှာ ဦးကျော်ဇင် (ဘုန်းတင့်ကျော်) စာတမ်း အလွန် ကောင်းပါတယ်။ ဦးကျော်ဇင်တင်ပြတဲ့ သုတေသန အသစ်တွေအရ ဂျီအိပ်ခ်ျလုစ် ပြောခဲ့တဲ့ ဗမာအစ ကျောက်ဆည်က အယူအဆမှားကြောင်း တွေ့ရပါတယ်။ သုတေသန လုပ်ထုံးလုပ်နည်းအရ မှားတာကို ပယ်ရပါတယ်။ ဒါကြောင့် လုစ်ရဲ့ ဗမာအစ ကျောက်ဆည်က အယူအဆကို ပယ်ပြီး မြန်မာ့သမိုင်းကို ကျနော်တို့ အသစ်ပြန်ရေး ရပါလိမ့်မယ်။”

ဘုန်းတင့်ကျော်ရဲ့ စာအုပ်နှစ်တွဲကတော့ ၂ဝ၁ဝ ခုနှစ်မှာ အများသူငါဖတ်ဖို့ ပုံနှိပ်စာအုပ်ဖြစ်လာပါတယ်။ ပျူကိစ္စကို ပိုပြီး စိတ်ဝင်စားလာရတာကလည်း ဒီလိုပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မန္တလေးက အသိလူတချို့နဲ့ ဂျာနယ်လစ်တချို့ အစည်းအဝေး တခုတက်ဖို့ ဘန်ကောက်ကို ရောက်လာပါတယ်။ သူတို့ရောက်လာတော့ ကျနော့်အိမ်မှာ တရက်လာဆုံရင်း စကားပြောဖြစ် ကြပါတယ်။ ပြောတာက ပထမတော့ နိုင်ငံရေးကြောင်းပါ။ အဲသလို ပြောနေရင်း ဗမာအစ ကျောက်ဆည် က ဇတ်လမ်းကို ရောက်သွားပါတယ်။ ဗမာတွေဟာ ယူနန်နယ် မန်အရိုင်း လူမျိုးတွေ၊ ကျောက်ဆည်ကနေ တဆင့်ဝင်လာ ရင်း ဆင်းသက်တယ်လို့ ကျနော်က ပါမောက္ခလုစ်ရဲ့ အယူအဆအတိုင်း ဆွေးနွေးတော့ အဲတာကို ကဗျာဆရာ ကိုတင်သစ်က လက်မခံပါဘူး။ သဘောမတူပါဘူး။
ဗမာဟာ ပျူဘဲ၊ ပျူမှန်ရင် ဗမာပဲလို့ သူကဆိုပါတယ်။ နန်စောရန်ကြောင့် ခရစ်နှစ် အေဒီ ၈၃၂ မှာ ပျူတွေလုံးလုံး ပျက်သုံးပြီး လစ်ဟာနေတဲ့ လစ်လပ်နေတဲ့ ပျူနေရာဒေသကြီးကို ယူနန်နယ်က နန်စော လက်အောက်ခံ မန်ဆိုတဲ့ အရိုင်း လူမျိုးတွေ မြင်းစီးပြီး ကျောက်ဆည်နယ်ကို ဝင်သိမ်း၊ နောက် ပုဂံပြည်ကို တည်တယ်ဆိုတာ လုစ်ရဲ့ မှန်းဆချက်တခု သို့မဟုတ် တီထွင် ထားတဲ့ ဇတ်လမ်းသာဖြစ်ပြီး ကျနော်တို့ ဗမာဆိုတာ ပျူ့သား ပျူ့မြေးသာ ဖြစ်တယ်လို့ ကိုတင်သစ်က ပြန် ဆွေးနွေးရင်း သုတေသီ ဘုန်းတင့်ကျော်ရဲ့ စာအုပ်ကိုဖတ်ဖို့ ညွှန်းပါတယ်။ သာမန်ညွှန်းတာမျိုးဆိုရင် ကျနော်လည်း ဒီလာက်ကြီး စိတ်ဝင်စားမိမှာ မဟုတ်ပါဘူး။ ဆရာကြီး ဒေါက်တာသန်းထွန်းလို သမိုင်းပညာရှင် တဦးကိုယ်တိုင် ထောက်ခံ ထားတဲ့ စာတမ်း ဖြစ်တယ်လို့ သိရတာကြောင့် မှာယူဖတ်ရှုဖြစ်ပါတယ်။

