ရွက်မွန်စာမျက်နှာ

Sunday, February 15, 2015

အကြီးမြတ်ဆုံး နိုင်ငံရေးသမား

လူ ဆိုတာ သဘာဝအားဖြင့်ကိုက နိုင်ငံရေးသတ္တဝါလို့ ရှေးတုန်းက အနောက်တိုင်း ဒဿနဆရာတဦးက ဆိုခဲ့ပါတယ်။ မှန်ပါတယ်။ လူတို့ရဲ့ နေ့စဉ် စားဝတ်နေရေး သည်ပင်လျှင် နိုင်ငံရေးရဲ့ အစလို့ ဆိုနိုင်ပါတယ်။ စားနပ်ရိက္ခာ ဈေးကြီးလာတယ်၊ အိမ်ငှားခတွေ ဈေးတက်လာတယ်၊ ကားခရထားခတွေ ပိုပေးလာရတယ်၊ ကျောင်းပညာရေးစရိတ် မြင့်မားလာတယ် အစရှိတဲ့ အရာတွေဟာ နိုင်ငံရေးပဲ မဟုတ်ပါလား။ အလားတူပဲ တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ အလုပ်အကိုင်တွေပေါလို့ ဝင်ငွေတွေ ကောင်းတယ် ဆိုတာကလည်း နိုင်ငံရေးပါ။

ကျနော်တို့ကတော့ နိုင်ငံရေး စိတ်မဝင်စားဘူး၊ နိုင်ငံရေးသမား မဟုတ်ဘူး ဆိုတဲ့ သူများတောင် တချိန်တခါမှာ ကျောချ ခံရမှ ဓားပြမှန်းသိ ဆိုသလို ဖြစ်ရတာမျိုး ရှိလာပါတယ်။ အဲသလိုအချိန်မှာ မိမိနဲ့ မိမိဝန်းကျင် သာယာဖို့အတွက် ဆောင်ရွက်ပေး နိုင်တဲ့ နိုင်ငံရေး ခေါင်းဆောင်ကောင်းကို တောင့်တလာတယ် မဟုတ်လား။ ဒါလည်း နိုင်ငံရေးပါပဲ။

နိုင်ငံရေးသမားမှာလည်း အမျိုးအစား အများကြီး ရှိပါတယ်။ ယေဘုယျအားဖြင့် လူ့အသိုင်းအဝိုင်းမှာ အာဏာ နိုင်ငံရေး အတွက် ဆောင်ရွက်တဲ့ ရွေးကောက်ပွဲဝင်တဲ့ သူတွေကိုသာ နိုင်ငံရေးသမားလို့ သိမြင်သဘောထားပါတယ်။ အဲသလို အာဏာ နိုင်ငံရေးသမားများထဲမှာပဲ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားကောင်း၊ လူညစ်နိုင်ငံရေးသမား ဆိုပြီး ခွဲခြားမြင်နိုင် ပါသေးတယ်။

တချို့ကတော့ ရွေးကောက်ပွဲအတွက် အလုပ်လုပ်တဲ့ နိုင်ငံရေးသမားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးသမားလို့ ပြောနိုင် တာမျိုး ရှိပါတယ်။ အဲတာကတော့ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ သတင်းမီဒီယာတွေ၊ အနုပညာသည် တွေပါ။ သူတို့ဟာ သဘာဝအားဖြင့် လူ့လောက အကောင်းဖက်ကို ဦးတည်ဖို့အတွက် အလုပ်လုပ်ပါတယ်။ မိမိမှီတင်း နေထိုင်တဲ့ တိုင်းပြည်အတွင်းက လူ့လောက ကောင်းစေဖို့ ပြောဆိုတိုက်တွန်း တင်ပြဖော်ထုတ်တာဟာလည်း နိုင်ငံရေး မဟုတ်ပေ ဘူးလား။

