ရွက်မွန်စာမျက်နှာ

Thursday, February 5, 2015

ရောမမြို့ကြီးကို တရက်ထဲနဲ့ တည်ခဲ့တာမဟုတ်ပါ

ဟိုရက်ပိုင်းတုန်းက ဧရာဝတီတိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်က သူသာနောက်ထပ် ငါးနှစ်သက်တန်း တာဝန် ထမ်းခွင့်ရမယ် ဆိုရင် ဧရာဝတီတိုင်းဒေသကြီး တခုလုံးကို စင်္ကာပူလိုဖြစ်အောင် ဆောင်ရွက်ပေးနိုင်တယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောခဲ့ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား ရွေးကောက်ပွဲနီးလာပြီမို့ မဲဆွယ်တဲ့ စကားလို့ မြင်ပါတယ်။ နာဂစ် မုန်တိုင်းရဲ့ ဒဏ်ကို ခံထားရတဲ့ ဧရာဝတီတိုင်းဟာ အခုအထိ ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ။ ဧရာဝတီတိုင်းအတွင်းက လူ့ အဖွဲ့အစည်းဟာ အခုအထိ နာလန်မထူနိုင်သေးပါဘူး။

ငါးနှစ်အတွင်း စင်္ကာပူလို ဖြစ်ရစေ့မယ် ဆိုတာအတွက် ဧရာဝတီတိုင်း ဝန်ကြီးချုပ်မှာ တိကျတဲ့ အနာဂတ်စီးပွားရေး စီမံကိန်း ရှိပါသလားလို့မေးရပါလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာာ ရမ်းသမ်းပြောလို့ မရသလို ရမ်းသမ်းလုပ်လို့လည်း မဖြစ်နိုင်ပါ။ ခိုင်မာတဲ့ တိကျတဲ့ ရေရှည်ဆက်သွားနိုင်မယ့် စီမံကိန်းမျိုးကို လူထုအကြားမှာ တိတိကျကျ ချပြဖို့လိုပါတယ်။ ရေရှည်ဆက်သွား နိုင်ရမယ်ဆိုတာက အရေးကြီးတဲ့အချက်ပါ။ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းတွေဟာ ရေရှည် မသွားနိုင်ပါဘူး။ ကြားကာလမှာ ဒုက္ခပေးနိုင်တာကြောင့်ပါ။ ဘယ်လိုဒုက္ခမျိုးတွေလဲ။ မိမိစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးဝါးဝါး ပျက်သုန်းလာတာ၊ ပိုင်ရှင်ဆီက မြေယာကို တရားသဖြင့် သိမ်းယူလိုက်တာ၊ စီမံကိန်းကနေ သိသိသာသာ လူတွေအတွက် ဝင်ငွေမှန်ကန်တဲ့ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ဈေးကွက်ကို နားမလည်တာကြောင့် မိမိထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်း အရောင်းကျဆင်းလာတာ၊ နည်းပညာ မြင့်မြင့် မားမား မပိုင်ဆိုင်တာကြောင့် သူများနိုင်ငံက ထုတ်ကုန်နဲ့ နိုင်းယှဉ် လိုက်ရင် ထုတ်ကုန်အရည်အသွေး ညံဖျင်းတာ အစ ရှိသဖြင့် ဒုက္ခတွေဖြစ်ပါတယ်။ ဒီကြားထဲမှာ လူသားတွေ ဘယ်လိုမှ အန်တုလို့ မရတဲ့ ဒုက္ခများလည်း ရှိပါသေးတယ်။ အဲတာတွေကတော့ မုန်တိုင်း၊ မိုးခေါင်တာ၊ ရေကြီးလွန်းတာ၊ ငလျှင်ဘေး စတာတွေပဲ ဖြစ်ပါတယ်။

လူလုပ်ပြဿနာတွေထဲမှာ သဘာဝပတ် ပတ်ဝန်းကျင်ပျက်သုန်းတာ ပြီးရင် နောက်ထပ် အဆိုးဆုံး ပြဿနာကတော့ ကော်ရပ်ရှင် corruption လို့ ခေါ်တဲ့ လာဘ်ပေးလာဘ်ယူ ကြီးမားလွန်းတဲ့ ကိစ္စပါပဲ။

