ရွက်မွန်စာမျက်နှာ

Friday, February 20, 2015

အစိုးရလည်း လိမ္မာဖို့လို

လွန်
ခဲ့တဲ့ တလကျော်လောက်က ထင်ပါတယ်။ ကာတွန်းတခု ဖတ်လိုက်ရပါတယ်။ ကာတွန်းထဲက ဇာတ်ကောင်တွေ ဒီလို ပြောကြပါတယ်။ အတိအကျ မဟုတ်ပေမယ့် မှတ်မိသလောက် ပြန်ပြောပါ့မယ်။ ကာတွန်းရဲ့ ပထမအကွက်မှာ နန်းဝတ် နန်းစားနဲ့ ဘုရင်ကြီးတပါးက လူတယောက်ကို “ဒီမြေတွေဟာ ငါဘုရင် ပိုင်တာဖြစ်တယ် မင်းတို့နဲ့မဆိုင်ဘူး ဒီကထွက် သွားကြ” ဆိုပြီး မောင်းထုတ်နေပါတယ်။ ကာတွန်းရဲ့ ဒုတိယကွက်မှာတော့ အဝေးတနေရာက အသံတွေ ထွက်လာ ပါတယ်။ ထွက်လာတဲ့ အသံတွေက ဘယ်လိုတုန်း ဆိုတော့ “ကယ်တော်မူပါဘုရား၊ ကယ်တော်မူပါ။ တိုင်းတပါးတပ်ကြီး တိုင်းပြည်ထဲ ကျူးကျော်လာနေပါတယ်ဘုရား” ဆိုပြီး လှမ်းအော်တဲ့ အသံပါ။ ကာတွန်းရဲ့ တတိယအကွက်မှာတော့ ဘုရင်ကြီးက သူစောစောက မောင်းထုတ်လိုက်တဲ့သူကို ငေါက်ပြောပြောနေပါတယ်။ ဘယ်လို ပြောသတုန်းဆိုတော့ “ဟဲ့အကောင်တွေ ကိုယ့်မြေကို တိုင်းတပါးက ကျူးကျော်နေတာ သွားမတိုက်ဘဲ ဘာလုပ်နေကြတာတုန်း” ဆိုပြီး ပြောလိုက်တာပါ။