ရှေးဆရာကြီးတွေကို ဗမာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ စော်ကားလိုတဲ့စိတ် မရှိပါ။ ဒါပေမဲ့ လုစ်ပြောခဲ့တဲ့ ဗမာအစ ကျောက်ဆည်ကဆိုတာ လုံးလုံးမှားယွင်း နေတယ် ဆိုတာကို ဒီစာအုပ်နှစ်အုပ်ကို လေ့လာအပြီး ကျနော် တဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ်။ သမိုင်းသုတေသီ ဘုန်းတင့်ကျော်ရဲ့ တွေ့ရှိချက်တွေကြောင့် လန်ဒန် တက္ကသိုလ်က မြန်မာပြည်အကြောင်း လေ့လာနေတဲ့၊ စိတ်ဝင်စားတဲ့ မျက်နှာဖြူ ပညာရှင်တွေကြားမှာလည်း အယူအဆ နှစ်မျိုး ဖြစ်သွားပါတယ်။ ဘုန်းတင့်ကျော် တင်ပြတာကို လက်ခံတဲ့အုပ်စုနဲ့ လုစ်တင်ပြ ထားတာကိုပဲ ဆက်လက်ဆုပ်ကိုင် ထားတဲ့ အုပ်စုဆိုပြီး ဖြစ်သွားတယ်။ ကျနော်အခု ပြန်တင်ပြတာက သုတေသီ ဘုန်းတင့်ကျော်ရဲ့ စာအုပ်နှစ်တွဲကို ကိုးကား ပြီး ဗမာဆိုတာ ပျူ့သား ပျူ့မြေးဖြစ်တယ် ဆိုတာကို တဆင့်ပြန်လည် ပြောဆိုခြင်းဖြစ်ပါတယ်။

ဟိုတုန်းက လန်ဒန်တက္ကသိုလ်မှာ စီအို ဗလက်ဒင်ဆိုတဲ့ ရှေးဆရာကြီး တဦးရှိခဲ့ပါတယ်။ အဲဒီဆရာကြီးဟာ မွန် ရှေး ကျောက်စာ ကျွမ်းကျင်သူပါ။ မလေးရှားမှာ အတော်ကြာနေခဲ့ဘူးပါတယ်။ မြန်မာပြည်မှာတော့ နေခဲ့ဘူးပုံ မပေါ်ပါဘူး။ အဲဒီ ခေတ်တုန်းက လုစ်တို့ မြန်မာပြည်က လှမ်းပို့လိုက်တဲ့ မင်ကူးကျောက်စာတွေကို ဖော်ဖို့ ဆရာဗလက်ဒင် ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ စကားလုံး တချို့ကိုသာ ဖော်နိုင်ပြီး အဲဒီမင်ကူးကျောက်စာတွေရဲ့ အဓိပ္ပါယ်နဲ့ သဒ္ဒါကို မဖော်ပေးနိုင်ခဲ့ ပါဘူး။ ဒါတွေကို အခု ခေတ်မှာ ဘုန်းတင့်ကျော်က မြန်မာပညာရှင်များ အကူအညီနဲ့ (ရှေးမြန်မာဆရာတွေ ပညာရှင်တွေ ဖော်ထုတ်ထားတဲ့ အချက်အလက်တွေလည်း ပါပါတယ်) အတော်များများ ဖော်နိုင်ခဲ့ပါတယ်။ အဲသလို ဖော်နိုင်ခဲ့တဲ့ အထောက်အထားများအရ ရှေးပျူစာ ဆိုတာ တကယ်တမ်းတော့ အလွန်ရှေးကျတဲ့ ဗမာစာလို့ပဲ ဆိုရမှာပါပဲ။ ဒါပေမဲ့ လုစ်က အဲဒီကျောက်စာများကို ဗမာစာနဲ့ မတူသော ရှေးဟောင်း ပျူစာလို့ သတ်မှတ်ခဲ့တယ်။ နောက် ပျူဟာ အေဒီ ၈၃၂ ကတည်းက ပျက်သုန်း သွားခဲ့ပြီ လို့လည်း သူက ပြောဆိုသတ်မှတ် ထားတာကိုး။