သစ်တောတွေ အလွန်အကျွံ မခုတ်ဖို့၊ မြစ်တွေကို ပိတ်ပြီးဆည်မဆောက်ဖို့၊ ကျောက်မီးသွေးလောင်စာသုံး စက်ရုံ မတည်ဖို့၊ သဘာဝသယံဇာတ တွေကို အလွန်အကျွံ မထုတ်ယူဖို့ တိုက်တွန်းနေတဲ့ လူမှုလူ့အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် များလည်း အာဏာရဖို့ လုပ်နေတာ မဟုတ်ပေမယ့် တိုင်းပြည်အရေးအတွက် အလုပ်လုပ်နေတာဆိုတော့ သူတို့လည်း နိုင်ငံရေး သမားတွေပါပဲ။ အလားတူပါပဲ။ ကျောင်းသားသမဂ္ဂတွေက ကျောင်းသားတွေ ပညာရေး အတွက်ပဲ ဖြစ်ဖြစ် တိုင်းပြည်မှာပေါ်ပေါက်နေတဲ့ တခြားသော မတရားမှုတွေကိုပဲဖြစ်ဖြစ် စတာတွေအတွက် တောင်းဆိုတာ တိုက်ပွဲ ဝင်တာ ဟာလည်း အာဏာရဖို့ အတွက် မဟုတ်ပေမယ့် တဖက်တလမ်းက နိုင်ငံရေးလုပ်နေတာပဲ ဖြစ်ပါတယ်။ အနည်းဆုံး ကျောင်းအိမ်သာတွေ စာသင်ခန်းတွေ သန့်ရှင်းဖို့ ကျောင်းလခတွေ ကြီးမြင့်နေတာ လျှော့ချဖို့ ကိစ္စတွေ ကလည်း နိုင်ငံရေး မဟုတ်ဘူးလို့ ဘယ်လိုငြင်းမလဲ။

အခုအချိန်မှာ တချို့က ပြောကြရေးကြပါတယ်။ နိုင်ငံရေးသွားမလုပ်နဲ့ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါတွေကို နိုင်ငံရေးသမားတွေ လုပ်လိမ့် မယ်ဆိုတဲ့ သဘောထားမျိုးပါ။ ဒီလိုချဉ်းကပ်မှုမျိုးဟာ အမြင်တိုတယ်လို့ ထောက်ပြလိုပါတယ်။

ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးနေတယ် ဆိုတဲ့ နိုင်ငံတိုင်းမှာ ခေါင်းဆောင်တဲ့ အုပ်ချုပ်တဲ့ နိုင်ငံရေးသမား မကောင်းလို့ ဒါမှမဟုတ် လုပ်သင့်တဲ့ အလုပ်တွေကို ပြည်သူတွေအတွက် သေသေချာချာ ဆောင်ရွက်မပေးတဲ့ အခါမျိုးမှာ နစ်နာရတဲ့ ပြည်သူတွေက သူတို့လိုအပ် တာတွေကို တောင်းဆိုမှာပါ။ ကိုယ်က နိုင်ငံရေးသမားမဟုတ်လို့ အုပ်ချုပ်အာဏာရနေတဲ့ နိုင်ငံရေးသမား ဒါမှမဟုတ် အတိုက်ခံ နိုင်ငံရေးသမားတွေက လုပ်ပေးသည်အထိ ပါးစပိပ်ပြီး ငြိမ်ထိုင်နေရမှာလား ထိုင်နေကြမှာလား။ မေးစရာ ဖြစ်လာပါတယ်။

အရှေ့တိုင်းမှာပဲဖြစ်ဖြစ် အနောက်တိုင်းမှာပဲ ဖြစ်ဖြစ် အစိုးရဆိုတာမျိုးရဲ့ သဘာဝဟာ သူတို့မှာ အားနည်းချက်တွေ လစ်လျှူရှုတာတွေ ရှိပေမယ့် နိုင်ငံသားတွေဆီက ဖိအားပေးမလာမခြင်း နေသာသလို နေတတ်တဲ့ အကျင့်စရိုက် ရှိပါတယ်။ ဒါကြောင့် လိုအပ်တာကို တောင်းဆိုနေတဲ့ နိုင်ငံသားတွေကိုယ်တိုင် အဲသလိုအခြေနေမျိုးမှာ အာဏာအတွက် မဟုတ်သော်လည်း နိုင်ငံရေးကို ဝင်ပါမိရဲ့သား ဖြစ်နေတယ်ဆိုတာ မြင်ရပါတယ်။