စင်္ကာပူဟာ ကျွန်းနိုင်ငံသေးသေးလေးဆိုတော့ အုပ်ချုပ်တဲ့အစိုးရအတွက် သဘာဝ ဝန်းကျင်မထိခိုက်အောင် စီမံရတာ လွယ်ကူတယ်လို့ ဆိုနိုင်ပါတယ်။ အားကောင်းချက်က နိုင်ငံတကာငွေကြေးဈေးကွက်နဲ့ နိုင်ငံတကာ ကုန်သွယ် ကူးသန်းရေးကို အဆင့် မြင့်မြင့် နားလည်တတ်ကျွမ်းမှု ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင် စီးပွားရေးလုပ်တတ်တယ်လို့ ဆိုရမှာပေါ့။ နောက်ထပ် အားအကောင်းဆုံး အချက်ကတော့ စင်္ကာပူနိုင်ငံရဲ့ အစိုးရအဆင့်ဆင့် အာဏာပိုင်တွေကြား ထဲမှာ လာဘ်ပေးလာဘ်ယူ အတော်လေး ကင်းစင်တဲ့ အချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ခြစားမှုမြင့်မားတဲ့ နိုင်ငံမှာ ဒေသတခုကို ငါးနှစ်အတွင်း စင်္ကာပူလို တိုးတက်အောင် လုပ်ဖို့ဆိုတာ အဝေးကြီးပါ။ ဘယ်လိုမှမဖြစ်နိုင်ပါ။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်လုပ်မယ့် စီမံကိန်းမှာ ဧရာဝတီတိုင်းအတွင်းက တချို့သော စပါးစိုက်ပျိုးမြေတွေကို စက်မှုဇုံ အတွက် သိမ်းယူဦးမှာ ဖြစ်ပါတယ်။ ဒီမှာတင်ပဲ လယ်ပိုင်ရှင်လယ်သမားနဲ့ ပြဿနာဖြစ်ဖို့ စလာပြီဆိုနိုင်ပါတယ်။ စပါး စိုက်ပျိုးမြေကို သိမ်းယူတယ်ဆိုတာ စပါးအထွက်ကျဆင်းဖို့ လုပ်တာနဲ့ အတူတူပါပဲ။ အခုတောင် ခေတ်အဆက်ဆက် အစိုးရတွေ မြေယာသိမ်းယူခဲ့လို့ ဖြစ်နေတဲ့ ပြဿနာတွေဟာ မပြီးသေးပါ။ နောက်တချက်ကတော့ ဘူးလေးရာ ဖရုံ ဆင့်ဆိုသလို ဧရာဝတီ တိုင်းအတွင်းမှာ မိုးများလွန်းလို့ ရေကြီးတာ၊ အချိန်အခါမိုး မဟုတ်တာကြောင့် စပါးပျက်တာ၊ စပါးဈေးမကောင်းလို့ တောင်သူတွေ အေºကွးတင်သထက် တင်လာနေတာမျိုးတွေလည်း နှစ်တိုင်းတွေ့နေရဆဲ ဖြစ်ပါတယ်။ လူကြီးသားတဦးက သူရောင်းတဲ့ ဓာတ်မြေသြဇာ မဝယ်မနေရလုပ်လို့ ခံရတာမျိုးလည်း ပါပါတယ်။ မူလအခြေခံဖြစ်တဲ့ စပါးစိုက်တောင်သူတွေရဲ့ အဆင်မပြေဖြစ်နေတဲ့ ဘဝတွေကို ဆယ်မဖို့ မကြိုးစားပဲ