ဒီကာတွန်းလေး သုံးကွက်ဟာ လူထုတွေပြည်သူတွေရဲ့ ရင်ကို ထိရှတဲ့ ကာတွန်းလို့ ဆိုနိုင်ပါတယ်။ မြေယာ အသိမ်းခံရတဲ့ တောင်သူတွေ လယ်သမားတွေ၊ ဘာညာစီမံကိန်းတွေကြာင့် မြို့ပြမှာ ရပ်ကွက်လိုက် အရွှေ့အပြောင်းခံရသူတွေ၊ ကျူးတွေ ဆိုပြီး ဘူဒိုဇာနဲ့ ထိုးပြီးဖယ်ရှား ခံထားရသူတွေ၊ တသက်လုံးက အများပြည်သူပိုင် စားကျက်မြေတွေ၊ အားကစားကွင်း တွေ၊ လူထု စုရပ်ကွင်းတွေကို အာဏာပိုင်တွေက တသီးပုဂ္ဂလလက်ထဲ လွှဲပြောင်းပေးလိုက်လို့ လူထုဖက်က အသုံးပြုခွင့် မဲ့သွားတာတွေ အစရှိသဖြင့် မြေယာဆုံးရှုံးမှုတွေဟာ များပြားလှပါတယ်။ အဲသလို မိမိရဲ့ မြေယာတွေ၊ လယ်တွေ၊ အိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ သူတွေအနေနဲ့ အကယ်၍ ကာတွန်းထဲကလို တိုင်းတပါးက ကျူးကျော်လာတယ်ဆိုရင် အသက်ကို စွန့်ပြီး အရိုးကြေကြေ အရေခမ်းခမ်း ခုခံတိုက်ခိုက်ဖို့ ဆန္ဒရှိပါ့မလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ဘုရင်ကြီး ပြောတုန်းက ဒီမြေဒီယာတွေဟာ ဘုရင်ပိုင်တာဖြစ်တယ် မင်းတို့မပိုင်ဘူး ထွက်သွားကြ လို့ နှင်ထုတ်ထားတာကိုး။ အဲဒီတော့ ဘုရင်ကြီးက သူပိုင်တယ်လို့ပြောတဲ့ မြေအပေါ်မှာ တိုင်းတပါးတပ်တွေ ကျူးကျော် လာတယ် ဆိုရင် ဘုရင်ကြီးပဲ သွားတိုက်ပေါ့။ ဘိုးဘွားပိုင်မြေ၊ ဓားမဦးချမြေ အပေါ်ကနေ နှင်ထုတ်ခံထားရသူတွေက အခုကျမှ ဘာဖြစ်လို့ ဘုရင်ကြီးအတွက် အသက်စွန့်ပြီး သွားတိုက်ရမှာလဲ။ မြေတွေယာတွေ ဆုံးရှုံးခဲ့ရသူတွေအနေနဲ့ အထက်က ပြောသလိုမျိုး တွေးကောင်းတွေးမိကြမှာပါ။ အကယ်၍ ဇွတ်အတင်း တိုက်ခိုင်းလို့ သွားတိုက်ရပြီဆိုရင်လည်း တိုင်းတပါးတပ်ကြီး ကျူးကျော် လာတာကို ဝတ်ကျေတန်းကျေလောက်သာ တိုက်ပါလိမ့်မယ်။ ကိုယ့်အတွက် မဟုတ်ဘဲ ဘုရင်ကြီးနဲ့ သူရဲ့ စီးပွားဖက် ခရိုနီ တွေအတွက် ကိုယ့်အသက်ကို စတေးတဲ့အထိ တိုက်ပွဲဝင်ဖို့ သူတို့တတွေမှာ ဆန္ဒရှိ ပါ့မလား။ ဝတ်ကျေတန်းကျေလောက်သာ ပြန်တိုက်တဲ့ အတွက် ရေရှည်မှာ စစ်ရှုံးဖို့က သေချာနေပါတယ်။

ဒီကာတွန်းရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး ပြည့်နှက်နေပါတယ်။ ခံစား စံစား ကောင်းစားဖို့အတွက်ကျတော့ ဟိုးအထက်က လူတွေ၊ အနစ်နာခံကြဆိုတော့ အောက်ကလူတွေ ဆိုတဲ့ သဘောမျိုးလည်း ဆောင်ပါတယ်။ ဘုရင်ကြီးက မြေတွေကို သူပိုင်တယ်ဆိုပြီး သိမ်းယူတော့ အသိမ်းခံရတဲ့ဖက်မှာ ဘုရင့်အပေါ် မေတ္တာပျက်ရသလို ယုံကြည်မှုလည်း ကင်းမဲ့သွားပါတယ်။ တိုင်းပြည်တပြည်အတွင်းမှာ ဘုရင်နဲ့ ပြည်သူတွေအကြား ယုံကြည်မှုကင်းမဲ့နေတဲ့ အခြေအနေမျိုး ရှိနေခဲ့ရင် ဒါဟာ စည်းလုံးညီညွှတ်မှု ကင်းမဲ့နေတယ်လို့လည်း တဖက်မှာဆိုနိုင်ပါတယ်။ စည်းလုံးညီညွှတ်မှု ကင်းမဲ့နေတဲ့ တိုင်းပြည်တခုကို တိုင်းတပါးက စစ်ရေးတခုထဲသာ မဟုတ်ပါဘူး အခြားမြင်လွယ် သို့မဟုတ် မမြင်လွယ်တဲ့ နည်းလမ်း ပေါင်းစုံနဲ့လည်း ကျူးကျော် အမြတ်ထုတ်လို့ ရပါတယ်။ ဥပမာ လက်ပံတောင်းတို့ သံလွင်မြစ်မှာ ဆည်ပိတ်ဦးမယ် ဆိုတာတို့။