ကျောင်းသားနဲ့ နိုင်ငံရေး ဘာဆိုင်လို့လဲ။ ဘွဲ့ရအောင်သာလုပ်။ ဈေးသည်နဲ့ နိုင်ငံရေး ဘာဆိုင်လို့တုန်း၊ ကိုယ့်ဟာကိုယ် ရောင်းစရာရှိတာရောင်း ဝယ်စရာရှိတာဝယ်၊ အိမ်ရှင်မနဲ့ နိုင်ငံရေးမဆိုင်ဘူး မီးဖိုထဲမှာ ချက်စရာရှိတာချက် ပြုတ်စရာ ရှိတာပြုတ် ဆိုတဲ့ အပြောမျိုးတွေကို အတွေ့ရဆုံး တိုင်းပြည်တွေကတော့ ဒီမိုကရေစီ တဝက်တပျက် နိုင်ငံတွေမှာ အတွေ့ရ များပါတယ်။ တခါ စစ်သားနဲ့ နိုင်ငံရေး မဆိုင်ဘူးဆိုတဲ့ အပြောမျိုးက ရှိပါသေးတယ်။ စစ်သားဟာ နိုင်ငံရေးနဲ့ ဆိုင်ပါ တယ်။ ဒါပေမဲ့ စစ်သားဆိုတာ သေနတ်ကိုင်ထားတာကြောင့် ဒီမိုကရေစီကို သွားမယ်ဆိုရင် အာဏာအတွက် လုပ်တဲ့ နိုင်ငံရေးနဲ့တော့ ဝေးဝေးမှာ နေရပါလိမ့်မယ်။ စစ်သားတိုင်းပြည် အုပ်ချုပ်နေတာထက်၊ ပါလီမန်ထဲ ဝင်ထိုင်နေတာထက် စစ်တန်းလျှားကို ပြန်သွားတာက တိုင်းပြည်အတွက် ပိုကောင်းတယ် ဆိုတဲ့ အမြင်မျိုးရှိလို့ စစ်တန်းလျှားကို ပြန်တယ်ဆိုရင် ဒါဟာ နိုင်ငံရေးပဲ မဟုတ်ဘူးလား။ ဒါမျိုးကို ပြောရရင် မှန်ကန်တဲ့ နိုင်ငံရေးလို့ ခေါ်နိုင်ပါသေးတယ်။ သဘာဝအရ ကိုယ်နဲ့ မဆိုင်တဲ့ နေရာမှာ မနေဘဲ ဝင်မွက်ဖက်ပဲ ကိုယ့်အလုပ်ရှိတဲ့ နေရာမျိုးမှာ နေပြတာကိုက နိုင်ငံရေးကို သွယ်ဝိုက်သော နည်းဖြင့် အကောင်းဖက်က လုပ်တာလို့ ဆိုနိုင်ပါတယ်။