ပါမောက္ခ လုစ်က ဝန်ခံထားတာ တခုရှိပါတယ်။ ဗမာအစ ကျောက်ဆည်ကဆိုတဲ့ စာတမ်းကို ရေးသားတုန်းမှာ သူအဓိက လက်စွဲထားပြီး ကိုးကားခဲ့တဲ့ မှတ်တမ်းကတော့ တရုတ် မန်ရှုကျမ်းလို့ ဆိုပါတယ်။ အဲဒီ မန်ရှုကျမ်း ဘယ်လောက် ခိုင်မာ တယ် မခိုင်မာဘူး ဆိုတာကို သုတေသီ ဘုန်းတင့်ကျော်က သက်သေပြနိုင်ခဲ့ပါတယ်။ သူလည်း မန်ရှုအပြင် တခြားသော တရုတ် မှတ်တမ်းတွေ၊ အခြားခေတ်ပြိုင် မှတ်တမ်းတွေကို လေ့လာပြီး မှ အခုလို တင်ပြတာလို့ သိရပါတယ်။
မူလ မန်ရှုကျမ်းကို ရေးသားခဲ့တာက အနောက်တိုင်းနှစ် အေဒီ ၈၆၄ ခုလို့ ဆိုပါတယ်။ အခု ဒီစာရေးနေတာက ၂ဝ၁၅ ခုနှစ်ဆိုတော့ အဲဒီမန်ရှုကျမ်း ပြုစုခဲ့တာဟာ နှစ်ပေါင်း ၁၁၅၁ နှစ်ရှိသွားပါပြီ။ အဲဒီကျမ်းဟာ တရုတ်နန်းတော်မှာ ရှိနေရင်းက အေဒီ ၁၅ ရာစုမှာ နန်းတော်အတွင်းကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆိုလိုရင်းကတော့ မူလ အော်ရီဂျင်နယ် မှတ်တမ်း ပျောက်ဆုံးသွားတာပေါ့။ အဲသလို ရှိရင်းကနေ ၁၈ ရာစုထဲ ရောက်တော့ တရုတ်နန်းတော်က မန်ရှုကျမ်းကို ပြန်လည် ပြုစုပါတယ်။ ပြုစုတဲ့အခါမှာ မူလကျမ်းက မရှိတော့ဘူးဆိုတော့ တခြားသော ခေတ်အဆက်ဆက်က တရုတ် မှတ်တမ်းများထဲက မန်ရှုကျမ်းနဲ့ ပတ်သက်ဆက်စပ်ခဲ့တဲ့ ဖြစ်တန်ရာရှိသည်၊ ဟုတ်လောက်သည်ဟု ယူဆဖွယ်ရာရှိတဲ့ အချက်တွေကို ပြန်ကူး ရေးထည့်ရင်း မန်ရှုမှတ်တမ်းအသစ် ဆိုတာကို အင်္ဂလိပ်နှစ် ၁၇၇၄ ခုနှစ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ ပါတယ်။ တရုတ်အယ်ဒီတာ တွေကိုယ်တိုင် ပြန်လည်အသစ်ရေးတဲ့ အဆိုပါ မန်ရှုမှတ်တမ်းသစ်မှာ အားနည်းချက်တွေ မသေချာ မရေရာတာတွေ ပါနေတယ်ဆိုတာ ဝန်ခံထားပါတယ်။ တခါ အသစ် ပြန်ရေးတဲ့ မန်ရှုမှတ်တမ်းမှာလည်း နောက်ပိုင်းတော့ မိတ္တူပွားတွေ ထပ်ပြီးပေါ်လာ ပြန်ပါတယ်။ ပါမောက္ခလုစ် ကိုးကားခဲ့တဲ့ မန်ရှု မှတ်တမ်းဟာ အေဒီ ၈၆၄ ခုကရေးခဲ့တဲ့ မူလအော်ရီဂျင်နယ် မဟုတ်သလို ၁၇၇၄ မှာအသစ်ပြန်ရေးတဲ့ မှတ်တမ်းလည်း မဟုတ်ဘဲ အဲဒီအသစ်ကိုမှ နောက်ထပ် ပြန်ပွားပြီးရေးတဲ့ မိတ္တူ များစွာထဲက တခုဖြစ်နေတယ် ဆိုတာကို ဘုန်းတင့်ကျော်က ထောက်ပြပါတယ်။