မဝေးသေးတဲ့ သမိုင်းကိုပဲ ပြန်ကြည့်စေလိုပါတယ်။ တခြားတော့မဟုတ်ပါ။ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့ အဖြစ်အပျက်ကို ပြန်ကြည့်ရင်ပဲ မြင်နိုင်ပါတယ်။ သီပေါမင်းကို အင်္ဂလိပ်တွေ ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီး ခေါ်ဆောင် သွားတော့ ပြည်သူတွေရပ်ကြည့်တာ၊ စိတ်မကောင်းတာ၊ ငိုကြွေးတာပဲ ရှိပါတယ်။ အသက်နဲ့လဲပြီး သီပေါမင်း ရှေ့ကနေ တိုက်ပွဲဝင်မယ် ဆိုတာမျိုး အဲဒီခေတ်က ပြည်သူလူထု မလုပ်ခဲ့ပါ။ မလုပ်ခဲ့ရတာကလည်း သီပေါမင်းဟာ တိုင်းပြည်အုပ်ချုပ်နေတဲ့ ရှင်ဘုရင်ဖြစ်ပေမယ့် လူကြိုက်များတဲ့၊ လူထုချစ်ခင်တဲ့၊ လေးစားတဲ့ ဘုရင်မျိုး မဟုတ်ဘူးဆိုတာ မြင်ရပါတယ်။

အင်္ဂလိပ်အာဏာပိုင်တွေက ဘုရင့် ဝန်ကြီးတွေ၊ အမတ်တွေ၊ စစ်သူကြီးတွေ၊ အခြားအရာရှိတွေနဲ့ နန်းတွင်းသူနန်းတွင်း သား တွေကို မေးပါတယ်။ ဘုရင်ကို အိန္ဒိယအထိ ခေါ်သွားတော့မှာဆိုတော့ ဘယ်သူတွေ ဘုရင့်မိသားစုနဲ့ အတူ လိုက်ပါ မလဲလို့ မေးမြန်းစာရင်း ကောက်ရခြင်းဖြစ်ပါတယ်။ ဘုရင်နဲ့အတူ သေမတူရှင်မကွာ အိန္ဒိယအထိ လိုက်မယ့် အဆင့်မြင့် ဝန်ကြီး ဝန်ကလေး တပါးမှမရှိပါ။ အဆုံးပြောရရင် နန်းတွင်းက အောက်ခြေအဆင့် အရာရှိ တဦးတလေတောင်မှ အိန္ဒိယ အထိ လိုက်ပါဖို့ စာရင်း မပေးကြပါ။ နောက်ဆုံး သီပေါဘုရင် မိသားစုနဲ့ အတူ အိန္ဒိယကို လိုက်ပါသွားသူတွေဟာ မောင်းမ တချို့နဲ့ မဆိုစလောက် ဝန်ထမ်းသုံးလေးဦးသာ ဖြစ်ပါတယ်။ အကယ်၍ သီပေါဘုရင်ဟာ လေးစားဖို့ကောင်းတယ်၊ ချစ်ခင်မြတ်နိုးဖို့ ကောင်းတယ်ဆိုရင် တသက်လုံးနန်းတွင်းမှာ အမှုထမ်းလာတဲ့ အရာရှိကြီးငယ်လတ်တွေ အနေနဲ့ ကိုယ့် ဘုရင်ကို သူများ တိုင်းပြည်မှာ အကျဉ်းသားအဖြစ်နဲ့ နေရစဉ်အတွင်း ကာကွယ်ဖို့ အတိုင်းအတာတခုအရ လိုက်ပါသွားကြ မှာပါ။ ဒါပေမဲ့ သူတို့ လိုက်ပါမသွားခဲ့ပါဘူး။ နန်းတွင်း နိုင်ငံရေးမှာ စုဖရားလတ်ဖက်က တလျှောက်လုံးရပ်တည်ခဲ့ပြီး ကင်းဝန်မင်းကြီးအုပ်စုနဲ့ အပြိုင်အဆိုင် ဖြစ်ခဲ့တဲ့ ဝန်ကြီးအုပ်စုတွေလည်း အိန္ဒိယကို ဘုရင်နဲ့အတူ လိုက်မလားဆိုတော့ တုတ်တုတ်တောင် မလှုပ်ကြတော့ပါဘူး။ တရားကျဖို့ ကောင်းတာကို မြင်ရပါတယ်။