မိမိနိုင်ငံရေးပါတီ အာဏာရဖို့ တခြားနိုင်ငံရေးပါတီတွေနဲ့ အပြိုင်အဆိုင် လူထုထောက်ခံမှုရအောင် တရားနည်းလမ်းကျကျ လုပ်နေတာဟာ တိုက်ရိုက် နိုင်ငံရေးလုပ်တာပါ။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေက ဥပမာအားဖြင့် စီးပွားရေးကုမ္ပဏီတွေ အပြိုင်အဆိုင်ထောင်ပြီး လုပ်နေကြမယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးထက် ကိုယ်ကျိုးစီးပွားကို အဓိကထားနေတာ ဖြစ်တာ ကြောင့် သန့်ရှင်းတဲ့ နိုင်ငံရေးလို့ မဆိုနိုင်တော့ပါဘူး။ ညစ်ပတ်တဲ့ နိုင်ငံရေးပါတီ ညစ်ပတ်တဲ့ နိုင်ငံရေးသမားတွေသာ ဖြစ်ပါလိမ့်မယ်။
နိုင်ငံရေး နိုင်ငံရေးသမားနဲ့ ပတ်သက်လို့ ပြောခဲ့တာ စုံသလောက်တော့ ရှိသွားပါပြီ။ ဒီအထဲမှာ အရေးကြီးတဲ့ နိုင်ငံရေး သမား အမျိုးအစားတခု ဖော်ပြဖို့ လိုပါသေးတယ်။ အဲတာကတော့ ကျောင်းဆရာများ ဖြစ်ပါတယ်။ သူတို့က ဘာဖြစ်လို့် အရေးကြီး တာလဲ။ ဘာဖြစ်လို့ နိုင်ငံရေးသမားလို့ ကင်ပွန်းတပ်ရတာလဲ။ ရှေးဟောင်းအဆိုတခုအရ ကျောင်းဆရာ ဆိုတာ ကန့်လန့်ကာ နောက်ကွယ်က အကြီးမြတ်ဆုံး နိုင်ငံရေးသမား ဖြစ်ပါသတဲ့။ အင်္ဂလိပ်လိုတော့ Teachers are great politicians. လို့ ဆိုပါတယ်။ ညစ်ပတ်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူးနော်။ အကြီးမြတ်ဆုံး နိုင်ငံရေးသမားလို့ ဆိုထားတာ။ ဒီအယူအဆဟာ ယဉ်ကျေးမှုမြင့်မားတဲ့ လူ့အသိုင်းအဝိုင်းမှာ ဘယ်သူမှ မငြင်းပယ်တဲ့ အရာဖြစ်ပါတယ်။

ဗမာ့ယဉ်ကျေးမှုမှာလည်း လက်ဦးဆရာဖြစ်တဲ့ မိဘနှစ်ပါးပြီးရင် ကျောင်းဆရာဟာ မိဘနဲ့ထပ်တူ အလေးအမြတ်ပြုရတဲ့ လူပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်း။ ဆရာဟာ ကျောင်းသားတွေကို ကန့်ကူလက်လှည့် ဘဝကနေ တက္ကသိုလ်အဆင့် ရောက်တဲ့အထိ ကောင်းမြတ်တာကို ပြုလုပ်ဖို့ မကောင်းတာကို မပြုလုပ်ဖို့၊ တရားမျှတမှုကို ပွေ့ဖက်ဖို့၊ မတရားတာကို လက်မခံဖို့ မတရားတာကို တော်လှန်ဖို့ အစဉ်တစိုက် သင်ကြားလမ်းပြ လာခဲ့ရတာပါ။ ဘယ်ဆရာကမှ ခိုးဖို့ဝှက်ဖို့၊ လုယက်ဖို့၊ မုဒိန်းကျင့်ဖို့၊ သတ်ဖြတ်ဖို့၊ အနိုင်ကျင့်ဖို့၊ မတရားတာကို ငြိမ်ခံဖို့ ကျောင်းသားတွေကို မသင်ကြားပါဘူး။
လူတိုင်းလူတိုင်းမှာ ငယ်စဉ်ကစလို့ ကြီးသည်အထိ ဆရာပေါင်းများစွာနဲ့ ထိတွေ့ခဲ့ရပါတယ်။ အရပ်သား၊ ဘုန်းကြီး၊ ကုန်သည် ဈေးသည်၊ စစ်သား၊ နိုင်ငံရေးသမား၊ အနုပညာရှင်၊ ဂျာနယ်လစ်၊ လယ်သမား စတဲ့ လူတန်းစားအားလုံးမှာ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ရှိခဲ့ပါတယ်။ အဓိကတော့ ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ ထိတွေ့ခဲ့ရတဲ့ ကျောင်းဆရာများဟာ ပိုလို့ အရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