စက်မှုဇုံထောင်မယ်၊ ဟိုလုပ်ငန်းလုပ်မယ်၊ ဒီလုပ်ငန်းလုပ်မယ် ဆိုတာ စိတ်ကူးယဉ်သလို ဖြစ်နေတယ်လို့ ပြောလိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ပြည်သူတွေ သုံးစွဲဖို့၊ စက်မှုဇုံတွေအတွက် သုံးစွဲဖို့ လျှပ်စစ်ဓာတ်အားကိုတော့ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးရုံတွေဆောက်ပြီး ထုတ်ယူမယ်လို့ ဝန်ကြီးချုပ်က ပြောပြန်ပါတယ်။ နဂိုကမှ စပါးအထွက် ထင်သလောက်မကောင်းရတဲ့အထဲ အဲဒီ ကျောက်မီးသွေးကြောင့် ပြဿနာက တက်လာပါဦးမယ်။ ဝန်ကြီးချုပ် အပြော ကတော့ ဂျပန်နိုင်ငံမှာလည်း ကျောက်မီးသွေးကို လောင်ကျွမ်းရာကနေ လျှပ်စစ်ထုတ်တာပဲ နည်းပညာမြင့်တာကြောင့် လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်သလို သဘာဝဝန်းကျင်ကိုလည်း မပျက်စီးဘူးလို့ ရဲရဲကြီးအာမခံနေပါတယ်။ နည်းပညာ ဘယ်လောက်မြင့်မြင့် ကျောက်မီးသွေးကို အသုံးပြုရင် လူသားတွေအတွက် ရေရှည်မှာ မကောင်းဘူးဆိုတာ ကနေ့ခေတ် နိုင်ငံတကာက ပညာရှင်တွေအားလုံး ဝန်ခံထားပြီးသားပါ။

ဥပမာ တခုလောက်ပြရရင် ဂျပန်နိုင်ငံမှာ အသုံးပြုတဲ့ နည်းပညာက လူတွေ၊ သဘာဝဝန်းကျင်တွေကို မထိခိုက်ဘူးပဲ ထားပါဦး။ အဲဒီလို နည်းပညာနဲ့ တည်ဆောက်တဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေဟာ လည်ပတ်ဖို့အတွက် ငွေကုန်ကြေးကျ အလွန်အမင်း များပြားတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အခုရှိနေတဲ့ ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေက နည်းပညာနိမ့်တာကြောင့် ဈေးပေါပေါနဲ့ လည်ပတ်နိုင်ပေမယ့် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ပျက်သုန်းစေသလို လူတွေရဲ့ကျန်းမာရေးကိုလည်း ထိခိုက် နေပါတယ်။ ဂျပန်ကစက်ရုံတွေက ပိုကောင်း တယ် ဆိုတာ ငွေကိုပိုသုံးရလို့ပါ။ အဲဒီလို လျှပ်စစ်စွမ်းအင်ရဖို့ ပိုသုံးရတဲ့ ငွေကို ဘယ်ကရသလဲ။

ဂျပန်ဟာ ဟိုတုန်းကထဲက စက်မှုထွန်းကားတာကြောင့် ကမ္ဘာတဝှမ်း ရောင်းချနေတဲ့ ထုတ်ကုန်မျိုးစုံကနေ ငွေတွေ ရပါတယ်။ အဲဒီငွေထဲကနေ လျှပ်စစ်စွမ်းအင်အတွက် ပြန်သုံးပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျများတဲ့ နည်းပညာနဲ့ စွမ်းအင် ထုတ်လုပ် တယ်ဆိုပေမယ့် သူ့ဝင်ငွေနဲ့ ပြန်သုံးရတဲ့ငွေဟာ ကာမိပါတယ်။ လုံလောက်ပါတယ်။ ဒါကြောင့် အဆင့်မြင့် နည်းပညာတွေကို လှိုင်လှိုင်သုံးခြင်းဖြစ်ပါတယ်။ အဲဒါကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ဘယ်ကငွေနဲ့ ဂျပန်လို အဆင့်မြင့် ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံကို တည်ဆောက်မှာလဲ။ အမှန်ပြောရရင် မြန်မာပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာ လျှပ်စစ်စွမ်းအဖြစ် ဈေးချိုချိုနဲ့ ထုတ်ယူလို့ ရပါတယ်။ ဒါပေမဲ့ သူများနိုင်ငံတွေကို ထုတ်ရောင်းပြီး ကိုယ့်ပြည်တွင်း အတွက် အလုံအလောက် မသုံးစွဲတာသာ ဖြစ်ပါတယ်။ ဒါသာလျှင် အဓိက တရားခံလို့ ဆိုနိုင်ပါတယ်။