ပြန်ကောက်ပါ့မယ်။ အရင်ခေတ်တုန်းကတော့ ဘုရင်စနစ်ပေါ့၊ အခုခေတ်တွေမှာတော့ စစ်အစိုးရနဲ့ အရပ်သားအစိုးရ လို့ ခေါ်တဲ့ အစိုးရပေါ့။ ခေတ်ခြင်း ကွာသွားပေမယ့် သူတို့ဟာ တိုင်းပြည်ကို အုပ်ချုပ်သူတွေပါ။ အုပ်စိုးသူလူတန်းစားပါ။ အစိုးရဟာ အခြေခံအားဖြင့် တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးကိုသာ ဆောင်ရွက်ရပါတယ်။ တိုင်းသူပြည်သား နစ်နာမယ့် အရာမျိုးကို ရှောင်ရှားရ ပါတယ်။ ပြည်သူတွေအတွက် ကောင်းကျိုးတွေကို မလုပ်ဆောင်နိုင်တဲ့အပြင် တဖက်မှာလည်း သူတို့ကောင်းစားဖို့ အတွက်သာ ဗိုလ်ကျစိုးမိုးထားမယ် ဆိုရင် နိုင်ငံသားတွေဖက်က အစိုးရကို ယုံကြည်မှုကင်းမဲ့လာမှာ သေချာပါတယ်။ အဲဒီတော့ ကိုယ်မယုံကြည်တဲ့ အစိုးရ၊ မချစ်ခင်တဲ့ အစိုးရအတွက် ဘယ်သူက ဘာအတွက်နဲ့မှ အသက်နဲ့ရင်းပြီး ဆောင်ရွက်မှာ မဟုတ်ပါ။

ဒီအချက်ကို သဘောမပေါက်ဘဲ တိုင်းပြည်ကို ထင်ရာစိုင်းအုပ်ချုပ်၊ ရသမျှကိုယ့်အိတ်ထဲထည့်၊ ပြည်သူကိုပစ်ထားတဲ့ အစိုးရတရပ်က အခက်အခဲတွေ့မှ၊ ဘေးကြပ်နံကြပ်ဖြစ်မှ၊ တိုက်ရိုက်သို့မဟုတ် သွယ်ဝှိုက်သောနည်းနဲ့ ပြည်ပကျူးကျော်မှု တခုခုကို ရင်ဆိုင်ရမှ ဒို့ပြေဒို့မြေကို ကာကွယ်ရမယ်လို့ မျိုးချစ်စိတ်ကို ရှေ့တန်းတင်ပြီး ဆိုလာရင် ကာလတို တခုလောက်ပဲ အလုပ်ဖြစ်မှာပါ။ ရေရှည်မှာ ပြဿနာပေါင်းများစွာကို ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့်ဒီလို အဖြစ်မျိုးတွေကို ကြိုတင် ရှောင်ရှား နိုင်ဖို့လိုပါတယ်။ ဘယ်လို ကြိုတင်ရှောင်ရှားမှာလဲ။

တင်းကျပ်တဲ့အာဏာ သို့မဟုတ် Hard power ကိုအသုံးပြုတာထက် ပျော့ပြောင်းတဲ့အာဏာ သို့မဟုတ် ပါဝါအပျော့၊ Soft power ကိုသုံးဖို့လိုပါတယ်။ ပါဝါအမာနဲ့ တိုင်းပြည်ကို တည်ထောင်တယ်ဆိုတာ ရှေးတုန်းက ဒုတ်ခေတ် ဓားခေတ်က နိုင်ငံရေးအတွေးအမြင်ပါ။ လက်နက်နိုင်ငံတော်လို့တောင် ရှေးက သုံးခဲ့ပါတယ်။ ပါဝါအပျော့နဲ့သာ လုပ်ကိုင်ဆောင်ရွက်တယ်ဆိုရင် လူတွေကျေနပ်ပါတယ်။ ပါဝါအပျော့ကို အသုံးပြုပြီး တိုင်းသူပြည်သားတွေနဲ့ အစိုးရ အကြား ညီညွှတ်ရေး တည်ဆောက်ရမှာ ဖြစ်တာကြောင့် အပြန်အလှန် အပေးအယူ လုပ်ရတာတွေ ရှိလာပါလိမ့်မယ်။ ကိုယ်နဲ့ ကိုယ့်အုပ်စု ကောင်းစားရေးသက်သက် လုပ်ဟန်မျိုးကို ရှောင်ရှားရပါတော့မယ်။ နိုင်ငံသားတွေရဲ့ အသံကို သေသေချာချာ နားထောင်ဖို့လည်း လိုလာပါတယ်။ အထူးသဖြင့် မြန်မာပြည်ဟာ ရှေးတုန်းကထဲက မတူကွဲပြားတဲ့ တိုင်းရင်းသားတွေ အတူနေထိုင်လာတဲ့ မြေဖြစ်တာကြောင့် ပါဝါအပျော့နဲ့ ဆက်ဆံလုပ်ကိုင်ဖို့ ပိုလိုအပ်ပါတယ်။ 