ကိုင်း၊ ဒါဖြင့်ရင် အေဒီ ၈၆၄ မှာ ရေးခဲ့တဲ့ မူလဘူတ မန်ရှုကျမ်းကကော ဘယ်လောက် ခိုင်ခံ့သလဲ။ ဘုန်းတင့်ကျော်က အချက်အလက်တွေနဲ့ ထောက်ပြပါတယ်။ အေဒီ ၈၆၂ မှာ ယူနန်နယ်က နန်စောတွေ တရုတ်လက်အောက်ခံ အန်နမ်မြို့ကို ဝင်တိုက်ပါတယ်။ အန်နမ်ဆိုတာ ကနေ့ ဗီယက်နမ်နိုင်ငံက ဟနွိုင်မြို့ပါပဲ။ တနှစ်လောက် ဝန်းရန်လုပ်ကြံပြီး အေဒီ ၈၆၃ မှာ အောင်နိုင်ပါတယ်။ အဲဒီ စစ်ပွဲမှာ အန်နမ် တရုတ်ဘုရင်ခံ ကျဆုံးပါတယ်။ လက်ကိုမျှားမှန်ပြီး အသက်မသေ ထွက်ပြေး လွတ်မြောက်သွားတဲ့ တရုတ် စစ်သူကြီးကတော့ ဖန်ချော ဆိုသူဖြစ်ပါတယ်။ သူက အေဒီ ၈၆၄ မှာ တရုတ်ဧကရာဇ်ကို ဖြစ်ကြောင်းရယ် ကုန်စင် အစီရင်ခံစာတင်ဖို့ ရေးသားရင်းက မန်ရှုမှတ်တမ်း ဆိုတာ ပေါ်လာခြင်းဖြစ် ပါတယ်။ ဒါကြောင့် အဲဒီနှစ်မှာပဲ ဖန်ချောဟာ အန်နမ်နယ်ကို ပြန်သွားပြီး (နန်စောတို့ ဆုတ်ခွါသွားခဲ့ပြီး) ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ အန်နမ်နယ်က လူမျိုးစု ခေါင်းဆောင်တွေ ရွာသူကြီးတွေကို မေးခွန်းတွေ ပေးဝေပြီး သူသိလိုတာတွေကို ဖြေစေခဲ့ပါတယ်။ ရလာတဲ့ အဖြေတွေပေါ်မှာ အခြေတည်ပြီး အစီရင်ခံစာ ပြန်ရေးရင်းက မန်ရှုမှတ်တမ်းဆိုတာ ဖြစ်လာခြင်းပါ။

နောက်တချက်က ဖန်ချောအနေနဲ့ ဒီမန်ရှုကျမ်းကို အချိန်ယူရေးသားတာ မဟုတ်ဘဲ လပိုင်းအတွင်းမှာ အပြီးရေးသားပြီး တရုတ်ဘုရင်ဆီကို အလျှင်အမြန် ပြန်ပို့ရတာဆိုတော့ အားနည်းချက်တွေ အများအပြား ရှိနိုင်ပါတယ်။ အမြန်ပို့ဖို့ လိုတာ ကလည်း ဖန်ချော အနေနဲ့ သူစစ်ရှုံးခဲ့တဲ့ နန်စောအုပ်စုကို တရုတ်ဘုရင်က မြန်မြန်လက်တုန့်ပြန်ဖို့အတွက် ရည်ရွယ်ချက် ရှိနေဟန်တူပါတယ်။ အဲဒီ မန်ရှု မှတ်တမ်းထဲမှာ တကယ်တန်းတော့ ပျူ အကြောင်း အနည်းအပါး လောက်သာ ပါပါတယ်။ အဲဒီပျူတွေ အကြောင်းကို အန်နမ်နယ်က ရွာလူကြီးတွေရဲ့ ပြောပြချက်အရ ရေးသားထားခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဘုန်းတင့်ကျော်က ဒီလိုထောက်ပြပါတယ်။ အန်နမ်နယ်က လူမျိုးစုခေါင်းဆောင် သာမန်ရွာလူကြီးတွေက ဟနွိုင်ကနေ ခရီးဝေး လွန်းတဲ့ ပျူဒေသကို မရောက်ဘူးဘဲ ဘာကြောင့် ဒီအကြောင်းတွေကို ပြောပြနိုင်တာလဲ ဆိုတဲ့အချက်ပါ။
နန်စော အင်အားကောင်းတဲ့ ယူနန်ဒေသကို ဖြတ်ပြီးတော့မှ ပျူဒေသကို ရောက်မှာဆိုတော့ ဟနွိုင် အနီးတဝိုက်က တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ရွာလူကြီးတွေ ကိုယ်၌က တဆင့်စကားနဲ့ သူတို့သိထားတာကို ပြန်ပြောပြတာပဲ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ နောက် ကျမ်းပြုစုတဲ့ စစ်သူကြီးဖန်ချော ကိုယ်တိုင်ကလည်း ပျူဒေသကို ပျူနိုင်ငံကို မရောက်ဖူးတဲ့သူ ဖြစ်နေပြန်တယ်။ အဲတာကြောင့် အေဒီ ၈၆၄ မှာရေးသားပြုစုခဲ့တဲ့ အော်ရီဂျင်နယ် မန်ရှုမှတ်တမ်းကိုယ်၌ သည်ပင်လျှင် မရေရာတာတွေ၊ ခန့်မှန်းထားတာတွေ၊ တဆင့်စကားတွေ၊ အငြင်းပွားဖွယ်ရာတွေ၊ အမှားတွေနဲ့ ပြည့်နှက် နေမယ်လို့ ဘုန်းတင့်ကျော်က ထောက်ပြပါတယ်။