လယ်သမားကောင်းဖြစ်ဖို့၊ စစ်သားကောင်းဖြစ်ဖို့၊ ကုန်သည်ကောင်းဖြစ်ဖို့၊ အနုပညာသမားကောင်းဖြစ်ဖို့၊ ဂျာနယ်လစ် ကောင်းဖြစ်ဖို့၊ နိုင်ငံရေးသမားကောင်း ဖြစ်ဖို့၊ ဘုန်းကြီးကောင်းဖြစ်ဖို့ ရေခံမြေခံဟာ အဲဒီ ဆရာများကနေတဆင့် မွေးဖွားလာရ တာပါ။ နောက်ထပ် ရှင်းလင်းပြရမယ်ဆိုရင် လူတဦးတယောက် လူကောင်းဖြစ်ဖို့ ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်မြင့်မားဖို့ အဆိုပါ ကျောင်းဆရာများက သင်ကြားလက်ဆင့်ကမ်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး သမားကောင်း သို့မဟုတ် လူကောင်းဖြစ်လာသူ တဦးဟာ ငယ်ငယ်ကထဲက အဲသလို ဆရာကောင်းများနဲ့ သင်ကြားခဲ့ရလို့ ဖြစ်တာပါ။ ဒီသဘောကို ထင်ဟပ်တဲ့ အနေနဲ့ ကျောင်းဆရာများဟာ နောက်ကွယ်က အကြီးမြတ်ဆုံး နိုင်ငံရေးသမားလို့ ဆိုလိုတာပါ။ နောက်ကွယ်က ဆိုတဲ့ သဘောကတော့ သူတို့ဟာ သူတို့ကိုယ်တိုင် အာဏာရဖို့အတွက် သင်ကြား လုပ်ဆောင်တာ မဟုတ်ဘဲ နောင် အာဏာရလာမယ့် လူတွေ တိုင်းပြည်အုပ်ချုပ်ရမယ့်သူတွေ၊ နယ်ပယ်အသီးသီးမှာ ပေါ်ပေါက်လာမယ့် လူကောင်းလူမွန်တွေကို ပြုစုပျိုးထောင်ရတာကြောင့်ပါ။

ဟိုတရက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်တဲ့ ကျောင်းသားများကို မကွေးတက္ကသိုလ် ပါမောက္ခချုပ် ပြောတဲ့ မိန့်ခွန်း နားထောင်လိုက်ရတော့ အတော့်ကို စိတ်ပျက်မိပါတယ်။ ပါချုပ်တဦးအနေနဲ့ ကျောင်းသား တွေ သပိတ်မှောက် တာကို အားပေးဖို့ မလိုဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပါချုပ်ကိုလည်း သူငယ်ငယ် ကျောင်းသားဘဝက ဆရာတွေက နိုင်ငံရေးနဲ့ဝေးဝေးနေ ဒါတွေကို နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ် ကျောင်းသားတွေနဲ့ မဆိုင်ဘူးလို့များ သင်ကြားခဲ့သလား။ ဒါမဟုတ်ရင်လည်း တခြားသော အကြောက်တရား တခုခုကြောင့် မကွေးပါချုပ်က အဲသလိုများ ပြောလေ သလားဆိုတာ စောကြောမိပါတယ်။ မကွေးပါမောက္ခချုပ်ဟာ တက္ကသိုလ်က အဆင့်မြင့် ဆရာကြီးပါ။ မကွေးပါချုပ်ရဲ့ မိန့်ခွန်းကို နားထောင်ပြီး ဆရာဆိုတာ ကန့်လန့်ကာ နောက်ကွယ်က အကြီးမြတ်ဆုံး နိုင်ငံရေးသမားဆိုတဲ့ စကားကို အခုတော့ ပစ်လိုက်ရမလို ဖြစ်သွားပါပြီ။ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ မြန်မာပြည်က အများစုသော ဆရာကြီး ငယ် လတ် များကတော့ အခုအချိန်အထိ ကန့်လန့်ကာ နောက်ကွယ်က ကြီးမြတ်သော နိုင်ငံရေးသမားများ ဖြစ်နေဆဲ ဆိုတာကိုတော့ ယုံကြည်မိ ပါကြောင်း။

ဇော်မင်း
၁ဝ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.