ဂျပန်က ကျောက်မီးသွေးသုံး အဆင်မြင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေဟာ လူတွေကို အန္တရာယ် မပေးဘူးဆိုတာ မမှန်ပါဘူး။ ဘယ်လိုအဆင့်မြင့် နည်းပညာကိုသုံးသုံး လူတွေအတွက် ရေရှည်မှာ အန္တရာယ်ရှိပါတယ်။ တရုတ် ကျောက်မီးသွေးသုံး စက်ရုံများမှာတော့ ခေါင်းတိုင်က တလူလူထွက်နေတဲ့ ကျောက်မီးသွေး မီးခိုးကို မြင်ရပါတယ်။ ဂျပန် မှာတော့ မီးခိုးထွက်တာ မမြင်ရပါဘူး။ မီးခိုးထွက်တာကို စစ်ထုတ်ယူတဲ့ နည်းပညာကြောင့်ပါ။ မီးခိုးထွက်တာ မမြင်ရတာနဲ့ အန္တရာယ်ကင်းတယ်လို့ မပြောနိုင်ပါ။ ဒါကြောင့် ကျောက်မီးသွေးနဲ့ ပတ်သက်လို့ ဂျပန်သုံးစွဲနေတဲ့ ပမာဏအပေါ်မှာ အမေရိကန်ဟာ ဂျပန်နဲ့ တကျက်ကျက် ငြင်းခုံနေရပါတယ်။ နောက်တချက်က ဝန်ကြီးချုပ် သတိမထားမိလို့ ဖြစ်ပါလိမ့်မယ် ဂျပန်နိုင်ငံမှာ တကယ်တန်းတော့ လျှပ်စစ်စွမ်းအင်ကို ထုတ်ယူရာမှာ ကျောက်မီးသွေးသုံး စက်ရုံတမျိုးထဲ အဓိက မဟုတ်ပါဘူး။ ညူကလီးယား စွမ်းအင်အပါအဝင် တခြားစွမ်းအင်များကနေလည်း လျှပ်စစ်ထုတ်ပါသေးတယ်။
ဂျပန်မှာ ကျောက်မီးသွေးလောင်ကျွမ်းရာကနေ လျှပ်စစ်ထုတ်တဲ့စက်ရုံ ၁၇ ရုံ ရှိပါတယ်။ ညူကလီးယားကနေထုတ်တဲ့ စက်ရုံ ၅ဝ ခန့်ရှိပါတယ်။ ဖူကူရှီမားစက်ရုံ ပေါက်ကွဲတဲ့ ပြဿနာ နောက်ပိုင်း ညူစွမ်းအင်သုံးစက်ရုံ ၂၂ ရုံကို ပြန်စစ်ဆေးဖို့ ပိတ်ထားပါတယ်။ စက်သုံးဆီကနေတဆင့် လျှပ်စစ်ထုတ်တဲ့ စက်ရုံကတော့ ၉ ရုံရှိပါတယ်။ ဒီဇယ်နဲ့လျှပ်စစ်ထုတ်တဲ့ စက်ရုံက ၁ ရုံရှိပါတယ်။ ရေအားလျှပ်စစ်စက်ရုံကတော့ ၆ဝ ကျော်ရှိပါတယ်။ လေအားကနေလျှပ်စစ်ထုတ်တဲ့ စက်ရုံကတော့ ၂၈ ရုံရှိပါတယ်။ နေရောင်ခြည် ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံကတော့ ၄ ရုံ ရှိပါတယ်။
နောက်တချက်ကတော့ အခုအချိန်မှာ ဂျပန်ဟာ ဆင်းရဲတဲ့ နိုင်ငံခြားတိုင်းပြည်များမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ငွေအကုန်ခံပြီး အားပေးနေပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လျှပ်စစ်ရောင်းပြီး ဝင်ငွေရှာဖို့ပါ။ ဒါကြောင့် နိုင်ငံတကာက သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများရဲ့ အဝေဖန်ကိုလည်း ခံနေရပါတယ်။