ပါမောက္ခလုစ် ကိုးကားတာ ၁၈ ရာစု နောက်ပြန်ရေးကမှ တဆင့် ထပ်ပွားလာတဲ့ မန်ရှုမိတ္တူပွားတွေထဲက တစောင် ဖြစ်နေ လေတော့ ကိုးကားပြောဆိုဖို့ မခိုင်လုံဘူး ပိုဆိုးတယ်လို့ ဆိုပါတယ်။ အဲသလို မခိုင်လုံတဲ့ မှတ်တမ်းကို လုစ်က မြန်မာအစ ကျောက်ဆည်က စာတမ်းကိုရေးတဲ့အခါမှာ ဘာကြောင့် အဓိက ရင်းမြစ်အဖြစ် သုံးတာလဲ။ ဒါက ဘုန်းတင့်ကျော်ရဲ့ မေးခွန်းပါ။ ပါမောက္ခ လုစ်ကိုယ်တိုင် သည်ပင်လျှင် ဦးကုလား မဟာရာဇဝင်နဲ့ မှန်နန်းရာဇဝင်တွေဟာ ပါးစပ် ရာဇဝင်တွေ၊ ရာဇဝင်အူပေါက်တွေသာ များနေတာဖြစ်နေလို့ သုတေသန လုပ်ငန်းတွေမှာ မသုံးသင့်ဘူးလို့ မကြာခဏ ပြောခဲ့ပါတယ်။ အခု သူကျတော့ ဘာဖြစ်လို့ နောက်ရေး မိတ္တူပွား မန်ရှုကို Main source အဖြစ် သုံးရတာလဲလို့ ဘုန်းတင့်ကျော်က ပြန်လည်ငြင်းချက် ထုတ်ပါတယ်။ နောက် ကိုလိုနီခေတ်တုန်းက လုစ်ကို ရှေးပျူဗမာကျောက်စာတွေ၊ ရှေးတရုတ် မှတ်တမ်းတွေ ဖတ်ရာမှာ ကူညီခဲ့တဲ့ မြန်မာပညာရှင်တွေဖြစ်တဲ့ ဆရာကြီး ဦးသာမြတ်၊ ကျောက်စာဝန်အထူးအရာရှိ ဦးမြ၊ တရုတ် စာတော်ဖတ် ဦးရည်စိန် စသူတို့ရဲ့ အကူအညီတွေကို လုစ် ယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆရာကြီးတွေ ထောက်ပြခဲ့တဲ့ ပျူနဲ့ ပတ်သက်တဲ့ အချက်အလက်များစွာကို မြန်မာအစကျောက်ဆည်က စာတမ်း ရေးတဲ့အခါမှာတော့ လုစ် ပယ်ချခဲ့တယ် မျက်ကွယ်ပြုခဲ့တယ်လို့လည်း သိရပြန်ပါတယ်။

ဇော်မင်း
ဆက်လက်ဖော်ပြပါမည်။

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.