ပါဝါအပျော့လို့ ဆိုထားတာကြောင့် စစ်တပ်ကိစ္စက အထူးပြောဖို့လိုလာပါတယ်။ စစ်တပ်ကို မသုံးမဖြစ်တဲ့ အခြေအနေမျိုး ကလွဲလို့ ထစ်ခနဲရှိ စစ်အင်အားသုံးတာမျိုး ရပ်တန်းက ရပ်ဖို့လိုပါတယ်။ အရပ်သားအစိုးရနဲ့ နိုင်ငံသားတွေ အကြား လုပ်ဆောင်နေတဲ့ နိုင်ငံရေးအပေးအယူ အလျှော့အတင်း၊ အရပ်ဖက်ဆိုင်ရာ စီမံခန့်ခွဲမှု စတာတွေမှာ စစ်တပ်က မပါဝင်သင့်ပါ။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ တည်ရှိ နေသေးတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ဒါပေမဲ့ အဆုံးအဖြတ်ပေးရမယ့် ကိစ္စတွေမှာတော့ အရပ်သားအစိုးရ၊ နိုင်ငံသားတွေရဲ့ ကိုယ်စားလှယ် တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများက ဆုံးဖြတ်မှသာ ရေရှည်အတွက် ကောင်းပါတယ်။

ဒါဖြင့်ရင် စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဖို့မလိုတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ပါဝါအပျော့ကို အသုံးပြုဆောင်ရွက်တဲ့ နိုင်ငံရေး အခြေအနေမှာလည်း စစ်တပ်ကဏ္ဍဟာ ပျောက်ဆုံးမသွားပါဘူး။ အရပ်ဖက်ဆိုင်ရာ နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်ခြင်းမရှိဘဲ ကိုယ့်နေရာမှာကိုယ်နေပြီး နိုင်ငံတော်အတွက် ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကိုက စစ်တပ်ရဲ့ နိုင်ငံရေး ဖြစ်ပါတယ်။ အဲသလိုမျိုးသာ ပါဝါအပျော့ကို ကိုင်ဆွဲပြီး လုပ်ကြမယ်ဆိုရင် အရပ်သား အစိုးရသာမက စစ်တပ်အနေနဲ့လည်း ပြည်သူတွေရဲ့ ချစ်ခြင်း မေတ္တာနဲ့ ယုံကြည်မှုကို ရလာပါလိမ့်မယ်။ ဒါဟာ နိုင်ငံတခုအတွက် စည်းလုံးညီညွှတ်ခြင်းရဲ့ ကနဦးပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွှတ်ခြင်းဆိုတာ လိမ္မာတဲ့ လူများသာ ဆောင်ရွက်နိုင်ပါတယ်။ လူမိုက်များ ဒါကိုနားမလည်သလို မလုပ်တတ်ပါ။ ဒါကြောင့် ပြောလိုတာကတော့ အစိုးရနဲ့ နိုင်ငံသားများ အတူတကွ စည်းလုံးညီညွှတ်နေတဲ့ တိုင်းပြည်တခုဟာ စီးပွားရေးကျူးကျော်မှုကိုပဲဖြစ်ဖြစ် စစ်ရေးကျူးကျော်မှုကိုပဲဖြစ်ဖြစ် တွန်းလှန် ကာကွယ်နိုင်ပါကြောင်း။

ဇော်မင်း
၂ဝ ရက်၊ ဖေဖဝါရီလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.