သူ့တိုင်းပြည်ထဲမှာတော့ ဘာဖြစ်လို့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ထပ်ပြီးတိုးချဲ့ မဆောက်တာလဲ။ မေးစရာကောင်းတဲ့ မေးခွန်းပါ။ ပြောရရင် ဂျပန်ကထုတ်တဲ့ အချိုမှုန့်ကို ဂျပန်နိုင်ငံမှာ ဘယ်ဂျပန်မှ မသုံးကြပါ။ ဝန်ကြီးချုပ် အနေနဲ့လည်း ဒါမျိုးတွေကို တွက်ချက်စဉ်းစားဖို့ အကြံပေးလိုပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းရာကနေ ထွက်လာတဲ့ မီးခိုးနဲ့ပြာတွေရဲ့ အန္တရာယ်ကို မြန်မာတွေ နေ့တိုင်းစားသုံးနေတဲ့ ငရုတ်သီးမှုန့်နဲ့ ဥပမာပေးလိုပါတယ်။ ဘာဆိုးဆေး ဘာအရောအနှောမှ မပါတဲ့ သန့်ရှင်းစွာ ထုတ်လုပ်ထားတဲ့ ငရုတ်သီးမှုန့်လို့ ဆိုပေမယ့် ပါကင်ထုတ်တာ သိမ်းဆည်းတာ စနစ်မကျရင် မှိုတက်ပါတယ်။ တချို့မှိုတွေဟာ ဒီအတိုင်း မြင်ရပေမယ့် တချို့မှိုတွေကတော့ သာမန်မျက်စေ့နဲ့ မမြင်ရပါဘူး။ မှိုကို မမြင်ရလို့ ဒီငရုတ်သီးမှုန့်ဟာ လတ်တယ်ထင်ပြီး နေ့တိုင်းစားသုံးရင် နောင်မှာ ကင်ဆာဖြစ်ပါလိမ့်မယ်။ ကျောက်မီးသွေး ပြဿနာဟာ ဒီသဘောနဲ့ ဆင်တူပါတယ်။
နောက်တချက်ကတော့ ဝန်ကြီးချုပ်ပြောသလို ငါးနှစ်အတွင်း ဧရာဝတီတိုင်းဟာ စင်္ကာပူလို ဖြစ်ရစေမယ်ဆိုတဲ့ ကိစ္စပါ။ စစ်ပြီးခေတ်ကနေ ၁၉၈ဝ နှောင်းပိုင်းကာလများအထိ ဖွံ့ဖြိုးတိုးတက်ရေး ပညာရပ်မှာ မြန်မြန်ဆန်ဆန် တိုးတက်လာတာကို ချီးမွမ်းကြပါတယ်။ အချိန်တိုတိုအတွင်းမှာ တိုးတက်ဖွံ့ဖြိုးလာတာကို အင်္ဂလိပ်လိုတော့ leap-frog development လို့ သုံးနှုန်းပါတယ်။ ဖားခုံသလို ခုံပျံကျော်လွှားတိုးတက်မှုလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ခုံပျံကျော်လွှားတိုးတက်မှုဟာ ခဏပဲ စံစားရပြီး နိုင်ငံတကာ စီးပွားရေးကပ်တွေ၊ ငွေကြေးဆိုင်ရာ ပြဿနာတွေ၊ တခြားသော မိမိပြည်တွင်း ပြဿနာ တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ တောင့်မခံနိုင်ပဲ တဝေါဝါနဲ့ ပြိုလဲကုန်ပါတယ်။ ဒါကြောင့် အခုခေတ်မှာတော့ ခုန်ပျံကျော်လွှား တိုးတက်မှုမျိုး ဖြစ်လာရင် ပညာရှင်တွေက သတိထားဖို့ ပြောလာကုန်ပါပြီ။

ဒီမိုကရေစီတိုင်းပြည်တွေမှာ ပညာရှင်တွေ ဘယ်လိုထောက်ပြသလဲဆိုတော့ ပြည်သူတွေဆီက မဲလိုချင်တဲ့ ပေါ်ပြူလာ ဖြစ်ချင်တဲ့ နိုင်ငံရေးသမားတွေဟာ ဘယ်နှစ်နှစ်အတွင်း ဘာဖြစ်စေရမယ်ဆိုပြီး လူတွေဆီက မဲကိုခြူပြီး ယူလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီမိုကရေစီတိုင်းပြည်တွေမှာ ကတိပေးလွန်းတဲ့ အာမခံလွန်းတဲ့ နိုင်ငံရေးသမားကို အခုခေတ်မှာ မယုံကြတော့ပါဘူး။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းခြင်း ဆောင်ရွက် ရပါတယ်။ ရောမမြို့ကြီးဟာ တရက်ထဲနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါကြောင်း။

ဇော်မင်း
၁၅ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.